အကျိုးဆက်များ
Vol. 114 Ch. 1696
ကိုင်တွယ်ရမည့် အမှု တစ်ခု ရှိသည်ဟု ပြောသည့်အသံကြားတော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ကြသည်။ အဝတ်ချိတ်မှ အင်္ကျီများအား ကမန်းကတမ်း ထယူ၍ ကျန်းတဲ့မင်နှင့် အတူ စုံစမ်းစစ်ဆေးရန် အပြင်သို့ ထွက်လာခဲ့ကြ၏။
“ အစ်ကိုကျန်း … ဒီတစ်ခါကရော ဘာအမှုလဲတဲ့ …”
“ ပါဝင်ပတ်သက်နေတဲ့လူက Tesla ကားကို ဝယ်ထားတဲ့လူ … သူ မောင်းတာ ၂၀၀ ကီလိုမီတာတောင် မပြည့်သေးဘူး ဘရိတ်က အလုပ်မလုပ်တော့လို့ … 4S စတိုးဆိုင်က ရောင်းပေးတဲ့လူဆီ ပြန်သွားပြတော့ သူတို့ပြောတာ ကားကို ပိုင်ရှင်က အမောင်းမတတ်တာကြောင့်လို့ ပြောတယ်… ညှိနှိုင်းဆွေးနွေးလို့ အဆင်မပြေတဲ့အဆုံး ပိုင်ရှင်ဘက်က ရဲစခန်း အမှုဖွင့်လာခဲ့တာပဲ …”
“ ဒါ ကားပွဲစားဘက်က ကတ်စတန်မာကို အနိုင်ကျင့်နေတာပဲမလား ……” ကျန်းဖန့် ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
“ တရားသေကြီးတော့ ပြောလို့ ဘယ်ရသေးမှာ … သွားပြီး ကြည့်ကြတာပေါ့ …”
“ အိုကေ …”
ပြင်ဆင်ပြီးနောက် လေးယောက်သား Tesla 4S စတိုးဆိုင်သို့ ရောက်လာခဲ့ကြသည်။
သူတို့ဆိုင်ထဲသို့ ဝင်သည်နှင့် ကားခေါင်မိုးပေါ်တွင် ထိုင်နေသည့် အမျိုးသမီးတစ်ဦးအား မြင်တွေ့လိုက်ရ၏။
ကားပေါ်တွင် ဘန်နာတစ်ခုလည်း ချိတ်ဆွဲထားသည်။
“ Tesla မှာ တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး … မကောင်းတဲ့ ပစ္စည်းတွေသုံးတယ်… ဒီလိုကားမျိုး မဝယ်ကြနဲ့ …”
လင်းရီ မကျေမနပ် ဖြစ်နေသည့် အမျိုးသမီးအား တစ်ချက်ကြည့်လိုက်တော့ အသက်သုံးဆယ် အရွယ်မျှသာ ရှိသေးသည့် နုပျိုဆဲ အမျိုးသမီး တစ်ယောက် ဖြစ်ကြောင်းကို မြင်တွေ့လိုက်ရသည်။
သူမက တော်တော်လေး ကြည့်ကောင်း၏။ ဆံပင်ကို ခေါင်းအနောက်တွင် စုထားပြီး အပြာရောင် ဂျင်းအကြပ်ကို ဝတ်ဆင်ထားကာ ခြေတံတို့အား ကျစ်ကျစ်လှလှလေး ဖြစ်နေစေသည်။
သူမက အတော်လေး လှသည့် လက်ထပ်ပြီးသား အမျိုးသမီး တစ်ယောက်ပင်။
သို့သော် ယခု သူမ၏ ပုံစံမှာ အနည်းငယ် ဖရိုဖရဲ နိုင်နေပြီး သင့်တင့်လျောက်ပတ်သည့် အပြုအမူတို့ ပျောက်ဆုံးလို့နေသည်။
လင်းရီနှင့် တခြားသူများ ရောက်လာသည်ကို မြင်တော့ ဧရာမ လူအုပ်ကြီးမှာ ဆိုင်ကို ဝန်းရံလိုက်ကြသည်။ ထို့ပြင် လုံခြုံရေး အစောင့်သည်လည်း အမျိုးသမီး ကားပိုင်ရှင်နှင့် ရန်ဖြစ်နေကာ သူမအား အောက်သို့ ဆွဲချနေသည်။
ကားဘေးတွင် ကားအရောင်းပြခန်းမှ အရောင်းဝန်ထမ်း တော်တော်များများ ရှိနေပြီး ဝတ်စုံပြည့်များ ဝတ်ဆင်ထားကြ၏။ သို့သော် စကားပြော လေသံက မောက်မောက်မာမာနဲ့ တင်စီးသည့် လေထုက အနီးတစ်ဝိုက်တွင် ပြည့်နှက်နေပါသည်။
“ မလှုပ်နဲ့ …”
ကျန်းဖန့် အော်ဟစ်လိုက်ပြီး လုံခြုံရေး အစောင့်အား ဟန့်တားလိုက်သည်။
ရဲအရာရှိများ ရောက်လာသည်ကို မြင်တော့ ဝန်းရံနေကြသည့် လူများအားလုံး အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြ၏။ ကျန်းတဲ့မင်သည် ကားခေါင်မိုးပေါ်တွင် ထိုင်နေသည့် အမျိုးသမီးအား ကြည့်၍ “ မိန်းကလေး .. မင်း အရင် ဆင်းလာခဲ့ …. တခြား ဘာပြဿနာမှ မရှိဘူးဆိုရင် ငါတို့မင်းကို ကျိန်းသေပေါက် တရားမျှတမှု ပေးမယ်… မင်း အဲ့လို ကားခေါ်မိုးပေါ် တက်ထိုင်နေလို့ ကိစ္စက ပြီးသွားမှာ မဟုတ်ဘူး …”
ရဲအရာရှိကို မြင်တော့ အမျိုးသမီးမှာ စိတ်ထဲ အားကိုးရာကို ခံစားမိသွားခဲ့ပြီး ကားအောက်သို့ ဆင်းလာခဲ့သည်။
“ အရာရှိကြီး … ငါ ဒီကို ရောက်လာတာ သုံးကြိမ် ရှိနေပြီ… ဒါပေမယ့် အကြိမ်တိုင်းလည်း သူတို့ ပြောတာ စုံစမ်းစစ်ဆေးဖို့လိုတယ်… ပြန်သွားပြီး သူတို့အကြောင်းပြန်တာကို စောင့်ဖို့ပဲ ပြောတယ်… ငါ ဒီတစ်လျှောက်လုံး စောင့်ပေးလာတာ နှစ်လတောင် ပြည့်တော့မယ်… အခုကျတော့ သူတို့ပြောတာ ငါ့ဘက်က ကလိထားလို့ ဖြစ်ရတာတဲ့ … ဒါ လူကို တမင် အနိုင်ကျင့်နေတာပဲ မဟုတ်ဘူးလား ….” အမျိုးသမီးမှ မျက်ရည်လည်ရွဲဖြင့် ပြောကြားလာခဲ့သည်။
၎င်းကို ကြားတော့ ပတ်ဝန်းကျင်ရှိ လူတိုင်း လက်ညိုးထိုး၍ Tesla ၏ လုပ်ရန်အား ဝေဖန် ပြစ်တင်ကြတော့၏။ ဤသို့သော အပြုအမူက အမှန်ပင် နည်းနည်းတော့ လွန်သည်။
“ ကျုပ် ကားထဲဝင်ပြီး တစ်ချက်ကြည့်မယ်…” လင်းရီ ပြောလိုက်ပြီး “ ဘာမှားလဲ ကြည့်ကြတာပေါ့ …”
“ ကောင်းပြီ…”
မိုဒီဖိုင်းကားများနှင့် ၂ နှစ်ကျော်အောင် ကစားခဲ့ပြီးသည့်နောက် လင်းရီ၏ ကားများအပေါ် နားလည်မှုက ပြီးပြည့်စုံလုနီးပါးပင်။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ရှိနေပါက သူ့ဘက်က ချက်ချင်း သိရှိနိုင်သည်။
လင်းရီ ကားထဲသို့ ဝင်သွားသည်ကို မြင်တော့ ပတ်ဝန်းကျင်ရှိ လူများမှာ နောက်သို့ ဆုတ်ပေးလိုက်ကြ၏။ မည်သူကမျှ လမ်းတွင် ရှုပ်မနေရဲကြချေ။
အကယ်၍ မတော်လို့ သူတို့ဘက်တို့ ဦးလှည့်လာမည်ဆိုပါက အသက်အန္တရာယ် ရှိနိုင်သည်။
ကားစက်နိုးပြီးသည့်နောက် လင်းရီ ဘရိတ်ကို နှစ်ခါနင်းကြည့်လိုက်၏။ အထဲမှ ထူးဆန်းသည့် အသံများ ထွက်ပေါ်လာနေပြီး တစ်ခုခုက ပြန်ကန်ထွက်နေသည်ကို ခံစားနေရလေသည်။
ယေဘုယျအားဖြင့် ABS စနစ်တွင် ပြဿနာ မရှိသရွေ့ ကားက ယခုလို ခံစားနေရမည် မဟုတ်ချ။ ထို့နောက် လင်းရီ ရှေ့သို့ ဆယ်မီတာ မောင်းကြည့်၍ နောက်သို့ ဆယ်မီတာ ပြန်ဆုတ်လာသည်။ ဘရိတ်က သုံးရသည်မှာ အမှန်ပင် မကောင်းလှချေ။
သို့သော် သာမန် ဒရိုင်ဘာများက ထိုအချင်းအရာအား ကျိန်းသေပေါက် ရှာတွေ့လိမ့်မည် မဟုတ်ချေ။ ထို့နောက် လင်းရီ ကားအား ပြန်ထိုးရပ်၍ ကျန်းတဲ့မင်အား ပြောလိုက်၏။
“ ဘရိတ်က တစ်ခုခု ဖြစ်နေတယ်…”
“ အရာရှိကြီး … နင်လည်း မြင်တဲ့အတိုင်းပဲ … ငါက ကျိုးကြောင်း မဆီလျော်တဲ့လူ မဟုတ်ဘူး … တကယ်ကြီး ပြဿနာ ရှိနေတာ …” အမျိုးသမီးမှ ပြောလိုက်လေသည်။
“ စိတ်အေးအေးထားပါ … ကျုပ်တို့ ဒီရောက်နေပြီပဲ … ကျိန်းသေပေါက် တရားမျှတ စေရမယ်…” ကျန်းတဲ့မင် သူမအား ဖျောင်းဖြပေးလိုက်သည်။ ထို့နောက် လုံခြုံရေး ဝန်ထမ်းအား ကြည့်၍ “ တာဝန်ခံ ဘယ်မှာလဲ …”
“ ဟယ်လို အရာရှိကြီး … ကျုပ်က 4S စတိုးဆိုင်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာပါ … တကယ်လို့ တစ်ခုခု ရှိတယ်ဆိုရင် ကျုပ်နဲ့ စကားပြောလို့ ရပါတယ်….”
ထင်မှတ်မထားစွာဖြင့် နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာက မျက်ဆံပြာနှင့် နိုင်ငံခြားသားတစ်ယောက် ဖြစ်နေသည်။
သူ၏ အမူအရာမှာတော့ တည်ငြိမ်နေလျက်ပင်။ ဤကိစ္စအား စိတ်ထဲ မည်သို့မျှ မထားသည့်ပုံပင်။
လင်းရီ သူ၏ ရင်ဘက်ရှိ အလုပ်ခွင်ကတ်အား တစ်ချက် ကြည့်လိုက်တော့ နာမည်က မာ့ခ်ဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။ ပြောသွားခဲ့သည့်အတိုင်းပဲ သူက တကယ့်ကို နည်းပညာပိုင်းဆိုင်ရာ ဒါရိုက်တာ တစ်ယောက် ဖြစ်သည်။
“ မင်းတို့ဘက်က ဒီကိစ္စ အတွက် အပြည့်အဝ တာဝန်ယူပေးနိုင်မလား…” ကျန်းတဲ့မင် မေးမြန်းလိုက်သည်။
မာ့ခ် ကိုးရို့ယားကား ပြုံး၍ “ မရနိုင်ပါဘူး … ဒါပေမယ့် ငါတို့ အရာရှိကြီးတို့နဲ့ ပူးပေါင်းပေးနိုင်ပါတယ်…”
“ ဒါဆိုလည်း တာဝန်ခံနိုင်မယ့် တစ်ယောက်ကို ခေါ်ခဲ့လိုက် …”
“ ငါတို့ဆိုင်မှာ မန်နေဂျာ တစ်ယောက်ပဲ ရှိပါတယ်.. ဒါပေမယ့် သူက အပြင်ထွက်သွားခဲ့တာ … ကျန်တဲ့ အသင်းကလည်း ကတ်စတန်မာကို ကားရောင်းနေတယ်… ဒီတော့ ဒီကိစ္စကို ဘယ်သူမှ တာဝန်ခံပေးနိုင်မှာ မဟုတ်ဘူး … တကယ်လို့ ပြဿနာ ရှိတယ်ဆိုရင် ငါတို့ ကောင်းကောင်း ဆွေးနွေးလို့ ရပါတယ်… မန်နေဂျာ ပြန်ရောက်လာရင် သူ့ကို အသေးစိတ် ပြန်ပြောလိုက်မယ်လေ…”
မာ့စ်က ဟွာရှတွင် အလုပ်လုပ်နေသည်မှာ သုံးနှစ်ကျော်လာပြီး ဖြစ်သဖြင့် ဟွာရှန့်တစ်ဝက် ဖြစ်နေပြီဟုတောင် ပြော၍ရသည်။
ဤကဲ့သို့သော ကိစ္စများက ဆိုင်တွင် အရင်ကလည်း ဖြစ်လေ့ဖြစ်ထ ရှိဖူးသဖြင့် သူ့တွင် အတွေ့အကြုံ ကြွယ်နေလေပြီ။
အကယ်၍ ဤကိစ္စအား အချိန်ထပ် ဆွဲသွားမည် ဆိုပါက တစ်ဖက်သူသည် မောပန်းလာပြီး ဤကိစ္စအား ဆက်အကျယ်ချဲ့နိုင်မှာ မဟုတ်တော့ချေ။
ထို့နောက် ဖြည်းဖြည်းချင်းပဲ … သူ့အလိုလို ပျောက်ကွယ်သွားလိမ့်မည်။
ကျန်းတဲ့မင် ထိုလူအား စိုက်ကြည့်လိုက်၏။ “ မင်းငါ့ကို လူပိန်းလာလုပ်ပြနေတာလား … မင်းတို့ ညှိနှိုင်းနေတာ ဒီလောက် ကြာနေပြီ သူ့ကို အခုထိ ဘာ ဖြေရှင်းချက်မှ မပေးသေးဘူး … ငါတော့ မင်းတို့ တမင် အချိန်ဆွဲနေတာလို့ပဲ မြင်တယ်…”
“ မဟုတ်တာ … မန်နေဂျာက အစည်းအဝေးတက်မယ်ဆိုပြီး ထွက်သွားတာ ခုထိ ပြန်ရောက်မလာသေးလို့ပါ …” မာ့ခ် အပြုံးလေးဖြင့် ချိုသာစွာ ပြောလိုက်ပြီး “ ပြီးတော့ … ကမ္ဘာ့ နာမည်ကြီး ကားကုမ္ပဏီ တစ်ခုအနေနဲ့ ငါတို့ရဲ့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး တာဝန်ယူမှု အပြည့်ရှိတယ်.. တကယ်လို့ ငါတို့ရဲ့ ချို့ယွင်းချက်ဆိုရင် ကျုပ်တို့ဘက်က အပြည့်အဝ တာဝန်ယူပေးသွားမှာပါ ….”
ကျန်းတဲ့မင် မျက်မှောင်ကြုတ်မိလိုက်၏။ အကယ်၍ တာဝန်ခံက ဤနေရာတွင် ရှိမနေဘူးဆိုပါက ဤကိစ္စအား ကိုင်တွယ်ရန် မလွယ်ကူတော့ချေ။
“ အရာရှိကြီးတို့ … သူ ပြောတာတွေ နားထောင်မနေနဲ့ … သူ ညာနေတာ ….”
အမျိုးသမီး ကားပိုင်ရှင်မှ ပြောလိုက်ပြီး “ ငါ လာတိုင်းလည်း အဲ့လိုပဲ ပြောတယ်… နင့်ကို အရူးလုပ်ဖို့ ကြိုးစားနေတာ အသိသာကြီး ….”
“ ငါ ပြောလိုက်မယ်… မင်း ငါတို့ကို မစွပ်စွဲနဲ့ … ငါတို့လို နာမည်ရှိတဲ့ ဆိုင်ကြီး တစ်ဆိုင်က အဲ့လို အလုပ်မျိုး လုပ်မှာလား …” အရောင်းဝန်ထမ်း တစ်ယောက်က ပြောဆိုလိုက်သည်။
လင်းရီ ထိုလူကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ထိုစဉ်အခါက ယခု ကားပိုင်ရှင်အား ကားရောင်းလိုက်သည့်လူ ဖြစ်လိမ့်မည်ဟု ခံစာလိုက်ရ၏။ မဟုတ်ပါက ဝင်ပြီး ပြောနေမှာ မဟုတ်ချေ။
ကျန်းတဲ့မင်လည်း ဘာပြောလို့ ပြောရမှန်း မသိတော့ချေ။ ဘေးတွင် တစ်ယောက်တည်း ရပ်နေရင်း ဤကိစ္စအား မည်သို့ ကိုင်တွယ်ရကောင်းနိုးနိုး စဉ်းစားလို့နေသည်။
“ အစ်ကိုကျန်း … သူတို့က ကတ်စတန်မာကို အနိုင်ကျင့်နေတာ အသိသာကြီးရယ်… ကျုပ်တို့ လေးလေးနက်နက် ကိုင်တွယ်သင့်တယ်နော်… “ ကျန်းဖန့် ပြောလိုက်သည်။
“ သူတို့က ဆိုးဆိုးရွားရွားကြီးကို အနိုင်ကျင့်နေကြတာ …”
“ ငါတော့ သူတို့ကို နေရာမှာတင် တစ်ခါတည်း ဖမ်းလိုက်သင့်တယ်လို့ ထင်တယ်…”
နှစ်ယောက်မှာ အလုပ်ထဲသို့ ဝင်ခါစ ဖြစ်သဖြင့် တရားမျှတမှုကို အတော်လေး ဆာလောင်နေပြီး မတရားမှု မြင်သည်နှင့် စိတ်လိုက်မာန်ပါ ချက်ချင်း ဖြေရှင်း ပစ်ချင်နေသည်။ ထို့ကြောင့် ၎င်းတို့၏ ချဉ်းကပ်နည်းက လုပ်ရိုးလုပ်စဉ်တို့နှင့် ကိုက်ညီနေခြင်းတော့ မရှိချေ။
“ မင်းတို့ ကျောင်းတုန်းက သင်ခန်းစာတွေမှာ အာရုံမရှိခဲ့ဘူးဆိုတာ သိသာချက်ပဲ …” ကျန်းတဲ့မင် ပြောလိုက်ပြီး “ ဒါက သာမန် အရပ်သား အငြင်းပွားမှု ပြဿနာပဲ .. ငါတို့မှာ ဖမ်းဖို့ အခွင့်အာဏာ မရှိသလို အဲ့လို လုပ်နိုင်တဲ့ အကြောင်းပြချက်လည်း မရှိဘူး …”
“ ဒါပေမယ့် ဒီကိစ္စမှာ ဆိုင်ဘက်က အမှားဆိုတာ အသိသာကြီးလေ…” ကျန်းဇီရှင်း ပြောလိုက်ပြီး “ ဒီကိစ္စကို စားသုံးသူများ အဖွဲ့အစည်း၊ စက်မှုနဲ့ ကုန်သွယ်ရေး ဗျူရိုနဲ့ အရည်အသွေး စုံစမ်းစစ်ဆေးရေး ဌာနနဲ့ ပူးတွဲ ကိုင်တွယ်သင့်တယ်.. ကျွန်မတို့ရဲ့ အခန်းကဏ္ဍက အဲ့တာတွေ အားလုံးကို ပေါင်းကူးလုပ်ပေးဖို့ပဲ …”
“ အင်း …..”
လင်းရီမှာ ကျန်းတဲ့မင်သည် ယခုလို စိတ်တို စိတ်ရှုပ်စရာ ကိစ္စများအား နေ့စဉ်ရက်ဆက် ကိုင်တွယ်နေရသော်လည်း အသက် လေးဆယ် ရောက်ပြီးသည့်တိုင် ဆံပင် မဖြူသေးသည်ကိုတော့ အံ့အားချီးမွမ်းမိ၏။
ဒါပေါ့ ။ သူက ဆံပင်ဆိုးထားတာလည်း ဖြစ်ရင် ဖြစ်နိုင်ပဲလေ။
“ လင်းကော … နင့်မှာ အကြံဉာဏ်တွေက အပြည့်ရှိတယ်မလား … တစ်ခုခု လုပ်စမ်းပါ … ငါတို့ ဒီအစ်မကြီးကို အနိုင်ကျင့်ခံခိုင်းလို့ မဖြစ်ဘူး …” ကျန်းဇီရှင်း ပြောလိုက်၏။
“ ငါ ကြိုးစားကြည့်မယ်…”
လင်းရီ မာ့ခ်အား ကြည့်၍ “ မင်းပြောတာ တာဝန်ခံက အစည်းအဝေးတက်ဖို့ အပြင်ထွက်သွားတယ် ပြောတယ်နော်…”
“ ဟုတ်တယ်… အရာရှိကြီးတို့ ပြန်သွားလိုက်ပါ …” မာ့ခ် ပြောလိုက်ပြီး " ငါတို့ မန်နေဂျာ ပြန်ရောက်လာရင် အရာရှိကြီးတို့ကို အကြောင်းကြားလိုက်ပါ့မယ်…”