လျှို့ဝှက်အစီအစဉ်
Vol. 90 Ch. 1254
သူမ လက်ထဲမှစွမ်းအားကိုမြင်သောအခါ အားလုံး မျက်လုံး အရောင် တောက်သွားကြလေသည်။
“ဒါ အောင်မြင်သွားတာလား”
ရှီမာယူယူ ခေါင်းညိတ်ပြီး မည်သူမှမရှိသည့်နေရာတစ်ခုသို့ ဝိညာဉ် စွမ်းအင်ပစ်လိုက်ရာ မြေပြင်သည် ပေါက်ကွဲပြီး အပေါက်ကျန်ခဲ့လေသည်။
“အမှောင်အရည်အချင်းမရှိဘဲ ဝိညာဉ်စွမ်းအင်ပဲ သုံးမယ်ဆိုရင် စွမ်းအား က မသန်မာဘူး” သူမသည် မကျေနပ်စွာပြောလိုက်သည်။
“မိုယွိက အမှောင်အရည်အချင်းသင်ပေးမယ်လို့ မပြောဘူးလား ဒါဆိုရင် သူ့ကိုပဲ ပိုသင်ခိုင်းလိုက်လေ” ဟိန်းသံလေးသည် အိပ်မက်လေး၏ ရင်ခွင်ထဲမှ သတိပေးလေသည်။
“အချိန်ရောက်လာမှ ကြည့်ကြတာပေါ့” ရှီမာယူယူ ဆက်ပြောလေသည် “ဒါပေမဲ့ အခု ငါပျံလို့ရပြီထင်တယ်”
သူမ ကြိုးစားကြည့်ရာ အမှန်တကယ်ပင် ပျံနိုင်လေသည်။ လေထဲတွင် ပျံသန်းပြီးနောက် သူမ မြေပေါ်သို့ပြန်လာပြီး လက်ချောင်းများကို ချိုးရင်းနှင့် ပြောလိုက်သည် “ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်ရှိတာ အများကြီးခံစားလို့ ကောင်းတယ်”
“ဒါပေါ့ မဟုတ်ရင် ဘာလို့လူတိုင်းက ကျင့်ကြံချင်နေမှာလဲ” ရှောင်ချီ ပြောလိုက်သည်။
“ကောင်းပြီ ငါအရင်သွားနှင့်မယ် မိုယွိလာရင် ငါ အမှောင်အရည်အချင်း သင်လို့ရအောင်လို့”
သူမ အပြင်ထွက်သွားပြီး အမှောင်ဝိညာဉ်စွမ်းအင်ကို စတင်လေ့ကျင့် တော့သည်။
ဝိညာဉ်စေတီတွင် ရောင်ဝါထူထပ်သဖြင့် သူမ တမင်လွှတ်သည် သို့မဟုတ် ဝိညာဉ်စွမ်းအင်ကိုအသုံးမပြုပါက တခြားသူများသည် သူမရောင်ဝါ ကို မခံစားနိုင်ဘဲ သူမတွင် အမှောင်စွမ်းအင်ရှိသည်ကို သိမည်မဟုတ်ပေ။
ဘေဂုံထန်နှင့် ဝူရန်ဖေတို့သည် တစ်နေကုန် ဆေးများသန့်စင်ကြသည်။ သူတို့နှစ်ယောက်လုံး၏ ဆေးသန့်စင်ခြင်း အောင်မြင်မှုမှာ မြင့်မားသည်။ ထို့ကြောင့် တစ်ရက်အတွင်းမှာပင် ဆေးရာချီ ထုတ်လုပ်နိုင်လေသည်။
ညနေပိုင်းတွင် ဟော်ချန်းဒုန်သည် ဆေးများကို လူလွှတ်ပြီးယူခိုင်းလိုက် သည်။ တစ်ချိန်တည်းမှာပင် ရှီမာယူယူ ပေးလိုက်သော သတင်းကိုဖြန့်ပြီး ကြောင်း အကြောင်းကြားလေသည်။
လက်နက်သခင်များအသင်းနှင့် အဆက်အစပ်ရှိသော တချို့အင်အားစု များသည် နှစ်ရက်ကြာပြီးနောက်တွင် စတင်ထွက်ခွာကြသည်။ ရင်းနှီးသော လူများသာ အကူအညီလိုအပ်လို လိုအပ်ငြားနေခဲ့လေသည်။
လက်နက်သခင်များအသင်းသည် သူတို့ကိုမတားပေ။ လက်ရှိ အခြေအနေသည် ပိုထူးခြားသည်။ လက်နက်မြို့တွင် ရှုပ်နေကာ လူများ စိတ်များရောထွေးနေသဖြင့် မရင်းနှီးသောလူများကို ထွက်ခွာစေခြင်းက ဖိအား လျော့စေသည်။
ရှီမာယူယူသည်လည်း ထွက်သွားချင်သည်။ သို့သော် ပညာရှိစံအိမ်တော် နှင့် ဝူမျိုးနွယ်တို့က ထွက်မသွားကြသေးကာ အသင်းသည် အလုပ်များလျက်ရှိ သည်ဟု ရှောင်ဟုန်ပြောလာသည်။ သူမ အခုချိန်ထွက်သွားပါက သူမ လုံခြုံမှု ကို အာမ,မခံနိုင်ပေ။ အချိန်ကြအောင်နေပြီးမှ ထွက်သွားရန် သူမကိုတောင်းဆို လာခဲ့သည်။
ပြီးနောက် ဝူရန်ဖေနှင့် ဘေဂုံထန်တို့ကို ဆေးသန့်စင်ရာတွင် ဆက်လက် ကူညီရန် တောင်းဆိုခဲ့သည်။
ရှီမာယူယူသည် အားလုံးနှင့်တိုင်ပင်လိုက်ရာ အခုထွက်သွားလျှင် အန္တရာယ်များကြောင်း ခံစားမိသဖြင့် ရှောင်ဟုန်၏ စကားကို သဘောတူလိုက် ကြသည်။ သူတို့သည် ရက်အနည်းငယ်နေပြီးမှပင် ထွက်သွားကြမည်။
အားလုံးသဘောတူလိုက်ကြသည်ကို မြင်သောအခါ သူမ ခေါင်းမမာ တော့ဘဲ အလုပ်ပြီးမှ ထွက်သွားရန် သဘောတူလိုက်သည်။
မိုယွိလာချိန်တွင် သူမ၏ အစီအစဉ်များကို ပြောပြလိုက်သည်။ သူသည် အစပိုင်းတွင် ကျွင်းမျိုးနွယ်နှင့်အတူ ထွက်သွားရန်ဖြစ်သည်။ သို့သော် သူသည် ချက်ချင်းပင် တစ်ယောက်တည်းနေခဲ့မည်ဟု ကျွင်းမျိုးနွယ်ဝင်များကို သတင်း ပေးလိုက်သည်။
သူ ဆုံးဖြတ်ချက်ချရာတွင် တွေဝေခြင်းမရှိသဖြင့် ခန့်မှန်းထားမိပြီးသား ဖြစ်သည်ကို ရှီမာယူယူသိလိုက်သည်။
“မင်း အမှောင်ဝိညာဉ်စွမ်းအင်ထုတ်လိုက်တာလား” မိုယွိသည် သူ့ဘေးမှ လူများကို အမိန့်ပြီးနောက် ရှီမာယူယူ၏ ခန္ဓာကိုယ်မှ ရောင်ဝါခပ်ဖျော့ဖျော့ ထွက်နေသည်ကို မြင်သောအခါ မေးလေသည်။
“အဲဒါကိုတောင် မြင်နိုင်တာလား ဒီလောက်ဆိုရင် ဖုံးနိုင်ပြီမဟုတ်ဘူး မလား” ရှီမာယူယူ ပြောလိုက်သည်။
“ဖုံးနိုင်ပါတယ် ငါ့အဆင့်မရောက်တဲ့သူတွေက သတိထားမိမှာမဟုတ်ဘူး” မိုယွိ ဆက်ပြောလေသည် “အဲတော့ ဒီနေ့ကစပြီး ဖမ်းဆုပ်မှုဝိညာဉ်အရည် အချင်းအပြင် တခြားအမှောင်အရည်အချင်းတချို့ကို သင်ပေးမယ်”
သူပြောလိုက်သောစကားကို ကြားလိုက်သောအခါ ရှီမာယူယူ အလန့်တကြား ကြည့်မိသည် “ရှင် မနေ့က ဖမ်းဆုပ်မှုဝိညာဉ်အရည်အချင်း သင်ပေးမယ်လို့ ပြောတာကိုပဲ ထူးဆန်းနေပြီ အခု တခြားအရည်အချင်းကို တောင်သင်ပေးချင်သေးတယ် နောက်ထပ် အစီအစဉ်ရှိဦးမယ်လို့ ဘာလို့ ခံစားမိနေတာလဲ”
“အိုး… ပြောပါဦး ငါ့မှာ ဘာအစီအစဉ်တွေရှိနိုင်သေးလဲ” မိုယွိသည် ပါးပါးလေး ပြုံးကာ သူမ ပြောသည့်စကားကို ဗွေမယူပေ။
“ကျွန်မသိရင် မေးဖို့လိုဦးမလား” ရှီမာယူယူ ပြောလိုက်သည်။
“မင်း ဒီလောက်ဥာဏ်ကောင်းတာကိုတောင် မမှန်းနိုင်ဘူးလား”
“ရှင့်လို နှစ်ပေါင်းတစ်ထောင်လောက် နေလာတဲ့သူရဲ့အတွေးကို ဘယ်သူ ကမှန်းနိုင်မှာလဲ” ရှီမာယူယူ ဆက်ပြောလိုက်သည် “တည့်တိုးပဲပြောလိုက်ပါ တော့”
“မင်းက ဥာဏ်မကောင်းဘူးလို့ ဘယ်သူပြောတာလဲ ငါ့အသက်ကိုတောင် မှန်းနိုင်နေတာကို” မိုယွိ ပြောလိုက်သည်။
“သေစမ်း တကယ်ကြီးလား တကယ်ပဲ ရှင်က အဲလောက်အသက်ကြီးပြီ လား” ရှီမာယူယူသည် မေးပြုတ်ကျမတတ် ပါးစပ်အဟောင်းသားဖြင့်ကြည့် လေသည်။
သူမသည် ချဲ့ကားပြောလိုက်ခြင်းသာြဖစ်သည်။ အမှန်တကယ်ပင် မှန်း နိုင်လိမ့်မည်ဟု ထင်မထားပေ။
အဲဒါကြောင့် ဒီလူက သူ့လောကမှာ ဆရာတစ်ဆူ တန်ခိုးရှင်ဖြစ်နေတာ ကိုး။ သူသာ နောက်ကျ သူမကိုသတ်ချင်ရင် ချင်ယိကို ကယ်ခိုင်းရမယ်။
“ငါ့ကိုကြည့်ဦး ငါကအိုပြီလား” မိုယွိ မေးလိုက်သည်။
ရှီမာယူယူ ခေါင်းညိတ်ရင်းမှ သူ၏ မည်းနက်သော မျက်နှာကို မြင်သော အခါ အလျင်အမြန်ပင် ခေါင်းရမ်းပြီး မဲ့ပြုံးဖြင့် ပြောလိုက်သည် “ရှင်က ငယ်ပါ တယ် ဟီးဟီး တစ်ချက်ကြည့်လိုက်တာနဲ့ ရှင်က တစ်သက်လုံး ၁၆ နှစ်အရွယ် ဆိုတာ သိသာပါတယ်”
သူမသည် အကောင်းဘက်မှပြောရန် ကြိုးစားနေသည်ကို မိုယွိမြင်သော အခါ လက်ဆန့်ကာ သူမ နဖူးကို တောက်လိုက်သည်။
“တကယ်တော့ မင်းမှန်ပါတယ် မင်းကို ဒါသင်ပေးတာ တခြားအတွေးရှိ လို့ပဲ”
ရှီမာယူယူ အာရုံမှာတခြားရောက်သွားသဖြင့် သူ နဖူးတောက်သည်ကို မတားလိုက်နိုင်ပေ။
“ကျွန်မ အာရုံက မမှားနိုင်ဘူးဆိုတာ သိတယ် ကျွန်မကို ဘာလို့ အမှောင် အရည်အချင်းဖို့ပြောတာလဲ”
မိုယွိသည် ဘာမှမပြောဘဲ ရေရွတ်ရုံသာရေရွတ်လေသည် “တစ္ဆေလောက,က ဂယက်တတော့မယ်…”
လူသား၊ နတ်ဆိုးနှင့် တစ္ဆေလောက ထိုလောကသုံးခုကြားတွင် တစ္ဆေ လောကသည် အရှုပ်ထွေးဆုံးဖြစ်သည်။ တခြားလောက နှစ်ခုထက် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများ များသည်။ ထို့အကြောင်းကြောင့်ပင် တစ္ဆေ လောကတွင် ဘယ်သောအခါမှ မပြည့်နိုင်သော မရေတွက်နိုင်သော ဝိညာဉ်များ ပါဝင်လာခဲ့သည်။ သေဆုံးမှုများလွန်းသဖြင့် ရောက်လာသူများသည် သေဆုံးသူ များကို လွှမ်းမိုးနိုင်လေသည်။
မိုယွိပြောသော အရှုပ်အထွေးမှာ တစ္ဆေလောကတွင် ဖြစ်လေ့ဖြစ်ထရှိ သော ကတောက်ကဆအသေးစားမဟုတ်ပေ။ တစ်လောကလုံးကို စိုးရိမ်မှုဖြစ် စေသည့်အရာသည် ကြီးမားသည့် တစ်စုံတစ်ရာပင်ဖြစ်နိုင်သည်။
အခုရှီမာယူယူတွင် ဝိညာဉ်စွမ်းအင်ရှိကာ သူ ပြောသည့်စကားကို ကြား သောအခါ သိချင်စိတ်ဖြင့်မေးလိုက်သည် “ကျွန်မက လူသားမျိုးနွယ်ကလေ နောက်တစ်ချိန် ကျွန်မအမေကို သွားကယ်ရင် ပြဿနာအများကြီး မဖြစ်စေနိုင် ဘူးလေ၊ ရှင်ပြောတဲ့ တစ္ဆေလောက,က အရှုပ်တွေက ကျွန်မနဲ့ဘာပတ်သတ်လို့ အမှောင်အရည်အချင်းကို သင်ပေးရတာလဲ ”
“အချိန်ရောက်လာရင် မင်းသိလိမ့်မယ်” မိုယွိသည် ဇာတ်ရှိန်မြင့်ရန် အစပျိုးလိုက်သည်။
ရှီမာယူယူသည် သူ့ကို မျက်လုံးလှိမ့်ပြပြီး ပြောလိုက်သည် “ရှင်က ဂမ္ဘီရ ပညာရှင်တွေလို သင်တော့မလို့လား”
“ဟား…” မိုယွိသည် အသာအယာရယ်မောလိုက်သည် “လူသားတစ် ယောက်က သေချာတဲ့အဆင့်တစ်ခုရောက်ရင် ကောင်းကင်ဘုံကို အာရုံခံနိုင် တယ်၊ အနာဂတ်အကြောင်းကို တစ်ခုနှစ်ခု သေချာအောင် တွက်ချက်နိုင်တာ မထူးဆန်းပါဘူး ဒါပေမဲ့ ဒါက ဂမ္ဘီရပညာရှင်တွေ ဟောကိန်းထုတ်တာနဲ့ မတူ ဘူး”
အဲဒါကြောင့်ပဲ ငါက တစ္ဆေလောက,က အရှုပ်အထွေးကို အာရုံခံနိုင်ပြီး အဲအရှုပ်အထွေးတွေကြားက မင်းရဲ့အသုံးဝင်မှုကို အာရုံခံနိုင်တာပဲ။ သူစိတ်ထဲ တွင် ထပ်ပေါင်းပြောမိသည်။
သို့သော် သူအာရုံခံနိုင်သည်မှာ ဂမ္ဘီရပညာရှင်များလောက် မတိကျနိုင် လျှင်တောင် ရှီမာယူယူ၏ အရေးပါပုံကို သူသိသည်။ ထိုအရှုပ်အထွေးများ အကြားတွင် သူမ ပါဝင်ပုံကို အတိအကျဟောကိန်းမထုတ်နိုင်ခြင်းဖြစ်သည်။
ရှီမာယူယူသည် ထိုသို့အခြေအနေမျိုးကို နားလည်သည်။ ထို့ကြောင့် သူမ မငြင်းတော့ဘဲ ပြောလိုက်သည် “ဘယ်တုန်း အာရုံခံမိတာလဲ ရှင်က အစက တည်းက ကျွန်မကိုသတ်ဖို့မရည်ရွယ်ဘူးမလား”
မထင်မှတ်စွာပင် မိုယွိသည် ခေါင်းရမ်းကာ ပြောလေသည် “ငါတို့က တချို့အရာတွေကို အာရုံခံနိုင်ပေမဲ့ ကိစ္စတွေကအဲလိုမဟုတ်ဘူး ငါတို့ တစ်ယောက်နဲ့ တစ်ယော်ကရင်းနှီးကြမှ ငါအဲဒါကိုအာရုံခံမိတာ လွန်ခဲ့တဲ့ နှစ်ရက်မှပဲ ငါသိတာပဲ”
“ဒါဆိုရင် ဒီအရှုပ်တွေကြားမှာ ကျွန်မက ဘယ်နေရာမှာပါမှာလဲ ပြောပြ ဘယ်တော့ ဘယ်လိုစမှာလဲ” ရှီမာယူယူ မေးခွန်းထုတ်လေသည်။
ထိုမေးခွန်းအတွက် မိုယွိ ခေါင်းရမ်းမိသည်။
“ကောင်းကင်တစ်ခုလုံးမှာ မီးတောက်ရဲရဲတွေပြည့်နေပြီး အဆုံးမရှိတဲ့ တောင်မှာ အလောင်းတွေပုံနေတယ် သေဆုံးခြင်းရောင်ဝါတွေနဲ့ပြည့်နေတာကို ပဲအာရုံခံမိတယ် တခြားအရာတွေကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး”
***