အပိုင်း (၁၂၃၄)
Vol. 83 Ch. 1234
ကျွင်းချောင်ရှောင်းအနေနှင့် ကြီးမားသည့် ကိစ္စရပ်များကို ဂရုစိုက်နေရသောကြောင့် ဒေါသထွက်နေသည် ဆိုသော်လည်း ရှားရှားပါးပါး ကင်းသမားနှင့် မတိုက်ခိုက်ခဲ့ချေ။
သို့ပေမဲ့ ဤအရာသည် မှန်ကန်သည့်အရာဖြစ်ကြောင်းကို ခဏတာအတွင်းတွင် သူသိရှိလိုက်ရ၏။ အဘယ့်ကြောင့် ဆိုသော် အရှေ့နည်းနည်းသို့ဆက်၍ မောင်းလိုက်သည့်ဆိုသည်နှင့် အရှိန်နှုန်းနှေးကွေးစွာ မောင်းနှင်လျက်ရှိနေသည့် များပြားလှသည့် ရွက်သင်္ဘောများကို မြင်နေရ၏။ ၎င်းရွက်သင်္ဘောများသည် တည်နေရာအသီးသီးဆီမှ ရောက်ရှိလာခဲ့ပုံပေါ်ပြီး ကြယ်ကောင်းကင်ခံတပ်ဆီ ဦးတည်နေကြ၏။
“ငါ့အနေနဲ့ စိတ်ကိုထိန်းထားနိုင်တာ ကောင်းတဲ့အရာဖြစ်ခဲ့တာပဲ။”
ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “တစ်ဖက်လူနဲ့ ငါသာ ရန်ဖြစ်နေမယ်ဆိုရင် လူတော်တော်များများက သတိပြုမိသွားမှာ။ ပြီးတော့ ခံတပ်ကြီးကလည်း ဒီအကြောင်းအရာကို သိရှိသွားမှာ။ ငါ ခိုးပြီးဝင်လို့ရမှာ မဟုတ်တော့ဘူး။ အား…… ငါ့အနေနဲ့ လုံလောက်အောင် အားမကောင်းသေးဘူး။ ငါလုံလောက်အောင် အားမကောင်းသေးဘူး။”
ကုန်းရှန့်သည် အလွန်စိတ်တိုလျက်ရှိနေ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ဝိညာဉ်ကူးပြောင်းရောက်ရှိလာတာ ဆယ်နှစ်တောင်မပြည့်သေးဘူးလေ။ ဒါပေမဲ့ သိုင်းအင်ပါယာ အဆင့်အနားကိုတောင် ရောက်တော့မယ်။ ဘယ်လိုဖြစ်ပြီး ဒါကို သဘောမကျဖြစ်နေရတာလဲ။”
ကျွင်းချောင်ရှောင်းသည် စိတ်ကို တည်ငြိမ်စွာ ထိန်းသိမ်းပြီးနောက် တွေးလိုက်မိ၏။ “ဒါကတော့ အမှန်ပဲ။”
သူ၏ စကားအား နှစ်ပေါင်းထောင်ကျော် ကျင့်ကြံပြီးမှ သိုင်းနယ်မြေအဆင့်ဆီသို့ ရောက်ရှိသည့် အဘိုးကြီးများသာ ကြားရှိမည်ဆိုပါက ကျိန်းသေပေါက် ထ၍ ပါးပိတ်ရိုက်ပေလိမ့်မည်။
လမ်းတစ်လျှောက်မှာတော့ များပြားလှသည့် သင်္ဘောများသည် တည်နေရာအနှံ့ဆီမှ ရောက်ရှိလာခဲ့၏။ ၎င်းတို့ အားလုံးသည် မှောင်ခိုဈေးဆီသို့ ရောက်ရှိလာပုံပေါ်၏။ ကျွင်းချောင်ရှောင်းမှာ ၎င်း၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုနေမိ၏။
ပြီးသည့်နောက်မှာတော့ ရွက်သင်္ဘောတစ်ခုစီချင်းတွင် မတူညီသည့်ဝတ်စုံများကို ဝတ်ဆင်ထားသော သိုင်းကျင့်ကြံသူ များတည်ရှိလျက်ရှိနေခြင်းကို သူသတိပြုမိခဲ့၏။ ၎င်းတို့အားလုံးသည် လူသားနှင့်အတူ သားရဲများကဲ့သို့ သတ္တဝါများလည်း ပါဝင်လျက်ရှိနေသည်။
ကြယ်ကောင်းကင်ခံတပ်၏ ငရဲကြီးကိုးထပ်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ သို့ပေမဲ့ မှောင်ခိုဈေးမှာ တော့ တစ်လောကလုံးတွင်ရှိနေကြသော သိုင်းကျင့်ကြံသူများအတွက် နတ်ဘုံနတ်နန်းတစ်ခုလိုပင် တောင့်တမျှော်မှန်းရသည့် အရာတစ်ခု ဖြစ်၏။
ထိုမှောင်ခိုဈေးကွက်သည် တစ်ခြားသောလူများအား ရှားပါးသော ရတနာများအား ဝယ်ယူနိုင်မည်လား ဆိုသော မျှော်လင့်ချက်နှင့် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ ဤနေရာတွင် ရွက်သင်္ဘောများ တော်တော်များများ တည်ရှိသော် လည်း အားလုံးတို့သည် စည်းမျဉ်းစည်းကမ်းကို လိုက်နာကြပြီး တစ်စီး နှင့် တစ်စီး ကျော်တက်ခြင်းကို မပြုလုပ်ကြချေ။
ထို့အပြင် ကြယ်ကောင်းကင်ခံတပ်၏ စည်းမျဉ်းစည်းကမ်းများအောက်မှာတော့ သူတို့အားလုံးသည် ဝက်ဝံ နှလုံး နှင့် ကျားသစ်အသဲကိုစားခဲ့သည်ဆိုလျှင်တောင်မှ မည်သူမှ ပြဿနာရှာရဲလိမ့်မည်မဟုတ်ချေ။
“ထူးဆန်းလိုက်တာ။”
ကျွင်းချောင်ရှောင်းသည် အနားပတ်ဝန်းကျင်ကို ကြည့်ရှုပြီးသည့်နောက် ပြောလိုက်၏။ “ဘာလို့လူတွေက ရုပ်ဖျက်ထားကြတာလဲ။”
ရှေ့တွင်ရှိသော ရွက်သင်္ဘောတွင်တော့ သိုင်းကျင့်ကြံသူများအနည်းငယ်တည်ရှိလို့နေခဲ့၏။ သို့ပေမဲ့ ထိုလူများထဲမှ လူတစ်ဝက်လောက်သည် ရုပ်ဖျက်ထားကြ၏။ ၎င်းတို့၏ နည်းလမ်းများသည် ထူးခြားလှသည်ဆိုသော်လည်း သူ၏ အကြည့်အောက်မှာတော့ ဖုံးကွယ်၍ မရခဲ့ချေ။
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်က ရှင်းပြလိုက်၏။ “ခံတပ်ရဲ့ မှောင်ခိုဈေးကွက်မှာ များပြားလှတဲ့ လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေ ရောင်းတာလေ။ ဒီအရာကို တစ်ချို့သော လောကမှာရှိတဲ့ ကျင့်ကြံသူတွေက ဝယ်ယူချင်တယ်။ ဒါပေမဲ့ ဝယ်ယူပြီးသွားရင် ရန်သူတွေသိပြီး လုယူကြမှာစိုးတာကြောင့် ကိုယ့်ကိုယ်ကိုယ် ရုပ်ဖျက်လာကြတာပဲ။”
“ဒီတော့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီနေရာမှာ စောင့်ကြည့်နေတဲ့ မြေအောက်စစ်တပ်တစ်ခုလည်း ရှိနေနိုင်တယ်။”
ကျွတ် ကျွတ်
သူသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “ဒီလိုမျိုး စီးပွားရေးလုပ်ငန်းကို သေမျိုးစကြဝဠာတစ်ခုလုံးမှာ ဖြန့်ကျက်ထားနိုင်တယ်ဆိုတော့ ကြယ်ကောင်းကင်ခံတပ်ရဲ့ စီးပွားရေးလုပ်ဆောင်မှုပုံစံက တကယ့်ကို အတုယူစရာ ပဲ။”
သူသည် မနာလိုတောင် ဖြစ်မိနေခဲ့၏။ သူ၏ စီးပွားရေးလုပ်ငန်းကိုသာ သေမျိုးလောကအနှံ့သို့ ဖြန့်နှံ့နိုင်မည်ဆိုပါက များပြားလှသောဂြိုဟ်အသီးသီးဆီမှ ငွေကြေးများသည် သူ့ဆီသို့ သပိတ်ဝင်အိတ်ဝင် ဝင်လာမှာသေချာ၏။ လက်ရှိ အခြေအနေတွင် သူသည် ထန်ဒုတိယသခင်လေးနှင့် အတူ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံး၌ စီးပွားရေးလုပ်ငန်းများကို ဖြန့်ကျက်ထားပြီးဖြစ်သော်လည်း တစ်ခြားသော နိုင်ငံခြားအရင်းအမြစ်များကို ရရှိလျှင် သူ့အတွက် ပိုမိုကာ ကောင်းမွန်မှာသေချာသည်။
ကျွင်းချောင်ရှောင်းအနေနှင့် စီးပွားရေးအကြောင်းကို သေသေချာချာ စဉ်းစားရန် အချိန်မရှိသေးချေ။ ထို့ကြောင့် ကြယ်ကောင်းကင်ခံတပ်ထဲသို့ ဝင်ရောက်ချိန်တွင် သူ၏ပုံပန်းသွင်ပြင်ကို ပြောင်းလဲရန် အရင်ဆုံးစဉ်းစားလိုက် တော့၏။
ထို့ကြောင့် ကုန်းရှန့်သည် စက်ခန်းထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ ကြည့်ကောင်းလွန်းလှသော မျက်နှာဖုံးအား ဝတ်ဆင်လိုက်သည်။
ပြီးနောက်အပြာရောင်တောက်တောက် သစ်လွင်လျက်ရှိနေသည့်ဝတ်စုံကို ဝတ်ဆင်လိုက်ပြီး ခါးပတ်ကို အသာပတ်လိုက်၏။ ဆံပင်အား ချည်နှောင်ပြီးသည့်နောက်မှာတော့ သူသည် စက္ကူယပ်တောင်အား ဖွင့်ကာ ကြည့်ကောင်းလွန်းလှသော ကျောင်းတော်သားတစ်ယောက်ကဲ့သို့ အသွင်အပြင်မျိုးဖြင့် ဟန်ထုတ်လျက်ရှိနေတော့၏။
ရွက်သင်္ဘော၏ ဦးထိပ်တွင် မတ်တပ်ရပ်လျက်ရှိပြီး ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာတွင်ရှိနေသော ဥက္ကာခဲ များရွှေ့လျားနေသည်ကို လှမ်းကြည့်ကာ စိတ်ထဲပေါ်လာသော ကဗျာတစ်ပုဒ်ကို ရေရွတ်လိုက်၏။ “ကြယ်တာရာတွေရွေ့လျားကြ … ငါကသာ လှမ်းလာမှ ..နင်က ခုန်ဆွဆွ”
စနစ်သည် ဆွံ့အသွားလျက်ရှိ၏။ “သောက်တလွဲ ကဗျာပါပဲကွာ။”
…
ကြယ်ကောင်းကင်ခံတပ် မည်သည့်နေရာတွင် ဖြစ်သနည်း။ ကျွင်းချောင်ရှောင်းသည် မြေပုံကို မကြည့်တော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူသည် ရှေ့မှသွားနေသော ရွက်သင်္ဘောများ၏ နောက်သို့ လိုက်ပါသွားရင်းမှ ထို ကြယ်ကောင်းကင်ခံတပ်ဆီသို့ ရောက်ရှိသွားမည် ဖြစ်ခြင်းကို သိရှိနေသောကြောင့်ပင်။
သေချာပေသည်။ နေ့ဝက်လောက်သွားပြီးသည့်နောက်မှာတော့ အဆုံးမဲ့ မှောင်မဲလျက်ရှိနေသော တည်နေရာ၏ အဆုံးတွင် အဆောက်အဦတစ်ခု ၏ ပုံပန်းသွင်ပြင်တစ်ခုသည် ခပ်ဖြည်းဖြည်း ပေါ်ပေါက်လာခဲ့၏။ အနီးကပ်သေချာကြည့်ရှုလိုက် သည့်အချိန်မှာတော့ လေဟာနယ်ထဲတွင် လွင့်မျောနေရှိနေသည့် ကြီးမားသည့် ရဲတိုက်ကြီးတစ်ခုဖြစ်ကြောင်း သိရှိလိုက်ရသည်။
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်သည် အသံကို ပို့လွှတ်လိုက်၏။ “ဒါက ကြယ်ကောင်းကင်ခံတပ်ကြီးပဲ။”
“ကြယ်ကောင်းကင်ခံတပ်ကလည်း တော်ဝင်မြို့လောက်တောင် မကြီးပါလား။”
မြင်ကွင်းသည် ပြောင်းလဲသွားခဲ့၏။ ကျွင်းချောင်ရှောင်းသည် စောနက ပြောသည့် စကားများကို ပြန်လည်ရုပ်သိမ်း လိုက်၏။ အဘယ့်ကြောင့်ဆိုသော် ခံတပ်ကြီးနှင့် မီတာ ၁၀၀ အဝေးဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ သူနှင့် ရွက်သင်္ဘောကြီးသည် ၎င်း၏ အရှေ့တွင် ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ပင် ဖြစ်နေသည်။
“ကောင်းကင်ဘုံ”
ရှမ့်ယုဟန်သည် တုန်လှုပ်သွားမိ၏။ “ဒီလောက်ကြီး ကြီးတာလား။”
ကြယ်ကောင်းကင်ခံတပ်သည် အလွန်ပင် ကြီးမားလွန်းလှ၏။ သေးငယ်သော ဂြိုဟ်လေးတစ်ခုအနေနှင့် ပြောနေစရာပင် မလိုအပ်ချေ။ မူလအားဖြင့် ရဲတိုက်ကြီး၏ အဆောက်အဦအား အမဲရောင်သတ္တု အမျိုးအစားတစ်ခုဖြင့် ပြုလုပ်ထားဒြါက စိတ်ဝင်စားစရာပဲ။ အထဲမှာသာ ဖောက်ခွဲလိုက်မယ်ဆိုရင် ကြည့်ကောင်းပြီ။ ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။
စနစ်က ဆွံ့အသွား၏။ “လက်ခံသူရဲ့ အတွေးတွေက တဖြည်းဖြည်း ပိုပိုပြီးတော့ အန္တရာယ်များလာတယ်။”
…
ကြယ်ကောင်းကင်ခံတပ်၏ အရှေ့ဘက် မြို့ဂိတ်တံခါးတည်နေရာတွင် အဝင်အထွက်တစ်ခုနှင့်တူညီသော အရာတစ်ခုရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် ထိုတံခါးသည် ပိတ်၍ ထားခဲ့သည်။ များပြားလှသော ရွက်သင်္ဘောများသည် အနီးအနားတွင် ကျောက်ချထားလျက်ရှိနေပြီး သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအရာကြီးပွင့်ရန် စိတ်ရှည် လက်ရှည်နှင့် စောင့်မျှော်လျက်ရှိပုံပေါ်သည်။
ဤအရာသည် သာမန်ဝင်ပေါက်တစ်ခုသာ ဖြစ်၏။ မှောင်ခိုဈေးကွက်ဆီသို့ လာရောက်၍ ပစ္စည်းများဝယ်ယူချင်သည့် သိုင်းကျင့်ကြံသူများအားလုံးသည် ဤဝင်ပေါက်ဆီမှ ဝင်ရောက်ရမှာဖြစ်သည်။ မြို့၏ ဂိတ်တံခါးတွင် တောင် မြောက် အရှေ့ ဟူ၍ အသီးသီးခွဲခြားထားခဲ့၏။
တတိယတန်းစား၊ ဒုတိယတန်းစားနှင့် ပထမတန်းစား သိုင်းကျင့်ကြံသူများသည် ထိုတံခါးပေါက်များဆီမှ ဝင်ရောက်ရ၏။ ကျွင်းချောင်ရှောင်းမှာတော့ မြောက်ဘက်ဂိတ်တံခါးဆီမှ ဝင်ရောက်ခွင့်ရှိ၏။ သို့ပေမဲ့ သူ၏ ဤခရီးစဉ်ကို လာရောက်သည့်အဓိကရည်ရွယ်ချက်မှာ မှောင်ခိုဈေးကွက်ဆီသို့ လာရခြင်းဖြစ်၏။ ထို့ကြောင့် သူသည် ရွက်သင်္ဘောအား ပဲ့ကိုင်ကာဖြင့် အနောက်ဘက်ဂိတ်တံခါးဆီသို့ သွားလိုက်သည်။
“အစ်ကိုကြီး”
သူ၏ ဘေးနားတွင်ရှိသော ရွက်သင်္ဘောပေါ်မှာတော့ ယောက်ျားတစ်ယောက်သည် လေးနက်တည်ကြည်စွာဖြင့် လှမ်း၍ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ အမိန့်အရ ကြယ်ကောင်းကင်ခံတပ်ဆီလာခဲ့တာလေ။ ဒီတော့ လိုအပ်နေတဲ့ပစ္စည်းတွေကို ဝယ်ယူ နိုင်မှ ဖြစ်မယ်။”
“အင်း ..ဟုတ်တယ်။”
အစ်ကိုကြီးသည် လေးနက်စွာဖြင့် ခေါင်းကိုညိတ်လိုက်၏။ ဘေးတစ်ဖက်တွင် ရပ်ထားသော ရွက်သင်္ဘောပေါ်မှာတော့ များပြားလှသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် အပြင်းအထန်ပြောဆိုဆွေးနွေးလျက်ရှိနေကြ၏။
ကျွင်းချောင်ရှောင်းမှာတော့ ထိုင်ခုံပေါ်တွင် အသာမှီကာ မျက်လုံးကို စုံမှိတ်၍ နားနေသည်။ သူ့အနေနှင့် သိုင်းနယ်မြေတစ်ပိုင်းဆေးလုံးကို ဖော်စပ်နိုင်ရန် လိုအပ်သည့် ဆေးပင်များကို ဝယ်ယူခွင့်ရရန် မျှော်လင့်နေမိ၏။ ထိုမှသာလျှင် တပည့်များအတွက် များများစားစား ထုတ်လုပ်နိုင်မှာဖြစ်သည်။
ဟုတ်ပေသည်။ သူသည် ငရဲကြီးကိုးထပ်ထဲသို့ ဝင်ရောက်ပြီးသည့်နောက်မှာတော့ သိုင်းအင်ပါယာကိုးယောက်အား ရှာဖွေရန် လိုအပ်နေသေး၏။
“အပြင်ဘက်မှကြည့်မယ်ဆိုရင် ကြယ်ကောင်းကင်ခံတပ်က သံမဏိခံတပ်တစ်ခုနဲ့တောင် မခြားနားဘူး။ ဒီတော့ အထဲမှာ အကျဉ်းသားတွေကို ဖမ်းဆီးထားတဲ့စနစ်က ပိုပြီးတောင် အားကောင်းမှာသေချာတယ်။ ငါဘယ်လိုချိုးဖြတ်ပြီး ဝင်ရင် ကောင်းမလဲ။” ကျွင်းချောင်ရှောင်းသည် တွေးနေမိ၏။
ပထမဦးဆုံးသူသည် စွေ့ဟွာအား ဝါးမြိုစေပြီး အထဲသို့ ဝင်ရောက်ခွင့်ရရန် ကြိုးစားချင်မိ၏။ သို့ပေမဲ့ ထိုအချင်းအရာသည် ကြယ်ကောင်းကင်ခံတပ်မှ လူများအားလုံးကို လွယ်လွယ်ကူကူဖြင့် သတိပြုမိသွားစေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ့အနေနှင့် ချိုးဖြတ်ဝင်ရောက်ရသည်မှာ အလွန်ခက်ခဲပေလိမ့်မည်။
“အရမ်းရိုးရှင်းတဲ့နည်းလမ်းကို အသုံးပြုရမှာပေါ့။”
စနစ်ကပြောလိုက်သည်။ “လက်ခံသူအနေနဲ့ ကြယ်ကောင်းကင်ခံတပ်ထဲမှာ မှုခင်းတစ်ခုခုဖြစ်အောင် ပြုလုပ်လိုက်မယ်ဆိုရင် ထောင်ထဲကို ရောက်သွားမှာပဲလေ။”
“ထောင်ထဲ ဝင်ဖို့ဆိုတာ မလွယ်ကူဘူး။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ပထမဦးဆုံး ဆေးပင်သန့်စင်ဖို့အတွက် လိုအပ်တဲ့ဆေးပင်တွေကို ဝယ်ရမယ်။ ပြီးရင် ကြယ်ကောင်းကင်ခံတပ်အကြောင်းကို သေသေချာချာ နားလည်အောင်ကြိုးစားရမယ်။”
ကျွီ
တွေးနေတုန်းမှာပဲ တင်းတင်းပိတ်ထားလျက်ရှိနေသော အနောက်ဘက်ဂိတ်တံခါးကြီးသည် ရုတ်တရက်ပွင့်သွားတော့ ၏။ ချပ်ဝတ်အပြည့်အစုံကို ဝတ်ဆင်ထားသော စစ်သည်ပေါင်းတစ်ဒါဇင်ကျော်တို့သည် အပြင်ဘက်သို့ လှမ်းလျှောက် လာခဲ့ကြပြီး ရှေ့မှဦးဆောင်လာခဲ့သော စစ်သည်သည် လေးနက်တည်ကြည်သည့်အသံဖြင့် ပြောလိုက်မိ၏။ “ကြယ်ကောင်းကင်ခံတပ်ထဲကို ဝင်ရောက်ခွင့်ရဖို့အတွက် လိုအပ်တဲ့ စိတ်ဝိညာဉ်ကျောက်တုံးတစ်သောင်းကို အရင်ဆုံး ပေးရမယ်။”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ “ခံတပ်ထဲကို ဝင်ဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးတွေပေးဖို့လိုအပ်နေသေးတယ်။ ဘယ်လောက်ထိအမြတ်ကြီးစားလိုက်လဲ။”
စနစ် “……..”
လက်ခံသူသည် ကြယ်ကြွေကုန်းမြေတိုက်မှ ကျင့်ကြံသူများအား ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက်ချိန်တွင် များပြားလှသည့် ပိုက်ဆံများကို အရှက်မဲ့ တောင်းခံခဲ့၏။ ထိုမျှတွင်မကသေးပေ။ ၎င်း၏ ဂိုဏ်းဝတ်စုံအားလည်း အဆမတန်ဈေးတင်ကာ ရောင်းချခဲ့သေး၏။ ထိုသို့သော အမြတ်ကြီးစား လူတစ်ယောက် သည် အဘယ့်ကြောင့် တစ်ခြားသူများအား အမြတ်ကြီးစားဟု ပြောဆိုရန် အခွင့်အရေးရှိနေရသနည်း။
…
ဝင်ပေါက်၏ ရှေ့တွင် စစ်သည်များတစ်ဒါဇင်ကျော်တို့သည် ရပ်လျက်ရှိ၏။ ၎င်းတို့၏ အော်ရာများသည် သိုင်းနယ်မြေ ပြည့်စုံသည့်အဆင့်ကျင့်ကြံသူများဖြင့်ပင် နှိုင်းယှဉ်၍ ရနေရ၏။ အရှေ့မှဦးဆောင်လျက်ရှိနေသော တပ်မှူးသည် တည်နေရာချိုးဖြတ်ခြင်းအနိမ့်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လို့နေ၏။ ဂိတ်တံခါးစောင့်ပင်လျှင် ဤမျှအားကောင်း လှသည်ဆိုသော် ကြယ်ကောင်းကင်ခံတပ်ကြီးသည် အလွန်တရာ အားကောင်းလှမှာ သေချာ၏။
“အင်း”
ကျွင်းချောင်ရှောင်းသည် သူ၏ ရွက်သင်္ဘောကြီးအား သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်ပြီးသည့်နောက် မှာတော့ မြို့၏ ဂိတ်တံခါးရှိရာဆီသို့ ဆင်းသက်လိုက်၏။ ပြီးသည့်နောက်မှာတော့ အားလုံး၏ နည်းတူ စိတ်ဝိညာဉ် ကျောက်တုံးတစ်သောင်းကို ပေးအပ်လိုက်၏။ သို့ပေမဲ့ အထဲသို့ လျှောက်မဝင်ခင်မှာဘဲ အနောက်ဘက်သို့ လှည့်ကြည့် လိုက်သည့်အချိန်မှာတော့ လူပေါင်းတစ်သောင်းကျော်တို့သည် စီတန်းကာ ရှိနေသည်ကို မြင်လိုက်ရ၏။ သူ ချက်ချင်း ပင် မနာလိုဝန်တိုစွာဖြင့် ပြောလိုက်မိ၏။
“ငါရဲ့ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ဒီလိုမျိုး မှောင်ခိုဈေးကွက်တစ်ခုကိုသာ ဖန်တီးထားရမယ်ဆိုရင် ဝင်ကြေး တစ်ခုတည်းနဲ့တင် ပိုက်ဆံတွေ မျိုးမျိုးမြတ်မြတ်ရမှာ သေချာတယ်။”
“အရူး”
သူသည် ရုတ်တရက် ရပ်လိုက်သည်ကို မြင်သည့်နောက်မှာတော့ အနောက်ဘက်တွင်ရှိနေသော မျက်နှာသွင်ပြင် ဆိုးဆိုးရွားရွားနှင့် လူငါးယောက်တို့သည် သူ့အား တိုက်မိမလို ဖြစ်သွား၏။
“မြန်မြန်သွားစမ်း။”
“ခင်ဗျားဘယ်သူ့ကို အရူးလို့ ခေါ်တာလဲ။”
“မင်းလို အရူးကို အရူးလို့ခေါ်တာပေါ့။”
“ကောင်းပြီ။”
သို့ပေမဲ့ ထိုခပ်ထွားထွားနှင့် ရုပ်ဆိုးဆိုးလူသည် လက်သီးကို မြှောက်၍ တုန့်ပြန်မှုတစ်ခုခုကို ပြုလုပ်ရန် ပြင်ဆင်နေ သည့်အချိန်မှာပဲ ဘေးတစ်ဖက်တွင် ရပ်နေသော စစ်သည်များသည် သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် ဒေါသကို ထိန်းသိမ်းကာဖြင့် ရှေ့မှလျှောက်သွားသော ကျွင်းချောင်ရှောင်းကို စူးစိုက်ကြည့်လိုက်သည်။ “တကယ့်ကို စည်းမဲ့ကမ်းမဲ့ကောင်။ ငါ မင်းကို သေသေချာချာ မှတ်ထားမယ်။”
အရှေ့မှ လျှောက်လျက်ရှိသော ကျွင်းချောင်ရှောင်းက တွေးလိုက်၏။ “ဒီလိုနေရာမျိုးမှာ တကယ့်ကို စိတ်တိုတတ်တဲ့လူတွေ တော်တော်များတာပဲ။ ငါပစ္စည်းပစ္စယတွေ ဝယ်ပြီးပြီဆိုရင် လုပ်စရာရှိတာတွေ မြန်မြန်ဆန်ဆန်လုပ်မှဖြစ်မယ်။”
ငရဲပြည်ကိုးထပ်ဆိုသည်မှာ ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများကို ကြောက်လန့်စေသည့်အရာပင်ဖြစ်သည်။ သို့ပေမဲ့ ကုန်းရှန့်သည် ပြဿနာရှာ၍ အထဲသို့ ဝင်ချင်စိတ်ရှိနေသည်။ သူသည် အမှန်ပင် စည်းဘောင်ကင်းမဲ့သည့်လူတစ်ယောက် ဖြစ်လေသည်။
ကြယ်ကောင်းကင်ခံတပ်ဆီသို့ သွားရာ လှိုဏ်ခေါင်းသည် အလွန်တရာ ရှည်လျားလှ၏။ အထဲတွင်တော့ အလွန်လှပ လှသည့် ပရိဘောဂများဖြင့် စီရင်ထားသလို အကာအကွယ်အစီအရင်များကိုလည်း ဖန်တီးထားသေး၏။ ထို့ကြောင့် တိုက်ခိုက်မှုပြုလုပ်ရန်ဆိုသည်မှာ အလွန်ခက်ခဲပေလိမ့်မည်။
ခြေလှမ်းတစ်ရာလောက် လှမ်းလျှောက်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တောက်ပလျက်ရှိ နေသော ခံတပ်ကြီး၏ တည်နေရာအရှေ့သို့ ရောက်ရှိသွားခဲ့၏။ မဲမှောင်လျက်ရှိနေသော စကြဝဠာထဲတွင် အချိန်ကြာမြင့်စွာ ခရီးသွားလာပြီးသည့်နောက်မှာတော့ သူသည် အလင်းရောင်ကို မမြင်ရသည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီဖြစ်၏။
ထိုအလင်းရောင်သည် လူများမှ ဖန်တီးပြုလုပ်ထားသည့်အရာဖြစ်သည်ဆိုသော်လည်း သူ့အနေနှင့် နေ၍ ထိုင်၍ ကောင်းသလို ခံစားနေရသည်။
ဝိုး
ရှမ့်ယုဟန်သည် ထ၍ အော်လိုက်မိ၏။ လက်ရှိအချိန်မှာတော့ ၎င်းတို့နှစ်ယောက်သည် မြို့၏ ဝင်ပေါက်ဆီသို့ သွားရာ လမ်းတွင် မတ်တပ်ရပ်လျက်ရှိနေ၏။ အရှေ့တွင်တော့ အလွန်တရာလှပပြီး ခန့်ညားလွန်းလှသော အဆောက်အဦများ သည် သူတို့၏ မြင်ကွင်းရှေ့၌ ပေါ်လျက်ရှိနေ၏။
ဒေါင် .. ဒေါင် …။
အဝေးတစ်နေရာဆီမှ ရှေးခေါင်းလောင်းသံကြီးသည် တဒေါင်ဒေါင်နှင့်မြည်လျက်ရှိနေတော့သည်။ ဤအရာသည် သက်ဝင်လှုပ်ရှားမှုရှိလှသော မြို့ကြီးတစ်ခု၏ အသွင်သဏ္ဍာန်မျိုးကို ဖော်ညွှန်းပြသလျက်ရှိ၏။ ကြီးမားပြီး ကျယ်ပြန့်လွန်းသော လမ်းများပေါ်၌ အဝတ်အစား ပုံသဏ္ဍန်မျိုးစုံတို့ကို ဝတ်ဆင်ထားသော များပြားလှသည့်လူနှင့်သားရဲများသည် ဒရဟို သွားလာလျက်ရှိနေ၏။
ဤအရာသည် စည်းကမ်းသိမ့်မွေ့မှုနှင့်အညီ သွားလာလျက်ရှိနေသည့် ပုံပန်းသွင်ပြင်မျိုးပင် ဖြစ်တော့သည်။ ကျွင်းချောင်ရှောင်းသည် များပြားလှသော အတွေ့အကြုံများကို ရရှိခဲ့ပြီးပြီဆိုလျှင်တောင်မှ ကြယ်ကောင်းကင် ခံတပ်ကြီး ၏ ခန့်ညားမှုကြောင့် အံ့အားသင့်မှုတော့ ဖြစ်လျက်ရှိသည်။
သူ၏ မျက်နှာသွင်ပြင်သည် ထူးမခြားနားသလို တည်ငြိမ်လျက်ရှိနေသည်ဆိုသော်လည်း စိတ်ထဲမှာတော့ လှုပ်ရှားလျက်ရှိနေတော့၏။
သူသည် ကင်းသမား၏ ရှေ့တွင် လူကြောက်တစ်ယောက်လို ဟန်ဆောင် ပြုမှုနေရ၏။ သူ၏ ဂိုဏ်းချုပ်ဆိုသည့်ဂုဏ်သိက္ခာသည် ထိုနေရာကတည်းက ပျောက်ကွယ်သွားခဲ့ရပြီဖြစ်၏။ ထိုကဲ့သို့သောစိတ်နှလုံးသားကို မည်မျှကြာကြာ ထိန်းသိမ်းထားနိုင်မည်ဆိုသည်ကိုတော့ သူသေသေချာချာ မသိရှိနိုင်ပေ။
…
ကြယ်ကောင်းကင်ခံတပ်ကြီး၏ အတွင်းမှာလည်း မြို့၏ ဂိတ်တံခါးကဲ့သို့ပင် တည်နေရာကြီးလေးခုအဖြစ် ပိုင်းခြား ထား၏။ မြောက်ပိုင်းမြို့သည် အဆိုးဆုံးနှင့် အရှေ့ပိုင်းမြို့မှာတော့ အကောင်းဆုံးနေရာများဖြစ်သည်။
“ဂိုဏ်းချုပ်”
စားသောက်ဆိုင်ကို ရှာဖွေနေသည့်လမ်းမှာတော့ ရှမ့်ယုဟန်သည် နားမလည်နိုင်ချေ။ ထို့ကြောင့် မေးလိုက်၏။ “ဂိုဏ်းချုပ်က ဒုတိယတန်းစား ဧည့်သည်တစ်ယောက်လေ။ ဘာလို့ ဒုတိယတန်းစားခရိုင်တစ်ခုကို မသွားရတာလဲ။”
“သိုသိုသိပ်သိပ်နေရမယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒါက ငါ့ရဲ့ ထုံးစံပဲ။”
“သိပါပြီ။”
ရှမ့်ယုဟန်သည် သိုသိုသိပ်သိပ်နေခြင်းနှင့်ပတ်သက်၍ အသားကျပြီးသားဖြစ်သည်။ သူသည် မင်းသားတစ်ပါးဖြစ်သည် ဆိုသော်လည်း တကယ်ပင် သိုသိုသိပ်သိပ် နေထိုင်ခဲ့ရသည့် လူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ် ….. ဒီမြောက်ပိုင်းမြို့က ဘာမှသာမဟုတ်တာ တည်းခိုရတဲ့စရိတ်က အရမ်းကို ဈေးကြီးတယ်လို့ သတင်းကြား ထားတယ်။”
“ကိစ္စမရှိဘူး။”
ကျွင်းချောင်ရှောင်းသည် ဂရုမစိုက်ပေ။ သူသည် သပ်ရပ်ကောင်းမွန်လှသော စားသောက်ဆိုင်တစ်ခုကို ရှာဖွေပြီးသည့် နောက်မှာတော့ ကောင်တာစားပွဲဆီသို့ သွားကာပြောလိုက်၏။ “ဆိုင်ရှင် … အကောင်းဆုံးအခန်းနှစ်ခန်းပေး။”
ခပ်ဝဝဆိုင်ရှင်သည် ရောက်ရှိလာပြီးသည့်နောက်မှာတော့ ၎င်းတို့ကိုကြည့်ကာ ထူးမခြားနားသလို ပြောလိုက်သည်။ “အကောင်းဆုံးအခန်းတစ်ခန်းက အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ကုန်ကျလိမ့်မယ်။”
နှစ်ပေါင်းများစွာ စားသောက်ဆိုင်ကို လည်ပတ်ခဲ့ရသည်ဖြစ်သည်မို့ သူသည် တစ်ဖက်လူများ၏ ပုံပန်းသွင်ပြင်ကို ကြည့်ရှုသည်နှင့် ဤသူများသည် ပိုက်ဆံတတ်နိုင်လား၊ မတတ်နိုင်လားဆိုသည်ကို သိရှိပြီးဖြစ်၏။ ထို့ကြောင့်ပင်လျှင် သူသည် လူပုံပေါ်တွင် မူတည်၍ ပြောဆိုဆက်ဆံခြင်းကို ပြုမူတတ်သည်။
“ငါးသောင်းဟုတ်လား။”
ကျွင်းချောင်ရှောင်းက ထ၍ အော်လိုက်မိသည်။ “ဈေးကြီးလိုက်တာ။ ဒါ ဓါးပြတိုက်နေသလိုပဲ။”
အလွန်ခန့်ညားလွန်းလှသော တည်းခိုခန်းတည်နေရာကြီး ဆိုလျှင်တောင်မှ ကြယ်ကြွေကုန်းမြေတိုက်ကြီး တွင်ဆိုပါက ငွေတေလ်းတစ်ထောင်လောက်သာ ကုန်ကျ၏။ ဤနေရာမှာတော့ စိတ်ဝိညာဉ်ကျောက်တုံး ၅၀၀၀၀ ကို တောင်းဆိုလျက် ရှိနေသည်။ အဆင့်နိမ့်တည်နေရာကြီးဖြစ်သည်ဆိုလျှင်တောင်မှ ဧည့်ခန်းနှင့် ရေချိုးခန်းတို့သည် ရွှေနှင့်လုပ်ထားသည်တော့ မဟုတ်နိုင်ချေ။ အဘယ့်ကြောင့် ဤမျှဈေးကြီးရသနည်း။
ကျွင်းချောင်ရှောင်း၏ အသံသည် အနည်းငယ်ကျယ်သွား၏။ ထို့ကြောင့် တစ်ခြားတစ်ဖက်တွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် သတိပြုမိကာ လှမ်း၍ ကြည့်လိုက်၏။ ၎င်းတို့သည် အထင်မြင်သေးလျက်ရှိနေကြ၏။
အိတ်ထဲတွင် ပိုက်ဆံမပါဘဲနှင့် ကြယ်ကောင်းကင်ခံတပ်ဆီသို့ အဘယ့်သို့ ရောက်ရှိလာရသနည်း။ အခန်းဈေးကြီးသည် ဟု စောဒကတက်လျက်ရှိနေသည့် တစ်စုံတစ်ယောက်သည် ဤနေရာတွင် အမှန်ပင် ပေါ်လာသည်။
နောက်တစ်စက္ကန့်အတွင်းမှာပဲ သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာပေါ်တွင်ရှိနေသော အထင်အမြင်သေးသည့် အကြည့်များသည်ပျောက်ကွယ်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ရှမ့်ယုဟန်သည် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးများကို ကောင်တာစားပွဲပေါ်သို့ တင်ကာဖြင့် မေးလိုက်မိသည်။
“ဒီလောက်ဆို လုံလောက်ပြီလား။”
“ဆရာကြီး”
ဆိုင်ရှင်သည် အလောတကြီးဖြင့် ပြုံးကာပြောလိုက်၏။ “ကျေးဇူးပြုပြီး အပေါ်ထပ်ကို တက်ပါ။ ကျေးဇူးပြုပြီး လာကြပါ။ လာကြပါ။”
သူ့အနေနှင့် ပိုက်ဆံများကို ယူဟန်ပြင်လိုက်သည့်အချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူ့အား ဟန့်တားလိုက်၏။ ပြီးနောက်ပြောလိုက်သည်။ “ခင်ဗျား ခုနတုန်းက မောက်မာတဲ့ ပုံစံက ဒီလိုမဟုတ်ပါဘူး။”
ပြီးသည့်နောက်မှာတော့ သူသည် အဆင့်မြင့်စိတ်ဝိညာဉ်ကျောက်တုံးတစ်ဝက်ကို ပြန်လည်ယူကာ ပြောလိုက်၏။ “အခုတစ်ခန်းပဲ ယူတော့မယ်။”
ဤကဲ့သို့သော လူပေါ်ကျော့တစ်ယောက်အား အဘယ့်ကြောင့် စိတ်ဝိညာဉ်ကျောက်တုံး ငါးသောင်းပေးပြီး သူတို့ တည်းခိုနေရမည်နည်း။ သူ့အနေနှင့် တပည့်နှင့်အတူ ကျဉ်းကျဉ်းကြပ်ကြပ်လည်း နေထိုင်နိုင်စွမ်းလည်း ရှိသည်။
…
ကျွီ
ခန်းနားလွန်းလှသော တံခါးမကြီးရှိသော အခန်းတစ်ခန်းကို ဖွင့်လိုက်သည်။ ရှမ့်ယုဟန်သည် အထဲသို့ လျှောက်ဝင်ပြီးသည့်နောက်မှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ကောင်းကင်ဘုံ။ ဒါကြီးက အရမ်းကို ခမ်းနားလွန်းတာပဲ။”
“……….”
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည်လည်း တုန်ယင်သွားခဲ့၏။ သူမှားယွင်းခဲ့သည်။ ဤအခန်းသည် ရွှေနှင့်ပြုလုပ် ထားခြင်းမဟုတ်ပေ။ သို့ပေမဲ့ အလွန်ရှားပါးလွန်းလှသော ကျောက်ရိုင်းတုံးများနှင့် ဖန်တီးပြုလုပ်ထားခြင်းပင် ဖြစ်သည်။
၎င်း၏ ခြေထောက်အောက်တွင်ရှိသော ကြမ်းပြင်ပင်လျှင် တန်ဖိုးကြီးမားလွန်းလှ၏။ ဤအရာသည် လူသားမဆန် လွန်းလှချေ။ ဈေးကြီးလှသည်ဆိုခြင်းမှာ အံ့အားသင့်စရာမဟုတ်တော့ချေ။ ဒါပေမဲ့ ရှမ့်ယုဟန်သည် အိပ်ရာဆီသို့ လျှောက်သွားပြီးနောက် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ဒီအိပ်ရာကတော့ နည်းနည်းသေးတယ်လေ။”
“ဒီမှာ မှတ်ထားရမှာရှိတယ်။”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “မင်းချမ်းသာတယ်ဆိုတာကို ငါသိတယ်လေ။ ဒါပေမဲ့ အပြင်ဘက်ကို ရောက်တဲ့အချိန်မှာ ငါတို့အားလုံးက ဆင်းရဲချင်ယောင်ဆောင်ရမယ်။ ပြီးတော့ လိုအပ်တာထက် ပိုပြီးမဖြုန်းသင့်ဘူး။”
“ကောင်းပါပြီ။” ရှမ့်ယုဟန်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ပခုံးကိုပုတ်ကာဖြင့် အမိန့်ပေးလိုက်၏။ “အခု မင်း ထိုင်ခုံပေါ်မှာအိပ်။ ငါကတော့ အိပ်ရာပေါ်မှာအိပ်မယ်။”
“ဟမ်”
ရှမ့်ယုဟန်သည် စိတ်ဓာတ်ကျသွားမိ၏။ စောနက ၎င်းထုတ်ယူခဲ့သော စိတ်ဝိညာဉ်ကျောက်တုံးများမှာတော့ ကျွင်းချောင်ရှောင်း၏ အိတ်ကပ်ထဲသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ပြန်မပေးတော့ပေ။ ဤအရာသည် သူ့တပည့်ဆီမှ ပိုက်ဆံများကို လုယူခဲ့ခြင်းမဟုတ်ချေ။ သူထိန်းသိမ်းထားမှသာလျှင် ပို၍ လုံခြုံမည်ဟု ခံစားမိသောကြောင့်ပင်။
ထို့အပြင် အပြင်ဘက်သို့ ထွက်သည့် အချိန်တွင် ငွေကြေးများကို ပေါပေါသီသီ အသုံးပြုခြင်းသည် ဆိုးရွားလှသည့်အကျင့်တစ်ခုပင် ဖြစ်တော့၏။ သူ၏ စေတနာအား နောင်တစ်ချိန်ရောက်မှသာလျှင် ဤတပည့်နားလည်ပေလိမ့်မည်။
…
ကျွင်းချောင်ရှောင်းနှင့်ရှမ့်ယုဟန်တို့သည် တည်းခိုခန်းထဲတွင် ခဏတာနေထိုင်ခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် စားသောက်ရန် အပြင်ဘက်သို့ ထွက်လိုက်သည့်အချိန်မှာပဲ မှုန်ကုတ်ကုတ်နှင့်ရုပ်ဆိုးဆိုးအဘိုးအိုနှင့် ထပ်မံ၍ တွေ့ဆုံခဲ့ရ၏။
ကျွင်းချောင်ရှောင်းသည် ထိုင်ခုံတစ်ခုကို ရှာဖွေပြီး ထိုင်ရန်ပြင်လိုက်သည့်အချိန်မှာပဲ တစ်ဖက်လူသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာသည်။ သူ၏ မျက်နှာတစ်ခုလုံးသည် တင်းမာသွားသည်။ “ခင်ဗျား ကန်းနေတာလား။ ဒီနားကနေ ရှောင်ပြီးသွားလို့ မရဘူးလား။”
“မရဘူးလေ။”
ကျွင်းချောင်ရှောင်းတိတ်ဆိတ်ငြိမ်သက်သွား၏။ သူသည် ဘေးတစ်ဖက်ဆီသို့ အသာလှည့်ကာ သွားလိုက်၏။
“ဒီအမှိုက်လေးက မဆိုးဘူးပဲ။”
“အခန်းစာရင်းပေးတဲ့ အချိန်မှာတောင် ဈေးကြီးတယ်လို့တောင် တွေးနေသေးတယ်။ ဒီလောက် ဆင်းရဲမှတော့ အားနည်းလှတဲ့ တောသားလေးတစ်ယောက်ပဲ ဖြစ်မှာပေါ့။ ဒါဆိုရင် သူဘာလို့ ဒီကို လာတာလဲ။”
ထမင်းစားခန်းထဲတွင် ရှိနေသော လူများအားလုံးသည် တီးတိုးဆွေးနွေးလျက်ရှိနေသည်။ ၎င်းတို့အားလုံးသည် ကျွင်းချောင်ရှောင်းအား အထင်အမြင်သေးသလို ကြည့်ရှုလျက်ရှိနေကြ၏။
ကြယ်ကောင်းကင်ခံတပ်သည် မြို့ထဲတွင် တိုက်ခိုက်ခြင်းကို တားမြစ်ထားသည်ဆိုသည်မှာ အမှန်ပင် ဖြစ်သည်။ သို့ပေမဲ့ ယောကျ်ားတစ်ယောက်အနေနှင့် လိုအပ်သည့် စကားများကို ပြန်လည်ပြောဆိုခြင်းမျိုး မပြုလုပ်ရဲသည့် လူတစ်ယောက်သည် မည်သည့်သတ္တိကို ပိုင်ဆိုင်သည့် လူတစ်ယောက်ဖြစ်နေမည်နည်း။
ဤအရာမှာ ဆိုးရွားလွန်းလှ၏။ ထိုင်ရန်ပြင်နေသော ရှမ့်ယုဟန်သည် ဆက်လက်၍ မထိုင်နိုင်တော့ချေ။ ရုတ်တရက် မတ်တပ်ထရပ်ကာဖြင့် မှုန်တေတေနှင့်အဘိုးအိုအား ကြည့်ရှုလိုက်၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ့အား တားဆီးကာဖြင့် ရေနွေးခွက်ထဲသို့ ရေနွေးများလောင်းထည့်၍ ပြောလိုက်သည်။ “မှတ်ထား။ ပြိုင်စံရှားဂိုဏ်း၏ ပထမဦးဆုံးဆောင်ပုဒ်က အပြင်ဘက်ကို ထွက်တဲ့အချိန်မှာ သိုသိုသိပ်သိပ် နေထိုင်ဖို့ပဲ။”
“ဘာ”
မှုန်တေတေနှင့်အဘိုးအိုသည် သူ့အား စူးစိုက်ကြည့်ကာ ပြောလိုက်တော့၏။
“မင်း မကျေနပ်ဘူးလား။ နည်းနည်းလောက်မာမာထန်ထန် ပြန်ပြောလိုက်စမ်းပါ”
…
ရှမ့်ယုဟန်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်၏။ သို့ပေမဲ့သူသည် ထိုင်ခုံပေါ်တွင် ပြန်ကာ ထိုင်လိုက်ရသည်။
ကျွင်းချောင်ရှောင်းသည် ရေနွေးကို မှုတ်ကာ အသာသောက်လိုက်၏။
စိတ်ဝိညာဉ်စွမ်းအင်များကို ဖြန့်ကျက်ပြီးသည့်နောက်မှာတော့ မှောင်ခိုဈေးကွက်ဆီသို့ သွားရာလမ်းတစ်ခုကို သူရှာဖွေ လိုက်သည်။ စားပြီးသည့်နောက်မှာတော့ သူက ပြောလိုက်သည်။ “လာ … အပြင်ဘက်ကို ထွက်လျှောက်ကြရအောင်။”
“အမှိုက်လေး။”
ခပ်ဝေးဝေးဆီမှ ထိုင်လျက်ရှိနေသော မှုန်တေတေနှင့်အဘိုးအိုသည် ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက်မှာတော့ အေးစက်စက်ပြောလိုက်၏။ “လမ်းကို သတိထား သွား။ နောက်တစ်ချိန် ငါ့ကို ဝင်မတိုက်မိစေနဲ့။”
၎င်း၏ဆိုလိုရင်းမှာ ရိုးရှင်းလှ၏။ သူသည် ကုန်းရှန့်အား ပြဿနာရှာနေခြင်းပင်ဖြစ်တော့၏။
များပြားလှသော လူများ သည် စိတ်ဝင်တစားဖြင့် စောင့်မျှော်ကြည့်ရှုလျက်ရှိနေ၏။ သို့ပေမဲ့ သူတို့သည် အမှန်ပင် စိတ်ဓာတ်ကျမိ၏။ အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်အား ခေါ်ဆောင်ကာဖြင့် ခပ်ဝေးဝေးတစ်နေရာဆီမှ လှည့်ပတ်ကာ အပြင်ဘက်ဆီသို့ ထွက်ခွာသွားခဲ့သောကြောင့်သာ ဖြစ်သည်။
“သူရဲပေါကြောင်လိုက်တာကွာ။”
မှုန်တေတေအဘိုးအိုသည် သူ၏ ခြေလှမ်းကို ပြန်လည်ရုပ်သိမ်းကာဖြင့် ဂုဏ်ယူစွာဖြင့် တံခါးကို ပိတ်ကာ ပြောလိုက်၏။ “ကောင်လေး … မှတ်ထား။ နောက်တစ်ချိန် ငါ့ကို တွေ့တာနဲ့ ခေါင်းငုံ့ပြီးသွား။”
“ချီးတဲ့မှ” ရှမ့်ယုဟန်သည် အမှန်ပင် ပေါက်ကွဲလုမတတ်ဖြစ်နေသည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ့အား နှစ်သိမ့်လိုက်မိ၏။ “ဒီလိုအမှိုက်တွေနဲ့ ကိုယ့်ကိုယ်ကို အဆင့်အတန်းတူညီတယ်လို့ မသတ်မှတ်နဲ့။”
စနစ်က ဇဝေဇဝါဖြစ်သွားသည်။
“ဒါက လက်ခံသူရော ဟုတ်ရဲ့လား။ တကယ့်ကို သောက်ကျိုးနည်း ပြောင်းလဲသွားခဲ့တာပဲ။”