အပိုင်း (၁၂၂၇-က)
Vol. 83 Ch. 1227-A
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်တစ်ယောက် အလွန် ချမ်းသာလှသည်ကို သိရရှိပြီး ဖြစ်၏။ သို့ပေမဲ့ ဤမျှလောက် ချမ်းသာလိမ့်မည်ဟုတော့ မထင်မှတ်ခဲ့ချေ။
ထို့ပြင် လက်ရှိ အချိန်အနေ၌ ရှမ့်ရတနာသိုက်၏ အပြင်ဖက် တည်နေရာတွင်သာ တည်ရှိနေသေး၏။ အထဲသို့ ဝင်သွားပါက ပိုမိုများပြားသည့် အရာများကို တွေ့မြင်ရမှာသေချာ၏။
ဒီလိုတပည့်မျိုး…။
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ ဘယ်လောက် ပင်ကိုယ်စွမ်းရည် ညံ့ညံ့ ကိစ္စ မရှိဘူး။ ငါ မင်းကို သေသေချာချာ ပြုစု ပျိုးထောင်ပေးမယ်။
"ဟမ် .. ဒါက စိတ်ဓာတ် တစ်ကယ်ကို စိတ်ဓာတ်ပဲ” စနစ်သည် ဆွံအလျက် ရှိနေ၏။
"ဂိုဏ်းချုပ်"
ရှေ့ဆီသို့ ခြေလှမ်းတစ်ရာလောက် လျှောက်လာပြီးသည့် နောက်မှာတော့ ရှမ့်ယုဟန်သည် လိုဏ်ဂူတစ်ခု၏ အရှေ့ တည်နေရာတွင် ရပ်တန့်ကာ ပြောလိုက်သည်။ "ဒါက ဒုတိယ တည်နေရာပဲ။ သိုင်းနယ်မြေအဆင့် ကျင့်ကြံခြင်းကို ပိုင်ဆိုင်မှ ဒီထဲကို ဝင်လို့ ရမှာ"
ကျွင်းချောင်ရှောင်းသည် အလွန် အားကောင်းလှသော အစီအရင်များ ရှိနေကြောင်းကို အာရုံခံမိ၏။ "ငါကော ဝင်လို့ရလား"
"အင်း … ဂိုဏ်းချုပ် စမ်းသပ်ကြည့်ပါလား"
ဘိုးဘေးများ၏ စမ်းသပ်မှုအရဆိုလျှင် ပြင်ပလူများ အထဲသို့ဝင်ရောက်မည်ဆိုပါက လုံလောက်သည့် သိုင်းကျင့်ကြံခြင်းအဆင့်နှင့် အတားအဆီးများကို ဖြတ်ကျော်ရန် လိုအပ်နေသေးသည်။
"စမ်းသပ်မှုဟုတ်လား"
ကျွင်းချောင်ရှောင်းသည် အထဲသို့ ဝင်လာခဲ့၏။ သို့ပေမဲ့ ကျောက်တံခါးကြီးဆီသို့ ရောက်ရှိသည့် အခါမှာတော့ မမြင်ရသည့် စွမ်းအင်တစ်ခုသည် ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ကိုရစ်ပတ်ကာ အသိစိတ်ကို စတင် တိုက်ခိုက်တော့၏။
စနစ်က ပြောလိုက်သည်။ "ဒါက ဝိညာဉ် တိုက်ခိုက်မှု တစ်ခုပဲ"
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် သူ၏ ထန်းကျွင်း ဝိညာဉ်သန့်စင်ခြင်း နည်းစနစ်ကို အသက်သွင်း လိုက်၏။ ပြီးနောက် အားကောင်းလှသည့် ဝိညာဉ်စွမ်းအင်ကို စတင်ကာ တိုက်ခိုက်၏။
ပထမတစ်လှိုင်းတည်း ဆိုပါက သူ့အနေဖြင့် ခုခံနိုင်သေး၏။ သို့သော် စွမ်းအင်လှိုင်းများသည် သူ့အား အဆက်မပြတ် တိုက်ခိုက်နေသည်။
ပတ်ဝန်းကျင် အစီအရင်သည် အသက်ဝင်လာပြီးသည့်နောက် နေရာအနှံ့မှ ဝိညာဉ် စွမ်းအင်များသည် သူ့ထံသို့ ထပ်မံ ကျဆင်း လာပြန်၏။
"ဟမ်"
ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လိုက် ပြီးသည့်နောက်မှတော့ များပြားလှသည့် ဝိညာဉ် စွမ်းအင်များ ကို ခုခံရန် ဟန်ပြင်လိုက်သည်။
"လာစမ်း ဘယ်လောက် ပျော်ဖို့ကောင်းလဲ"
အစီအရင်မှ ဖြစ်တည်လာသော အလင်းတန်းများသည် အကောင်အထည် ဖြစ်တည်လာပြီးသည့် နောက်မှာတော့ စွမ်းအင်လှိုင်းများ အဖြစ် ကျွင်းချောင်ရှောင်းအား တိုက်ခိုက်တော့၏။
မတ်တပ်ရပ်လျက် ရှိသော ရှမ့်ယုဟန်ပင် ထိတ်လန့် တုန်လှုပ်လျက်ရှိသည်။
ဂိုဏ်းချုပ်သည် ကျောက်တံခါး၏ရှေ့တွင် မတ်တပ်ရပ်နေသော်လည်း ရေတွက်၍မရအောင် များပြားလှသော ကျွမ်းကျင်သူများနှင့် တိုက်ခိုက်နေရကြောင်း သူအာရုံခံလိုက်မိ၏။ ကျွမ်းကျင်သူများသည် ရှမ့်ရတနာတိုက်အား စောင့်ရှောက်ရန် ဖန်တီးခဲ့သော ဘိုးဘေးများပင် ဖြစ်ဟန်တူ၏။
ဖြောင်း .. ဖြောင်း …။
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တံခါးကြီးဆီမှ အနောက်ဖက်ဆီသို့ လှမ်း၍ ဆုတ်လာ ခဲ့၏။ ပြီးသည့် နောက်မှာတော့ သူသည် သွေးတစ်လုတ် ကို အန်ထုတ်လိုက်မိသည်။
"ဂိုဏ်းချုပ်" ရှမ့်ယုဟန်သည် ထိတ်လန့် တုန်လှုပ် သွားမိ၏။
"ရ … ရတယ် ငါအဆင်ပြေတယ်"
ကျွင်းချောင်ရှောင်းသည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်ပြီးသည့်နောက် ထျန်းကျွင်း နည်းစနစ်ကို လည်ပတ်ကာ သူ၏ ဝိညာဉ်ကို ထိန်းသိမ်းထားရန် ကြိုးပမ်းလိုက်သည်။
စနစ်က ပြောလိုက်၏။ "ဒါက အရမ်းကို အဆင့်မြင့်တဲ့ ဝိညာဉ်စွမ်းအင် တစ်ခုပဲလေ။ လက်ခံသူရဲ့ လက်ရှိ အားအင်အဆင့်အရ ဆိုရင် ဒါကို ချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး... "
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက် သွားမိသည်။
ဝိညာဉ်တိုက်ခိုက်မှုဆိုသည်မှာ တစ်ခုတည်း မဟုတ်ပေ။ အများအပြား စုစည်းကာ တိုက်ခိုက်ခြင်း ဖြစ်၏။ ထို့ကြောင့် ဤမျှ များပြားလှသော ဝိညာဉ်စွမ်းအင်များကို ရင်ဆိုင်ဖြေရှင်းရသည်မှာ သူ့အတွက် အလွန်တရာ ခက်ခဲလျက်ရှိ၏။
"ငါ မယုံဘူး"
ကျွင်းချောင်ရှောင်း၏ မခံချင်စိတ်များသည် ပိုမိုကာ အားကောင်း လာခဲ့၏။ သူသည် အသက်ကို ပြင်းပြင်း ရှုပြီးသည့် နောက်မှာတော့ ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။
ဘန်း
သူ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားပြီးသည့်နောက် သွေးများ အန်ထွက်လာခဲ့၏။ သူသည် ခန္ဓာကိုယ် အားဖြင့် ဒဏ်ရာရရှိခဲ့ခြင်းမဟုတ်ချေ။ ဝိညာဉ် စွမ်းအင် နာကျင်မှုများကို ခံစားခဲ့ရခြင်းပင်။
အားရာတစ်ယောက် အမှောင်နတ်ဆိုး ဘုရင်ကို နှစ်ပေါင်းများစွာ ကြာအောင် ရိုက်နှက်ခဲ့သည်ကို ပြန်စဉ်းစားမိသည့်နောက် ကျွင်းချောင်ရှောင်းသည် ကျောချမ်း မိသွား၏။
ဤကဲ့သို့သော ဝိညာဉ် နာကျင်မှုများသည် ခဏလောက် ထိခိုက်မှုကပင် နာကျင်လွန်းလှချေ၏။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် အကြံပေးလိုက်၏။ "ထားလိုက် ပါတော့။ ကျုပ် အနေနဲ့ သိုင်းနယ်မြေအဆင့်ကို ချိုးဖျက်ပြီးတဲ့ အထိ စောင့်ကြရအောင်။ ပြီးမှ ဒီနေရာကို ဖွင့်ကြမယ်လေ"
ရှမ့်အင်ပါယာမှ ဘိုးဘေးများသည် သူ့အတွက် ဤနေရာကြီး တစ်ခုလုံးကိုထားရှိခဲ့ပြီး များပြားလှသော သိုင်းနည်းစနစ်များကို သိုလှောင်ထား၏။ သို့ပေမဲ့ လုံလောက်သည့် ကျင့်ကြံခြင်းအဆင့် အရည်အသွေးကို ရောက်ရှိမှသာလျှင် ဖွင့်နိုင်ရန် တားဆီးထားသေးသည်။
ထို့ကြောင့် သူသည် ထိုအရာများကိုရရှိရန်အတွက် ပို၍ ကြိုးစားရမည် ဖြစ်၏။
"ငါ ပိုပြီးတော့ ကြိုးစားရမယ်"
ကျွင်းချောင်ရှောငသည် အသက်ကို ပြင်းပြင်း ရှုလိုက်ပြီးသည့် နောက်မှာတော့ သူ၏ ကျင့်ကြံခြင်း နည်းစနစ်ကို လှည့်ပတ်ကာ စိတ်ကို ကြည်လင်သန့်ရှင်းအောင် ပြုလုပ် လိုက်၏။ ပြီးနောက် ခြေလှမ်းကျဲ များဖြင့် ရှေ့သို့ လှမ်းတက်လိုက်သည်။
"အသုံးမဝင်ဘူး" စနစ်က ပြောလိုက်၏။
အဆင့်အရ ဆိုလျှင် ဝိညာဉ် အစီအရင်သည် အလွန် အားကောင်းလွန်းလှ၏။ ထို့ကြောင့် မည်မျှပင် ကြိုးစားသည် ဆိုဆို ချိုးဖျက်နိုင်လိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် ကျောက်တံခါးကြီးဆီသို့ လှမ်းတက်ပြီးနောက် သူ၏ ညာဖက် လက်သီးကို အသာ မြောက်လိုက်၏။
"ဂိုဏ်းချုပ် မလုပ် …."
ရှမ့်ယုဟန်သည် တုန်လှုပ်သွားမိ၏။ ရှမ့်အင်ပါယာ၏ ရတနာတိုက်သည် အလွန်အားကောင်းလှသော အစီအရင်များနှင့် ပြုလုပ်ထားသည်။
ထိုအရာကို အတင်း ချိုဖျက်ရန် ကြိုးစားသည် ဆိပါက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားကို ခံစားရမှာ သေချာ၏။
ရှေမ့်ယုဟန်သည် မျက်နှာတစ်ခုလုံး ဖြူလျော့သွားသည် အထိ ထိတ်လန့် တုန်လှုပ်သွားမိ၏။ ပြီးသည့်နောက် တစ်စုံတစ်ခု ဝါးမျိုနေသည့် အသံကို ကြားလိုက်ရသည်။
နောက်ကို လှမ်းကြည့်သည့်အခါမှာတော့ ဂိုဏ်းချုပ်သည် လက်သီးဆုပ်လျက်သား မဟုတ်တော့ချေ။ ဂိုဏ်းချုပ်၏ရှေ့မှာတော့ အကောင်လေး တစ်ကောင် တည်ရှိနေပြီး ကြီးမားလှသည့် တည်နေရာ အတားအဆီး အား ဝါးမျိုလျက် ရှိနေ၏။
ခနလောက် ကြာပြီးသည့်နောက် ရေတွက်လို့ မရအောင် များပြားလှသော ကျွမ်းကျင်သူများ ဖန်တီးထားသည့် ဝိညာဉ်တိုက်ခိုက်မှုအစီအရင်သည် ရုတ်တရက် ပျောက်ကွယ်သွားလေသည်။
ရှမ့်ယုဟန်သည် ကြောင်အသွားခဲ့၏။ ကျွမ်းကျင်သူများ စီစဉ်ထားခဲ့သည့် အစီအရင်သည် ဤသို့ ပျက်စီးသွားသည်လား။
"ဟင်း……"
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ "အစောတုန်းက ငါ ဝိညာဉ်စွမ်းအင်တွေကို အများကြီး ထုတ်သုံးခဲ့မိတာပဲ။ ဒါကို စွေ့ဟော်ကို လုပ်ခိုင်းလိုက်ရင် ပြီးရော..."
ကျောက်တံခါး၏ ရှေ့တွင် ရှိနေသော ဝိညာဉ် အစီအရင်သည် အချိန်နှင့် တည်နေရာပိုးကောင်၏ ဝါးမျိုးခြင်းကို ခံရပြီးသည့် နောက်မှာတော့ အကာအကွယ်များဆုံးရှုံး သွားခဲ့ပြီ ဖြစ်၏။ ထို့ပြင် အစီအရင် အတားအဆီး တစ်ခုလုံးကို ချိုးဖျက်လိုက်သည့်အခါမှာတော့ တည်နေရာတစ်ခုလုံးတွင် ရှိနေသော အတားအဆီး အစီအရင်များ အားလုံးသည် ပျောက်ကွယ် သွားခဲ့လေ၏။
အတွင်းတွင် ရှိနေသာ အတားအဆီး အစီအရင် များသည်လည်း ပုံမှန်အားဖြင့် လည်ပတ်နိုင်တော့မည် မဟုတ်ချေ။ ကျွင်းချောင်ရှောင်းနှင့်ရှမ့်ယုဟန်တို့သည် မည်သည့် ကန့်သတ်မှုများ မရှိဘဲ ဝင်ထွက်သွားလာနိုင်ပြီ ဖြစ်သည်။
ရှမ့်အင်ပါယာ၏ ဘိုးဘေးများသည်သာ သူတို့ အားသွန်ခွန်စိုက် စီရင်ထားခဲ့သည့် အစီအရင်သည် ဤကဲ့သို့ တစ်ချက် ကိုက်လိုက်ရုံနှင့် ကျိုးပျက် သွားသည်ကို သိရှိပါက သွေးပင် အန်နေလောက်မည် ဖြစ်၏။
"ဂိုဏ်းချုပ်"
ရှမ့်ယုဟန်သည် စိတ်နှလုံး နာကျင်စွာ ပြောလိုက်သည်။ "အစီအရင်က အလုံးစုံ ပျက်စီး သွားတာလား"
ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။ "ဒီရတနာသိုက်ထဲမှာ ဒီရတနာတွေကို ချန်ခဲ့ ရတဲ့ အကြောင်းအရင်းက မင်းအနေနဲ့ ကျင့်ကြံခြင်းကို ပိုပြီး ကြိုးစားစေချင်တဲ့ ဆန္ဒနဲ့ ဘိုးဘေးတွေက ပြုလုပ် ပေးခဲ့တာလေ"
ဤအရာသည် အမှန်ပင် ဖြစ်တော့၏။ အားစိုက်မထုတ်ရသည့် အရာသာ တည်ရှိနေပါက မည်သူက အားစိုက် ထုတ်နေတော့မည်နည်း။
ရှမ့်အင်ပါယာ ဖန်တီးခဲ့သော ကျွမ်းကျင်သူများ အားလုံးသည် ဤကဲ့သို့ အစီအရင်များကို ဖန်တီးပြီး လုံလောက်သည့် ကျင့်ကြံခြင်း အဆင့်ကို ပိုင်ဆိုင်မှ အထဲကို ဝင်ထွက်ခွင့်ရရန် ပြုလုပ်ပေးခြင်းမှာ နောင်လာနောင်သားများ အနေဖြင့် လုံလောက်သည့် စွမ်းအင်အဆင့်ကို ပိုင်ဆိုင်ရန် ကျင့်ကြံစေချင် သောကြောင့် ပင် ဖြစ်၏။
သို့ပေမဲ့ ယနေ့အချိန်မှာတော့ ရှမ့်အင်ပါယာ ဘိုးဘေးများ ဖန်တီး ပြုလုပ်ခဲ့သည့် အတားအဆီး အစီအရင်များသည် အပြင်လူတစ်ယောက် ၏ လက်ချက်အောက်တွင် စုန်းစမြုန်းစ ကျောက်ကွယ်ခဲ့ရပြီ ဖြစ်သည်။ ကျွင်းချောင်ရှောင်းသည် ထိုအရာနှင့် ပတ်သက်၍ အားနာမှုတော့ မခံစား ရချေ။
ထိုအစား သူက ပြောလိုက်၏။ "မင်းက အခု ငါ့ရဲ့ တပည့် ဖြစ်သွားပြီလေ။ မင်းအနေနဲ့ ခန့်မှန်းလို့ မရအောင် အားကောင်းလှတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာ ဆိုတော့ ရှန့်အင်ပါယာရဲ့ ရတနာသိုက်ထဲမှာ ရှိတဲ့ အစီအရင် စနစ်တွေက မလိုတော့ဘူး"
"ချီးတဲ့မှ"
စနစ်က အော်လိုက်သည်။ "ဒီလိုမျိုး အကြောင်းပြချက်တွေလည်း ရှိသေးတာလား"
ရှမ့်ယုဟန်သည် စူးရှသည့် အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "ကျုပ် နားလည်ပါပြီ။ ဂိုဏ်းချုပ်ရဲ့ တပည့်တစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ ရှမ့်အင်ပါယာရဲ့ ရတနာသိုက်ဆိုတာ အရေးမကြီးတော့ပါဘူး"
"အင်း ….. မင်းက သင်ကြားပြသရတာ လွယ်တာပဲ"
“……”
စနစ်သည် စိတ်ဓာတ်ပင် ကျသွားမိသည်။ "ငါ အစတုန်းက ဒီကောင့်ကို ပုံမှန်လမ်းစဉ်အတိုင်း လိုက်မယ့် ကောင်လို့ထင်ထားခဲ့တာ။ အခုတော့ ရှမ့်အင်ပါယာရဲ့ မင်းသားတစ်ယောက်က ဂိုဏ်းထဲကို ဝင်ဝင်ချင်းမှာပဲ သောက်ရူး တစ်ကောင် ဖြစ်သွားပြီကိုး"