← Chapters

အပိုင်း (၁၂၂၄)

Vol. 83 Ch. 1224

အပိုင်း (၁၂၂၄)

Vol. 83 Ch. 1224

ဟူး ဟူး

ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ၏ အတွင်းဘက်မှာတော့ အားရာသည် ကြာပွတ်ကို ကိုင်ဆောင်ပြီး အသက်ကို မြန်မြန်ဆန်ဆန် ရှူလျက်ရှိနေ၏။ သူမ၏ ရှေ့တည့်တည်ရှိ မြေပြင်ပေါ်တွင်တော့ များပြားလှသည့် လက်နက်များသည် ပြန့်ကျဲလျက် ရှိနေတော့သည်။

“ကြောက်စရာပဲ”

ကျိုးဒူဒူပင်လျှင် မျက်နှာတစ်ခုလုံး၌ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေ၏။ “ဒါက အရမ်းကို ကြောက်ဖို့ကောင်းတာပဲ”

ထောင်ထဲမှာ နေထိုင်နေသည့် အချိန်အတောအတွင်း သူသည် အားရာ၏ များပြားလွန်းလှသော နှိပ်စက်ခြင်းများကို မြင်ခဲ့ရ၏။ လက်ရှိအခြေအနေမှာတော့ တစ်ရက်တည်းနှင့်တင် အထူး အထူးသော ကြောက်စရာ ကောင်းသည့်မိန်းကလေး တစ်ယောက်ဖြစ်ကြောင်း သေသေချာချာ သိရှိလိုက်ရသည်။

လက်ရှိအခြေအနေမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် နှိပ်စက်နည်းပေါင်းများစွာဖြင့် တိုက်ခိုက် ရိုက်နှက်လျက် ရှိနေ၏။ ထောင်ထဲတွင် ဖမ်းချုပ်ထားခြင်းကို ခံနေရသော အကျဉ်းသားများအားလုံးသည် မြင်ကွင်းကို ကြည့်ရှုပြီးသည့်နောက် သွားများပင် တဂတ်ဂတ် ရိုက်သည်အထိ ကြောက်လန့်နေကြ၏။ ၎င်းတို့၏ ကျောရိုးမကြီးတစ်ခုလုံးသည်လည်း စိမ့်တက်လျက်ရှိနေ၏။

ကြိုးများဖြင့် ချုပ်နှောင်ခြင်းကို ခံခဲ့ရသော အမှောင်နတ်ဆိုးဘုရင်သည် လေထုထဲတွင် တည်ရှိလျက် ရှိနေပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များဖြင့် ပွစာကျဲလျက်ရှိ၏။ ထို့အပြင် ဝိညာဉ်သည်လည်း ပြင်းထန်လွန်းသော နာကျင်မှုများ ခံစားနေရ၏။ သူသည် ဤကဲ့သို့ နှိပ်စက်ခြင်းကို မခံရသည်မှာ နှစ်ပေါင်း ထောင်ကျော် ကြာမြင့်ခဲ့ပြီဖြစ်၏။ လက်ရှိအခြေအနေတွင် ထပ်မံကာ ရိုက်နှက်ခံရသည့်အချိန်မှာတော့ တစ်ချိန်တုန်းက ခံစားချက်များအတိုင်း ထပ်တူညီစွာဖြင့် ခံစားနေရသည်။

“ကြီး.. ကြီးကြီး”

အမှောင်နတ်ဆိုးဘုရင်သည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ကျုပ်... ကျုပ်မှားပါပြီ။ ကျုပ် ဒါမျိုးတွေ ထပ်မလုပ်ရဲတော့ပါဘူး”

၎င်း၏ အသွင်အပြင်နှင့် ဟန်ပန်အမူအရာကို ကြည့်ရှုလိုက်မည်ဆိုလျှင် ကြောက်မက်ဖွယ်ရာကောင်းလှသော ဗီလိန်တစ်ယောက်၏ ဟန်ပန်အမူအရာများသည် မည်သည့်နေရာသို့ ရောက်ရှိသွားသနည်း ဆိုသည်ကိုပင် သေသေချာချာ မသိရှိနိုင်တော့ချေ။

“ဘယ်နေရာကို မှားသွားတာလဲ”

“မှားပါတယ်၊ မှားပါတယ်။ စည်းကို မချိုးဖြတ်သင့်ခဲ့ပါဘူး။ ပြီးတော့ လောကကြီးတစ်ခုလုံး အခက်အခဲကြီး ဖြစ်အောင် မပြုလုပ်သင့်ပါဘူး”

ဖြောင်း

အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်းကြာပွတ်ကို ထုတ်ယူကာဖြင့် ထပ်မံရိုက်နှက်လိုက်၏။ သူမ၏ ဗာဒံစေ့ကဲ့သို့ ကျဉ်းမြောင်းလှသည့် မျက်လုံးများသည် စူးရှသည့် အကြည့်များကို ဖြစ်ပေါ်စေခဲ့၏။

“မှားတယ် ဟုတ်လား”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်”

အမှောင်နတ်ဆိုးဘုရင်က ပြောလိုက်၏။ “မှားပါတယ်၊ ကျုပ်တကယ့်ကို မှားပါတယ်”

ဖြောင်း ဖြောင်း ဖြောင်း

အားရာသည် သုံးချက်တိတိ ထပ်မံကာ ရိုက်နှက်ပြီးသည့်နောက်မှာတော့ ဒေါသတကြီးဖြင့် ပြောလိုက်၏။ “မင်းက မှားတယ်။ ဘာမှားတာလဲ”

အမှောင်နတ်ဆိုးဘုရင်သည် ရုတ်တရက် ဇဝေဇဝါ ဖြစ်သွား၏။ ပြီးသည့်နောက် အလောတကြီး ပြောလိုက်၏။ “ကြီးကြီးက ကျုပ်ကို မှားတယ်ဆိုရင် ကျုပ်က တကယ့်ကို မှားပါတယ်”

အားရာသည် ကြာပွတ်ကို အသာမြှောက်ပြီးသည့်နောက် အေးစက်စက် ပြောလိုက်သည်။ “မင်းရဲ့ အကြီးမားဆုံး သော အမှားက ငါ့သခင်ကို အနိုင်ကျင့်ခဲ့တာပဲ”

“သခင်... သခင် ဟုတ်လား”

အမှောင်နတ်ဆိုးဘုရင်သည် ကြောင်အသွား၏။ နှစ်ပေါင်း သောင်းနှင့်ချီ၍ ရိုက်နှက် နှိပ်စက်ခြင်းကို ခံရပြီးသည့်နောက် ဤကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီသည် ပိုင်ရှင်မဲ့သည့်အရာတစ်ခု ဖြစ်ကြောင်း သူသိရှိပြီးဖြစ်၏။ သေမျိုးလောကထဲတွင်ရှိသော သူများသည် ထိုအရာကို ထိန်းချုပ်နိုင်ရန် အတွက် လုံလောက်သည့်အရည်အချင်းပြည့်ဝသူဟူ၍ တစ်ယောက်မှ မရှိပေ။

ယုတ္တိဗေဒအရဆိုလျှင် ဤရတနာသည် အထက်နယ်မြေဆီမှ ဆန်းကြယ်သောလူများ၏ ဖန်တီးခြင်းကို ခံခဲ့ရသည့် ရတနာတစ်ခုဖြစ်ပြီး မိစ္ဆာစွမ်းအင် အားလုံးကို ဖိနှိပ်နိုင်စွမ်း ရှိနေ၏။ သေမျိုးလောကရှိ သိုင်းကျင့်ကြံသူ အားလုံးသည် မည်ကဲ့သို့သော အရည်အချင်း ရှိသောကြောင့် ဤကဲ့သို့ ရတနာမျိုးနှင့် ပဋိညာဉ်ရေးထိုးမှု ပြုလုပ်နိုင်ခဲ့သနည်း။

သို့ပေမဲ့ ဤအရာသည် ကျွင်းချောင်ရှောင်း၏ စနစ်ဆီမှ ရရှိခဲ့သော ပစ္စည်းပင် ဖြစ်တော့၏။ တခြားသူများ ပဋိညာဉ်ရေးထိုးမှုကို မပြုလုပ်နိုင်ဟု ဆိုသော်လည်း ကျွင်းချောင်ရှောင်း အနေနှင့်တော့ ပြုလုပ်၍ ရခဲ့၏။ ထို့ကြောင့်ပင်လျှင် သူသည် ဤအရာ၏ သခင်တစ်ယောက် ဖြစ်ခဲ့ရခြင်းပင်။

ဒီလက်နက်စိတ်ဝိညာဉ်ရဲ့ သခင်က ဘယ်သူလဲ။ ဟိုအမဲရောင်ဝတ်စုံနဲ့ ကတုံးလား။ မဖြစ်နိုင်တာ။ ဒီကောင်က ငါနဲ့ရင်ဆိုင်တိုက်ခိုက်နိုင်အောင်တောင် အားမရှိတဲ့လူလေ။ ဘယ်လိုဖြစ်ပြီးတော့ အထက်နယ်မြေက ရောက်လာတဲ့ နတ်ဘုရားလက်နက်တစ်ခုကို ထိန်းချုပ်နိုင်စွမ်း ရှိမှာလဲ။

ဆွစ်

အမှောင်နတ်ဆိုးဘုရင်သည် စဉ်းစားလျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်းသည် ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်းစေတီထဲသို့ ဝင်ရောက်လာခဲ့တော့၏။ သူသည် အားရာ၏ ရှေ့တွင် ပေါ်ပေါက်လာသည်။ “ဒီကောင်ကို ဖျက်ဆီးပစ်လို့ ရပြီလား”

အပြင်ဘက်တွင်ရှိနေသော အမဲရောင်ဝတ်စုံနှင့် သိုင်းကျင့်ကြံသူများကို ဖြေရှင်းပြီး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဓိကဆရာကြီးကို ဖမ်းမိလိုက်ပြီ ဖြစ်သောကြောင့် တခြားသောအရာများ အားလုံးသည် သေဆုံးသွားခဲ့သောကြောင့်ပင်။

“သခင်”

အားရာက ပြောလိုက်သည်။ “ဒီကောင်က မိစ္ဆာအတွေးတွေကနေပြီးတော့ ဖြစ်တည်လာတဲ့ လူတစ်ယောက်လေ။ ဒီတော့ လောကကြီးမှာ မိစ္ဆာအတွေးတွေ မရှိတော့မှပဲ ဖျက်ဆီးပစ်လို့ရမှာ”

ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။ တကယ်လို့ ငါသူ့ကို မသတ်နိုင်ဘူးဆိုရင် တာဝန်ဘယ်လိုလုပ် ကျေပွန်တော့မှာလဲ။

ထို့အပြင် လောကကြီးတွင် လူသား သို့မဟုတ် တခြားသော သတ္တဝါများအနေဖြင့် မိစ္ဆာအတွေးမရှိသူဟု မည်သူက ရှိနိုင်မည်နည်း။

“ဟုတ်တယ်”

အားရာက ဆက်ပြောလိုက်သည်။ “သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ မိစ္ဆာအတွေးတွေ အားလုံးကို သန့်စင်ပစ်လို့တော့ ရနိုင်တယ်လေ”

ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွား၏။ “ဒါဆိုရင် သန့်စင်ပစ်ဖို့ အချိန်ဘယ်လောက်ကြာနိုင်လဲ”

“အင်း... သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မိစ္ဆာစွမ်းအင်တွေကို သန့်စင်ပစ်ဖို့ဆိုရင် အနည်းဆုံး နှစ်ပေါင်းတစ်ထောင် လောက် ဒါမှမဟုတ်အဲထက်နည်းနည်း ကြာလိမ့်မယ်”

“နှစ်ပေါင်းတစ်ထောင် ဒါမှမဟုတ် ဒီထက့်ကြာအုံးမယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် ဟန်ချက်ပျက်ကာ မြေပေါ်တွင် လဲကျလုမတတ်ပင် ဖြစ်သွား၏။ သူ၏ တာဝန်ကို ကျေပွန်စေရန်အတွက် အချိန်ကာလသည် ရက်ခြောက်ဆယ်သာ ကျန်ရှိတော့၏။ နှစ်ပေါင်းတစ်ထောင် မပြောနှင့် တစ်နှစ်ပင်လျှင် သူစောင့်၍ မရချေ။ မူလအားဖြင့် ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီ ရှိနေသည် ဖြစ်သောကြောင့် သူသည် ဤအမှောင်နတ်ဆိုး ဘုရင်ကို ရင်ဆိုင်နိုင်မည်ဟု တွက်ချက်ထားပြီးသား ဖြစ်တော့၏။ ထို့အပြင် အထူးတာဝန်တစ်ရပ်လည်း ဖြစ်သည်မို့ ရရှိနိုင်သည့် ဆုလာဘ်များကလည်း ကျိန်းသေပေါက် များပြားပေလိမ့်မည်။ ဖြစ်နိုင်သမျှ အမြန်ဆုံး ဤအရာအား သန့်စင်ခြင်းကို ပြုလုပ်ချင်မိ၏။

“အရှိန်မြှင့်လို့ မရဘူးလား”

“သခင်... ဘယ်လောက်လောက် အရှိန်မြှင့်ချင်တာလဲ”

“ဖြစ်နိုင်ရင် ရက်ခြောက်ဆယ်အတွင်း သန့်စင်ချင်တယ်”

“အမ်”

အားရာသည် မျက်လုံးအပြူးသား ဖြစ်သွား၏။ အနည်းဆုံးနှစ်ပေါင်းတစ်ထောင်ကြာမြင့်မည့်အရာအား နှစ်လအတွင်း ပြုလုပ်ရန် စေခိုင်းလျက် ရှိနေသည်။ ဤအမြန်နှုန်းသည် ရူးသွပ်ဖွယ်ရာ ကောင်းလွန်းလှ၏။

“သခင်”

အားရာက ပြောလိုက်သည်။ “ကျွန်မ လုပ်လို့ မရနိုင်ဘူး”

...............

ထျန်းယွမ်ကုန်းမြေတိုက်

မြေအောက်ကျောက်ခန်းထဲတွင် ပုန်းအောင်းလျက်ရှိနေသော အသက်ရှင်လျက်ရှိနေသည့် လူများအားလုံးသည် အပြင်ဘက်သို့ ထွက်ပေါ်လာကြ၏။ အချိန်အတော်ကြာ ပျောက်ကွယ်လျက်ရှိသည့် နေ၏ အလင်းရောင်နှင့် အသားကျအောင် နေထိုင်ပြီးသည့်နောက်မှာတော့ ၎င်းတို့၏ စိတ်ထဲတွင် ထိန်းချုပ်၍ မရနိုင်လောက်သည့် ပျော်ရွှင်မှုများ ဖြစ်တည်လာခဲ့ကြ၏။

ကောင်းကင်ကြီးသည် အမှန်ပင် ၎င်းတို့အားလုံးအား ငြိမ်းချမ်းစွာ နေထိုင်ခွင့် ကို ပေးစွမ်းခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ လောကကြီးတစ်ခုလုံး အစိတ်စိတ်၊ အပိုင်းပိုင်း ဖြစ်နေသည်ကို ကြည့်ရှု ပြီးသည့်နောက်မှာတော့ ထျန်းယွမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် မည်သို့မှ မခံစားနိုင်သလို ဖြစ်နေသည်။ မူလ ပုံပန်းသွင်ပြင်အဖြစ်သို့ ပြန်လည်ရရှိရန် ခက်ခဲမည်ဆိုသော်လည်း အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြန်လည် ပြင်ဆင်ရတော့မည်ဟု သူတို့ တွေးတောနေမိကြသည်။

ဆွစ်

တောင်ပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာအဆင့်မြှင့်တင်ခြင်းပစ္စည်းကို ထုတ်ယူကာဖြင့် ခေါင်းကို ခါယမ်းလိုက်၏။ “ငါ ဒီအရာကို အနည်းငယ်ပြန်ပြီး ပြင်လို့ပဲ ရနိုင်မယ်။ ကောင်းကင်နဲ့ မြေကြီးမှာရှိတဲ့ ဆုံးရှုံးသွားတဲ့ ဓာတ်သဘာဝတွေ ပြန်လည်ကောင်းမွန်နိုင်ဖို့ကတော့ မဖြစ်နိုင်ဘူး”

“ကျေးဇူးတင်ပါတယ် အစ်ကိုကျွင်း”

ရှမ့်ယုဟန်သည် ကျေးဇူးတင်စွာဖြင့် ပြောလိုက်၏။ ကြီးမားလှသည့် ဘေးဒုက္ခကြီးကို ကျော်ဖြတ်ပြီးသည့်နောက် ထျန်းယွမ်ကုန်းမြေတိုက်ကြီးတွင် ရှိနေသော ကောင်းကင်နှင့် မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များသည် ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ အနည်းဆုံးတော့ ဂြိုဟ်သည် တည်ရှိလျက်ရှိနေပြီး ဂြိုဟ်ထဲတွင် နေထိုင်သောသူများသည် အသက်ရှင်လျက် ရှိနေသေး၏။ ထိုမျှလောက်ကပင် ကျေနပ်ဖွယ်ရာ ကောင်းမွန်နေပြီဖြစ်သည်။ ခက်ခဲမှုပေါင်းများစွာတို့ကို တွေ့ကြုံခဲ့သည့် လူများသာလျှင် ဤကဲ့သို့ ခက်ခဲသည့်ဘဝတွင် အဆင်ပြေအောင်နေထိုင်ရခြင်းသည် ဇိမ်ရှိသည့် ဘဝတစ်ခုဖြစ်ကြောင်း တွေး ထင်လာမိကြသည်။

.............

“အစ်ကိုကျွင်း”

ရှေးရွက်သင်္ဘောကြီးတစ်ခုပေါ်မှာတော့ ရှမ့်ယုဟန်သည် တိကျသေချာသည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “သွားကြရအောင်”

“မင်း... ဒီမှာမနေဘူးလား။ ဒီမှာနေပြီး သူတို့အတွက် အဆောက်အဦတွေ တည်ဆောက်ပေးချင်စိတ် မရှိဘူးလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။

ရှမ့်ယုဟန်က ပြောလိုက်၏။ “ကပ်ဘေးကြီးကို ကျော်ဖြတ်ပြီးတဲ့နောက်မှာတော့ သဘောတရားတစ်ခုကို ကျုပ် နားလည်သွားပြီ။ ပိုပြီးအားကောင်းအောင် ပြုလုပ်နိုင်မှသာလျှင် ဒီမှာရှိတဲ့လူတွေအားလုံးရဲ့ လုံခြုံမှုကို ပေးစွမ်းနိုင်မှာလေ”

ဘုတ်

သူသည် ကုန်းပတ်ပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ပြီးသည့်နောက် ခေါင်းကို ညွတ်ကာဖြင့် ဂါရဝပြုလိုက်၏။ “ကျေးဇူးပြုပြီး တပည့်ကို လက်ခံပေးပါ။ တပည့်ကို ပိုပြီးအားကောင်းအောင် ပြုလုပ်ပေးပါ”

ရှမ့်ယုဟန်သည် ဒူးထောက်ထိုင်ချပြီးသည့်နောက်မှာတော့ တည်နေရာတစ်ခုလုံးသည် အလွန်တရာ လေးနက်သည့် ဟန်ပန် အမူအရာမျိုး ဖြစ်တည်လာခဲ့တော့သည်။

ကျွင်းချောင်ရှောင်း၏ ပြောင်ချော်ချော် အသွင်အပြင်သည် ပျောက်ကွယ်သွားခဲ့၏။ အဆုံးမဲ့ အရှက်မဲ့မှု ဘွဲ့တံဆိပ်၏ အဆင့်မြှင့်တင်မှုအောက်မှာတော့ ဂိုဏ်းချုပ်တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုးသည် နှစ်ဆယ်ရာခိုင်နှုန်း ပိုမိုကာ တိုးတက်သွား၏။

ဆွစ်

သူသည် ဝင်ခွင့်ဖောင်အား ထုတ်ယူကာ မေးလိုက်သည်။ “နာမည်”

“ထျန်းယွမ်ကုန်းမြေတိုက်က ရှမ့်ယုဟန်”

“လိင်”

“ဝေခွဲမရ”

“.........”

ဝင်ခွင့်ဖြည့်သွင်းသည့်ကိစ္စရပ်များ ပြုလုပ်ပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ်၏ စည်းတံဆိပ်တုံးကို ထုနှက်လိုက်၏။ ပြီးသည့်နောက်မှာတော့ ထျန်းယွမ်ကုန်းမြေတိုက်ကို ကိုယ်စားပြုသော ရှမ့်ယုဟန်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့တော့သည်။ ပြိုင်စံရှားဂိုဏ်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး တွင်သာမဟုတ် တခြားသော သေမျိုးစကြဝဠာထဲတွင်ပင်လျှင် လူသစ်များကို ခေါ်ဆောင်နိုင်ခဲ့ပြီဖြစ်၏။

“အစ်ကိုကျွင်း”

“.........”

ဖောင်း

ရှမ့်ယုဟန်သည် ကြီးမားလှသော ဘုကြီးနှင့်အတူ မြေပေါ်တွင် လဲလျက် ရှိနေ၏။ သူ၏ ဘေးတစ်ဖက်တွင် ရှိနေသော ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဘယ်လိုတပည့်မျိုးက သူ့ရဲ့ဂိုဏ်းချုပ်ကို အစ်ကိုကျွင်း လို့ ခေါ်ရတာလဲ”

...............

ထျန်းယွမ်ကုန်းမြေတိုက်ကြီးတွင် အသက်ရှင် ကျန်ရစ်ခဲ့သည့်လူဟူ၍ လူပေါင်းတစ်သောင်းနီးပါးသာ ကျန်ရှိခဲ့ တော့၏။ ၎င်းတို့အားလုံးသည် အပျက်အစီးပုံများပေါ်၌ မတ်တပ်ရပ်လျက်ရှိနေပြီး ထွက်ခွာသွားသည့် ရွက်သင်္ဘောကြီးကို ကြည့်ရှုလျက် ရှိနေ၏။

“အရှင့်သား”

လူများအားလုံးသည် သံပြိုင်အော်ဟစ်လိုက်ကြသည်။ “ကျိန်းသေပေါက် အားကောင်းအောင် ပြုလုပ်ပြီး ပြန်လာခဲ့ပါ”

သူ၏လူများဆီမှ အော်သံကို ကြားရသည့်အချိန်မှာတော့ ရှမ့်ယုဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး သည့်နောက် စိတ်ထဲတွင် ကျိန်ဆိုလိုက်မိ၏။ “ကျုပ် ပိုပြီး အားကောင်းလာရမယ်။ အဲအချိန်ကြမှ ပြန်လာခဲ့မယ်”

အမှောင်နတ်ဆိုးဘုရင်အား ရင်ဆိုင်ပြီးပြီ ဖြစ်သောကြောင့် သူ့အနေနှင့် ကလဲ့စားချေစရာအကြောင်း မလိုအပ် တော့ချေ။ သို့ပေမဲ့ အရာအားလုံး ပြီးစီးသွားပြီလို့တော့ ဆိုလို၍ မရချေ။ အားကောင်းအောင်ပြုလုပ်ပြီး ထျန်းယွမ်ကုန်းမြေတိုက်ကြီးအား ပိုမို၍ တိုးတက်အောင် ပြုလုပ်ရန် တာဝန်ဝတ္တရားသည် သူ၏ပခုံး ပေါ်တွင် တည်ရှိနေသည်။

...........

“ဂိုဏ်းချုပ်... ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်းစေတီကို ဘယ်ကနေ ရလာတာလဲ”

“မေးခွန်းကောင်းပဲ၊ တကယ်လို့ မင်းအနေနဲ့ ခြေခြေမြစ်မြစ် သိချင်တယ်ဆိုရင်တော့ ပြိုင်စံရှားဂိုဏ်းရဲ့ မူလရင်းမြစ် ကနေ စပြောရမှာပေါ့။ ဟိုးလွန်ခဲ့တဲ့ ရှေးပဝေသဏီတုန်းကပေါ့။ ကောင်းကင်နဲ့မြေကြီးက သီးခြားစီ ဖြစ်တည်နေခဲ့တယ်။ စကြဝဠာကြီး တစ်ခုလုံးကလည်း ရှုပ်ထွေးပြီး မတည်မငြိမ်ဖြစ်နေတယ်။ အဲဒီအချိန်မှာ ဖန်းဂု လို့ခေါ်တဲ့ လူကြီး တစ်ယောက်က ပေါ်ပေါက်လာခဲ့တယ်။ ပြီးတဲ့နောက်မှာတော့ သူက ပုဆိန်ကြီးကိုယူပြီး ကောင်းကင်နဲ့မြေကြီး တစ်ခုလုံးကို ဘယ်ပြန်ညာပြန် လွှဲယမ်းကာ ခုတ်ပိုင်းခဲ့တယ်”

All Chapters