မိုးပျံကျောက်ကျွန်းက နဂါးဟောက်သံ
Vol. 15 Ch. 221
တစ္ဆေငယ်လေး ထွက်သွားပြီးနောက် ချန်ရှီ သူ့စိတ်ကို ငြိမ်ငြိမ်ထားရင်း မိုးမလင်းမီတွင် သူ၏ အခြေတည်ဝိညာဉ်ကို ဂရုတစိုက် ခံစားကြည့်လိုက်သည်။
အခြေတည်ဝိညာဥ် နယ်ပယ်ကို ဆေးပညာကြီး၊ အဝါရောင်အဖူး၊ မွေးကင်းစ၊ ခန္ဓာကိုယ်ပြင်ပနဲ့ မဟာအောင်မြင်မှု ဟူ၍ ဘုံအဆင့်ငါးဆင့်နဲ့ ခွဲထားသည်။ ချန်ရှီသည် ရွှေအမြုတေ နယ်ပယ်ထဲသို့ ဝင်ရောက်လာသောအခါက ခုနှစ်ချက်တုံ့ပြန်၊ ရှစ်ကြိမ်ပြောင်းလဲ၊ ကိုးကြိမ်ပြန်လာ နည်းလမ်းဖြင့် ဆက်တိုက် အသွင်ပြောင်းခဲ့သည်။
သူ့ရဲ့ အခြေခံအုတ်မြစ် အလွန်ခိုင်မာသလို ချီသွေးနဲ့ ချီစွမ်းအင်များကလည်း ပေါများပြီး သန်စွမ်းသည်။ သူသည် တခြားလူတွေလို အတားအဆီးများကို ဖြတ်ကျော်ရာမှာ အထောက်အကူ ဖြစ်စေဖို့ ပြင်ပ ရွှေအမြုတေကို ဆေးအဖြစ် သန့်စင်ထားရန် မလိုအပ်ချေ။
ထို့အပြင် သူ့ရဲ့ ကောင်းကင်တံခါးသည် ပွင့်နေပြီဖြစ်သောကြောင့် သူ့အတွက် သူ့ခန္ဓာကိုယ်ကို စွန့်ထုတ်ခြင်းကသာ သဘာဝဖြစ်စဉ် တစ်ခုလို ဖြစ်နေသည်။
ဤတစ်ကြိမ်တွင် သူသည် အခြေတည်ဝိညာဉ်အဆင့်အထိ ကျင့်ကြံခဲ့ရာ ရက်အနည်းငယ် အတွင်းတွင် ဆေးပညာကြီးနဲ့ အဝါရောင်အဖူးဘုံများကို ကျော်ဖြတ်ကာ မွေးကင်းစကလေး ဖွဲ့စည်းပုံနှင့် ခန္ဓာကိုယ်ပြင်ပ ဘုံအဆင့်များကို တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ချို့တဲ့တာက သူ့ရဲ့ အခြေတည်ဝိညာဉ်ကို ပြုစုပျိုးထောင်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ရင့်မှည့်လာစေဖို့ပဲ ဖြစ်လေသည်။ အခြေတည်ဝိညာဥ်ကို တစ်ပေအမြင့်အထိ ပြုစုပျိုးထောင်သောအခါ ၎င်းက အပြည့်အဝ ဖွံ့ဖြိုးလာပြီဟု ယူဆရပြီး မဟာအောင်မြင်မှုဘုံကို ပြေးတက်ကာ နတ်ပြောင်းလဲခြင်းနယ်ပယ်သို့ ပြေးနိုင်ပြီ။
ချန်ရှီသည် သူ၏ အခြေတည်စိတ်ဝိညာဉ်ကို လေ့ကျင့်ပြီး သန့်စင်ခဲ့သည်။
အခြေတည်ဝိညာဉ်၏ ရှုထောင့်မှ ကြည့်လျှင် အစွန်းရှစ်ပါးရွှေနန်းတော် လည်ပတ်နေချိန်တွင် အခြေတည်ဝိညာဉ်သည် ချန်ရှီ၏ ကိုယ်ခန္ဓာအတွင်းရှိ မြှီးညောင့်ရိုးမှထကာ ကောင်းကင်သုံးဆယ့်သုံးပါးဟုခေါ်သော ကောင်းကင်အလွှာ နောက်သို့ ဖြတ်သွားကာ အထက်သို့ ပျံတက်သွားသည်။
သို့သော် အခြေတည်ဝိညာဥ်ရဲ့ စွမ်းအင်နယ်မြေထဲတွင် ကောင်းကင်သုံးဆယ့်သုံးပါးသည် အမှန်တကယ် တည်ရှိပြီး တိမ်များနှင့် မြူခိုးများဖြင့် ဝန်းရံထားသော်လည်း ၎င်းတို့ထဲတွင် အညစ်အကြေးများစွာ ရှိနေသည်။
ဦးခေါင်း အနောက်ဘက်သို့ တက်လာသောအခါ ကောင်းကင်ဘုံကို ရောက်သွားသလို ခံစားရစေသည်။
အခြေတည်ဝိညာဥ်သည် သူ၏ ဦးခေါင်းထိပ်သို့ရောက်ရှိလာတဲ့အခါ ဦးခေါင်းခွံသည် တလောကောင်းကင်နဲ့ တူကြောင်း မြင်လိုက်ရသည်။ တလောကောင်းကင်တွင် နေရာအနှံ့တွင် ကြယ်များရှိပြီး နဂါးငွေ့တန်းကလည်း အလွန်ခမ်းနားလှသည်။
နဂါးငွေ့တန်း၏ အလယ်ဗဟိုတွင် ကောင်းကင်တံခါး ဖြစ်သည်။ အလွန်လျှို့ဝှက် ဆန်းကြယ်သော ကြယ်ရောင်များ ပတ်ပတ်လည် ဝိုင်းနေသည့် မုခ်ပေါက်တစ်ခုပင်။ ဒီတံခါးကို ဖြတ်ကျော်လိုက်တာနဲ့ ခန္ဓာကိုယ်ကို စွန့်ခွာသွားနိုင်ပါပြီ။
ခန္ဓာကိုယ်မှ ထွက်သွားပြီးနောက် အခြေတည် စိတ်ဝိညာဉ်၏ လှုပ်ရှားမှုသည် ကြီးမြတ်သော လည်ပတ်မှု ဖြစ်သည်။
ကောင်းကင်နှင့်မြေကြီး၏ တိုင်ရှစ်တိုင်ကြားတွင် ရပ်နေသော ရွှေတံခါးတစ်ခုရှိသည်။ ရွှေရောင် အလင်းတန်းများက တံခါးဝတွင် တဝဲလည်လည်ဖြင့် ဘောလုံးတစ်လုံးသို့ လွင့်မျောနေသည်။
အခြေတည်ဝိညာဥ်သည် ခန္ဓာကိုယ်အတွင်း ပျံ့လွင့်သွားပါက အဝါရောင်အဖူးသေးသေးလေးကဲ့သို့ ခန္ဓာကိုယ်ထဲမှ ပျံတက်လာသည်။ နှလုံး၊ အသည်း၊ သရက်ရွက်၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို မြင်တွေ့နေရပြီး ၎င်း၏ ခမ်းနားထည်ဝါမှုကို ပြသနေ၏။
ဖြစ်စဉ်မှာ ကြက်သွေးရောင်နန်းတော်(နှလုံး)ကို ဖြတ်၍ ရွှေနန်းတော်(အဆုတ်)ကို ဖြတ်သန်း၍၊ ဆယ့်နှစ်ထပ်မျှော်စင် (လည်ချောင်း)၊ ကျောက်စိမ်းရေကန် (ပါးစပ်)၊ နတ်တံတား (အာခေါင်ကို ဖြတ်ကာ)၊ ကောင်းကင်ချောက် (နှာခေါင်းပေါက်)၊ နေနှင့်လ (မျက်လုံးများ)၊ ကောင်းကင်ဝင်ရောက် (ရင်ဘတ်)၊ ပျံတက်တလောကောင်းကင် (ဦးခေါင်း)။
နတ်တံတားကို ဖြတ်ကူးတဲ့အခါ ပါးစပ်ကိုဖွင့်လိုက်ရင် ပါးစပ်ထဲက အဖြူရောင် အလင်းတွေ ထွက်လာလိမ့်မည်။ နှာခေါင်းပေါက်မှာ လေ့ကျင့်ပြီး ကောင်းကင်ရဲ့ ချောက်ထဲကို ဝင်လိုက်တာနဲ့ နှာခေါင်းကနေ "ဟမ်" နဲ့ "ဟာ" ဆိုတဲ့ အသက်ရှူသံ နှစ်ချက်ကို ရှုထုတ်နိုင်သည်။
မျက်လုံးနှစ်လုံးကို အလင်းတန်းများ အဖြစ် သန့်စင်ပြီးပါက ပေဒါဇင်နှင့်ချီသော အကွာအဝေးကို ရောက်ရှိနိုင်သော အလင်းတန်းနှစ်ခုကို ထုတ်လွှတ်နိုင်သည်။
ချန်ရှီ၏ အခြေတည်ဝိညာဉ်သည် တလောကောင်းကင်သို့ တက်သွားပြီး သူ့ခန္ဓာကိုယ်မှ ပျံထွက်လာခဲ့သည်။ သူ့မှာ အပိုခန္ဓာကိုယ် တစ်ခုရှိသလို သို့မဟုတ် သူ့ကိုယ်တိုင်မှလွဲ၍ အခြားအတ္တတစ်ခု ရှိနေသလို အလိုအလျောက် ခံစားမိလာစေသည်။
ရွှေအမြုတေတုန်းက အမြင်အာရုံ ရှိသော်လည်း အမြင်က မကြည်လင်သလို လရောင်အောက်က အရာများကို ကြည့်လိုက်တဲ့အခါ မှုန်ဝါးဝါးသာ မြင်ခဲ့ရသည်။
အခြေတည်ဝိညာဥ်ကတော့ ရှေ့နှင့်နောက်၊ အပေါ်နှင့်အောက်၊ ဘယ်ညာ မြင်နိုင်သော စက်လုံးကွင်းတစ်ခု ရှိနေသည်။ အလွန်ထူးဆန်းပြီး ညဘက်မှာတော့ အမြင်အာရုံက အလွန်ကြည်လင်နေ၏။
ပိုအံ့သြစရာကောင်းတာက သူ့ကိုယ်တွင်းအင်္ဂါတွေကိုပါ မြင်နိုင်တာပါပဲ။
အခြေတည်ဝိညာဥ်ရ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သူ့ကိုယ်တွင်း အင်္ဂါများကို ထိလိုက်သည်နှင့် သူ့အဝတ်အစား၊ အရေပြားကို အမှန်တကယ်ပင် ဖြတ်သန်းသွားခဲ့လေသည်။ သူ့အဝတ်နဲ့ အသားအရည်ကို မဖျက်စီးမိဘဲတောင် သူ့ဗိုက်ထဲက အရာအားလုံးကို ထုတ်ပစ်နိုင်ပုံရသည်။
အခြေတည်ဝိညာဥ်ဟာ ခေါင်းကိုမထိဘဲ လူတစ်ယောက်၏ ဦးနှောက်ကိုပင် ဖယ်ရှားပစ်နိုင်သည်။
"ဒီလိုထူးခြားတဲ့ အကြောင်းရင်းက အခြေတည်ဝိညာဥ်က လက်တွေ့ကမ္ဘာမှာ မရပ်တည်ဘဲ ပျက်ပြယ်သွားနိုင်တာကြောင့် ဖြစ်မယ်"
ချန်ရှီ တစ်ယောက်တည်း တွေးနေမိသည်။
ဤအချက်မှ အခြေတည်ဝိညာဉ်၊ အထူးသဖြင့် ခန္ဓာကိုယ်ပြင်ပ ဘုံအဆင့်အထိ ကျင့်ကြံထားသော လူများအတွက် အလွန်အန္တရာယ် များကြောင်းကိုလည်း တွေ့မြင်ရသည်။ လူတွေကို သတ်ရတာက လွယ်အိတ်ထဲက တစ်ခုခုကို ဆွဲယူလိုက်သလိုပါပဲ။
ချန်ရှီသည် ယခင်က အခြေတည်ဝိညာဥ် နယ်ပယ်က ကျင့်ကြံသူ အများအပြားကို ဖယ်ရှားခဲ့ပေမယ့် အခြေတည် ဝိညာဉ်နယ်ပယ်က ဒီလောက် ကြောက်စရာ ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့ပေ။
သူ တိုက်ခိုက်တုန်းက မိုးကြိုးနှင့် လေပြင်းများကို ဆွဲဆောင်ရန် သို့မဟုတ် အခြေတည်ဝိညာဥ် နယ်ပယ် သခင်များကို ဆန့်ကျင်တိုက်ခိုက်သောအခါတွင် ကိုယ်ဝန်ရှိသော တိရစ္ဆာန်များကို စုဆောင်းတာက ဘယ်လောက် မှန်ကန်ကြောင်းသာ သိရှိနားလည်လာခဲ့သည်။
အခြေတည်ဝိညာဥ် ကျင့်ကြံသူများဟာ လေ၊ မိုးခြိမ်းသံနှင့် ကိုယ်ဝန်ဆောင် တိရစ္ဆာန်များကိုသာ မထိတွေ့မိဘဲ သူတို့ အလိုရှိသလောက် တိုက်ခိုက်ခွင့် ပြုလိုက်ပါက သူ အလွန်လွယ်ကူစွာ သေဆုံးသွားမှာ သေချာပါသည်။
"ငါ အခြေတည်ဝိညာဥ် အဆင့်ကို အောင်မြင်ပြီဆိုတော့ နောက်ပိုင်း ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ တိရစ္ဆာန်တွေ မွေးတော့မယ့် တိရစ္ဆာန်တွေ၊ လေပြင်း တိုက်ခတ်တာတွေ၊ မိုးကြိုးမုန်တိုင်းတွေ၊ တခြားသူတွေရဲ့ လေနဲ့ မိုးခြိမ်းသံတွေကို သတိထားနေရတော့မယ်"
သူကိုယ်တိုင်က တခြားသူတွေကို လုပ်ကြံဖို့ဆို ကျွမ်းကျင်လွန်းလေသညိ။ အကယ်၍ သူသာ ဒီလိုအခြေအနေမှာ ပျက်ကွက်ပြီး မရဏကမ္ဘာသို့ ရောက်သွားခဲ့ပါက သူ့လက်ထဲတွင် သေဆုံးသွားသော အခြေတည်ဝိညာဥ် ကျင့်ကြံသူတွေဆီကနေ လှောင်ပြောင်တာကို ခံရပေလိမ့်မည်။
ဧကန်စင်စစ် ထိုလူများရဲ့ ဝိညာဉ်ကို သူ့အသိစိတ်ထဲက နတ်ဆိုးတွေ သတ်ဖြတ်ခဲ့ကြောင်း သူ မသိသေးချေ။
အခြေတည်ဝိညာဥ်မှာ နောက်ထပ် လုပ်နိုင်တာတွေ အများကြီးရှိပေမယ့် မိုးသောက်ပြီမို့ ဟူဖေးဖေးက မနက်စာပြင်ဖို့ ထလာတာကြောင့် ချန်ရှီလည်း ဒါကို ဆက်မတွေးနေတော့ပါ။
သူသည် ဝူဝမ့်လှံအား အမွှေးတိုင်ဖြင့် ပူဇော်ပြီး ဟေးကော်ကို ခေါ်လိုက်သည်။ ထို့နောက် လက်နက်ကို ကိုင်ဆောင်ကာ ငွေစက္ကူအချို့ကို ထုတ်ပြီး ဟူဖေးဖေးရဲ့အိတ်ကပ်ထဲသို့ ထည့်ပေးရင်း။
"ရက်နည်းနည်းလောက် ခရီးဝေးသွားလိုက်ဦးမယ်... အစ်မဖေးဖေး နန်းနန်းကို ခေါ်သွားလို့ အဆင်မပြေရင် ဦးလေးဟူနေရာကို သွားလို့ရတယ် "
ဟူဖေးဖေး နန်းနန်း၏လက်ကို ဆုပ်ကိုင်ကာ ရွာဝင်ပေါက်ဆီသို့ လှမ်းသွားနေ
"နင်ဘယ်တော့ ပြန်လာမှာလဲ"
"မသေချာသေးဘူး... မင်းတို့ ပြန်သွားတော့"
ချန်ရှီသည် ကန်းကျစ်ရွာသို့ မရောက်ရှိမီ ကန့်ညောင်နဲ့ ကျူးရှို့ချိုင် အမွှေးတိုင်ဖြင့် ပူဇော်ကာ နှုတ်ဆက်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မရဏကမ္ဘာရှိ တရားသူကြီး နဂါးမုတ်ဆိတ်စုတ်တံရဲ့ ပထဝီဝင်မြေပုံကို အဖွားရှားအား ပေးလိုက်သည်။ အဖွားရှားသည် ယင်နှင့်ယန်ကမ္ဘာ၏ မြေပုံကို နှိုင်းယှဉ်ကြည့်ရင်း သက်ရှိလောကတွင် နဂါးမုတ်ဆိတ်စုတ်တံရဲ့ အနီးစပ်ဆုံးတည်နေရာကို တွက်ချက်ခဲ့သည်။
"ဒီဟာနဲ့ သက်ဆိုင်တဲ့ တည်နေရာက မိုးပျံကျောက်ကျွန်းရဲ့ ဧရိယာထဲမှာ ဖြစ်ရမယ်..."
အဖွားရှားသည် မရဏကမ္ဘာ၏ ခရိုင်ကိုးခု ပထဝီဝင်မြေပုံကို ခွဲထုတ်ကာ မြေကြီးပေါ်တွင် ဖြန့်ချလိုက်သည်။ စာတမ်းသည် တောင်များ၊ မြစ်များ၊ ရေကန်များနှင့် မရဏပင်လယ်များသာ ကျန်ရစ်ခဲ့သည်။ သူမသည် အနောက်နွားရှင်းကျိုးရဲ့ ပထဝီဝင်မြေပုံကိုလည်း ထုတ်၍ ကုန်းတွင်းပိုင်း တည်နေရာကို ညွှန်ပြလိုက်ရာ ၎င်းနှင့် တစ်ထပ်တည်း ကျနေတာ တွေ့လိုက်ရသည်။
ထိုနေရာတွင် သမုဒ္ဒရာနှင့်တူသော ရေကန်ကြီးငါးခု ရှိနေသည်။ အဘွားရှား ညွှန်ပြနေသော ဦးတည်ချက်မှာ မိုးပျံကျောက်ကျွန်း ဟုခေါ်သော တောင်ပိုင်းရေကန်၏ တောင်ဘက်အကျဆုံး အပိုင်းဖြစ်သည်။
ချန်ရှီ ပထဝီဝင်မြေပုံကို စစ်ဆေးပြီး လမ်းကြောင်းကို ဆုံးဖြတ်ကာ အလွတ်ကျက်လိုက်သည်။
"အဘွား... ကျနော် ဒီတစ်ခါ မရဏကမ္ဘာထဲကို ဝင်ရမှာက အဘွားရဲ့အကူအညီမပါဘဲ ငါမလုပ်နိုင်လောက်ဘူး"
ဟေးကော်သည် သက်ရှိကမ္ဘာနဲ့ မရဏကမ္ဘာကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်သော်လည်း ချန်ရှီကို သူနှင့်အတူ ခေါ်ဆောင်သွားချင်ပါက ခန္ဓာကိုယ်ကို သက်ရှိကမ္ဘာထဲတွင် ထားခဲ့ရမည်။
အဖွားရှားသည် တစ်ချိန်က အစီအရင် တစ်ခုပြုလုပ်ပြီး ချန်ယင်တူးကို ရှာဖွေခဲ့ဖူးသည်။ သူမ၏အစစ်အမှန်ပုံစံကို နတ်တစ္ဆေပုံစံ ပြောင်းကာ ချင်းယန်နဲ့ ဟူရှောင်လျောင်ကိုပါ ကို ခေါ်ဆောင်သွားခဲ့သည်။ နောက်ပိုင်းတွင် ၎င်းတို့ အန္တရာယ်ရှိလာသဖြင့် ဟေးကော်မှ ကယ်တင်နိုင်ခဲ့သည်။ ထိုအချိန်တွင် ချန်ရှီလည်း ထိုနေရာမှာ ရှိနေခဲ့တာကြောင့် ထိုအကြောင်းကို သိခဲ့သည်။
ဝိညာဥ်ရေး လမ်းကြောင်းကို သုံးတာနဲ့ပတ်သက်လာရင် အဘွားရှားက တခြားသူကို အပြစ်တင်ရဲတဲ့သူ ဖြစ်နေတုန်းပါပဲ။
အဘွားရှားက ရှက်ရွံ့စွာဖြင့် :"တစ်ဆယ်လေး ရိုးရိုးသားသားပြောရရင် ငါဒီရက်တွေ ခက်ခဲတဲ့ အခြေအနေမှာ ရောက်နေတာ ငါ စီးပွားရေး မလုပ်တာ ကြာပြီလေ... ဆိုင်မဖွင့်နိုင်လို့ အကြွေးတွေ အများကြီး ဆပ်နေရတယ် အေးအေးဆေးဆေးနဲ့ ဘဝကို ရက်နည်းနည်းလောက် ဖြတ်သန်းရင်း အကြွေးတွေ ဆပ်ဖို့ ပိုက်ဆံရှာဖို့ စီစဉ်နေတာ..."
သူမတွင် ကိုယ်ပိုင်အသက် ရှိသော်လည်း ချန်ယင်တူးက သူမအား အလုပ် အပ်ထားသောကြောင့် ချန်ရှီရဲ့ လုံခြုံရေးကို ကာကွယ်ရမည် ဖြစ်ပါသည်။ ချန်ရှီ လှည့်ပတ်ပြေးတိုင်း သူမသည် သူ့နောက်မှလိုက်ကာ သူမ၏စုဆောင်းငွေ အားလုံးကို သုံးစွဲခဲ့ရသည်။
ချန်ရှီ ပြုံးပြီး :"ဘယ်လောက်လိုလဲ ကျနော် ပေးမယ်... ကျနော်တို့အားလုံး ကောင်းကင်နန်းတော်ကပဲကို... အဘွား ပိုက်ဆံလိုရင် ကျွန်တော့်ဆီက ထုတ်ယူလိုက်ပေါ့"
သူက ငွေတစ်ထောင်ကို ထုတ်ကာ မေးလိုက်သည်။
“လောက်လား”
အဘွားရှားကလည်း ပြုံးပြီး ထပ်ခါတလဲလဲ ခေါင်းညိတ်လေသည်။
"ဒီလောက်ဆို လုံလောက်ပါပြီ ... ငါ့တစ်သက်မှာ ပိုက်ဆံအများကြီး မတွေ့ဖူးဘူး "
သူမ ပြောခဲ့တာတွေက အမှန်တွေပါပဲ။
ကျင့်ကြံတယ်ဆိုတာ အရင်းမရှိသော ငွေတွင်းတစ်ခု ဖြစ်သည်။ နေ့စဉ် အလေ့အကျင့်၊ အဂ္ဂိရတ်ဆေး ဝယ်ခြင်း၊ နတ်သားရဲ အသားဝယ်ခြင်းနှင့် ရတနာများကို သန့်စင်ဖို့အတွက် ပစ္စည်းများ ဝယ်ယူခြင်း အားလုံးအတွက် ငွေလိုအပ်သည်။ မြင့်မားတဲ့ ကျင့်ကြံမှု အဆင့်သို့ရောက်ရန် လူတစ်ဦးသည် တောင်တစ်လုံးကိုတောင် ဝယ်နိုင်တဲ့ ကြွယ်ဝမှုတစ်ခုကို တည်ဆောက်ထားရန် လိုအပ်သည်။
သာမာန် ကျင့်ကြံသူတစ်ဦးအတွက် ငွေတစ်ရာ သို့မဟုတ် ဤမျှလောက် များပါက ချမ်းသာပြီဟု ယူဆနိုင်ပါသည်။
ရှေးခေတ်ကတည်းက အာဏာနဲ့ ငွေဟာ ခွဲလို့မရတဲ့ အရာတွေ ဖြစ်လေသည်။ ကျင့်ကြံသူတစ်ယောက် နယ်ပယ် တိုးတက်မှုကို လိုလားပါက နောက်တစ်ဆင့်သို့ ကျင့်ကြံရန် အရင်းအမြစ်များ ရှိရာ ဂိုဏ်း၊ အစိုးရ သို့မဟုတ် ချမ်းသာသော မိသားစုသို့ ဝင်ရောက်ထားရလိမ့်မည်။
သို့မဟုတ် သူတို့သည် တပည့်များစွာကို စုဆောင်းကာ ထိုက်ဖျင်ဂိုဏ်း သို့မဟုတ် လူပန်ဂိုဏ်းကဲ့သို့သော ဂိုဏ်းများကို တည်ထောင်ကာ တောင်ထိပ်ကို သိမ်းပိုက်ကာ ၎င်းတို့၏ တပည့်များကို ဂုဏ်ယူစေနိုင်သည်။
သို့မဟုတ် ၎င်းတို့သည် ယန်းကျစ်လမ်းကြား၊ ပျော်ရွှင်သစ်တောလို စီးပွားရေး လုပ်ငန်းများကို လုပ်ဆောင်ရန် ၎င်းတို့၏ စွမ်းရည်များကို အားကိုးနိုင်သည်။
အကယ်၍ ထိုနည်းလမ်းများ မရရှိနိုင်ပါက သတ်ဖြတ်၊ လုယက်၊ မီးရှို့၊ လုယက်မည့်သူများ ရှိပါသေးသည်။ ဒါတွေကိုတော့ တော်ဝင်တရားရုံးက ခွင့်မပြုထားချေ။ အကယ်၍ သင်သည် ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်ပါက မကြာခင် အစိုးရဆီက ဖမ်းဆီးခံရပြီး ဝိညာဥ်တစ်သောင်းအလံဆီက ဧည့်သည် ဖြစ်လာလိမ့်မည်။
အဘွားရှားလို ကျင့်ကြံသူတွေကတော့ တရားဥပဒေကို လိုက်နာကြသဖြင့် ငွေရှာရန် နည်းလမ်း သိပ်မရှိပါ။ သူတို့ဟာ သူတို့ကိုယ်သူတို့ ကျွေးမွေးဖို့ မလုံလောက်တဲ့ ဝင်ငွေနည်းနည်းလေးရအောက် နေ့စဉ်နေ့တိုင်း ဝိညာဉ်တွေကို ဖိတ်ခေါ်ပြီး မေးခွန်းတွေမေးတာကိုပဲ အားကိုးရသည်။
"အကြွေးဆပ်ပြီးရင် အများကြီး ကျန်ဦးမှာပဲ..."
အဘွားရှားသည် ချန်ရှီကိုကြည့်ကာ သူ့သားအကြီးဆုံးကို တွေ့နေရသလို ခံစားမိသွားသည်။ သူမ အရမ်းကျေနပ်သွားပြီး ပြောလိုက်သည်။
"အဖွားအခု အပြင်ထွက်တဲ့အချိန်ကျရင် ဆင်းရဲသား ချင်းယန်လိုမျိုး မဖြစ်တော့ဘူး... မင်းဦးလေး ချင်းယန်က ဝယ်စားဖို့ ပိုက်ဆံမရှိဘူး၊ အဲဒါကြောင့် ဗိုက်ပြည့်အောင် မြက်ပဲ စားနေရတာ... အဖွားကတော့ ဗိုက်ဆာရင် ရေအေးပဲ သောက်နိုင်ခဲ့တယ်"
ချန်ရှီ သူမကို လှည်းထဲထိုင်နိုင်အောင် ကူညီပေးလိုက်သည်။
"အဖွားက သရဲငါးကောင် မွေးထားတာ မဟုတ်ဘူးလား... ဘာလို့ စည်းစိမ်တွေ ယူခွင့်မပေးတာလဲ"
အဘွားရှား လှည်းပေါ်ထိုင်လိုက်စဥ် ချန်ရှီက အစိမ်းရောင်ဖျာပျော့ကို ခင်းထားတာ တွေ့လိုက်ရသည်။ သူမအတွက် အထူးပြင်ဆင်ထားတာ သိသာသလို အလွန်ငဲ့ညှာတာကြောင့် သဘောကျစွာ ပြုံးလိုက်သည်။
"အဘွားက တာအိုဘာသာကို ကျင့်နေတာလေ... ကျင့်သုံးတာက တာအိုဘာသာနဲ့ သီလပဲ ကောင်းကင်ဘုံရဲ့ အခြေခံ သဘောတရားနဲ့ ဆန့်ကျင်တဲ့ တစ်ခုခုကို ဘယ်လိုလုပ် လုပ်လို့ ဖြစ်ပါ့မလဲ"
ချန်ရှီ လှည်းပေါ်မှာ ထိုင်လိုက်တော့ ဟေးကော်က အရှေ့က လမ်းကို ဦးဆောင်လေသည်။ သစ်သားလှည်းက တောင်ပိုင်း ရေကန်ဆီသို့ တရွေ့ရွေ့ဖြင့် စတင် ခရီးနှင်လာခဲ့သည်။
ဤသစ်သားလှည်း အရှိန်သည် အမြင့်ဆုံးသို့ရောက်သောအခါ ဘီးများအောက်မှ လေသည် ရုတ်တရက် ကြွတက်လာပြီး ဘီးများက မြေနှင့်မထိတော့ပေ။ ၎င်းက လေထဲမှာ မောင်းနှင်နေသလိုမျိုး ဘာအဖုအထစ်ကိုမှ မခံစားရ။
အဘွားရှားလည်း အံ့သြသွားပြီး အောက်ကိုငုံ့ကြည့်ကာ မေးလိုက်သည်။
"တစ်ဆယ်လေး ဒီလှည်းမှာ မင်းသုံးထားတဲ့ အဆောင်လက်ဖွဲ့က ဘယ်လို အမျိုးအစားလဲ?"
"သံချပ်ကာမြင်း အဆောင်လက်ဖွဲ့နဲ့ နတ်ရွေ့လျားအဆောင်လက်ဖွဲ့လေ... ခရီးက အရမ်းရှည်မှာကို စိုးရိမ်လို့ ဟေးကော်ရဲ့သွေးကို ခြေရာခံဖို့ သုံးလိုက်တာ..."
အဘွားရှားလည်း သူ့ရှေ့က ခွေးကို လှမ်းကြည့်ရင်း မျက်လုံးအရောင်တွေ တဖျပ်ဖျပ် တောက်သွားသည်။
"ဒီခွေးက ပိုပိုပြီး အစွမ်းထက်လာတာပဲ...အဘွားကိုရော ခွေးနက်သွေးကို ပေးပါလား ယဇ်ပလ္လင်တည်ဖို့ သူ့သွေးကို သုံးလိုက်ရင် ဘယ်လောက် အစွမ်းထက်မလဲ ဆိုတာလည်း စမ်းကြည့်ချင်တယ်"
"ဘယ်လောက်လိုလဲ?"
"အများကြီး မဟုတ်ပါဘူး တစ်ပုံးစာပဲ"
ဟေးကော်သည် သူ့အသက်ကို ကာကွယ်ဖို့အတွက် မကြာမီမှာပဲ ပျောက်ကွယ်သွားခဲ့သည်။ ညနေစောင်းတဲ့အထိ ဟေးကော်သည် အဝေးမှသာ ရပ်ကာ သူတို့ကို မော့ကြည့်နေပြီး မချဉ်းကပ်ဝံ့ပေ။
အဘွားရှား: "ခွေးက ထမင်းချက်ဖို့တောင် မလာတော့ဘူး"
သူတို့သည် ဟန်ကုံးတောင်ခြေရင်းက လင်ထိုင်မြို့၌ အခြေချခဲ့ကြသည်။ ချန်ရှီ မြို့ကိုသွားပြီး ခွေးကို ဆုချဖို့အတွက် နတ်သားရဲအသား ဆယ်ကျင်ကျော်ကို ဝယ်ခဲ့မှသာ ဟေးကော်က ချဉ်းကပ်ဝံ့လေသည်။
မကြာသေးမီကစ၍ ဟေးကော်ရဲ့ အစာစားချင်စိတ်သည်လည်း တိုးလာခဲ့သည်။ သူက အများကြီးစားပြီး မြန်မြန်လည်း စားသည်။ ချန်ရှီ ခွေးနက်သွေး ပန်းကန်သေးသေးလေးကို ယူပြီး အဘွားရှားကို ပေးရင်း ပြောလိုက်သည်။
"ခွေးနက်က ကြီးထွားနေတုန်းပဲ... ကျနော်တို့ သွေးအများကြီး ထုတ်လို့မဖြစ်ဘူး မဟုတ်ရင် ကြီးထွားနေတာ ရပ်သွားလိမ့်မယ်..."
အဘွားရှားက ဟိုကြည့်ဒီကြည့်နဲ့ ခွေး ခြေသလုံးက အတော်လေး သန်မာနေတာကို တွေ့လိုက်ရရာ သူမလည်း အံ့သြသွားပြီး။
"ဒါတောင် အရမ်းကြီးနေပြီလေ...သူက ကြီးထွားနေသေးတာလား"
ချန်ရှီ: "အခုမှ သုံးနှစ်ပဲ ရှိသေးတယ်... နှစ်သစ်ကူးပြီးရင် လေးနှစ်ပဲ ရှိသေးတာ ဆိုတော့ သူ့မှာ ကြီးပြင်းဖို့ ရက်တွေ အများကြီး ကျန်သေးတယ်"
အဖွားရှားသည် ယဇ်ပလ္လင်ပေါ်ရှိ အစီအရင် စာလုံးများကို ထပ်ဆင့်ခြေရာခံ ကူးယူရန် သရဲဘုရင်ကို ဆင့်ခေါ်ခဲ့လိုက်သည်။ တစ်ဖက်မှာတော့ ချန်ရှီသည် လင်ထိုက်မြို့ရဲ့ ကန့်ညောင်ကို ကြည့်နေ၏။ ဤမြို့၏ ကန့်ညောင်သည် ဆိတ်ခေါင်းနှင့် လူ့ခန္ဓာကိုယ် ဖြစ်ကာ တာအိုဝတ်လုံကို ၀တ်ထားသည်။ မတ်တပ်ရပ်လိုက်တဲ့အခါ အရပ် ၁၇၀ သို့မဟုတ် ၁၈၀ လောက်ရှိပြီး အင်မတန် ကြံ့ခိုင်၏။
လရောင်ကို မကြာခဏ ထိတွေ့ရတာကြောင့် နတ်ဆိုးစိတ်များက တဖြည်းဖြည်း ဝင်ရောက်လာရာ သူ့စိတ်ထဲမှာ ပိုပြင်းထန်တဲ့ နတ်ဆိုးတွေ ရှိနေ၏။ နှစ်အနည်းငယ်ကြာရင် တစ္ဆေအဖြစ် ပြောင်းသွားမှာကိုတောင် ကြောက်ရသည်။
ချန်ရှီနဲ့တွေ့တဲ့ အခါမှာတော့ ချန်ရှီက သူ့ကိုယ်ပိုင် ဘုံကျောင်းငယ်လေးထဲမှာ ထည့်ထားပြီး လေ့ကျင့်နိုင်အောင် ကူညီပေးခဲ့သည်။
ဆိတ်ခေါင်းလူကိုယ်နဲ့ ကန့်ညောင်မှာ ကြောက်လန့်သွားသော်လည်း နတ်ကွန်းပေါ် ထိုင်မိသောအခါတွင် ကောင်းကင်နှင့်မြေကြီး၏ ယန်စွမ်းအင်များ တဟုန်ထိုး တိုးဝင်လာကာ ခန္ဓာကိုယ်အတွင်းရှိ မကောင်းသော စွမ်းအင်များကို ပြန်လည် သန့်စင်ပေးနေတာ ခံစားလိုက်ရသည်။ သူ့စိတ်နှလုံး ကြည်လင်လာတာ ခံစားခဲ့ရသည်။
၎င်းရဲ့ အကူအညီကြောင့် ချန်ရှီရဲ့ ကျင့်ကြံမှု အရှိန်သည်လည်း များစွာတိုးတက်လာခဲ့သည်။
လင်ထိုင်မြို့ကို ကာကွယ်ရန် ကန့်ညောင် မရှိသေးသော်လည်း နတ်ဆိုးများဆီက ကျူးကျော်ခံရမှာကို စိုးရိမ်စရာ မလိုတော့ချေ။ နတ်ဆိုးတစ်ကောင်သည် ဤနေရာသို့ ချဉ်းကပ်သည့်အခါတိုင်း မြို့ထဲသို့ မဝင်မီတွင် အနက်ရောင်အရိပ်တစ်ခုက ရုတ်တရက် ပြုတ်ကျကာ အမှောင်ထောင့်တစ်ခုသို့ ဆွဲငင်စားသောက်သွားမည် ဖြစ်သည်။
အဖွားရှား ဘေးနားရှိ တစ္ဆေဘုရင်ငါးပါးလည်း ရပ်ပြီး မုန့်တစ်လုံးကို လိုချင်သော်လည်း ခွေးလောက် မမြန်ကြပေ။
"ဒီခွေးက တကယ်ကြီးထွားလာပုံပဲ"
အဘွားရှားက ပြုံးပြုံးလေးနဲ့ ပြောလေ၏။
ချန်ရှီရဲ့ ယခုအကြိမ် လေ့ကျင့်မှုသည် အဓိကအားဖြင့် သူအရှေ့မှာ ကျင့်ကြံဖို့ မလှမ်းနိုင်ခဲ့သော ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည့် ကျောရိုးအလွှာ သုံးဆယ့်သုံးလွှာရှိ အညစ်အကြေးများ၊ ယခင်က မသန့်စင်နိုင်သော အရာများကဲ့သို့သော အညစ်အကြေးများကို သန့်စင်ရန် ဖြစ်သည်။ သူသည် အညစ်အကြေးများကို တဖြည်းဖြည်းချင်း သန့်စင်ရန် သူ့အခြေတည်ဝိညာဉ်ကို စုစည်းထားဖို့ လိုအပ်သည်။
ဒါမှ အလွှာသုံးဆယ့်သုံးလွှာဟာ ကြည်လင်လာပြီး ရုပ်ခန္ဓာရဲ့ သက်တမ်းကိုလည်း တိုးမြင့်လာစေမှာ ဖြစ်သည်။
အဘွားရှားကတော့ ဝိညာဉ်ရေးဆိုင်ရာ လေ့ကျင့်မှုတွင် အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ ချန်ရှီမှာ မေးခွန်းတွေရှိတိုင်း သူမကို မေးလိမ့်မည်။ အဘွားရှားကလည်း မေးခွန်းအားလုံးကို ဖြေပြီး ဝိညာဥ်အလေ့အကျင့်ထဲက သူ၏ ပြဿနာများစွာကို ဖြေရှင်းပေးခဲ့သည်။
သို့ရာတွင် အခြေတည်ဝိညာဥ် နယ်ပယ်သည် ရှုထောင့်များစွာ ပါရှိသော နယ်ပယ် ဖြစ်သည်။ ချန်ရှီဆီမှာ အဘွားရှား နားမလည်သော မေးခွန်းအချို့လည်း ရှိသောကြောင့် ချန်ရှီမှာ ရွေးချယ်စရာမရှိ မယ်မယ်ရှစ်ကျီကိုသာ မေးရတော့သည်။
မယ်မယ်ရှစ်ကျီက ပညာရှင်ကြီး တစ်ဦးလည်းဖြစ်သည်။ သူမရဲ့ လမ်းညွှန်မှုအောက်တွင် ချန်ရှီရဲ့ ကျင့်ကြံသူမှုသည် ခုန်ပျံကျော်လွှားကာ တိုးတက်လာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက်တွင် သူတို့ နောက်ဆုံးတွင်တော့ မိုးပျံကျောက်ကျွန်းသို့ ရောက်ရှိခဲ့ကြသည်။
မိုးပျံကျောက်ကျွန်းသည် တောင်ပိုင်းရေကန်နှင့် နီးကပ်ပြီး ရေကန်ထဲတွင် ဆိုင်းငံ့ထားသော ကျွန်းတစ်ခုဖြစ်ကြောင်း နာမည်ကြီးသည်။
ချန်ရှီ အဝေးမှ လှမ်းကြည့်လိုက်ရာ ကောင်းကင်တွင် လွင့်မျောနေသော ကျွန်းကြီးတစ်ကျွန်းကို တွေ့လိုက်ရသည်။ အနှီကျွန်းသည် အလွန်ထူထပ်သော သံကြိုးများဖြင့် မြေကြီးနဲ့ တောင်ပိုင်းရေကန်ကို ချိတ်ဆက်ထားတာ တွေ့လိုက်ရသည်။ ထိုကြိုးများပေါ်တွင် ရေညှိများ၊ ချုံပုတ်များဖြင့် ဖုံးအုပ်ထားသော ကျောက်တုံးကြီးများလည်း ရှိသည်။
ရေကန်အတွင်း နက်ရှိုင်းသော သံကြိုးများကို မမြင်နိုင်သော်လည်း မြေပေါ်တွင် ချည်ထားသော သံကြိုးများကိုတော့ မြင်နိုင်သည်။
ချန်ရှီလည်း သံကြိုးကို ဖြတ်သွားသော နေရာကို အနီးကပ် ကြည့်ရှုရန် သစ်သားလှည်းပေါ်မှ ဆင်းလာခဲ့သည်။ သံကြိုးက မြေပြင်ပေါ် တည့်တည့် ထိုးစိုက်ထားကာ ဘယ်လောက် နက်သလဲ မသိနိုင်ပေ။ သံကြိုးပေါ်ရှိ အလွန်ရှေးကျသော တန်ခိုးကိုတော့ သူ ခံစားနိုင်သည်။
"ဒီမိုးပျံကျောက်ကျွန်းက ရှေးခေတ်က အကြွင်းအကျန်တစ်ခုလေ... အဘွားတို့က ဒါကို အကြွင်းအကျန်လို့ ခေါ်တယ်...အကြွင်းအကျန်တွေက ဘုရင်ကျန်းထက်တောင် အသက်ကြီးနိုင်တယ်... မိန်းမစိုး စန်းပေါင် အနောက်နွားရှင်းကျိုးကို မဆင်းခင်ကတည်းက ရှိခဲ့တာ... မင်းအဘိုးနဲ့ ငါ ဒီကို တစ်ခေါက်လောက်လာပြီး စူးစမ်းလေ့လာကြည့်တယ်... တန်ဖိုးမရှိ ပြန့်ကျဲနေတဲ့ ရှေးဟောင်းပစ္စည်းတချို့ပဲ တွေ့ခဲ့တာ"
ချန်ရှီ သစ်သားလှည်းပေါ်သို့ ပြန်တက်ကာ ကြိုးတန်းတစ်လျှောက် အပေါ်ကို မျှော်ကြည့်သည်။ သူသည် သဘာဝ၏ အံ့သြဖွယ်ကောင်းမှုများကို အံ့ဩစွာ ရှုစားရင်း ရေကန်အတွင်းရှိ ကြီးမားသော ဆိုင်းငံ့ထားသော ကျွန်းဆီသို့ ရောက်လာသည်။
"ဘုရင်ကျန်းခေတ် မတိုင်ခင်က အနောက်နွားရှင်းကျိုးမှာ ယဥ်ကျေးမှုတွေ ထွန်းကားလို့လား?"
ချန်ရှီ မေးလိုက်သည်။
"တစ်ဆယ်လေး ငါတို့ဘုရင်ကျန်းရဲ့ ခေတ်ကိုတောင် နားမလည်သေးဘူးလေ... အတိတ်ကိုဘာလို့စိုးရိမ်ရမှာလဲ ဒါပေမဲ့ မင်းအဘိုးနဲ့ငါက ရှေးခေတ်က အကြွင်းအကျန်တွေ အများကြီး တွေ့ခဲ့ပါတယ် အကြွင်းအကျန်တချို့က အံ့သြစရာကောင်းပြီး မယုံနိုင်နိုင်တဲ့ စွမ်းအားတွေတောင် ပါနေတယ်!"
သူမ ဒီလိုပြောတဲ့အခါ သူမရဲ့မျက်နှာက အနည်းငယ် တည်တည်ငြိမ်ငြိမ် ဖြစ်သွားခဲ့သည်။
"စန့်ရန်ထဲက ဖုန့်ဖေးဟွားရဲ့ ရွှေအပ်တစ်ချောင်းကလည်း ရှေးခေတ်ရဲ့ အကြွင်းအကျန်တစ်ခုပဲ...ဆရာတော်ဝါးခါးရဲ့ ရွှေရောင်ကိုယ်ထည်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဖြစ်ပေမဲ့ ဒီရွှေအပ်ကြောင့် ကျိုးသွားခဲ့ဖူးတယ်"
ချန်ရှီ စိတ်အေးလက်အေးဖြင့် တွေးတောရင်း ထပ်မေးလိုက်၏။
"ဘုရင်ကျန်းခေတ် မတိုင်ခင်က ယဉ်ကျေးမှုက ဘယ်လိုမျိုးလဲ ဒီလိုအစွမ်းထက်တဲ့ အကြွင်းအကျန်တွေကိုတောင် ချန်ထားခဲ့နိုင်တယ်... အဲဒါကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုကလည်း ထူးထူးခြားခြား ရှိလိမ့်မယ်... ဒါပေမယ့် အဲဒီအကြွင်းအကျန်တွေပဲ ကျန်ခဲ့ပြီး တခြား ရှေးဟောင်းယဉ်ကျေးမှုက ဘာလို့ ပျောက်ကွယ်သွားရတာလဲ"
အဘွားရှားသည် အးသက်ရှိကမ္ဘာရှိ တရားသူကြီး၏ နဂါးမုတ်ဆိတ်စုတ်တံ တည်နေရာ အတိအကျကို ဆုံးဖြတ်ရန် ရည်ရွယ်၍ အနောက်နွားရှင်းကျိုးရဲ့ ပထဝီဝင်မြေပုံကို ဖွင့်လိုက်သည်။ ထိုစဥ် ရုတ်တရက် ရေကန်ထဲမှ အလွန်ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာ၏။
ထိတ်လန့်တုန်လှုပ်ဖွယ် အသံကြီးက ရေမျက်နှာပြင်ပေါ် လှိုင်းလုံးများ ဖြစ်ပေါ်လာစေကာ ရေမျက်နှာပြင်က အဆက်မပြတ် တုန်ခါသွားသည်။ ထိုအသံသည် နဂါး၏ ဟောက်သံကဲ့သို့ လေးလံပြီး လေထုတစ်ခုလုံးထဲ ထိုးဖောက်ဝင်ရောက်ကာ နှလုံးကိုတောင် တုန်လှုပ်သွားစေသည်။
ချန်ရှီ စိတ်ရှုပ်ထွေးကာ ရေကန်ဆီသို့ လှမ်းကြည့်လိုက်သော်လည်း အိုင်ထဲတွင် အတောင်ပံခတ်ကာ ကြောက်လန့်တကြား ပျံဝဲနေသော ငှက်များစွာကိုသာ တွေ့လိုက်ရသည်။
သူ့နောက်တွင် ကျုံ့နေသော ဝူဝမ့်လှံသည် ရုတ်တရက် တုန်ခါသွားကာ ၎င်း၏ဝိညာဉ်သည် အချိန်မရွေး ပျံထွက်သွားနိုင်သကဲ့သို့ အနည်းငယ် စိုးရိမ်နေပုံရသည်။
"အဖွားရှား... မရဏကမ္ဘာက အရာတွေက သက်ရှိလောကဆီ လွတ်မြောက်လာနိုင်လား"
ချန်ရှီ ဝူဝမ့်လှံကို ကိုင်လိုက်ပြီး။
"ဒီတရားသူကြီးရဲ့ နဂါးမုတ်ဆိတ်စုတ်တံက ဝူဝမ့်မြို့လို သက်ရှိကမ္ဘာမှာ ပေါ်လာတတ်လား"
အဘွားရှားက ပတ်ပတ်လည်ကို လှမ်းကြည့်ကာ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
"ဒုက္ခပဲ! မင်းရဲ့ ဦးလေးအားကျိုးလည်း အနီးနားမှာ ရှိနေတယ်!"