အပိုင်း (၁၂၂၅)
Vol. 83 Ch. 1225
လီချင်းယန်နှင့် အခြားသူများ သိသလောက်ဆိုလျှင် ပြိုင်စံရှားဂိုဏ်း၏ တည်ထောင်သူသည် စွန်းဝူခုန်းပင် ဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် စတင်ကာ ပြောဆိုလိုက်သည်နှင့် ပြိုင်စံရှားဂိုဏ်း၏ မူလ အရင်းအမြစ်သည် ကောင်းကင်ကြီးတစ်ခုလုံးအား ပြန်လည် ပြင်ဆင်ဖန်တီးခဲ့သော ဖန်းဂု အကြောင်းနှင့် စတင်တော့သည်။
အချက်အလက်အားဖြင့် ဂိုဏ်းသည် ပိုမို၍ အားကောင်းလာသည်နှင့်အမျှ နောက်ခံသည်လည်း ပိုမို၍ အားကောင်းမှ ဖြစ်ပေလိမ့်မည်။ ဖန်းဂုသည် ကောင်းကင်နှင့် မြေကြီးအား ဆွဲဖြဲပြီး ပြန်လည် ပြင်ဆင်ကာ ချီများကို အသက်ဝင်စေခဲ့၏။
ပြီးနောက် ကုန်းဖုသည် နေတစ်စင်းကို ဖန်ဆင်းခဲ့၏။ အရာအားလုံး၏ ပေါင်းစပ်မှု အောက်တွင်တော့ လောကကြီး၏ အခြေခံသည် စတင်၍ ဖြစ်တည်လာခဲ့သည်။
တရုတ်ဒဏ္ဍာရီ အတွင်းတွင် တည်ရှိ နေသော တစ်ကယ့် ဆရာ့ဆရာကြီး များသည် ပြိုင်စံရှားဂိုဏ်းနှင့် ပတ်သက် လာခဲ့၏။
ရှမ့်ယုဟန်သည် ဆွံ့အလျက်ရှိသည်။ သူ ဝင်ရောက်ခဲ့သော ဂိုဏ်းသည် ဤမျှ အားကောင်းသည့် အံ့အားသင့်ဖွယ် လူများ ဖန်တီးခဲ့သော ဂိုဏ်းတစ်ခု ဖြစ်နေသည်လား။
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ "ဒီ ကောင်းကင်မူလ ဝိညာဉ် ဖိနှိပ်ခြင်း စေတီက ငါ့ရဲ့ ရှေးဘိုးဘေးကြီး ဖန်းဂု တစ်ယောက် ဖန်တီးခဲ့တဲ့ အရာပဲလေ။ ဒါကြောင့် မို့လို့ သေမျိုး စကြဝဠာ ထဲမှာရှိတဲ့ မိစ္ဆာဓာတ်တွေ အကုန်လုံးကို သန့်စင်ပစ်နိုင်စွမ်း ရှိနေတာပေါ့"
“……..” စနစ်သည် ဆွံ့အလျက်ရှိနေတော့သည်။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် လေးလေးနက်နက်နှင့်ပင် ပြောလိုက်၏။ "ကောင်းကင်မူလဝိညာဉ်ဖိနှိပ်ခြင်း စေတီက အထက်နယ်မြေ က လာတာလို့ ကျုပ်ကြားဖူးတာလေ"
ကျွင်းချောင်ရှောင်းသည် အကူအညီမဲ့စွာနှင့် ပြောလိုက်သည် "မင်း သိသွားပြီကိုး ….ဘယ်လို သိသွားတာလဲ"
ရှမ့်ယုဟန်သည် ဇဝေဇဝါ ဖြစ်နေတုန်းပင်။
"အမှန်ပဲ"
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ပျောက်ကွယ် သွား၏။ ပြီးသည့် နောက်မှာတော့ ရွက်လှေကြီး၏ ပှဲ့ထိပ် တည်နေရာသို့ ရောက်ရှိသွားသည်။ သူသည် လက်နှစ်ဖက် နောက်ပစ်ကာ ဟန်ပါပါဖြင့် ပြောလိုက်၏။ "ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်း စေတီက အထက်နယ်မြေက လာတာလေ။ ဖန်းဂုရဲ့ ဘိုးဘေးတွေကလည်း အထက်နယ်မြေကပဲကို။ ဒါပေမဲ့ ဘာလို့လဲ မသိဘူး၊ ငါတို့ ဂိုဏ်းက သေမျိုးစကြဝဠာ အတွင်း တည်ရှိနေခဲ့ရတယ်”
ရှမ့်ယုဟန်သည် နားလည် သွားမိခဲ့၏။ ရှေးမှတ်တမ်းမှတ်ရာများသည် အမှန်ပင် ဖြစ်တော့၏။
ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်း စေတီသည် အမှန်တကယ် အထက်နယ်မြေမှ ဆင်းသက် လာခြင်းပင် ဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့သော နတ်ဘုရား လက်နက်သည် ဂိုဏ်း၏ ဘိုးဘေးများ တီထွင် ခဲ့သော အရာ ဖြစ်လိမ့်မည်ဟု သူ မထင်မှတ်ထားမိချေ။
"ယုဟန်"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ငါ မင်းကို ဂိုဏ်းထဲ ဘာလို့ ခေါ်တာလဲ သိလား"
"မသိပါဘူး" ရှမ့်ယုဟန်သည် ပြန်ကာ ပြောလိုက်သည်။
"တော်တော် ရူးတာပဲ"
စနစ်က ပြောလိုက်၏။ "ပိုက်ဆံကြောင့် ပေါ့ကွ"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို မော့လိုက်၏။ ပြီးသည့် နောက်မှာတော့ အဆုံးအစမဲ့သော ကောင်းကင်ပြင်ကြီးအား ကြည့်ကာ ပြောလိုက်သည်။
"ကောင်းကင်မူလဝိညာဉ် ဖိနှိပ်ခြင်း စေတီက ထျန်းယွမ် ကုန်းမြေ တိုက်ကြီးမှာ ထား ထားတယ်လေ။ ဒါက ငါ့ရဲ့ ဘိုးဘေးတွေ ကြိုတင် စီစဉ်ခဲ့တဲ့အရာတစ်ခုလည်း ဖြစ်နေနိုင်တယ်၊ ပြီးတော့ မင်း …"
သူသည် အသာလှည့်ကာ ရှမ့်ယုဟန်အား လက်ညိုး ညွှန်၍ ပြောလိုက်၏။ "မင်းက ငါ့ရဲ့ တပည့် ဖြစ်ဖို့ မွေးဖွား လာတဲ့သူပဲ"
ဤ စကားစုအား ပြောလိုက်သော မာန်နှင့် ဟန်ပန်သည် ကျိုးဒူဒူ လောက် အားမကောင်းသော်လည်း မှော်ဆန်သော စကားစု အနေဖြင့် ရှမ့်ယုဟန်၏ နှလုံးသားထဲသို့ တိုးဝင်သွားခဲ့၏။ သူသည် စိတ်လှုပ်ရှား လွန်းသောကြောင့် မျက်ရည်များပင် ကျဆင်း လာခဲ့သည်။
"ကျုပ် … ကျုပ် နားလည်ပါပြီ"
အဆုံးအစမဲ့သော စကြဝဠာ အတွင်းတွင် ဂိုဏ်းချုပ်နှင့် တွေ့ဆုံခဲ့ရခြင်းမှာ အမှတ်တမဲ့ တွေ့ဆုံခြင်း မဖြစ်နိုင်ချေ။ ကံကြမ္မာ၏ ရေစက်ကြောင့်သာ ဖြစ်ပေလိမ့်မည်။
သူ၏ အနာဂတ်လမ်းစဉ်သည် ပြိုင်စံရှားဂိုဏ်း၏ တပည့် တစ်ယောက် ဖြစ်ရန် ဦးတည်နေခဲ့ခြင်းပင် ဖြစ်တော့၏။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် လေးလေးနက်နက်ပင် ဦးညွှန်၍ ပြောလိုက်၏။
"ကျေးဇူးပြုပြီး တပည့်ရဲ့ ဂါဝရပြုမှုကို လက်ခံ ပေးပါ"
"ဟင်း"
စနစ်သည် ခေါင်းကို ခါရမ်းကာ ပြောလိုက်မိ၏။ “နောက်တစ်ကောင်ကတော့ လှည့်စား ခံရပြန်ပြီ။ သူ့အနေနှင့် ပုံမှန် စိတ်နှလုံးသားအတိုင်းပဲ နေထိုင်ပြီးတော့ ဂိုဏ်းထဲမှာ အေးအေးဆေးဆေး ကျင့်ကြံနေဖို့ မျှော်လင့် မိတယ်။ ကျန်တဲ့ကောင်တွေကို သောက်ရူးတွေ ဖြစ်မသွားရင် အကောင်းဆုံးပဲ"
"ယုဟန်"
ကျွင်းချောင်ရှောင်းသည် အသာ လမ်းလျှောက်လာပြီးသည့်နောက် ပြောလိုက်သည်။ "မင်းနောက်ကို လိုက်နေတဲ့ သူက ပြောခဲ့တယ်။ ရှမ့်ရတနာတိုက် ဆိုတာ ဘာလဲ"
"နောက်ဆုံးမှာ ဒီအကွက်ကို နင်းချင်တာကို" စနစ်သည် မဲ့ကာရွဲ့ကာဖြင့် ပြောလိုက်မိ၏။
"ဂိုဏ်းချုပ် "
ရှမ့်ယုဟန်သည် ပြန်ကာ ပြောလိုက်သည်။ "ရှမ့်အင်ပါယာရဲ့ ဘိုးဘေးတွေက ရတနာသိုက် တစ်ခုကို ဖန်တီး ထားခဲ့တယ်။ သူတို့က သူတို့အသက်ရှိနေစဉ် ရခဲ့တဲ့ သိုင်းပညာအရင်းအမြစ်တွေ အားလုံးကို အဲမှာ ထိန်းသိမ်း ထားခဲ့တာ"
ကျွင်းချောင်ရှောင်းသည် မထူးခြားသလို ပြန်ကာ ပြောလိုက်၏။ "အမှောင်နတ်ဆိုးဘုရင်က မိစ္ဆာစွမ်းအင်တွေကနေ ဖန်တီး ဖြစ်တည်ခဲ့တာလေ၊ သူက ရှမ့်အင်ပါယာရဲ့ ရတနာတိုက်ထဲကို ဝင်ပြီး ဘာလိုချင်တာလဲ"
"ဘာလိုချင်တာလဲဆိုတော့"
ရှမ့်ယုဟန်သည် အနည်းငယ် စနိုးစနောင့် ဖြစ်လျက်ရှိသည်။
"လူတိုင်းလူတိုင်းမှာ ကိုယ်ပိုင်လျို့ဝှက်ချက် ရှိတယ်။ ဒီတော့ မင်း မပြောချင်ရင် ငါ အတင်းဖိအား ပေးနေမှာ မဟုတ်ဘူး။" ကျွင်းချောင်ရှောင်းသည် အသာလှည့်ပြီးသည့် နောက်မှာတော့ ထိန်းချုပ်ခန်းအတွင်းသို့ ဝင်သွား တော့၏။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် နောက်မှ အသာလိုက်ပါလာသည်။
"အမှောင် နတ်ဆိုးဘုရင်က ရှမ့်အင်ပါယာရဲ့ ရတနာသိုက်ကို စိတ်ဝင်စားတာ မဟုတ်ဘူး။ အထဲမှာရှိတဲ့ ရတနာ တစ်ခုကို စိတ်ဝင်စားတာ"
"ဘာရတနာလဲ"
"အသေးစိတ်ကိုတော့ ကျွန်တော်လည်း မသိဘူး။ အကျွင်းအကျန် ကျမ်းစာ တစ်ခု ဆိုတာပဲ သိတယ်"
"ချီးတဲ့မှ"
ကျွင်းချောင်ရှောင်းသည် ထိတ်လန့် တုန်လှုပ်စွာ ပြောလိုက်မိ၏။ "ဒါက သက်တန့် ရောင်စဉ်ကျမ်း ခြောက် ဒါမှမဟုတ် ခုနှစ်တော့ မဟုတ်လောက်ပါဘူးနော် ..."
ဖောက် ….။
ဖြောင်း .. ဖြောင်း …။
အား ….. အား….။
ထျန်းယွမ်အကျဉ်းထောင်၏ အောက်ဆုံးထပ်တွင်တော့ ကြာပွတ်ရိုက်နှက်သံများနှင့် စူးရှသော အော်ဟစ် သံများ ထွက်ပေါ်လျက် ရှိနေသည်။ နှစ်တစ်ထောင်အား ရက်ခြောက်ဆယ်အဖြစ် တိုတောင်းသွားအောင် မပြုလုပ်နိုင်ဘူး ဆိုသော်လည်း အားရာသည် အချိန်ရှိသမျှ ကြိုးစားလျက် ရှိနေသည်။
သူမသည် ဤ အတောအတွင်း အမှောင်နတ်ဆိုး ဘုရင်အား ကောင်းကောင်းမွန်မွန်နှင့် လေ့ကျင့်ပေးလျက် ရှိနေ၏။
"ကြီးကြီး ကျုပ် မှားပါပြီ။ ကျုပ်က အကြိမ်တစ်သောင်းလောက် သေဖို့ ထိုက်တန်တဲ့ လူပါ။ မ … မရိုက်ပါနဲ့"
ေ"အားရာ"
ခနလောက် ကြာပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ "သူ့ကို မရိုက်နဲ့တော့။ ငါမေးစရာ ရှိသေးတယ်"
အားရာသည် ဝိညာဉ်ဖိနှိပ်ခြင်း ကြာပွတ်အား အသာသိမ်းစည်းပြီးနောက် သူမ၏ သခင်နောက်တွင် ခါးထောက်ကာ ရပ်နေလျက်ရှိ၏။ သူမသည် ဗာဒံစေ့ကဲ့သို့ မျက်လုံးများနှင့် အမှောင် နတ်ဆိုး ဘုရင်အား စူးစိုက် ကြည့်နေသည်။
"သခင်မေးတာ အကုန်လုံးကို ပြောလိုက်"
အမှောင်နတ်ဆိုး ဘုရင်က ပြောလိုက်၏။ "မေး မေးသမျှကို ပြောပါ့မယ်"
ကျွင်းချောင်ရှောင်းသည် အသာ ထိုင်လိုက်၏။ ပြီးနောက် မေးလိုက်သည်။ "ခင်ဗျားက ထျန်းယွမ်ကုန်းမြေတိုက်ကြီးကို ဖျက်စီးပြီးသွားပြီ။ ဘာလို့ ရှမ့်အင်ပါယာရဲ့ မင်းသား နောက်ကို တောက်လျှောက် လိုက်နေရတာလဲ"
"ဘာ … ဘာလို့လဲ ဆိုတော့ ရှမ့်အင်ပါယာရဲ့ ရတနာတွေကြောင့်ပါ" အမှောင်နတ်ဆိုးဘုရင်က ပြန်ဖြေ၏။
ကျွင်းချောင်ရှောင်းသည် ပြန်ကာ ပြောလိုက်သည်။ "ခင်ဗျားက မိစ္ဆာစွမ်းအင်ကို အမှီပြုပြီး အသက်ရှင် နေထိုင် ရတဲ့ လူတစ်ယောက် မဟုတ်လား။ လူသားတွေရဲ့ သိုင်းပညာအရင်းအမြစ်က ခင်ဗျားကို ဘယ်လိုလုပ် တိုးတက် စေမှာလဲ"
"မ … မလိုပါဘူး။ အထဲမှာ ရှိနေတဲ့ အကြွင်းအကျန်ကျမ်း တစ်ခုကိုပဲ လိုတာပါ"
"ဘာ အကြွင်းအကျန်ကျမ်းလဲ"
"သက်တန့်ရောင်စဉ်ကျမ်းပါ"
"သက်တန့်ရောင်စဉ်ကျမ်းက နံပါတ် ဘယ်လောက်တုန်း"
"နံပါတ် ခြောက်ပါ"
"သေချာပြီ"
ကျွင်းချောင်ရှောင်းသည် ကြိတ်ကာ ပြောလိုက်၏။ "ငါခန့်မှန်းထားတဲ့ အတိုင်းပဲကို"
အမှောင်နတ်ဆိုး ဘုရင်သည် စိတ်ထဲမှာ ရေရွတ်လျက်ရှိသည်။ "ဒီလူက အကျွင်းအကျန်ကျမ်းရဲ့ အရေအတွက်ကို ဘာလို့ မေးရတာလဲ"
"ဒီအကြွင်းအကျန်ကျမ်းက ခင်ဗျားကို အကူအညီဖြစ်စေလို့လား" ကျွင်းချောင်ရှောင်းက ထပ်မေးလိုက်၏။
သိုင်းကျင့်ကြံသူ တစ်ယောက်ယောက်သည် အကြွင်းအကျန်ကျမ်းကို ရှာဖွေသည် ဆိုလျှင် နားလည်ပေးနိုင်စွမ်း ရှိ၏။
သို့ပေမဲ့ မိစ္ဆာစွမ်းအင်များနှင့် ဖြစ်တည်လာသော သတ္တဝါတစ်ကောင်သည် ထိုအရာကို ရှာဖွေသည် ဆိုတာတော့ ထူးဆန်းနေသည်။
"ဒါ "
အားရာသည် ကြာပွတ်အား မြောက်ကာ ပြောလိုက်၏။ "ရိုးရိုးသားသား ဖြေစမ်း"
အမှောင်နတ်ဆိုးဘုရင် သည် ထိတ်လန့် တုန်လှုပ်သွားခဲ့၏။ ပြီးသည့် နောက်မှာတော့ အလောတကြီးနှင့် ပြောလိုက်သည်။ "အကြွင်းအကျန်ကျမ်းက ထူးခြားနက်နဲတဲ့အဓိပ္ပာယ်တွေ ပါဝင်နေတယ်လို့ ကျုပ် ကြားခဲ့မိတယ်။ ဒါကိုသာ နားလည်နိုင်ရင် အထက်နယ်မြေကို တက်လှမ်းနိုင်လိမ့်မယ်"
"သေချာလို့လား"
"သေချာပါတယ်"
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို အသာပွတ်သပ်ကာ ငြိမ်လျက် ရှိနေ၏။ အကြွင်းအကျန်ကျမ်းတွင် ထူးဆန်းလှသော နက်နဲသည့် အဓိပ္ပာယ်များ ပါဝင်နေ၏။ ထိုအရာကိုသာ နားလည်နိုင်ပါက အထက်နယ်မြေဆီသို့ တက်လှမ်းခွင့်ကို ရရှိပေလိမ့်မည်။ ထိုအရာသည် ကြီးမားသည့် နားလည်နိုင်မှု ပင် ဖြစ်တော့၏။
"အားရာ"
ကျွင်းချောင်ရှောငိးသည် အကြွင်းအကျန်ကျမ်းအကြောင်း မေးခြင်းအား ခနရပ်တန့် လိုက်၏။ ပြီးနောက် ပြောလိုက်၏။ "ဒီ မိစ္ဆာကို မြန်မြန်ဆန်ဆန်နဲ့ သန့်စင်နိုင်မဲ့ နည်းလမ်း ရှိလား"
အားရာသည် ခနလောက် စဉ်းစားပြီးနောက် ပြောလိုက်သည်။
"ရှိတယ်"
"ဘာလဲ"
"သေမျိုး လောကထဲမှာ ရှိနေတဲ့ အားအကောင်းဆုံး ယန်စွမ်းအင်တွေကို ထုတ်သုံးဖို့ လိုတယ်"
"ငါ့ဆီမှာ နတ်မီးခန္ဓာကိုယ် ရှိတယ်လေ။ ဒါက အားအကောင်းဆုံး ယန်စွမ်းအင် မဟုတ်လား"
"ဟမ် … သခင်က နတ်မီးခန္ဓာကိုယ် ပိုင်ဆိုင်တာ၊ ဟုတ်လား"
"အဲတာ အားကောင်းလို့လား"
"အားကောင်းတာပေါ့။ သမျိုး စကြဝဠာရဲ့ ထိပ်တန်းတစ်ရာမှာ ပါဝင်တဲ့ ခန္ဓာကိုယ် တစ်ခုပဲလေ"
“……” ကျွင်းချောင်ရှောင်းသည် တုန်ယင်သွား၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် နတ်မီးခန္ဓာကိုယ်သည် အား အကောင်းဆုံးသော ခန္ဓာကိုယ်တစ်ခု ဖြစ်၏။ သို့ပေမဲ့သေမျိုးစကြဝဋ္ဌာထဲမှာတော့ ထိပ်ဆုံး တစ်ရာတွင်သာ ပါဝင်သော ခန္ဓာကိုယ် တစ်ခု ဖြစ်လို့နေ၏။
"ဒုတိယ နည်းလမ်းကကော ရှိသေးလား"
"ရှိတာပေါ့ ။ ဗုဒ္ဓနည်းစနစ်ကိုကျင့်ကြံတဲ့ သိုင်းကျင့်ကြံသူကိုသာ တွေ့ရှိမယ်ဆိုရင် သူရဲ့မိစ္ဆာဓာတ်တွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် ဖယ်ထုတ်နိုင်လိမ့်မယ်"
ဂျွတ် …။
ပြိုင်စံရှားဂိုဏ်း၏ ခြံဝန်းထဲတွင် တံမြက်စည်းလှဲလျက်ရှိလေက်ထဲ၌ ကိုင်ထားသော တံမြက်စည်းအား အယောင်ယောင်အမှားမှားဖြင့် ချိုးလိုက်မိ၏။ "ဘယ်လို ဖြစ်တာလဲ။ ငါ့စိတ်ထဲမှာ မကောင်းတဲ့ ခံစားချက်တွေကို ရနေတာပဲ"
"တုနန်"
ယွမ်သခင်လေးသည် သူ၏ နောက်တွင်ပေါ်လာ၏။ ပြီးသည့်နောက်မှာတော့ သူ၏ မှတ်တမ်းစာအုပ်ကို ထုတ်ယူပြီး စုတ်တံကို တံတွေးတစ်ချက်စွပ်ကာ မှင်သေသေဖြင့် ရေးမှတ်လေသည် "ဂိုဏ်းပိုင် တံမြက်စည်းအား တရားမဝင် ချိုးခြင်း … စိတ်ဝိညာဉ် ကျောက်တုံး ဆယ်တုံး"
ဘုတ် …။
တုနန်သည် မြေပေါ်လဲကျသွားလေတော့၏။