← Chapters

အပိုင်း (၁၂၃၅)

Vol. 83 Ch. 1235

အပိုင်း (၁၂၃၅)

Vol. 83 Ch. 1235

သာမန်အခြေအနေဆိုလျှင် မှောင်ခိုဈေးကွက်ဆိုသည်မှာ လမ်းပေါ်များတွင်သာ ဖွင့်လှစ်ထားသည့် ဈေးတန်းကြီး တစ်ခုဖြစ်သည်။ သို့ပေမဲ့ ကြယ်ကောင်းကင်ခံတပ်၏ မှောင်ခိုဈေးကွက်ဆိုသည်မှာတော့ အစစ်အမှန်ပင် မြေအောက်ခန်းထဲတွင် ဖန်တီးထားခြင်း ဖြစ်သည်။ အရွယ်အစားမှာလည်း မသေးငယ်လှချေ။

ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူအတွင်းသို့ လျှောက်ဝင်သွားပြီးသည့်နောက် မှောင်ခိုဈေးကွက်အတွင်းသို့ အချိန် အတော်ကြာလှည့်ပတ်ကြည့်ရှုနေသည်။ ထိုအချိန်မှာတော့ လမ်းပျောက်လုမတတ်ပင် ဖြစ်နေမိ၏။

“ဂိုဏ်းချုပ်”

ရှမ့်ယုဟန်က မေးလိုက်သည်။ “ကျွန်တော်တို့ ဘာလာလုပ်ကြတာလဲ”

သူသည် ကြယ်ကောင်းကင် ခံတပ်ဆီသို့ ပထမတုန်းက လာချင်နေမိ၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဘိုးဘေးကို ရွေးယူရန် ဖြစ်သည်။သို့ပေမဲ့ ဂိုဏ်းချုပ်သည် အမှောင်နတ်ဆိုးဘုရင်အား သတ်ဖြတ်ခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် သူ ဤနေရာသို့ လာရောက်ရန် မလိုအပ်ချေ။

“ဆေးပင်တွေကို ဝယ်ဖို့ပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ မှောင်ခိုဈေးကွက်ထဲတွင် များပြားလှသည့် တန်ဖိုးကြီးရတနာများ ရှိလို့နေခဲ့၏။ သို့ပေမဲ့ တခြားသူများ သတိပြုမိခြင်းကို ရှောင်ကျဉ်နိုင်ရန်အတွက် သူသည် တစ်ခုချင်းစီ ရှာဖွေရန် လိုအပ်နေသည်။

အလုပ်ကြိုးစားမှု ဆိုသည်မှာ ဘယ်သောအခါကမှ ဆုံးရှုံးမှု မရှိချေ။ နာရီဝက်လောက် လှည့်လည်လျှောက်သွားပြီးသည့်နောက်မှာတော့ သူသည် အဓိကအားဖြင့် ဆေးပင်ရတနာများ ရောင်းချနေသည့် ဆိုင်များတည်ရှိရာ နေရာဆီသို့ ရောက်ရှိလာခဲ့တော့သည်။ ဤဆိုင်အတွင်းမှာတော့ များပြားလှသည့် ဆေးပင်များတည်ရှိလို့ နေ၏။

“ရောင်းရင်းလေး”

ဆေးပင်ဆိုင်ရှင်သည် ပြုံးကာ ပြောလိုက်မိ၏။ “ဘယ်လိုဆေးပင်မျိုးကို လိုချင်တာလဲ”

မှောင်ခိုဈေးကွက်သည် ကြယ်ကောင်းကင်ခံတပ်မှ ဖွင့်လှစ်ထားခြင်းဖြစ်၏။ သို့ပေမဲ့ အထဲတွင်ရှိသော ဆိုင်များ မှာတော့ တခြားသောဂြိုဟ်အသီးသီးမှ စာချုပ်ချုပ်ဆိုကာ လာရောက် ရောင်းချနေခြင်း ဖြစ်တော့၏။ ထို့ကြောင့် ၎င်းတို့အားလုံးသည် အထဲသို့ ဝင်ရောက်လာသော ဈေးဝယ်သူများအားလုံးအား နတ်ဘုရားကဲ့သို့ပင် ဆက်ဆံကြသည်။

ကျွင်းချောင်ရှောင်းသည် သေသေချာချာ ကြည့်ရှုပြီးသည့်နောက်မှာတော့ သူလိုအပ်သည့်အရာများ မရှိသည်ကို တွေ့မြင်လိုက်ရ၏။ ထို့ကြောင့် ဆေးပင်နှင့် ဆေးပင်၏ပုံပန်းသွင်ပြင်ရေးထိုးထား‌သော စာရွက်များကို ချကာ ပြောလိုက်တော့သည်။ “ဒီလိုပစ္စည်းတွေ ရှိလား”

“ရှိတယ်။ ဒါပေမဲ့”

ဆိုင်ရှင်က ပြောလိုက်သည်။ “အများကြီးတော့ မရှိဘူး”

ကျွင်းချောင်ရှောင်းသည် များများစားစား တွေးမနေတော့ချေ။ ထို့ကြောင့် ပြောလိုက်၏။ “ရှိသလောက်ပဲ အရင်ထုတ်ပေးလိုက်တော့။ အကုန်လုံးကို လိုချင်တယ်”

ဤလေသံသည် တကယ့်ကို ဖောက်သည်ကြီးတစ်ယောက်၏ လေသံမျိုးဖြစ်ကြောင်း ဆိုင်ရှင်သည် ကောင်းကောင်း နားလည်မိ၏။ ထို့ကြောင့် သူသည် ကောင်တာဆီမှ လှမ်းလျှောက်ထွက်လာပြီးသည့်နောက် ဦးညွတ်ကာ ပြောလိုက်တော့၏။ “ရောင်းရင်းလေး... ကျေးဇူးပြုပြီးတော့ အထူးဖောက်သည်တွေရဲ့ အခန်းမှာ စောင့်ပါအုံး”

“ကောင်းပါပြီ” ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်ကို ခေါ်ဆောင်လာခဲ့တော့၏။

၎င်းတို့ ထိုင်ပြီးပြီးချင်းမှာပဲ အလွန်တရာ လှပလှသော မိန်းကလေးငယ်နှစ်ယောက်သည် ရောက်ရှိလာပြီး ရေနွေးများကို ငှဲ့ကာ ဧည့်ခံကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ ဝယ်သူသည်သာ ဦးစားပေးဆိုသည့် အပြုံးများ တည်ရှိနေ၏။

ကုန်းရှန့်သည် အမျိုးသမီးများကို စိတ်မဝင်စားချေ။ ရှမ့်အင်ပါယာ၏ မင်းသားတစ်ယောက်ဖြစ်သော ရှမ့်ယုဟန် သည်လည်း မိန်းကလေးများအား စိတ်မဝင်စားလှချေ။

နာရီဝက်လောက် ရေနွေးများကို သောက်ပြီးသည့်နောက်မှာတော့ ကြည့်ကောင်းလှသော ပုံပန်းသွင်ပြင်နှင့် သက်လတ်ပိုင်းလူတစ်ယောက်သည် ဆိုင်ရှင်နှင့်အတူ လိုက်ပါလာပြီး လက်သီးဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က ဟုန်ရန်‌ဆေးဟောခန်းရဲ့ စီမံခန့်ခွဲသူတစ်ယောက်ပါ။ ဒီတော့ ရောင်းရင်းလေးရဲ့ နာမည်ကို သိလို့ရမလား”

“ကျွင်းချောလေးပါ”

“...........”

ဆေးဟောခန်း၏ စီမံခန့်ခွဲသူသည် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်သွား၏။ “နာမည်ကောင်းပဲ။ နာမည်ကောင်းပဲ”

“ဒီတော့ ဆေးတွေရှိပြီလား” ကျွင်းချောင်ရှောင်းသည် အရင်တုန်းကတည်းက အိုက်မိသားစုနှင့် ဤကဲ့သို့သော စီးပွားရေးမျိုးကို ပြုလုပ်ခဲ့ပြီးပြီဖြစ်၏။ အတွေ့အကြုံ တော်တော်များသည်ဟု ဆိုရမည်။ ထို့ကြောင့်ပင် အချိန်ဖြုန်း ရသည်ကို သူမနှစ်သက်ချေ။ အလဲအလှယ်များကို အမြန်ဆုံး ပြုလုပ်ချင်နေမိသည်။ သူ့အနေနှင့် သိုင်းနယ်မြေ တစ်ပိုင်းဆေးလုံးကို ဖန်တီးနိုင်ရန်အတွက် လိုအပ်သည့်ကုန်ကြမ်းပစ္စည်းများ ရောင်းချသည့်နေရာကို ရှာဖွေရန် ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။ တကယ်၍ ဝယ်ယူနိုင်သည်ဆိုပါက ကျိန်းသေပေါက် အကုန်လုံးကို ဝယ်ယူမှာ သေချာ၏။ တစ်ခုတစ်လေကိုမှ မချန်ခဲ့နိုင်ချေ။

စနစ်က ပြောလိုက်သည်။ “ဒီမှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက ရှမ့်အင်ပါယာထဲမှာရှိနေတဲ့ အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံးတွင်းတွေထက်တောင် ပိုပြီးနက်တယ်နော်”

“မင်း ငါ့ကို ရင်နာအောင်မလုပ်ရရင် သေသွားမှာမလို့လား”

“အင်း... အမှန်ပဲပေါ့”

“..........”

ဆိုင်ရှင်သည် အတွေ့အကြုံရှိပြီးသော စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်၏။ ထို့ကြောင့် သူ၏ဖောက်သည်မှာ အလျင်လိုနေသည် ဖြစ်ကြောင်းကို တစ်ချက်ကြည့်လိုက်သည်နှင့် နားလည်သွားခဲ့၏။ ထို့ကြောင့် ပြောလိုက်သည်။ “ဒီနိမ့်ကျလွန်းတဲ့ ကျေးကျွန်က နောက်လိုက်တွေကို ခိုင်းစေပြီးတော့ အမြန်ဆန်ဆုံး ပစ္စည်းတွေကို ထုတ်ပိုး နိုင်ဖို့ စေခိုင်းပြီးပါပြီ”

“ကောင်းပြီ” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်တော့၏။

ဆိုင်ရှင်သည် အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း မည်သည့်နေရာက လာသည်ကို သေသေချာချာ မေးမြန်းတော့၏။ တကယ့်ကို အရည်အသွေးမြင့်သော ပစ္စည်းစာရင်းအား ထုတ်ပြ၍ ဝယ်ယူရန် စီစဉ်နေသည်ဆိုခြင်းမှာ တကယ့်ကို အမှန်ပင် ချမ်းသာသော ဖောက်သည်တစ်ယောက် ဖြစ်ပေလိမ့်မည်။ တစ်ဖက်လူ၏ ဂြိုဟ်နှင့် နီးစပ်သည့် ဆက်ဆံရေးကိုသာ ပိုင်ဆိုင်သည်ဆိုပါက အနာဂတ်တွင် စီးပွားရေးလုပ်ငန်းများ ပြုလုပ်ရန် ပိုမိုကာ အဆင်ပြေနေပေလိမ့်မည်။

သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ ကြယ်ကြွေကုန်းမြေတိုက်ကြီး အကြောင်းကို တစ်စက်ကလေးမှ မပြောချေ။ အဓိပ္ပာယ်မရှိသော နာမည်မကြားဘူးသည့် တခြားသောဂြိုဟ်များ အကြောင်းကို လျှောက်ကာ ပြောလျက် ရှိနေတော့သည်။

..............

အချိန်များသည် မြန်ဆန်စွာ ကုန်ဆုံးသွားခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် စကားပြောဆိုမှု ပြီးဆုံးပြီးချင်းမှာပဲ ဆေးပင်လုပ်သားများသည် သိုလှောင်လက်စွပ်များကို တစ်ခုပြီးတစ်ခု လာရောက်ပေးတော့၏။

“သခင်လေးကျွင်း”

ဆိုင်ရှင်သည် ပြုံးကာ ပြောလိုက်သည်။ “လိုအပ်နေတဲ့ ဆေးပင်တွေ အားလုံးက ဒီမှာပါ”

ပြောပြီးသည့်နောက် သူသည် စာရင်းကို လှမ်းပေးကာဖြင့် ပြောလိုက်မိ၏။ “ဒီထဲမှာ ဆေးပင်တွေနဲ့ ဆေးပင်တွေရဲ့ အရည်အသွေးကို သေသေချာချာ ရေးပေးထားတယ်”

“အင်း” ကျွင်းချောင်ရှောင်းသည် ထိုအရာကို လှမ်းကြည့်ပြီးသည့်နောက်မှာတော့ ရုတ်တရက် စိတ်လှုပ်ရှားသလို ခံစားလာမိကြ၏။ ဆေးလုံးသည် ဆေးပင်အမျိုးအစား ငါးဆယ်ကို လိုအပ်၏။ ဤဆေးဆိုင်သည် ဆေးပင် အားလုံး တည်ရှိနေသည်သာမက အစုံတစ်ရာစာပင် ရောင်းချနိုင်စွမ်း ရှိနေသည်။

လိုအပ်ချက်များ ကိုက်ညီသွားပြီ ဖြစ်သောကြောင့် တစ်မိနစ်အတွင်း သိုင်းနယ်မြေတစ်ပိုင်း ဆေးလုံးအား အများအပြား သန့်စင်နိုင်ပေတော့မည်။

“အံ့အားသင့်စရာပဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ မေးလိုက်၏။ “ဘယ်လောက်လဲ”

စာရေးက ပြောလိုက်၏။ “လက်ရှိဈေးကွက်ပေါက်ဈေးအရဆိုလျှင် ဒီအဆင့်မြင့်ဆေးပင်တွေ အကုန်လုံးရဲ့ ကုန်ကျစရိတ်က အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ဆယ့်နှစ်သိန်းတိတိ ကုန်ကျပါတယ်။ ဒါပေမဲ့ သခင်လေးကျွင်းက ဒါတွေ အကုန်လုံးကို ဝယ်ယူချင်တယ်ဆိုတော့ ကျုပ်တို့က လျော့ပေးပြီးတော့ ….”

“နှစ်သိန်းထားပေးမှာလား” ကျွင်းချောင်ရှောင်းက ဖြတ်ကာ မေးလိုက်သည်။

ဆိုင်ရှင်သည် မြေပေါ်သို့ လဲကျလုမတတ်ပင် ဖြစ်သွား၏။ ဈေးဆစ်သည် ဆိုလျှင်တောင်မှ အဘယ်ကြောင့် ရှေ့ကဂဏန်းကို ဆစ်ရသနည်း။ “ဆယ်သိန်းထားပေးပါ့မယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် အရောင်းအဝယ်ဖြစ်ပြီ”

ဆိုင်ရှင်သည် အနည်းငယ် ကြောင်အသွား၏။ စာချုပ်ကို လက်မှတ်ထိုးပြီးသည့်နောက် သူသည် စိတ်ဝိညာဉ် ကျောက်တုံးများ ပြည့်လျက်ရှိနေသော သိုလှောင်လက်စွပ်ကို ကိုင်ကာဖြင့် ကျွင်းချောင်ရှောင်း ထွက်ခွာသွားသည် ကို ကြည့်ရှုလျက်ရှိနေ၏။ သတိပြန်ဝင်လာသည့်အချိန်မှာတော့ သူသည် ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။ “ဒီလိုမျိုး စီးပွားရေးပြုလုပ်ရတာ လွယ်ကူတဲ့ ဖောက်သည်မျိုးနဲ့ တွေ့ရတာ ပထမဦးဆုံး အကြိမ်ပဲ”

...............

သိုင်းနယ်မြေတစ်ပိုင်းဆေးလုံး အလုံးတစ်ရာစာအတွက် အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ဆယ်သိန်းကို အသုံးပြုခဲ့ရသည်။ ထို့ကြောင့် ဆေးလုံးတစ်လုံး၏ ပျမ်းမျှ ဈေးနှုန်းသည် အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဖြစ်၏။ ထိုအရာသည် လက်ခံနိုင်လောက်သည့် ပမာဏဖြစ်သည်ဟု ကျွင်းချောင်ရှောင်းက ထင်မှတ် ထား၏။ ထို့အပြင် သာမန်လမ်းစဉ်အတိုင်း လေ့ကျင့်သွားမည်ဆိုလျှင် အဆင့်ကိုး စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းဆိုသည်မှာ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူတစ်ယောက် ဖြစ်လာစေရန်အတွက် လုံလောက်အောင် ကျင့်ကြံနိုင်သည့် ပမာဏမျိုး မဟုတ်ချေ။

ပြီးသည့်နောက်မှာတော့ ကုန်းရှန့်သည် တခြားသောဆေးဆိုင်များဆီသို့ သွားရောက်ကာဖြင့် လိုအပ်သည့် ဆေးပင် များအားလုံးကို ဝယ်ယူခဲ့၏။ အဆင့်ကိုးစိတ်ဝိညာဉ်ကျောက်တုံး ပမာဏ တော်တော်များများသည် သူ၏ အိတ်ထဲမှ ရေလိုပင် ထွက်ခွာလျက် ရှိနေတော့သည်။ တဖြည်းဖြည်းနှင့် အပြင်ဘက်တွင် မှောင်မဲလာခဲ့သည်။

ကျွင်းချောင်ရှောင်းသည် စားသောက်ခန်းဆီသို့ ပြန်လာခဲ့၏။ ဆေးဆိုင်များအားလုံးကို လှည့်ပတ်သွားလာပြီးသည့် နောက်တွင် သူသည် သိုင်းနယ်မြေတစ်ပိုင်းဆေးလုံး တစ်ထောင်တိတိ သန့်စင်၍ ရနိုင်သော ပမာဏကို ပိုင်ဆိုင်ခဲ့ပြီ ဖြစ်တော့၏။ ထို့ကြောင့် သူသည် စိတ်ကောင်းဝင်လျက်ရှိသည်။

“ဂိုဏ်းချုပ်”

ရှမ့်ယုဟန်က ပြောလိုက်သည်။ “ဘာလို့ ကျွန်တော့်ကို မပေးခိုင်းတာလဲ”

“ဒါက မင်းရဲ့ပိုက်ဆံတွေလေ”

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ “ငါ ဘယ်လိုလုပ် သုံးလို့ ရမှာလဲ”

“ဂိုဏ်းချုပ်က ကျွန်တော်ရဲ့ ဂိုဏ်းချုပ်လေ။ ကျွန်တော်ရဲ့ မိသားစုပဲ။ ဒီတော့ အပြင်လူလို ဆက်ဆံလို့ မဖြစ်ဘူးမို့လား” ရှမ့်ယုဟန်က မေးလိုက်၏။

ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ ပခုံးကို အသာပုတ်ကာ ပြောလိုက်၏။ “မင်း ဒီလိုမျိုး စဉ်းစားပေးတဲ့အတွက် ငါပျော်မိတယ်”

ပြောပြီးသည့်နောက်မှာတော့ သူ၏ မျက်လုံးများသည် ရုတ်တရက် အေးစက်သွား၏။ အဘယ်ကြောင့်ဆိုသော် သူတို့အခန်း၏ရှေ့တွင်တော့ မှုန်ကုတ်ကုတ်နှင့် အဘိုးအိုသည် တံခါးကိုမှီကာဖြင့် ရပ်လျက် ရှိနေပြီး ၎င်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု တည်ရှိနေသည်။

“ဂိုဏ်းချုပ်”

ရှမ့်ယုဟန်သည် ထိုအရာကို သတိပြုမိသွား၏။ ထို့ကြောင့် အလောတကြီးဖြင့် ပြောလိုက်၏။ “ဒီလူက တံခါးကို တမင်ကလာ ပိတ်ထားတာပဲ။ ကျွန်တော်တို့ ဝင်လို့မရအောင်လေ”

“သွား... လက်ဖက်ရည် သွားသောက်နေ”

ကျွင်းချောင်ရှောင်းသည် စားသောက်ခန်းတည်နေရာဆီသို့ လက်ညှိုးထိုးပြကာဖြင့် ပြောလိုက်၏။ သူ၏ မျက်လုံးများသည် အေးစက်နေသည်။ “အပြင်မှာ ဘာပဲဖြစ်လာဖြစ်လာ ထွက်မလာနဲ့”

“ဂိုဏ်းချုပ်... ကျွန်တော် ရေမဆာ...”

“သွား”

ရှမ့်ယုဟန်သည် ပါးစပ်ကို ပိတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ နာခံစွာဖြင့် စားသောက်ခန်းထဲသို့ ဝင်လိုက်ရ တော့၏။ သို့ပေမဲ့ သူသည် ဇဝေဇဝါ ဖြစ်လို့နေ၏။ “ဂိုဏ်းချုပ်က ဘာလို့ ငါ့ကို အပြင်ကို ထွက်မလာခိုင်းတာလဲ”

ဘုန်း

သို့ပေမဲ့ သူ စားသောက်ခန်းထဲသို့ လျှောက်ဝင်ခဲ့ပြီး ထိုင်တောင် မထိုင်ရသေးခင်မှာပဲ ရုတ်တရက် အပြင်ဘက်ဆီမှ ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တော့သည်။ တရိပ်ရိပ် ဖြစ်တည်နေသော စွမ်းအင်လှိုင်း များသည် သာမန်မျက်စိနှင့်ပင် မြင်နိုင်စွမ်း ရှိနေတော့၏။ ထိုအရှိန်အဟုန်သည် ပြင်းထန်လွန်းသောကြောင့် စားသောက်ခန်းထဲတွင် ရှိနေသော လက်ဖက်ရည်စားပွဲနှင့် လက်ဖက်ရည်ခွက်များ အားလုံးပင် လေထဲသို့လွင့်စင်သွားခဲ့သည်။

ရှမ့်ယုဟန်သည် အလျင်အမြန်ဖြင့် စားသောက်ခန်း၏ ပြတင်းပေါက်မှတဆင့် လှမ်း၍ ကြည့်လိုက်သည့် အချိန်မှာတော့ သူ၏ မျက်နှာပြင်တဝိုက်ရှိကြွက်သားများသည် အေးခဲသွား၏။ ပါးစပ်အဟောင်းသား ဖြစ်နေပြီး မျက်လုံးများသည်လည်း မျက်စိသူငယ်အိမ်ထဲမှ ပြုတ်ထွက်လုမတတ်ပင် ဖြစ်နေတော့၏။

All Chapters