မကောင်းဆိုးဝါး ဦးလေးအားကျိုး
Vol. 15 Ch. 225
"ဒီအသံတိတ်စိမ့်စမ်းအတိုင်း လိုက်လျှောက်သွားရင် မရဏကမ္ဘာထဲကို ဝင်နိုင်မှာလား"
ချန်ရှီသည် နဂါးတစ်ကောင် ရေကူးနေသလို လရောင်အောက်က စိမ့်စမ်းကို လှမ်းကြည့်လိုက်မိချိန်၌ သူ့နှလုံးက အနည်းငယ် လှုပ်ရှားသွားသည်။ သူသည် ဤဓားဖြင့် ရိုးရှင်းသော ဓားလှုပ်ရှားမှုအချို့ကို လုပ်ဆောင်ရန် လရောင်စိမ့်စမ်းဓားကိုသာ အသုံးပြုခဲ့သည်။ ဒီဓားနဲ့ ပတ်သက်ပြီး ဘာထူးခြားတာလဲဆိုတာ သူ မသိခဲ့ချေ။
သူ အခု စိမ့်စမ်းနောက်ကနေ မရဏကမ္ဘာထဲသို့ လိုက်သွားတော့မည်။ ရုတ်တရက် မြူခိုးများ ကျလာသောအခါတွင် ဓားပေါ်မှ လရောင်ထင်ဟပ်မှုက ပျောက်ကွယ်သွားကာ မြေအောက်ကမ္ဘာဆီသို့ ဦးတည်သွားသော လမ်းစကလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်။
ချန်ရှီရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားသည်။
"ဒီဓားက ကန့်သတ်ချက် ကြီးကြီးမားမား ရှိနေတာပဲ... အလင်းရောင်ကို ရဖို့ လရောင်ကို အားကိုးတယ်... ညဘက်မှာပဲ သုံးလို့ရတယ် တခြားသူတွေအတွက်တော့ အသုံးမဝင်ပေမယ့် ငါ့ဘုံကျောင်းငယ်လေးမှာ လရောင် ရှိတယ်လေ..."
သူ့ဦးခေါင်းနောက်ဘက်ရှိ ဘုံကျောင်းငယ်ထဲက ကောင်းကင်ယံသည် ဘိုးဘွားပိုင်နယ်မြေက ကောင်းကင်ကို ပြသနေသည်။ နေရောင်ခြည်သာမက ညဘက်တွင်လည်း လရောင်ရှိသည်။ သူ့ရဲ့ နေ့စဉ်လေ့ကျင့်မှုတွင် ကျင့်ကြံမှု အားကောင်းစေရန် နေ၊ လနှင့် ကြယ်များ၏ အပြုသဘောဆောင်သော စွမ်းအင်များကို စုပ်ယူနိုင်အောင် ဤဘုံကျောင်းကို အားကိုးအားထား ပြုနေရသည်။
ပိုကောင်းတာက ဘိုးဘွားပိုင်မြေမှာက ညမဟုတ်ပဲ လမထွက်သေးရင်တောင် သူ့အရည်အချင်းတွေကို လေ့ကျင့်ပြီး လရောင်ကို စုပ်ယူနိုင်တုန်းပါပဲ။
တစ်နည်းအားဖြင့် နက်ရှိုင်းနဂါးရွေ့ဓားသည် အသံတိတ်စိမ့်စမ်းကို အချိန်မရွေး ပေါက်ကွဲနိုင်ပြီး သူသည်လည်း အချိန်မရွေး မြေအောက်ကမ္ဘာထဲသို့ ဝင်ရောက်သွားနိုင်သည်။
သူထင်သည့်အတိုင်း လုပ်ကြည့်လိုက်ပြီး ချက်ချင်း ဓားကို သန့်စင်အောင် လေ့ကျင့်လိုက်သည်။ ဘုံကျောင်းငယ် တစ်လျှောက် လရောင်က တောက်ပနေပြီး နက်ရှိုင်းနဂါးရွေ့ဓားပေါ် လင်းထိန်နေသည်။ မူလက ပျောက်ကွယ်သွားခဲ့သော အသံတိတ်စိမ့်စမ်းက ပြန်လည်ပေါ်လာပြီး ကွေ့ကောက်ကာ မရဏကမ္ဘာဆီသို့ လမ်းဖွင့်ပေးလာခဲ့သည်။
ချန်ရှီသည်လည်း ချက်ချင်းပင် တောက်ပြောင်နေသော စမ်းရေကိုဖြတ်ကာ ရေအောက်ကမ္ဘာဆီသို့ လိုက်ဝင်သွားခဲ့သည်။ စိမ့်စမ်းရေသည် လရောင်ကို ရောင်ပြန်ဟပ်ထား၏။ လသည် တစ်ခါတရံ ကွဲသွားကာ သူ့ခြေဖဝါးအောက်တွင် တစ်ဖန် ပြန်လည် ဆုံစည်းလာခဲ့သည်။
ရေကန်မျက်နှာပြင်သည် အဖြူရောင် မြူခိုးများဖြင့် ဖုံးလွှမ်းနေပြီး လှိုင်းလုံးသံများနှင့် နဂါးဟောက်သံများက ပျောက်ကွယ်သွားချေပြီ။ ချန်ရှီ မရဏကမ္ဘာထဲ ရောက်လာတဲ့အခါ သူ့ခြေရာများသည် လှိုင်းပုတ်ခြင်းမရှိဘဲ ကြေးမုံပြင်ကဲ့သို့ ပင်လယ်မျက်နှာပြင်ပေါ် ကျသွားသည်။
အောက်ကို ငုံ့ကြည့်လိုက်တော့ ရေထဲမှာ ရောင်ပြန်ဟပ်နေတဲ့ အဝတ်အစားဝတ်ထားတဲ့ အရိုးစုကို တွေ့လိုက်ရသည်။ ထိုအခိုက် ကျီးကန်းတစ်ကောင်က အတောင်တွေခတ်ပြီး ကောင်းကင်ကို ဖြတ်ပျံသွားသည်။
"နန်မင် ..နန်မင်.... တောင်ကိုဖြတ်ဖို့ လမ်းမရှိ... ခြေလှမ်းတွေက အကန့်အသတ်မရှိ... နန်မင် နန်မင်... မှားယွင်းတဲ့ ဝိညာဉ်တွေက အဲဒီနေရာမှာ နစ်မြုပ်ပြီး အရိုးတွေ၊ အလောင်းတွေက တောင်ကြီးတစ်ခုလို စုပုံနေတယ်!"
ထိုကျီးကန်းတွင် အမွေးများပါသော်လည်း ၎င်း၏ခန္ဓာကိုယ်တွင် အသွေး သို့မဟုတ် အသားမရှိပါ။ အရိုးတွေပဲ ကျန်တော့သည်။ ဦးခေါင်းသည် လူဦးခေါင်းခွံ ဖြစ်သော်လည်း ငှက်နှုတ်သီးနှင့် ဖြစ်သည်။
ချန်ရှီသည် ကျီးကန်းပြောသည့်စကားကို ကြားသောအခါ အောက်ငုံ့ကြည့်လိုက်ရာ သူ့အလောင်းအပြင် ရေအောက်တွင် မရေမတွက်နိုင်သော မျက်နှာများ ရှိနေတာ မြင်လိုက်ရပြီး ၎င်းတို့က အနက်ရောင်မျက်လုံးများဖြင့် သူ့ကို မော့ကြည့်နေကြသည်။
ဒါတွေက တောင်တရုတ်ပင်လယ်ထဲက သရဲတွေပါပဲ။
လူ့ဦးခေါင်းကျီးကန်းရဲ့ အဆိုအရဆို ဤနေရာရှိ သရဲတစ္ဆေများသည် တောင်တရုတ်ပင်လယ်တွင် လမ်းလျှောက်လာခဲ့ကြပြီး အဆုံးကို ဘယ်တော့မှ မရောက်နိုင်သောကြောင့် ၎င်းတို့သည် မလှုပ်တော့ဘဲ ရေထဲသို့ တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ကြသည်။
"ရေအောက်မှာ ရှိသေးတာပဲ...."
ချန်ရှီသည် ထိုသရဲတစ္ဆေများ၏ မျက်နှာများကို ဖြတ်၍ နန်မင်ပင်လယ်အောက်တွင် လူသေအလောင်းများ စုပုံနေသော အရိုးစုတောင်များကို ယောင်ဝါးဝါး မြင်လိုက်ရသည်။ သူ့နှလုံးတွေ တဒိန်းဒိန်း ခုန်လာသည်။ ထိုအချိန်တွင် သူ့ခြေထောက်များက ရေအောက်ထဲ နစ်မြုပ်လာတာကို တွေ့လိုက်ရသဖြင့် ရှေ့သို့ အမြန်ပြေးသွားခဲ့သည်။
သူသည် ရေပေါ်လမ်းလျှောက်ပြီး ရပ်လိုက်လျှင် သူ့ခန္ဓာကိုယ်က ရေထဲ ဖြည်းဖြည်းချင်း နစ်မြုပ်သွားလိမ့်မည်။ နန်မင်သည် မြေအောက်ကမ္ဘာရှိ တောင်ပိုင်းရေကန်ကြီးဖြင့် ဖွဲ့စည်းထားသော ခမ်းနားသည့် မြင်ကွင်း ဖြစ်ပေမည်။
လူ့ကမ္ဘာတွင် ဤရေကန်သည် ကုန်းမြေပေါ်ရှိ သမုဒ္ဒရာတစ်ခုကဲ့သို့ အချင်းဝက် မိုင်ရာနှင့်ချီသာ ရှိသော်လည်း မရဏ မြေအောက်ကမ္ဘာတွင်မူ အဆုံးမရှိ ကျယ်ပြောလှသည်။ ကျီးကန်းသည် ချန်ရှီ၏ ဦးခေါင်းထက်တွင် ဖြတ်ပြေးသွားကာ ချန်ရှီတစ်ယောက် တောင်တရုတ်ပင်လယ်ထဲ ပြုတ်ကျသွားမှာကို စောင့်ဆိုင်းနေသကဲ့သို့ပင်။
"ဒီသေနာငှက်စုတ်က ငါသေမှာကို စောင့်နေတာပဲ!"
ချန်ရှီ သူ့စိတ်ထဲမှာ တိတ်တိတ်လေး ရယ်မောရင်း ရေရွတ်လိုက်သည်။
"ဒါပေမယ့် ငါက သက်ရှိလောကထဲကို အချိန်မရွေး ပြန်သွားနိုင်တယ်ဆိုတာ ဘယ်လိုလုပ် သိမှာလဲ... နေဦး!"
သူ့ခန္ဓာကိုယ်က အနည်းငယ် တုန်လှုပ်သွားသည်။ နက်ရှိုင်းနဂါးရွေ့ဓားသည် မြေအောက်ကမ္ဘာကို ဖွင့်နိုင်ပြီး သူ့ရုပ်ခန္ဓာကို မြေအောက်ကမ္ဘာထဲသို့ ဝင်ရောက်နိုင်စေခဲ့သည်။ သို့သော် နက်ရှိုင်းနဂါးရွေ့ဓားက သက်ရှိလောကကိုရော တံခါး ဖွင့်ပေးနိုင်မှာလား။
ဓားအပေါ် လင်းထိန်စေရန် ဘုံကျောင်းထဲမှ နေရောင်ခြည်ကို ဆောလျင်စွာ အသက်သွင်းလိုက်သည်။ နက်ရှိုင်းနဂါးရွေ့ဓားသည် နေရောင်ခြည်ကို ရောင်ပြန်ဟပ်ရုံမျှသာ ရှိပြီး ၎င်းနှင့်ပတ်သက်ပြီး ထူးခြားမှု တစ်စုံတစ်ရာ မရှိလာခဲ့ချေ။ လရောင်ကို သုံးလိုက်တော့ ဓားက မြေအောက်ကမ္ဘာကိုသာ လင်းထိန်နေစေပြီး ဘာတုံ့ပြန်မှုမှ မရှိလာခဲ့ပေ။
"အား... မဟုတ်ဘူး! ဒီဓား ဧရာမနဂါးကြီး ဖြစ်သွားတုန်းက မြေအောက်ကမ္ဘာနဲ့ သက်ရှိကမ္ဘာတွေကြားက သွားလာနိုင်ပြီး အဲဒီသခင်တွေကို တိုက်ခိုက်နိုင်တယ်လေ... အခု ဘာလို့ အလုပ်မဖြစ်တော့တာလဲ..."
ချန်ရှီ ထပ်ခါထပ်ခါ ကြိုးစားခဲ့ပေမယ့် ဓားက ဘယ်လိုမှ မတုံ့ပြန်လာခဲ့ချေ။ စမ်းသပ်နေစဉ်တွင် သူသည် ရှေ့ကိုပြေးရန် မေ့သွားသဖြင့် ခြေထောက်များသည် ပင်လယ်ထဲသို့ နစ်မြုပ်သွားပြီး ခါးအထိ နစ်မြုပ်သွားခဲ့သည်။ ခြေထောက်များကို ကမန်းကတန်း မြှောက်ပြီး ရှေ့သို့ လျှောက်သွားကာ ချက်ချင်းပင် ပင်လယ်ပြင်တွင် ရပ်နေမိပြန်သည်။
ဦးတည်ရာ တစ်ခုကို ဖော်ထုတ်ပြီးမှ အရှိန်အဟုန်ဖြင့် ရှေ့သို့ ပျံသန်းသွားခဲ့သည်။ နန်မင်ပင်လယ်သည် အလွန်ကျယ်ပြောပြီး အကန့်အသတ် မရှိပေ။ ပင်လယ်ရေ မျက်နှာပြင်က ငြိမ်သက်ပြီး ကြောက်မက်ဖွယ် ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။
ချန်ရှီ အချိန်အတော်ကြာ လမ်းလျှောက်လာရင်း ရုတ်တရက် သူ့အရှေ့တွင် အရိပ်တစ်ခု တွေ့လိုက်ရသည်။ ဝမ်းသာအားရနဲ့ ၎င်းနောက်ကို အလျင်အမြန် လိုက်လာခဲ့လိုက်သည်။
"ညီအစ်ကို ခဏလေး... ညီအစ်ကို..."
ချန်ရှီ လိုက်နေမိတဲ့ ပင်လယ်ထဲမှာ လမ်းလျှောက်နေသူဟာ လူမဟုတ်ဘဲ တစ္ဆေတစ်ကောင် ဖြစ်နေလေသည်။
ထိုသူသည် ပုပ်နေသော သစ်သားတုံးကြီးလို သက်မဲ့မျက်လုံးများ၊ သစ်သားအမူအရာဖြင့် ရှေ့သို့ လျှောက်လှမ်းနေသော အဘိုးအိုတစ်ဦးဖြစ်သည်။ သူ ဒီပင်လယ်ပြင်မှာ လမ်းလျှောက်နေတာ ဘယ်လောက်ကြာပြီလဲ ဘယ်သူမှ မသိနိုင်ချေ။
"လူကြီး...."
ချန်ရှီ ပြောပြီးတာနဲ့ အဘိုးကြီးရဲ့ ဝိညာဉ်ဟာ ရှေ့ဆက်လျှောက်ဖို့ မျှော်လင့်ချက်တွေ ရုတ်တရက် ဆုံးရှုံးသွားသလိုမျိုး သက်ပြင်းချလိုက်ပြီး ပင်လယ်ထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ်သွားခဲ့သည်။
ချန်ရှီသည် သူ့ကိုယ်သူ ငြိမ်သက်သွားအောင် ခေတ္တ ရပ်လိုက်ပြီးမှ ရှေ့ကို ဆက်သွားခဲ့သည်။ သူသည် ပင်လယ်ပြင်တွင် လဲကျနေသော လမ်းလျှောက်သူများနှင့် ထပ်မံတွေ့ဆုံခဲ့သေးသည်။ အဲဒီလူတွေက ပင်လယ်ထဲကို နစ်မြုပ်သွားခဲ့ပြီးနောက် ပင်လယ်အောက်ကနေ မော့ကြည့်လာတဲ့ မျက်နှာတွေ ဖြစ်လာကြသည်။
သူတို့၏ ခန္ဓာကိုယ်များသည် ပင်လယ်၏ အောက်ခြေသို့ နစ်မြုပ်သွားပြီး ရေအောက်က အရိုးစု တောင်ကြီး၏ အစိတ်အပိုင်း ဖြစ်လာခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူ့စိတ်ထဲ ဝမ်းနည်းသွားသလို ခံစားလိုက်ရသည်။
ရုတ်တရက် အကြံတစ်ခုက သူ့စိတ်ကို သိမ်းပိုက်လိုက်သည်။
"ရှစ်ကျီ... ပင်လယ်အောက်ခြေက အရိုးတောင်တွေကို စုပ်ယူနိုင်လား"
ဘုံကျောင်းငယ်၏ နတ်ကွန်းထဲက မယ်မယ်ရှစ်ကျီကို နှိုးပြီး မေးလိုက်သည်။
မယ်မယ်ရှစ်ကျီသည် သေးငယ်သော ခြေလက်အင်္ဂါများ ကြီးထွားလာချေပြီ။ သူမရဲ့ ခန္ဓာကိုယ်ကို ပြန်လည်ထူထောင်ရန် မှော်စွမ်းအင် သို့မဟုတ် အရိုးများ လိုအပ်နေပါသေးသည်။ နန်းနန်းက သူ့အိမ်မှာ တွယ်ကပ်နေသဖြင့် သူမ ပေါ်မလာရဲတော့ဘဲ ကောင်းစွာ ပြန်လည် သက်သာလာရန် ကောင်းကောင်းကြီး အိပ်ပျော်နေခဲ့ရသည်။
ဒီအချိန်မှာ ချန်ရှီက နှိုးလိုက်သောကြောင့် ရုတ်တရက် လန့်နိုးလာခဲ့ရာ သူမ ဘယ်ရောက်နေမှန်း မသိဘဲ ဖြစ်သွားသည်။ သူမ ပတ်ပတ်လည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရချိန်မှာတော့ အတော်လေး အံ့သြသွားခဲ့သည်။
"အရှင်သံတမန်... မင်းသေပြီလား မင်းကို ဘယ်သူက သတ်လိုက်တာလဲ?"
"ခင်ဗျားပဲ သေတာ! ပင်လယ်ထဲက ဒီအရိုးတောင်ကြီးကို စုပ်လို့ရလား"
မယ်မယ်ရှစ်ကျီလည်း နတ်ကွန်းငယ်လေးထဲမှ ထွက်လာပြီး ဘုံကျောင်း တံခါးဆီသို့ ရောက်လာခဲ့သည်။ သူမက တောင်ပိုင်းပင်လယ်ဘက်ကို ငုံ့ကြည့်မိချင်း နှလုံးသားထဲ အနည်းငယ် လှုပ်ရှားသွားကာ ဘုံကျောင်းငယ်လေးမှ ခုန်ဆင်းကာ ရေပေါ်တွင် ရပ်နေလေသည်။
သူမရဲ့ ခန္ဓာကိုယ်သည် ပုရွက်ဆိတ်ခြေထောက်များကဲ့သို့ ပိန်လှီသော်လည်း သူမ ဦးခေါင်းမှာတော့ ဆယ်ပေပတ်လည်ခန့် ရှိသည်။ အရွယ်အစား အချိုးအစားတွေက အံ့သြစရာကောင်းပေမယ့် သူမက ရေအောက်မှာ မြင်ကွင်းကို ငုံ့ကြည့်ရင်း တည်ငြိမ်စွာ ရပ်နေခဲ့သည်။
"မယ်မယ်... ခင်ဗျား လည်ပင်းကို မချိုးမိစေနဲ့နော်..."
ချန်ရှီက ကြောက်လန့်တကြားနဲ့ သတိပေးသည်။
"စိတ်မပူပါနဲ့ သံတမန်...ကျွန်မရဲ့ ခန္ဓာကိုယ်အသစ်က သေးသေးလေးဆိုပေမယ့် ဒါက နတ်ဆိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပါ... ကမ္ဘာပေါ်မှာ ကျွန်မကို နာကျင်အောင် လုပ်နိုင်တဲ့လူ မရှိသေးဘူး..."
မယ်မယ်ရှစ်ကျီက ရယ်ပြီး :"ခေါင်းငုံ့ထားရုံနဲ့တော့ လည်ပင်းကို ဘယ်လိုလုပ် ချိုးနိုင်မှာလဲ... အရှင်သံတမန် ဒီရေအောက်က အရိုးတောင်ရဲ့ ဇစ်မြစ်ကို သိလား"
ချန်ရှီ: "ဒါက ထင်ယောင်ထင်မှား ပုံရိပ်ယောင် ဖြစ်နိုင်တယ်... ရေအောက်မှာ ကျနော့်ရဲ့ ရောင်ပြန်ဟပ်မှုလည်း ရှိတယ် ကျနော်က အရိုးစုကြီး..."
မယ်မယ်ရှစ်ကျီက တခစ်ခစ် ရယ်လေသည်။
"အရှင်က နည်းနည်းတော့ တိမ်နေသေးတာပဲ... ဒါက တောင်ပင်လယ်... နက်ရှိုင်းတဲ့ပင်လယ်... အသားကို ရေအောက်မှာ မမြင်ရဘူး သေပြီးတဲ့ မြင်ကွင်း တစ်ခုတည်းကိုပဲ မြင်ရတာ သေပြီးရင် အရိုးစုဖြစ်မှာပဲ မဟုတ်ဘူးလား"
သူမသည် အနည်းငယ် အာဏာရလာသောအခါ မာနကြီးလာကာ ဆုတ်ယုတ်မှု အနည်းငယ်နှင့် ကြုံလာရသောအခါ ထိတ်လန့်သွားသည့် အမျိုးအစား ဖြစ်သည်။ ဤအခိုက်အတန့်တွင်တော့ သူမသည် အနည်းငယ် မာနကြီးလာပြီး လေသံမှာလည်း အနည်းငယ် ဘဝင်မြင့်သံပါလာ၏။
"ဥပမာ- အရှင်သံတမန် မင်းသေပြီးရင် မင်းမြေကြီးထဲမှာ မြှုပ်ထားလိမ့်မယ်... နှစ်နည်းနည်းကြာရင် အသွေးအသားတွေက ပျောက်ပြီး အရိုးတွေပဲကျန်တော့မယ်... သက်ရှိလောကမှာ မင်းရဲ့အရိုးတွေက မြေအောက်ရေမှာ စိမ်ထားပေမယ့် မြေအောက်ကမ္ဘာမှာတော့ မင်းရဲ့အရိုးတွေက မြေအောက်ပင်လယ်ရဲ့ အောက်ခြေအထိ ပြုတ်ကျပြီး အနီးနားမှာရှိတဲ့ ကမ္ဘာမြေကြီးအောက်မှာ အရိုးတွေစုပုံနေတဲ့ တောင်ကြီးတစ်ခုထဲ စုပုံနေလိမ့်မယ်။"
သူမ၏ ကြီးမားသော ဦးခေါင်းအောက်တွင် သူမ၏ အလွန်သေးသွယ်သော လက်မောင်းများကို မြှောက်ထားပြီး ပင်လယ်ပေါ်တွင် လျှောက်လှမ်းနေဆဲ လူများကို လက်ညှိုးထိုးပြလိုက်သည်။
"သေနေတဲ့ ဝိညာဉ်တွေကို ကြည့်လိုက်... သူတို့က သေပြီး မြေအောက်မှာ အမြှုပ်ခံထားရသူတွေပဲ... သူတို့ရဲ့ အလောင်းတွေက ပုပ်သွားတာတောင် အရိုးတွေက လုံးဝ ပုပ်မသွားဘူး သူတို့က ပင်လယ်ပေါ်မှာ လမ်းလျှောက်နေကြပေမယ့် အဆုံးကိုတော့ မရောက်နိုင်ကြဘူး...လမ်းလျှောက်နေရင်း စိတ်ဓာတ်ကျသွားရင်တော့ ရေအောက်ကို နစ်မြုပ်သွားလိမ့်မယ်”
"ကျွန်မ အနောက်နွားရှင်းကျိုး ကျွန်းကို ပထမဆုံးရောက်တုန်းက ပင်လယ်နက်က ဒီနေရာမှာ မပေါ်လာသေးဘူး... ဒီနှစ်တွေကြာတော့ ရေအောက်မှာ အရိုးတောင်တွေ ပေါ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး"
ချန်ရှီ: "မယ်မယ် ဒီအရိုးတွေကို စုပ်ယူပြီးရင် ခန္ဓာကိုယ်အစစ်အမှန်ကို ပြန်ထူထောင်ပေးနိုင်မှာလား"
"ဒါပေါ့!"
မယ်မယ်ရှစ်ကျီမှာ အလွန်စိတ်လှုပ်ရှားနေရင်း အနည်းငယ်လည်း စိတ်ရှုပ်သွားသည်။ သူမ ပိုပိုပြီး သောင်းကျန်းချင်လာသည်။
"မယ်မယ်ကြီး... ကျွန်မ နောက်ဆုံးတော့ ပုံစံအစစ်ကို ပြန်ရနိုင်ပြီ! နီကျား! အဘိုးကြီးထိုက်ယိ! ...မယ်မယ်ကြီး ကျွန်မ အနောက်နွားရှင်းကျိုးကိုလာဖို့ ဆုံးဖြတ်ချက်ချခဲ့တာ မှန်သွားပြီ.. ကျွန်မပုံစံအစစ်ကို ပြန်ယူမယ် အဘိုးကြီးထိုက်ယိနဲ့ နီကျားလေးကို ကန်ထုတ်မယ်... ဟီးဟီး အနောက်နွားရှင်းကျိုး တစ်ခုလုံး အသက်ရှုမဝစေရဘူး..."
ချန်ရှီ: "မယ်မယ် စိတ်မဆိုးပါနဲ့... ဒီအရိုးတွေကို အရင်စုပ်ယူလိုက်ပါတော့ မဟုတ်ရင် မရဏသရဲတစ္ဆေတွေက ကျနော်တို့ကို မောင်းထုတ်ဖို့ ရောက်လာကြလိမ့်မယ်!"
"တစ်ဆယ်လေးရေ.. ငါ မကြာခင် အနိုင်ယူနိုင်တော့မှာပါ ငါ့ရဲ့ ခန္ဓာကိုယ် အစစ်အမှန်က မကြာခင် ပြီးပြည့်စုံတော့မှာပဲဟာ ဘာလို့ မရဏတမန်ကို ကြောက်နေရမှာလဲ... သူ မလာမှာကိုတောင် ငါက ကြောက်နေရမှာ မဟုတ်ရင် မရဏသံတမန်က ဒူးထောက်ပြီး အဘွားခေါ်နေရမှာ... တစ်ဆယ်လေး အခုကစပြီး ငါ မင်းကို ကာကွယ်မယ် မင်း မရဏကမ္ဘာကို အေးအေးဆေးဆေး လမ်းလျှောက်သွားနိုင်တယ်!"
ချန်ရှီ ခေါင်းညိတ်ပြီး ထပ်မံတိုက်တွန်းလိုက်သည်။
ထိုမှသာ မယ်မယ်ရှစ်ကျီသည် သူမ၏ မာနကြီးသော မျက်နှာထားကို ဖယ်လိုက်ပြီး ပင်လယ်အောက်ရှိ အရိုးစုတောင်၏ ကျောက်တုံးသဘာဝကို စုပ်ယူရန် သူမ၏ မှော်အစွမ်းကို အသက်သွင်းလိုက်သည်။
အမှန်တကယ် သူမက နတ်ဆိုးနတ်ဘုရား ဖြစ်ပြီး ကျောက်သဘာဝကို စုပ်ယူသည့် အရှိန်မှာ အလွန် အံ့ဩစရာကောင်းပေသည်။ မကြာမီတွင် ပင်လယ်ကြမ်းပြင်ပေါ်ရှိ အရိုးများတောင်သည် အပိုင်းပိုင်း ပြိုကျကာ အမှုန့်ဖြစ်သွားသည်။
အရိုးစုတောင် ပြိုကျသွားတဲ့အခါ ကြေးမုံ မျက်နှာပြင်လို ပင်လယ်မျက်နှာပြင်က ရုတ်တရက် လှိုင်းထလာသည်။ လှိုင်းလုံးကြီးတွေက ပိုကြီးလာကာ အပေါ်ကို တက်လာ၏။ အရှိန်အဟုန်က ပိုအားကောင်းလာပြီး ပိုပိုပြီး တုန်လှုပ်စရာ ကောင်းလာသည်။
နန်မင်ပင်လယ် မျက်နှာပြင်ပေါ်ရှိ သေဆုံးနေသော ဝိညာဉ်များသည် သတိမထားမိဘဲ ဆက်လက် လျှောက်လှမ်းနေဆီ။ လှိုင်းတွေ ဘယ်လောက်ပဲ မြင့်နေပါစေ ဆူနာမီ ဘယ်လောက်ပဲ ကြောက်စရာကောင်းနေပါစေ ၎င်းတို့က လှိုင်းလုံးကြီးပေါ်မှာ အမြဲတမ်း မတ်တပ်ရပ်နေနိုင်ပြီး ပြုတ်ကျမသွားကြချေ။
ဤမြင်ကွင်းသည် ဆင်ခြင်တုံတရား မဲ့သော၊ သာမာန်အသိတရား မရှိသော မရဏကမ္ဘာ ဖြစ်သည်။
ပင်လယ်အောက်ခြေရှိ အရိုးတောင်သည် လူသေကောင်များဖြင့် ဖွဲ့စည်းထားသော်လည်း စုဆောင်းထားသော အလွန်ကြောက်စရာကောင်းသည့် ဂုဏ်သတ္တိများ ပါရှိသည်။ မယ်မယ်ရှစ်ကျီရဲ့ ပုရွက်ဆိတ်နှင့်တူသော ခန္ဓာကိုယ်သည် တဖြည်းဖြည်း ကြီးထွားလာပြီး အဆများစွာ ပိုမြင့်လာသည်။
အချိန်တိုလေး အတွင်းမှာ သူမရဲ့လည်ပင်းအောက်က ခန္ဓာကိုယ်ဟာ တစ်ပေလောက်အထိ မြင့်လာကာ ဆက်လက် ကြီးထွားနေဆဲပင်။
ချန်ရှီသည် လှိုင်းလုံးကြီးများ မြင့်မားလာတာ မြင်လိုက်ရပြီး ပတ်ဝန်းကျင် မြင်ကွင်းသည်လည်း ပို၍ ကြောက်စရာကောင်းလာရာ သူ တိတ်တဆိတ် ထိတ်လန့်သွားမိသည်။
"မယ်မယ်! ဒီလှုပ်ရှားမှုက အနီးနားက သရဲတစ္ဆေတွေကို သတိပေးမိနိုင်တယ်... တခြားနေရာကို သွားရအောင်!"
မယ်မယ်ရှစ်ကျီက တခစ်ခစ် ရယ်လေသည်။
"ဘယ်တစ္ဆေတမန် ဘယ်သရဲတမန်ကို ငါကကြောက်ရမှာလဲ၊ နွားခေါင်း၊ မြင်းမျက်နှာလား... အဖြူအမည်း သံတမန် လာရင်တောင် ငါ သူတို့လေးယောက်ကို တစ်ပြိုက်တည်း တိုက်ခိုက်ပစ်မယ်! ငါလုံးဝ မကြောက်ဘူး!"
ထိုစဥ် လေထဲမှ ဆူညံပွက်လောရိုက်နေသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ချန်ရှီကို စောင့်ကြည့်နေသည့် လူသားဦးခေါင်း ကျီးကန်းလည်း ထိတ်လန့်တုန်လှုပ်သွား၏။ ၎င်းသည် ၎င်း၏အတောင်ပံများကို လှန်ကာ ရှစ်ကျီကို အကြိမ်ကြိမ် တိုက်ခိုက်ရန် ကြိုးပမ်းချင်ခဲ့သော်လည်း ထိုသို့ မလုပ်ဝံ့ခဲ့ပေ။ ရှစ်ကျီက အန္တရာယ် အကြီးကြီး ဆိုတာကို သိနေပုံပါပဲ။
"အသေးအမွှားလေး... မင်းကိုတောင် ငါ စုပ်ယူပစ်လို့ရတယ်နော်!"
မယ်မယ်ရှစ်ကျီရဲ့ မျက်လုံးများက ရက်စက်စွာ တောက်ပလာသည်။ အကြည့်တစ်ချက်တည်းဖြင့် လူဦးခေါင်းကျီးကန်း၏ အရိုးများသည် ရုတ်ချည်း ပြိုကွဲသွားကာ အမွေးအမှင်များသာ ကျန်တော့သည်။ မယ်မယ်ရှစ်ကျီက အလွန်မာနကြီးစွာ လှမ်းအော်လိုက်သည်။
"တစ်ဆယ်လေး... ငါ့လက်ဆက ဘယ်လိုနေလဲ"
ချန်ရှီ ဘာမှမပြောနိုင်ခင်မှာ ရုတ်တရက် တောင်ပံတွေ တုန်ခါနေသော အသံတစ်ချက် ထွက်ပေါ်လာခဲ့သည်။ အသံရဲ့ ဦးတည်ရာဆီသို့ ကြည့်လိုက်ရာ နန်မင်ပင်လယ် မျက်နှာပြင်ပေါ်မှ ပျံသန်းနေသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းသည် အနက်ရောင် အစုလိုက်အပြုံလိုက် အုပ်စုကြီးဖြစ်ပြီး အမှန်တကယ် လူ့ခန္ဓာကိုယ်နှင့် ပျားခေါင်းများပါရှိသော မရေမတွက်နိုင်သော နတ်ဆိုးများသာ ဖြစ်လေသည်။
ဤပျားများနှင့် အင်းဆက်ပိုးမွှားများသည် အဝါရောင်နှင့် အနက်ရောင် အဝတ်အစားများ ဝတ်ဆင်ကြပြီး အရှိန်အဟုန်ဖြင့် ကောင်းကင်အထက်မှာ ပျံသန်းနေကြသည်။
"ဦးလေးအားကျိုးရဲ့ ပျားအုပ်စုကြီးလား?"
ချန်ရှီ အံ့ဩသွားသည်။
"သူလည်း မရဏကမ္ဘာထဲ ရောက်နေတာလား... တောင်ပိုင်းပင်လယ်မှာ နတ်ဆိုး လုပ်နေတာ မဟုတ်ဘူးလား ဘာဖြစ်လို့ မရဏကမ္ဘာထဲမှာ ရှိနေတာလဲ"
ဒီအကြောင်းကို တွေးနေတုန်းမှာပဲ ပျားတွေ ဝိုင်းအုံလာနေတာကို တွေ့လိုက်ရလေသည်။ လူဦးခေါင်းနှင့် ပျားတစ်ကောင်က အဝေးမှ လှမ်းအော်လိုက်၏။
"တောင်ပင်လယ်ကို ကျူးကျော်ပြီး ဒုက္ခနှိုးဆော်နေတာပဲ! ငါ့သခင်မွေးထားတဲ့ ကျီးကို သတ်လိုက်တာ ဘယ်သူလဲ??"
ခဏလေး အတွင်းမှာပဲ မယ်မယ်ရှစ်ကျီရဲ့လည်ပင်းအောက်က ခန္ဓာကိုယ်ဟာ ဆယ်ပေစတုရန်းလောက်ရှိတဲ့ ဦးခေါင်းကြီးနဲ့ သုံးပေလေးပေလောက် မြင့်လာတော့သည်။ သူမက ပြုံးပြီး ပြောလိုက်သည်။
"တစ်ဆယ်လေး... မလန့်ပါနဲ့... ငါ့ရဲ့ ခွန်အားက အခု ပိုအားကောင်းလာပြီ ဒီနတ်ဆိုးတွေကို အလွယ်တကူ ဖမ်းနိုင်တယ်!"
သူမသည် လေထဲသို့ ပျံတက်သွားခဲ့သည်။ မှော်လေကို ထိန်းချုပ်ထားသည့် သူမ၏ ခြေထောက်တိုလေးသည် လေထဲတွင် ဆိုင်းငံ့ထားလျက်။
"မင်းက ဘယ်သူလဲ လကြယ်နတ်ဘုရားမ မယ်မယ်ရှစ်ကျီကို မှတ်မိလား"
သူမ စကားမဆုံးမီတွင် မရေမတွက်နိုင်သော ပျားများနှင့် အင်းဆက်ပိုးမွှားများသည် လှံများကဲ့သို့ အမြီးစွန်းများအား ချွန်ထက်သော လက်နက်အသွင် ထုတ်ကာ ၎င်းတို့၏တင်ပါးများကို ရှေ့သို့ လှည့်သွားကြသည်။
“ဝှစ် ဝှစ်!”
ရှစ်ကျီဆီသို့ အေးစက်သော အလင်းတန်းများဖြင့် မရေမတွက်နိုင်သော ပျားများ ပြေးထွက်လာသည်။ ထိုမှိတ်တုတ်မှိတ်တုတ် အလင်းတန်းများက လူ့ကမ္ဘာက မှော်စွမ်းအင်များနှင့် မတူပေ။
"မယ်မယ် သတိထား!"
ချန်ရှီက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
မယ်မယ်ရှစ်ကျီက ပြုံးပြီး :"တစ်ဆယ်လေး... သေချာကြည့်ထား! ငါ လက်တွေကို ဝှေ့ယမ်းပြီး အကုန်လုံးကို ကျောက်တုံးအဖြစ် ပြောင်းပစ်လိုက်မယ်!"
သူမက လက်တွေကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် သူမရှေ့မှာ မရေမတွက်နိုင်တဲ့ ပျားတွေနဲ့ အင်းဆက်ပိုးမွှားတွေက ကျောက်တုံးတွေအဖြစ် ပြောင်းလဲကာ ကောင်းကင်ကနေ ပြုတ်ကျပြီး နန်မင်ပင်လယ်ထဲကို ထိုးကျသွားသည်။ သို့သော် သူမကို ပစ်သတ်လာသော လှံနှင့်တူသော ချွန်းများက မရပ်သွားပေ။
"ကျစ်? မြေအောက်မှော်ပညာလား! တစ်ခုခုတော့ ရှိတယ်!"
မယ်မယ်ရှစ်ကျီက မရှောင်သွားပေ။
"ငါ့ခန္ဓာကိုယ်အစစ်က ကမ္ဘာပေါ်မှာ မယုံနိုင်လောက်အောင် အစွမ်းထက်တယ်...ဒီမှော်ပညာက ငါ့ကို လုံးဝ မထိခိုက်နိုင်ဘူး..."
“စွက် စွက်!”
အေးစက်သော အလင်းရောင်နှင့်အတူ ထောင်နှင့်ချီသော ဆူးချွန်များသည် မယ်မယ်ရှစ်ကျီရဲ့ မျက်နှာကို ချက်ချင်း ထိုးဖောက် ဝင်ရောက်သွားသည်။ သူမရဲ့ မျက်နှာ လျင်မြန်စွာ မည်းတူးလာတာ မြင်လိုက်ရသဖြင့် ချန်ရှီခမျာ ထိတ်လန့်သွားခဲ့သည်။
သူမ အဆိပ်သင့်သွားခဲ့တာ ဖြစ်မယ်။
“စွက် စွက် စွက်!”
အဆိပ်ပြင်း လှံနှင့်တူသော ဆူးများက နောက်ထပ်လှိုင်းများသဖွယ် ထွက်လာပြီး ဦးခေါင်းအောက်ရှိ ကိုယ်ထည်မှာလည်း ချွန်ထက်သော လှံများဖြင့် ပြည့်သွားသည်။
မယ်မယ်ရှစ်ကျီမှာလည်း အနည်းငယ် ထိတ်လန့်သွားသည်မှာ ထင်ရှားပါသည်။ သူမက ချက်ချင်း လှည့်ပြီး ပြေးသွားတော့သည်။ အဆက်မပြတ် အော်ဟစ်နေသည့် အသံများကို ကြားနေရပြီး အဆိပ်ပြင်းသည့် ဆူးများက သူမဆီသို့ ပျံသန်းလာသည်။ ခဏအကြာတွင်တော့ သူမ၏ ဦးခေါင်း၊ ကျောနှင့် ခြေထောက်များ အားလုံး ကိုက်ခဲကုန်၏။
ရှစ်ကျီသည် ဖြူကောင်ကြီးတစ်ကောင်ကို အဆိပ်ခတ်ခံရပြီး သူ့လက်နှင့်ခြေများ ထိန်းမရဖြစ်ကာ မှော်စွမ်းအားလည်း ထိန်းမရဖြစ်ကာ လေထဲမှ လဲကျသွားခဲ့သည်။ ချန်ရှီ သူမကို အလျင်အမြန် ကယ်တင်ခဲ့ပေမယ့် လေထဲမှာ ရှိတဲ့ ပျားဆိုးတွေနဲ့ အင်းဆက်ပိုးမွှားတွေရဲ့ တင်ပါးတွေက သူ့ကို မျက်နှာချင်းဆိုင် လာတွေ့နေကြပြီ။
“စွက် စွက်!”
အဆိပ်ရှိသော ဆူးများသည် အနက်ရောင် တိမ်တိုက်များသဖွယ် အစုလိုက်အပြုံလိုက်ဖြင့် သူ့ဆီသို့ ပစ်လွှတ်လိုက်ကြသည်။
"ငါတို့က တစ်ဖွဲ့တည်းပဲဟ! အားကျိုးက ငါ့ဦးလေး!"
ချန်ရှီ ထိတ်လန့်စွာအော်ကာ ရှောင်ပြေးသွားရင်း နက်ရှိုင်းနဂါးရွေ့ဓားကိုလည်း ခုခံပေးထားဖို့ တိုက်တွန်းခဲ့သည်။ သို့သော် ထိုအဆိပ်ပြင်းသော ဆူးများကို နက်ရှိုင်းနဂါးရွေ့ဓားကလည်း အပြည့်အဝ မကာကွယ်ထားနိုင်ပေ။
သူ့မျက်နှာကို အဆိပ်ပြင်းသော အဆိပ်အတောက်များစွာက ထိမှန်သွားခဲ့သဖြင့် သူ့မျက်နှာကို အမြန်ကာကွယ်ခဲ့သည်။ ထို့နောက် သူ့ဗိုက်ထဲက နာကျင်မှုကို ခံစားလိုက်ရလေ၏။ ချန်ရှီ ပါးစပ်က တပွက်ပွက်လုပ်ရင်း မူးဝေသွားသည်။ သူက ရုန်းကန်ပြီး အော်လိုက်သည်။
"အားကျိုးက ငါ့ဦးလေး..."
ပျားများနှင့် အင်းဆက်ပိုးမွှားများသည် ၎င်းတို့၏ အတောင်ပံများကို ခတ်ကာ သူဆီသို့ ပျံသန်းလာနေသော်လည်း သူပြောတာကို ကြားသလားတော့ မသိရပါ။
သိပ်မကြာခင်မှာပဲ ချန်ရှီ နိုးလာခဲ့သည်။ သူ့ကိုယ်သူ ကောင်းကင်မှာ ပျံသန်းနေတာကို တွေ့လိုက်ရပေမယ့် သူ့လက်တွေ ခြေတွေကိုတော့ ကြိုးနဲ့ချည်ပြီး ဇောက်ထိုး ဆွဲချထားလေသည်။
သူ့တစ်ကိုယ်လုံး ထုံကျင်နေပြီး ဦးခေါင်းကို လှည့်ဖို့ ကြိုးစားပေမယ့် ပင်လယ်ထဲမှာ ပျံဝဲနေတဲ့ ပျားအုံကို လှမ်းမြင်ရုံသာ လှည့်နိုင်၏။ သူ့ခန္ဓာကိုယ်ထဲက အဆိပ်ပြင်းတဲ့ သံချောင်းကို ဆွဲထုတ်လိုက်ပေမယ့် သူ့တစ်ကိုယ်လုံးက လေဖြတ်နေဆဲဖြစ်ပြီး သူ့ရဲ့ အခြေတည်ဝိညာဥ်ကတောင် အောက်ပိုင်း သေသွားပြီ။
သူ့ဘေးတွင် ဇောက်ထိုး ချိတ်ဆွဲထားသည့် မယ်မယ်ရှစ်ကျီကတော့ ခန္ဓာကိုယ်က သေးလွန်းပြီး ဦးခေါင်းကြီးက လွန်းသဖြင့် အတော်လေး ရယ်စရာကောင်းနေသည်။ ရှစ်ကျီ ခန္ဓာကိုယ်သည် အဆိပ်ရှိသော ဆူးပင်များ ပြည့်နှက်နေသေးသဖြင့် သူမ မနိုးသေးပါ။
"ဒီအဆိပ်ရှိတဲ့ ပျားတွေက ငါ့ကိုတော့ ကောင်းကောင်း ဆက်ဆံသားပဲ... အဲဒါက ငါ ဦးလေးအားကျိုးလို့ ခေါ်လိုက်လို့ ဖြစ်ရမယ်"
ချန်ရှီ အနည်းငယ် သက်သာရာရသွားသည်။