အပိုင်း (၁၂၃၂)
Vol. 83 Ch. 1232
အထူးတာဝန်(၁၄)ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အပျော်လွန်သွားမိ၏။ သိုင်းအင်ပါယာ ကိုးယောက်တို့ မည်သည့်နေရာ ရောက်ရှိနေသနည်း ဆိုသည့်အကြောင်းနှင့်ပတ်သက်၍ သူသည် စိုးရိမ်ပူပန်လျက် ရှိနေသည်။ သို့ပေမဲ့ အထူးတာဝန်သည် သူ့အား ရှေ့ကို ကြိုတင် ပြောပြခဲ့၏။
ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာဖြင့် စဉ်းစားလိုက်မိသည်။ “သိုင်းအင်ပါယာကိုးယောက်တို့က ဘာလို့ ငရဲကြီးကိုးထပ်ထဲမှာ ချုပ်နှောင်ခံထားရတာလဲ။ သူတို့က ကြယ်ကောင်းကင်ခံတပ်ရဲ့ စည်းမျဉ်းစည်းကမ်း တွေကို ချိုးဖောက်ခဲ့လို့လား။ ပြီးတော့ ….”
သူက မေးလိုက်သည်။ “မင်းရဲ့ဘိုးဘေးက ဘာလို့အဲ့မှာ ချုပ်နှောင်ခံထာရတာလဲ”
ရှမ့်ယုဟန်သည် ခဏလောက် စဉ်းစားကာ ပြောလိုက်မိ၏။ “အဖေပြောတာတော့ ဘိုးဘေးက သူ့ရဲ့ကျင့်ကြံခြင်းကို တည်နေရာချိုးဖြတ်ခြင်း အလယ်အဆင့်အထိ ရောက်ရှိအောင် အတင်းတိုးမြှင့်ခဲ့တယ်တဲ့။ ဒါက ကြယ်ကောင်းကင် ခံတပ်မှာရှိတဲ့ စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့သလိုဖြစ်ပြီး ချုပ်နှောင်ခံခဲ့ရတာပဲ”
“ကျင့်ကြံခြင်းအဆင့်ကို အတင်းတိုးမြှင့်ခဲ့တယ် ဟုတ်လား”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “နားထောင်ရတာတော့ မဆိုးဘူးပဲ”
ရှမ့်ယုဟန်က ပြောလိုက်သည်။ “အဖေ ပြောတာကတော့ ဒီနည်းလမ်းက တားမြစ်ထားတဲ့နည်းလမ်းတစ်ခုတဲ့။ အောင်မြင်တာ ဒါမှမဟုတ် ကြိုးစားရင်းနဲ့ သေဆုံးသွားတာမျိုး ဖြစ်နိုင်တယ်။ ဒီတော့ ဒီလိုစွန့်စားမှုကို မပြုလုပ် ခင်မှာ ကျွန်တော်ရဲ့ဘိုးဘေးက အချိန်အကြာကြီး စဉ်းစားခဲ့တယ်။ နောက်ဆုံးမှာတော့ ကြယ်ကောင်းကင်ခံတပ်က သိရှိပြီး လာရောက်ဖမ်းဆီးသွားတာပဲ”
ရှမ့်အင်ပါယာ၏ ဘိုးဘေး ချုပ်နှောင်ခံရသည့်အကြောင်းကို သိရှိပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “ဒါဆိုရင် အင်ပါယာကိုးယောက်တို့ကလည်း တူညီတဲ့ကိစ္စကို ပြုလုပ်ခဲ့တာ ဖြစ်လိမ့်မယ်။ ဒါကြောင့် ငရဲကြီးကိုးထပ်ထဲမှာ ချုပ်နှောင်ခံထားရတာ ဖြစ်လိမ့်မယ်”
“ဒါကို ဆက်ပြီး စဉ်းစားနေဖို့ အကျိုးမရှိဘူးလေ”
စနစ်က ပြောလိုက်သည်။ “အကြောင်းအရာတစ်ခုလုံးကို လုံးစေ့ ပတ်စေ့သိသွားမှ ဘာဖြစ်တယ်ဆိုတာ သိသွားမှာပေါ့”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် တွေးတောနေသည်များကို ခဏဖယ်ရှားကာဖြင့် ပခုံးတွန့်လိုက်သည်။ “မူလအားဖြင့် အဲ့ကိုသွားပြီး စုံစမ်းစစ်ဆေးဖို့ စီစဉ်ထားတာလေ။ ဒါပေမဲ့ အခု အထူးတာဝန်ဖြစ်လာပြီ ဆိုတော့ ဘာကိစ္စပဲဖြစ်ဖြစ် အဲကို ရောက်အောင်သွားရမယ်”
“လုပ်လိုက်ကြရအောင်” စနစ်က ပြောလိုက်၏။
“အထူးတာဝန် (၁၃)နဲ့ အထူးတာဝန် (၁၄) တို့က ပါဝင်နေပြီကိုး”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက်ဖြင့် ပြောလိုက်မိ၏။ “ငရဲကြီးကိုးထပ်က နဂါးတွေရဲ့ရေကန်၊ ကျားခံတွင်းထဲ ဖြစ်နေတယ်ဆိုရင်တောင်မှ ငါ ကျိန်းသေပေါက် အထဲကို သွားရတော့မယ်”
ရွှီး
သူသည် လက်ကိုဝှေ့ယမ်းလိုက်၏။ ကြည်လင်လျက်ရှိနေသော သလင်းကျောက်တုံးတစ်ခုသည် သူ၏လက်ထဲတွင် ပေါ်လာခဲ့၏။ ထိုအရာသည် သီးခြားတာဝန်၏ ဆုလာဘ်တစ်ခုလည်းဖြစ်သည်။ ဂိုဏ်းချုပ်သီးသန့်ကိုင်ဆောင် သည့် နတ်ဘုရားလက်နက်အား အဆင့်မြှင့်တင်နိုင်သော ကျောက်တုံးပင်ဖြစ်သည်။
“အရင်ရခဲ့တဲ့ ဆုလာဘ်တွေက တပည့်တွေရဲ့ လက်နက်တွေ အဆင့်မြှင့်တင်ဖို့အတွက် အသုံးပြုခဲ့ပြီ။ နောက်ဆုံး မှာတော့ ငါ့ရဲ့နတ်ဘုရားလက်နက်ကို အဆင့်မြှင့်တင်နိုင်ဖို့ နည်းလမ်းရရှိပြီပဲ” ကျွင်းချောင်ရှောင်းသည် ခံစားချက် အပြည့်ဖြင့် ပြောလိုက်မိ၏။
ဤအရာတွင် ပြဿနာတစ်ခုရှိနေသည်။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ၏ နတ်ဘုရားလက်နက်များ သည် ဆရာဖန်း၏ အဆင့်မြှင့်တင်ပေးမှုကို ခံရခြင်းဖြစ်၏။ ယခု ကုန်းရှန့်သည် အဆုံးမဲ့သော စကြဝဠာထဲတွင် ရောက်ရှိနေခဲ့၏။ သူ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။
“ကိုယ်ဘာကိုယ်လုပ်ပေါ့”
ကျွင်းချောင်ရှောင်းသည် သူ၏ညာဘက်လက်ဝါးကို အသာမြှောက်လိုက်သည့်အချိန်မှာတော့ တလက်လက်တောက်ပလျက် ရှိနေသော မီးတောက်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ မီးစိတ်ဝိညာဉ်သည် သူ၏ ဒန်ထျန်ထဲတွင် အိပ်ပျော် လျက်ရှိနေသည်ဆိုသော်လည်း မီးဓာတ်သဘာဝများကို လွတ်လွတ်လပ်လပ်ဖြင့် ထိန်းချုပ်နိုင်စွမ်း ရှိနေတော့သည်။ ထို့အပြင် နတ်မီးခန္ဓာကိုယ်သည်လည်း ပိုမိုအားကောင်းလာသည်ဟု ခံစားမိသည်။ ထိုအရာများကို သန့်စင်ရန် အသုံးပြုမည်ဆိုလျှင် မည်သည့်ကျောက်ရိုင်းတုံးကိုမဆို သန့်စင်နိုင်စွမ်း ရှိပေလိမ့်မည်။
ဟူး ဟူး
နှစ်နာရီလောက်ကြာအောင် အရည်ဖျော်ပြီးသည့်နောက် အဆင့်မြှင့်တင်နိုင်သော ကျောက်တုံးသည် အရည်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကို ဝှေ့ယမ်းပြီးသည့်နောက်မှာတော့ လောကလက်ချောင်း လက်နက်ကြီးအား ထုတ်ယူလိုက်တော့၏။ ပြီးနောက် တွေးလိုက်သည်။ “ရှောင်ကျီရဲ့လက်နက်က တကယ့်ကို ကောင်းမွန်တဲ့ လက်နက်အဖြစ် ပြောင်းလဲသွားတယ်လေ။ ဒီတော့ ငါ့ရဲ့နတ်ဘုရားလက်နက်ကလည်း ဟာသတစ်ခု မဟုတ်ဖို့ မျှော်လင့်မိတယ်”
ရွှီး ရွှီး …။
ပြောပြီးသည့်နောက် အဆင့်မြှင့်တင်သည့်ကျောက်တုံးမှ ဖြစ်ပေါ်လာသော အရည်များအား နတ်ဘုရားလက်နက် ပေါ်သို့ လောင်းချလိုက်တော့၏။ အဖြူရောင်အငွေ့များသည် တဟူးဟူးနှင့် ထွက်ပေါ်လာတော့၏။ အချိန် ခဏလောက် ကြာပြီးသည့်နောက်မှာတော့ အရည်များအားလုံးသည် အခဲအဖြစ်သို့ ပြောင်းလဲသွားတော့၏။ လောကလက်ချောင်းလက်နက်ကြီးအား မာကျောလှသည့်အရာတစ်ခုနှင့် ဖုံးလွှမ်းသွားတော့၏။
ဖြောက်
ခဏလောက်ကြာပြီးသည့်နောက် အပြင်ဘက်ရှိ အကာအကွယ်ကြီး တစ်ခုလုံးသည် ကျိုးကြေသွားပြီးသည့်နောက် အောက်သို့ ပြုတ်ကျသွားသည်။
ဝှစ် ဝှစ် ……။
ခုနှစ်ရောင်တောက်ပလျက်ရှိနေသော အလင်းတန်းများသည် လေထုထဲတွင် ပေါ်ပေါက်လာခဲ့၏။ လက်နက်၏ အပြင်ဘက် အပိုင်းသည် ကျဆင်းသွားပြီးသည့်နောက်မှာတော့ အလင်းရောင်များသည် တဖြည်းဖြည်းနှင့် လျော့နည်းကျလာခဲ့၏။ ပြီးသည့်နောက်မှာတော့ ရှုပ်ထွေးလှသည့် စာတမ်းများ ရေးထိုးထားခဲ့သော ကြီးမား လှသည့် စုတ်တံကြီးတစ်ခုသည် လေထုထဲတွင် ပေါ်လျက်ရှိနေသည်။ ထိုနေရာဆီမှ ခမ်းနားလွန်းလှသော အော်ရာ များ ထွက်ပေါ်နေ၏။
ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်မိသည်။ “ဘယ်လိုဖြစ်လို့ စုတ်တံအဖြစ် ပြောင်းသွားရတာလဲ။ ငါ့ကို လက်ရေးလှများ ရေးစေချင်တာလား”
ဆွစ် …။
ထိုအချိန်မှာပဲ လက်နက်ဆီမှ အလင်းတန်းများသည် ရုတ်တရက် သူ၏ မျက်ခုံးနှစ်ခုကြားထဲသို့ ဝင်ရောက်ပြီးသည့်နောက် မှတ်ဉာဏ်များကို ရရှိခဲ့၏။
“ဪ... ဒီလိုကိုး”
ကျွင်းချောင်ရှောင်းသည် ရရှိခဲ့သည့် မှတ်ဉာဏ်များကို သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးထဲတွင် နားလည်မှု အရိပ်အယောင်များ ထွန်းတောက် လာခဲ့၏။ ပြီးနောက် လက်တစ်ဖက်ကို ယမ်းခါလိုက်သည်။ စုတ်တံအား ကိုင်ဆောင်ကာဖြင့် လေထဲတွင် စတင်ကာ ရေးသားတော့၏။
ဝှစ် ဝှစ် ဝှစ်
ပေါ့ပါးစွာဖြင့် ရေးသားချိန်မှာတော့ စုတ်တံသည် နဂါးတစ်ကောင်ကဲ့သို့ ရွှေ့လျားလျက်ရှိနေသည်။
ဆွစ် ဆွစ် ဆွစ် …။
ကျွင်းချောင်ရှောင်းသည် ဆန်းကြယ်လွန်းလှသော ခြေလှမ်းကွက်ကို အသုံးပြု၍ ပျံသန်းသကဲ့သို့ပင် လေထုထဲတွင် သွားလာရွေ့လျားလျက် ရှိနေ၏။ စုတ်တံသည် အသက်ဝင်လျက် ရှိနေသလို လေထုထဲတွင် ရေးသားခြင်းကို ပြုမူနေသည်။ ထိုစုတ်တံသည် မိုးနှင့်လေကိုပင် လှုပ်ရှားနိုင်စွမ်းရှိနေသည့် အစွမ်းသတ္တိများ ပါဝင်လျက် ရှိနေသည်။ ထိုအရာသည် မာကျောလွန်းလှပြီး သံမဏိနှင့် ပြုလုပ်ထားသကဲ့သို့ပင်။
ဖြောက်
ခဏလောက်ကြာပြီးသည့်နောက် လှုပ်ရှားမှုသည် ရပ်တန့်သွားခဲ့၏။ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှသော စာတမ်းများအား လေဟာနယ်ထဲတွင် ရေးသားခဲ့ခြင်းပင်။ ထိုရေးသားထားသော စကားလုံးသည် “စကြဝဠာကြီးထဲတွင် အချောဆုံးသောလူ”
ထွီ
စနစ်သည် ရုတ်တရက်ထ၍ တံထွေးပင် ထွေးလိုက်မိ၏။
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင်ရှိနေသော စုတ်တံအား အသာလှည့်ပတ်ကစားပြီးသည့်နောက် သူ၏ ခန္ဓာကိုယ် အနောက်ဘက်ဆီသို့ အသာပို့လွှတ်ကာ ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ပေါက်ကွဲစမ်း”
ဘန်း ဘန်း ဘန်း ဘန်း
တည်နေရာထဲတွင် ရေးထိုးထားသော စကားလုံးများသည် ရုတ်တရက် ပေါက်ကွဲသွား၏။
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့၏။ ဂိုဏ်းချုပ်ကိုင်ဆောင်သော နတ်ဘုရား လက်နက်သည် အလွန်အားကောင်းလှသော စွမ်းအင်များ ထုတ်ဖော်နိုင်စွမ်း ရှိနေ၏။ ထို့အပြင် အဆုံးမဲ့ သတ်ဖြတ်မှုကို ထုတ်ဖော်အသုံးမပြုရသေးချေ။
“ဒီနေ့ကစပြီး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါက ကျောင်းတော်သား တစ်ယောက်ပဲ”
“.........”
စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်၏။ “ကျောင်းတော်သားဆိုရင် သေလမ်းရှာကျောင်းတော်သားပဲ ဖြစ်ရမယ်”
..............
ဂိုဏ်းချုပ်သီးသန့်ကိုင်ဆောင်ရသော နတ်ဘုရားလက်နက်သည် ပြန်လည်မွမ်းမံခြင်းကို ခံခဲ့ရပြီးဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအနေဖြင့် ဤအရာ၏ တိုက်ခိုက်မှုစွမ်းရည် မည်မျှ အားကောင်းသည် ဆိုခြင်းကို အစစ်အမှန် တိုက်ပွဲမှသာ သိရှိမှာ ဖြစ်တော့သည်။ လက်ရှိ စမ်းသပ်ကြည့်ရသလောက်ဆိုလျှင် တခြားသူများ၏ဖင်ကို လိုက်လံထိုးသည်ထက် ပိုမိုကာ အားကောင်းမှာ သေချာ၏။ ပို၍ အရေးကြီးသည်မှာ လက်နက်၏ ပုံပန်းသွင်ပြင် ပြောင်းလဲသွားခြင်းပင် ဖြစ်တော့၏။ ထိုအရာသည် ကိုင်ဆောင်လိုက်သည်ဆိုသည်နှင့် ဂုဏ်သိက္ခာ ထည်ဝါလှသည့် လက်နက်မျိုးအဖြစ် ထင်မှတ်မှားရစေ၏။ ယားကုတ်တံနှင့်တော့ နှိုင်းယှဉ်၍ မရနိုင်ချေ။
ကြယ်ကောင်းကင်ခံတပ်…..။
သင်္ဘော၏ ပဲ့ဦးတွင် မတ်တပ်ရပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်မိ၏။ “ဒီဂိုဏ်းချုပ်က မိုးနဲ့လေကိုဆင့်ခေါ်နိုင်တဲ့ နတ်ဘုရားလက်နက်ကို ပိုင်ဆိုင်နေပြီ။ ဒီစွမ်းအင်ကို တိုင်းတာဖို့အတွက် မင်းတို့ဆီကို လာခဲ့တော့မယ်”
ကုန်းရှန့်အနေဖြင့် ဟန်ပါပါ သရုပ်ဆောင်နေစဉ်မှာပဲ ရှေးရွက်သင်္ဘောကြီးသည် အရှိန်ပြင်းပြင်းဖြင့် သွားလာ နေရာမှ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အရှေ့ဘက်သို့ လွင့်စင်သွားပြီးသည့်နောက် အပြင်လောကတွင် တားဆီးထားသော အလင်းအတားအဆီးကြီးအား မျက်နှာဖြင့် တိုက်မိတော့၏။
ဘုတ်
“အင်း”
စနစ်က ပြောလိုက်သည်။ “ဟန်ထုတ်နေတာတောင် ကောင်းကောင်း မထုတ်ရပါလား”
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်သည် အရှေ့ဆီသို့ ပြေးထွက်လာပြီးသည့်နောက် ပြောလိုက်သည်။ “ဘာတွေ ဖြစ်နေတာလဲ”
ကျွင်းချောင်ရှောင်းသည် ကြောင်တောင်တောင်ဖြင့် မတ်တပ်ထရပ်လိုက်သည်။ သူ၏ ဘက်ဘက် မျက်နှာတစ်ခုလုံး သည် နီရဲလျက်ရှိနေ၏။ သူသည် ဒေါသတကြီးဖြင့် အဝေးတစ်နေရာဆီသို့ လှမ်းကြည့်လိုက်သည်။ ဤစကြဝဠာ တည်နေရာကြီးထဲတွင် ရွက်လှေတစ်စင်းသည် ငြိမ်သက်စွာဖြင့် လွင့်မျောလျက် ရှိနေ၏။ လာရာလမ်းကို ကြည့်ရှုလိုက်မည်ဆိုလျှင် ၎င်းသည် ရုတ်တရက် လှည့်လာပြီးသည့်နောက် သူ၏ရှေ့လမ်းကို လာရောက်ပိတ်ပင်ထားခြင်း ပင်ဖြစ်၏။
“ခွေးမသား”
ကျွင်းချောင်ရှောင်းသည် မျက်နှာကို အုပ်ကာကာဖြင့် ကျိန်ဆဲလိုက်၏။ “ယာဉ်မောင်းနေတဲ့အချိန်မှာ အရှေ့ကနေ ဖြတ်ပြီးတော့ မသွားရဘူးဆိုတာ နားမလည်ဘူးလား”
ဖြောက်
ရွက်သင်္ဘောကြီးပေါ်မှာတော့ တောင့်တင်းလှသော ခန္ဓာကိုယ်နှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် လျှောက်ထွက်လာ၏။ ၎င်းသည် လေးလံလှသော လည်သာဖိနပ်ကြီးကို ဝတ်ဆင်ထားပြီး လည်သာချပ်ဝတ်ကြီးကို လည်း ဝတ်ဆင်ထားသည်။
ရွှီး …။
သူ၏အနောက်ဘက်တွင် ရှိနေသော အဖြူရောင်ခြုံလွှာသည် လေထဲတွင် လွင့်လျက်ရှိပြီး တဝီးဝီးနှင့် အသံထွက် ပေါ်လျက်ရှိ၏။ ၎င်းသည် ကြွက်သားများ ဖြစ်ပေါ်လျက်ရှိသော လက်မောင်းကြီးကို အသာညှစ်ကာဖြင့် ပြောလိုက်၏။
“ခွေးကောင်လေး... မင်းဘယ်သူ့ကို အော်ငေါက်နေတာလဲ”
ထိုလူ၏ ခန္ဓာကိုယ်သည် အလွန်အားကောင်းလွန်းလှ၏။ ထွက်ပေါ်နေသည့် အော်ရာများသည်လည်း အလွန်ကြမ်းတမ်းလွန်းလှသည်။ အထူးသဖြင့် ဝတ်ဆင်ထားသည့် ဝတ်စုံပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် ချက်ချင်း လေးနက်သွားခဲ့၏။ ထိုအချိန်မှာတော့ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ထိုလူ၏ ရင်ဘတ်ပေါ်တွင်ရှိနေသော စာတမ်းအား သေသေချာချာ ကြည့်ရှုလိုက်၏။ “ကြယ်ကောင်းကင်ခံတပ်”
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်က အသံပို့လွှတ်လိုက်သည်။ “ဒါက ကြယ်ကောင်းကင်ခံတပ်ရဲ့ ကင်းသမား ဆယ့်နှစ်ယောက်ထဲက တစ်ယောက်ပဲ”