အပိုင်း (၁၂၃၁)
Vol. 83 Ch. 1231
ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရာလမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် မိမိကိုယ်ကို အတင်းကြိုးစားပြီးသည့်နောက်မှာတော့ အချိန်ပြည့် ဖခင်တစ်ယောက်၏ ဝတ္တရားများကို ထမ်းဆောင်တော့သည်။
သူသည် ဤကလေးနှစ်ယောက်၏ နေ့စဉ် ဝေယျာဝစ္စများကို တာဝန်ယူရုံသာမက ၎င်းတို့အား မည်သို့နေထိုင်၍ မည့်သို့ ပြောဆိုဆက်ဆံရမည်ဆိုသည်ကိုလည်း ကောင်းကောင်းမွန်မွန်ဖြင့် သင်ကြားပေးလျက် ရှိနေ၏။
“ပြီးသွားပြီပဲ”
စနစ်က ပြောလိုက်သည်။ “သူ့ဘာသူ ကောင်းကောင်းမွန်မွန်နဲ့ နေထိုင်နေတဲ့တပည့်တွေတောင်မှ လမ်းချော်ပြီးတော့ ပေါက်တတ်ကရတွေ ဖြစ်နေတာ။ ဒီကလေးနှစ်ယောက်ရဲ့ အနာဂတ်ကတော့ ကျိန်းသေပေါက် ကြောက်မက်ဖွယ်ကောင်းတဲ့ အရိပ်ဆိုးကြီး တည်ရှိနေတော့မှာပဲ”
“ရှောင်ဟော့၊ ရှောင်ရှစ်”
ကျွင်းချောင်ရှောင်းသည် ကလေးနှစ်ယောက်ကို လှမ်းခေါ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်တော့သည်။ “မှတ်ထား၊ ဒီလောကကြီးက သိုင်းပညာရှင်တွေကိုသာ လေးစားရတဲ့ လောကကြီးပဲ။ ဒီတော့ မင်းတို့အနေနဲ့ ဆိုးရွားတဲ့အရာတွေ မလုပ်ရသလို တခြားသူတွေရဲ့ အနိုင်ကျင့်ခြင်းကိုလည်း ခံလို့မဖြစ်ဘူး”
ထို့ပြင် ၎င်းတို့သည် လူသားပုံစံများဖြစ်၏။ ထို့ကြောင့် ကုန်းရှန်အနေနှင့် ၎င်းတို့အား နာမည်များ ပေးရန် စဉ်းစားခဲ့တော့သည်။ တစ်ယောက်သည် ရှောင်ဟော့ဖြစ်ပြီး တခြားတစ်ယောက်မှာတော့ ရှောင်ရှစ် ဖြစ်တော့၏။
“နားလည်ပါပြီ ဖေဖေ” ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် လေးလေးနက်နက်ဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် ကလေးနှစ်ယောက်တို့၏ ဦးခေါင်းများကို အသာပုတ်ကာဖြင့် ပြောလိုက်မိ၏။ “သွား မင်းတို့ရဲ့အစ်ကိုကြီး ယုဟန်နဲ့ သွားဆော့တော့”
“အင်း” ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် ပြေးလွှားသွားခဲ့ကြ၏။
မကြာခင်မှာပဲ ရှမ့်ယုဟန်၏ အော်ဟစ်သံသည် ကုန်းပတ်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် ဘောလုံးကဲ့သို့ပင်စိတ်ဝိညာဉ်ကလေးနှစ်ယောက်၏ တစ်ဖက်နှင့်တစ်ဖက် ပစ်လွှတ်ခြင်းကို ကြားထဲမှ ခံနေရသည်။
သူ၏သားများ ပျော်ပျော်ရွှင်ရွှင်နှင့် ကစားနေသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင်တော့ ဖခင်တစ်ယောက်၏ မေတ္တာတရားများ ပြည့်နှက်နေသော အပြုံးတစ်ခု ထင်ပေါ်လာခဲ့တော့သည်။
သို့ပေမဲ့ မကြာခင်မှာပဲ သူသည် စိုးရိမ်ပူပန်သွားမိ၏။ သူ့တွင် ဂိုဏ်းတစ်ခုကို စီမံခန့်ခွဲရသည့် အလုပ်တစ်ခု ရှိနေသေး၏။ ထို့ကြောင့် အချိန်ပြည့် ဖခင် တစ်ယောက်၏ ဝတ္တရားများကို ထမ်းဆောင်နေရန် မဖြစ်နိုင်ချေ။ ထိုသို့ဆိုလျှင် ၎င်းတို့အား မည်ကဲ့သို့ မွေးမြူ ပျိုးထောင်ပေးရမည်နည်း။
“ဖေဖေ”
ထိုအချိန်မှာပဲ ရှောင်ဟော့သည် ပြေးလာပြီးသည့်နောက်မှာတော့ သမ်းဝေလိုက်သည်။ “ကစားရတာ ပင်ပန်းသွားပြီ။ အိပ်ချင်တယ်”
“.........”
အိပ်ချင်သည်ဆိုလျှင် အဘယ်ကြောင့် သူ့အား လာရောက်၍ မေးမြန်းရသနည်း။ ကိုယ့်ဘာကိုယ်သွားအိပ်လိုက်လျှင် အကောင်းဆုံးဖြစ်သည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းက ပြိုလဲသွားမိ၏။ “ဒါဆိုလည်း သွားအိပ်လေ”
ဆွစ်
ရုတ်တရက် မီးစိတ်ဝိညာဉ်သည် အနီရောင်အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ သူ၏ဒန်ထျန်ထဲတွင် လက်သည်းခွံအရွယ်အစားရှိ ကြာပန်းပုံစံမျိုးဖြင့် တည်ရှိနေတော့သည်။
ကျွင်းချောင်ရှောင်းမှာ ဆွံ့အသွားတော့သည်။ ဤကောင်လေးသည် အစစ်အမှန်ပဲ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်နိုင်စွမ်း ရှိနေ၏။
“ဖေဖေ”
မိစ္ဆာစိတ်ဝိညာဉ်သည် ပြေးလာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူ၏မျက်လုံးများကို ပွတ်သပ်ပြီး ပြောလိုက်၏။ “သားလည်း ပင်ပန်းနေပြီ။ အိပ်ချင်နေပြီ”
ဆွစ်
ပြောပြီးသည့်နောက် ၎င်းသည် ကျွင်းချောင်ရှောင်း၏ ဒန်ထျန်ထဲသို့ ဝင်ရောက်သွားပြန်သည်။ ပြီးသည့်နောက်မှာတော့ မီးစိတ်ဝိညာဉ်၏ အနီးအနားတွင် ကြာပန်း၏ ပွင့်ဖတ်ပုံသဏ္ဍာန်မျိုးဖြင့် အနားယူ အိပ်စက်လျက် ရှိနေသည်။
ဤစိတ်ဝိညာဉ်နှစ်ကောင် အထဲသို့ ဝင်ရောက်ပြီးသည့်နောက် ကုန်းရှန့်သည့် အားကောင်းလွန်းသော ဓာတ်သဘာဝ နှစ်မျိုး နှစ်စားကို အလိုလို ရရှိခဲ့တော့သည်။ ပထမဦးဆုံး သူသည် ညာဘက်လက်ကို မြှောက်လိုက်သည့်အချိန်မှာတော့ လောကကြီးတစ်ခုလုံးကို သန့်စင်နိုင်စွမ်း ရှိနေသည့် မီးတောက်များ ပေါ်ပေါက်လာခဲ့၏။ ဘယ်ဘက်လက်ကို မြှောက်လိုက်သည့် အချိန်မှာတော့ အရာအားလုံးကို တိုက်စားနိုင်စွမ်းရှိသည့် မိစ္ဆာချီများ ပေါ်ပေါက်လာခဲ့၏။
“အံ့အားသင့်စရာပဲ။ ဟား ဟား ဟား ဟား”
ကျွင်းချောင်ရှောင်းသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ခံစားရသည့် ဒုက္ခများ ပြေလျော့သွားခဲ့သလို စိတ်လိုလက်ရ ထကာရယ်မောနေမိတော့၏။
စနစ်က သက်ပြင်းချလိုက်သည်။ “ပထမဦးဆုံး လင်မယား နှစ်ယောက် ပူးပေါင်းပြီး တခြားသူတွေကို သွားပြီး တိုက်ခိုက်တယ်။ အခု သားအဖတွေ ပူးပေါင်းပြီးတော့ တိုက်ခိုက်ဖို့ စီစဉ်နေကြပြန်ပြီ”
............
သူ့တွင် စိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ကလေးနှစ်ယောက် ရုတ်တရက် ရရှိလာခဲ့ခြင်းအား အလွန်တရာ စိုးရိမ်ပူပန်လျက် ရှိနေ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ ၎င်းတို့သည် သူ၏ဒန်ထျန်ထဲသို့ ဝင်ရောက်ကာ နေထိုင်နိုင်ခွင့် ရှိသည့်လူများ ဖြစ်လို့နေတော့သည်။
ထို့ပြင် ၎င်းတို့နှစ်ယောက်သည် အလွန်အားကောင်းလှသော ဓာတ်သဘာဝ နှစ်မျိုးနှစ်စားအား သူ့ကို ထောက်ပံ့ပေးနိုင်၏။ ထို့ကြောင့် သူ၏ဘဝတစ်ခုလုံးသည် အံ့အားသင့်စရာ အရာများနှင့် ပြည့်နှက်နေသည်ဟု အလိုလို ခံစားမိလာခဲ့သည်။ သူ၏ ညာဘက်လက်သည် မီးဖြစ်၍ ဘယ်ဘက်လက်သည် မိစ္ဆာစွမ်းအင်များ ဖြစ်တော့သည်။ ဤလောကကြီးတွင် မည်သူသည် သူ့အား လာရောက် ယှဉ်ပြိုင်နိုင်တော့မည်နည်း။
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ကာဖြင့် ထပ်မံကာ ရယ်မောလိုက်မိသည်။ “တစ်လောကလုံးကို လှောင်ပြောင်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့တော့”
သေမျိုးလောကကြီးတွင် သိုင်းပညာရှင်တစ်ယောက်အတွက် စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်မျိုးကို ရဖို့ဆိုသည်မှာ အလွန်တရာ ရှားပါးလွန်းလှ၏။ သို့ပေမဲ့ ကုန်းရှန့်သည် စိတ်ဝိညာဉ်ခန္ဓာကိုယ် နှစ်မျိုးနှစ်စားကို ပိုင်ဆိုင်ခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် မာနထောင်လွှားသင့်သည့် အရာပင် ဖြစ်တော့၏။
အထူးသဖြင့် မီးဓာတ်စိတ်ဝိညာဉ်၏ သန့်စင်ခြင်းကို ခံထားရသော မိစ္ဆာစိတ်ဝိညာဉ်သည် အထူးကောင်းမွန် လှသည့်အရာ ဖြစ်သည်။ ဤမိစ္ဆာစွမ်းအင်သည် အလုံးစုံသန့်စင်ခြင်းကို ခံခဲ့ရသည်။ ကျွင်းချောင်ရှောင်း၏ လွတ်လပ်စွာ ထိန်းချုပ်ခြင်းကို ခံရပြီးသည့်နောက် လမ်းမှန်နည်းစနစ်များအဖြစ် ထုတ်ဖော်အသုံးပြုနိုင်စွမ်း ရှိနေတော့သည်။ လက်နက်၊ ဓာတ်သဘာဝများ ဆိုသည်မှာ ကောင်းမွန်မှု၊ ဆိုးယုတ်မှုဟူ၍ မရှိချေ။ အသုံးပြုသူ၏ စိတ်ခံစားချက်အပေါ်တွင် မူတည်သည့်အရာမျိုး ဖြစ်နေသည် မဟုတ်ပါလား။
“ငါ အခု အရမ်းအားကောင်းတယ်လို့ ခံစားနေရတယ်။ ဒီတော့ ကြယ်ကောင်းကင်ခံတပ်ကြီးဆီကိုသွားဖို့ မစောင့် နိုင်တော့ဘူး” ကျွင်းချောင်ရှောင်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်၏။ သူ၏ မျက်လုံးထဲတွင်တော့ တိုက်ပွဲ ဆာလောင်စိတ်များနှင့် တောက်ပလျက်ရှိနေ၏။ သူ၏ ဒန်ထျန်ထဲတွင် တည်ရှိနေသော စိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ကလေးနှစ်ယောက်ကြောင့် သူသည် ယုံကြည်ချက်အလွန် မြင့်မားလျက် ရှိနေ၏။
“လက်ခံသူ... အရင်ဆုံး ဂိုဏ်းချုပ်ရဲ့နတ်ဘုရားလက်နက်ကို သန့်စင်ဖို့ ကျောက်တုံးကို ကြည့်သင့်တယ်လေ။ ပြီးတော့ အတွေ့အကြုံအဆောင်တွေလည်း ရှိသေးတယ် မဟုတ်လား” စနစ်က သတိပေးလိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဟုတ်သားပဲ။ ငါ ဆုလာဘ်တွေကို မေ့နေတာပဲ။ နေအုံး။ ပိုလျှံနေတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကကော”
ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် စနစ်ထဲသို့ ဝင်ရောက်ကြည့်ရှု လိုက်သည့်နောက်မှာတော့ သူ၏ ဂိုဏ်းစုဆောင်းမှတ်များသည် တစ်သိန်းအတိသာ ရှိတော့သည်ကို မြင်လိုက်ရ၏။
ချက်ချင်းပဲ ခေါင်းကို ဆုပ်ကိုင်ကာ အော်လိုက်မိ၏။ “ငါ့ရဲ့ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်းရှစ်ထောင်ကိုးရာ ကိုးဆယ် ဘယ်ရောက်သွားတုံး”
မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့ ပေါ်ပေါက်လာသောကြောင့် သူသည် သီးခြားတာဝန်ဆီမှ ရရှိထားသော ဆုလာဘ်များအား မေ့လျော့နေခဲ့တော့၏။ ထို့ကြောင့် အချိန်ကာလ ကျော်သွားပြီး နုတ်ပစ်ခြင်းကို ခံခဲ့ရခြင်းပင် ဖြစ်တော့သည်။
“လက်ခံသူ.... ဒီနှစ်သောင်းနီးပါးရှိတဲ့ ဂိုဏ်းစုဆောင်းမှတ်တွေကို အသုံးပြုပြီး စိတ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ သားနှစ်ယောက်ကို ဝယ်ယူလို့ရခဲ့တယ်လို့ သဘောထားလိုက်တော့ပေါ့” စနစ်က နှစ်သိမ့်ပေးလိုက်၏။
.................
ကျွင်းချောင်ရှောင်းသည် ရင်ထဲတွင် ဖြစ်ပေါ်လာသော နာကျင်မှုများကို အောင့်အည်းသည်းခံကာဖြင့် သူ၏ သိုလှောင်လက်စွပ်ထဲသို့ ဝင်ရောက်လိုက်တော့သည်။ ပြီးသည့်နောက် အတွေ့အကြုံအဆောင်များကိုယူကာ တစ်ခုပြီးတစ်ခုကို ချိုးချေလိုက်သည်။
ဖြောက် ဖြောက် ဖြောက်
နှစ်ဆယ်ခုမြောက်အဆောင်အား ချိုးချေပြီးသည့်နောက် စနစ်ဆီမှ သတိပေးသံ အသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာခဲ့တော့သည်။
“ဒင်... လက်ခံသူသည် သိုင်းနယ်မြေ ပြည့်စုံသည့်အဆင့် အထက်အဆင့်ဆီသို့ ရောက်ရှိသွားခဲ့၏။ လိုအပ်ချက်များ သည် ပြည့်စုံသွားခဲ့သည်။ အထူးတာဝန်သည် အသက်ဝင်ခဲ့သည်”
“ဒင်... လက်ခံသူသည် ဓားသူတော်စင် ပြည့်စုံသည့် အထက်အဆင့်ဆီသို့ ရောက်ရှိသွားခဲ့၏။ လိုအပ်ချက်နှင့် ကိုက်ညီသွားခဲ့သည်။ အထူးတာဝန်သည် အသက်ဝင်ခဲ့သည်”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထိုင်ချလိုက်တော့၏။ သူ၏ မျက်နှာသည် ခံစားချက်ကင်းမဲ့လို့ နေခဲ့သည်။
“လာပြီ။ အထူးတာဝန်တွေက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ”
သူ့အနေနှင့် ထိုအရာကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်ဆိုပါက သိုင်းအင်ပါယာအဆင့်သို့ ချိုးဖြတ်ရောက်ရှိသွားမှာဖြစ်သည်။ ကျွင်းချောင်ရှောင်းအနေဖြင့် သိုင်းအင်ပါယာဆိုသည်မှာ တည်နေရာချိုးဖြတ်ခြင်းအဆင့် အနိမ့်ဆုံးသာ ရှိသည်ကို သိရှိပြီဖြစ်၏။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်တော့ နှိုင်းဆ၍ မရနိုင်အောင် ကြီးမားသည့် ဂုဏ်ဒြပ်ကို ပိုင်ဆိုင်သည့် ကျင့်ကြံသူ ပင်ဖြစ်တော့သည်။
“ငါ အရင်ဆုံး ဒီခြေလှမ်းကို အရင်လှမ်းရမယ်”
သူသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးသည့်နောက်မှာ တော့ စိတ်လှုပ်ရှားလာခဲ့တော့၏။ “ဒီဂိုဏ်းချုပ်က နန်းပုလ္လင်ကို တက်လှမ်းပြီးတော့ အင်ပါယာကိုးယောက်တို့နဲ့ တူညီတဲ့အဆင့်ကို ရောက်ရှိတော့မယ်။ စောင့်နေလိုက်တော့”
ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ “ငါ ကျိန်းသေပေါက် လက်စားချေမယ်”
“ချီးကို လက်စားချေပါလား” စနစ်က ပြောလိုက်သည်။ “မင်းက ဘယ်သူနဲ့ ရန်ငြိုးရှိနေလို့ လက်စားချေ မှာလဲ”
“တောင်းပန်ပါတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဇာတ်ညွှန်း မှားသွားတာ”
.............
သာမန်အခြေအနေအရဆိုလျှင် ဂြိုဟ်တစ်ခုထဲတွင် အားအကောင်းဆုံးသော သိုင်းကျင့်ကြံသူဖြစ်လာပြီ ဆိုပါက မင်းသားသည် သူ၏လမ်းစဉ်ဖွံ့ဖြိုးတိုးတက်ရန်အတွက် များပြားလှသည့် ပဋိပက္ခများကို ဖြေရှင်းရတော့မှာ ဖြစ်သည်။ ထိုကဲ့သို့သောအရာတွင် လက်စားချေသူများ ကျိန်းသေပေါက် ပါဝင်နေရပေမည်။
သို့ပေမဲ့ သူ့တွင် လောလောဆယ် လက်စားချေစရာ လူမရှိချေ။ သို့သော်ငြား ကြယ်ကြွေကုန်းမြေတိုက်ကြီးအပြင် တခြားသော ကုန်းမြေတိုက်ကြီးများဆီသို့ လှည့်လည်သွားလာရင်း ကြောက်ဖို့ကောင်းသည့် သေလမ်းရှာကျင့်ကြံသူတစ်ယောက် ဖြစ်လာပြီးသည့်နောက်မှာတော့ သူ့အတွက် ပြဿနာများကို ရှာဖွေရန်ဆိုသည်မှာ ခက်ခဲလှသည့်အရာတော့ မဟုတ်ချေ။
“သိုင်းအင်ပါယာကိုးယောက်... အစ်ကိုကြီးတို့ ပုန်းမနေနဲ့တော့။ ခင်ဗျားတို့အားလုံး ထွက်လာပြီးတော့ ကျုပ်ရဲ့ အနောက်ဘက်ကနေပြီးတော့ ကောင်းမွန်တဲ့ နောက်ခံအဖြစ် ဖြစ်ပေးကြတော့”
ဆွစ်
ကျွင်းချောင်ရှောင်းသည် ပထမဦးဆုံး အထူးတာဝန်ကို ဖွင့်ကြည့်လိုက်တော့၏။
“အထူးတာဝန်(၁၃)
တာဝန်၏ အသေးစိတ် - သုံးနှစ်အတွင်း လက်ခံသူသည် ပြိုင်စံရှားဂိုဏ်းအား ပထမအဆင့် ဂိုဏ်းတစ်ခုအဖြစ် အသိအမှတ်ပြုခွင့်ရရန် တောင်းဆိုရမည်ဖြစ်ပြီး ထူးခြားသည့် ဂိုဏ်းအသီးသီးနှင့် အဓိကစွမ်းအားရှင်များ၏ အသိ အမှတ်ပြုမှုကို ရရှိရမည်။
တာဝန်ကျရှုံးမှု - သတ်မှတ်ထားသော အချိန်အတိုင်းအတာအတွင်း မပြည့်စုံခြင်း သို့မဟုတ် တခြားသောသူများ၏ အသိအမှတ်ပြုမှုကို မခံရခြင်း။
တာဝန်၏ ဆုလာဘ် - ????”
“ဒီလောက် ရိုးရှင်းတာလား”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ ပြိုင်စံရှား၏ လက်ရှိအားအင်အဆင့်အရဆိုလျှင် ရီထျန်းချန်၏ အသိအမှတ်ပြုမှုကို ခံရသည်နှင့် ကျိန်းသေပေါက် ပထမအဆင့်ဂိုဏ်းအသိအမှတ်ပြုမှုကို ရရှိသွားမှာ သေချာတော့သည်။
အနည်းငယ် ဒုက္ခများစရာ ရှိသည်မှာ တပည့် အရေအတွက်သည် လုံလောက်အောင် မပြည့်စုံခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ သုံးနှစ်တာ အချိန်ပေးသည် ဆိုသောကြောင့် ဤအရာသည် ကျိန်းသေပေါက် ပြည့်နှက်သွားမှာ သေချာ၏။
“မင်းအနေနဲ့ တခြားဂိုဏ်းတွေရဲ့ အသိအမှတ်ပြုမှုကို ရဖို့ လိုအပ်သေးတယ်လေ” စနစ်က ဘေးမှနေ သတိပေး လိုက်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဂိုဏ်းက ပထမအဆင့်ဂိုဏ်းတစ်ခုအဖြစ် တိုးတက်ရောက်ရှိလာတဲ့ အချိန်မှာ လေးစားရလောက်တဲ့ ဂိုဏ်းခေါင်းဆောင်တွေ၊ စွမ်းအားမြင့် ကျင့်ကြံသူတွေ အကုန်လုံးကို ဖိတ်ခေါ် လိုက်မယ်။ ဘယ်သူက ငြင်းပယ်ရဲလဲဆိုတာကို ငါကြည့်လိုက်ချင်သေးတယ်”
“..........”
စနစ်သည် ဆွံ့အသွားမိ၏။ လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံစေရန်အတွက် နှင်းဆီဧကရီနှင့် လက်ထပ်မှု ကိုပင် ပြုလုပ်ခဲ့သည့်လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ရှိရှိသမျှသော သိုင်းကျင့်ကြံသူများကို ခေါ်ယူ၍ ခြိမ်းခြောက်သည်ဆိုခြင်းမှာ အံ့အားသင့်စရာ မဟုတ်ချေ။
“ပြီးတော့ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတွေ ရှိသေးတယ်”
စနစ်က ပြောလိုက်သည်။ “ကပ်သီးကပ်သတ် ပြောရမယ်ဆိုရင် သိုင်းအင်ပါယာကိုးယောက်တို့ကို ရည်ညွှန်းတာလည်း ဖြစ်နိုင်တယ်။ သူတို့က ဘယ်ရောက်နေမှန်း မသိဘူးလေ။ လက်ခံသူအနေနဲ့ သူတို့ရဲ့ အသိအမှတ်ပြုမှုကို မရဘူးဆိုလို့ရှိရင် အထူးတာဝန်ကို မပြည့်စုံဘူးထင်တယ်”
ကျွင်းချောင်ရှောင်းက ရုတ်တရက် ထအော်လိုက်သည်။ “မင်း... ငါ့ကို စိတ်ဓာတ်ကျအောင် မပြောလို့ မရဘူးလား”
“လက်ခံသူအနေနဲ့ အမှန်တရားကို သိရှိနားလည်ပြီး အထူးတာဝန်ကို လျော့မတွက်စေဖို့ သတိပေး ပြောကြားနေ တာပဲ” စနစ်က ဝင်ကာ ပြောလိုက်တော့၏။
“...........”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ဂိုဏ်းထဲတွင်ရှိသော တပည့်အရေအတွက် ပြည့်ဝမှု ဆိုသည်မှာ ကိစ္စရပ်လေးသာဖြစ်၏။ သို့ပေမဲ့ စွမ်းအားမြင့် ကျင့်ကြံသူများ၏ အသိအမှတ်ပြုမှုကို လိုအပ်နေ သည်။ ထိုအရာမှာ အနည်းငယ် လှည့်ကွက် တည်ရှိလို့နေ၏။ ထို့အပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော လူများသည် သိုင်းအင်ပါယာကိုးယောက်တို့ မည်သည့်နေရာကို ရောက်ရှိနေသနည်းဆိုသည်ကို မည်သူမှ မသိရှိ ကြချေ။
“အင်း”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီနေရာမှာ အလကားပေးထားတဲ့ အရာဆိုတာ မရှိဘူးပဲ”
သူသည် တခြားသော အထူးတာဝန်ကို ထပ်ကာ နှိပ်ကြည့်လိုက်သည်။
“အထူးတာဝန်(၁၄)
တာဝန်၏ အသေးစိတ် - ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းအင်ပါယာကိုးယောက်တို့သည် ငရဲကြီးကိုးထပ် ထဲတွင် ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသည်။ လက်ခံသူ.... ကျေးဇူးပြု၍ သူတို့အားလုံးကို ကယ်တင်ပါ။
တာဝန်၏ ဆုလာဘ် - ???”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထခုန်ကာဖြင့် ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်မိ၏။ “သိုင်းအင်ပါယာကိုးယောက်တို့က ငရဲကြီးကိုးထပ်ထဲမှာ ချုပ်နှောင်ခံထားရတာလား”
“.........”
စနစ်သည် ရုတ်တရက် ငိုချင်သောကြောင့် ထောင့်တစ်ခုဆီသို့ ပြေးသွားချင်စိတ်ပင် ပေါက်မိနေတော့၏။
သူသည် လက်ခံသူတစ်ယောက်မောက်မာဝံ့ကြွားလွန်းသောကြောင့် ဖိနှိပ်နိုင်ရန် အကြောင်းပြချက်တစ်ခုကို ရှာကာ သတိပေးပြောကြားသလိုနှင့် ရင်နာအောင်ပြုလုပ်နေခြင်းပင်ဖြစ်၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ လိုအပ် နေသည့်လူများ မည်သည့်နေရာတွင် ရှိသည်ဖြစ်ကြောင်းကို စနစ်သည် ဖွင့်ဟပြောဆိုလျက် ရှိနေတော့၏။ သောက်ကျိုးနည်းလှချေသည်တကား။