ဝီချက် အပ်လို့ ရမလား
Vol. 114 Ch. 1697
“ ငါ တခြား ဘာဆင်ခြေမှ မကြားချင်ဘူး … မင်းတို့ တာဝန်ခံကို ဒီအရောက်လာဖို့ နာရီဝက် အချိန်ပေးမယ်…” လင်းရီ ပြောလိုက်၏။
“ ဆရာ … ဒါက နည်းနည်းတော့ ခက်တယ်.. တာဝန်ခံက အစည်းအဝေးတက်ဖို့ဆိုပြီး မြို့ပြင်ထွက်သွားခဲ့တာ .. ငါလည်း ဒီရက်ပိုင်း ဆိုင်မှာ ရှိဖြစ်တာ မဟုတ်ဘူး … အဲ့တာကို ဘယ်လို ရှာပေးနိုင်မှာလဲ …”
လင်းရီ၏ သူ၏ နာရီအား ငုံ့ကြည့်လိုက်ပြီး “ အဲ့တာ မင်းပြဿနာလေ …. နာရီဝက်နေလို့မှ မင်းတို့ရဲ့ တာဝန်ခံ ငါ့ရှေ့ ပေါ်မလာဘူးဆိုရင် မင်းတို့အကုန်လုံး အကျိုးဆက်ကို လက်ခံဖို့ ပြင်ထားလိုက်တော့ …”
“ ငါတို့ တတ်နိုင်တာလည်း တကယ်ကြီး ဘာမှ မရှိလို့ပါ … တာဝန်ခံက ရန်ကျင်းကို အလုပ်ခရီးထွက်သွားခဲ့တာ .. အဲ့တာ နာရီဝက်အတွင်း ဘယ်လို ရောက်အောင် လာရမှာလဲ …”
ကျန်းတဲ့မင် လင်းရီကို ကြည့်လိုက်သည်။ သူ့ဘက်က ဤကိစ္စအား ဆက်လိုက်သင့် ၊ မလိုက်သင့် ဝေခွဲရ ခက်နေသည်။
သူတို့၏ အချုပ်အချာ အာဏာက အကန့်အသတ် ရှိသဖြင့် သူတို့၏ အလုပ်သဘာဝတွင် အဓိက အာရုံစိုက်ရသည်က နှစ်ဖက် အဆင်ပြေအောင် ညှိနှိုင်းပေးရခြင်းပင်။
ယခုလက်ရှိ ပြဿနာက စိန်ခေါ်မှု တစ်ရပ်နှင့် ဆင်တူသည်။
“ ဆိုတော့ မင်းပြောချင်တာ သူ့ကို ဒီကိစ္စ ဖြေရှင်းခိုင်းဖို့ကို ပြန်ခေါ်နိုင်မယ့် နည်းလမ်း မရှိဘူးပေါ့ …” လင်းရီ အေးစက်စက် မေးမြန်းလိုက်၏။
အမှန်တော့ မည်သည့် စက်ရုံထုတ် ပစ္စည်းမဆို လိုအပ်ချက် အနည်းအကျဉ်းရှိသည်ကို လင်းရီ ယုံကြည်သည်။ အကယ်၍ ပြဿနာ တစ်စုံတစ်ရာ ရှိလာခဲ့ပါက စက်ရုံဘက်က ချက်ချင်း ဖြေရှင်းပေးသင့်သည်။
သို့သော် ယခု ဤလူများ ချဉ်းကပ်နေသည့် ပုံစံက စားသုံးသူ အခွင့်အရေးအား ချိုးဖောက်နေလေသည်။
ဤနိုင်ငံခြားသားများက ဟွာရှမြေ၏ သယံဇာတများအား စားသုံးပြီး ဤမြေရှိ လူ့အသက်အား လက်လွတ်စပယ် သဘောထားနေလျက် ရှိ၏။
ဤသို့သော လူများအား ဖျော်ဖြေပေးရန် လင်းရီ စိတ်မဝင်စားချေ။
“ အမှန်ပဲ … ဘယ်လိုပဲ ဖြစ်ဖြစ် သူ ပြန်လာနိုင်မှာ မဟုတ်ဘူး …”
ရဲများက ဤနေရာသို့ ရောက်ရှိပြီး ဖြစ်သော်လည်း မာ့ခ် မစိုးရိမ်ပေ။ သူ့ဘက်က မည်သည့် မှားယွင်းသည့်အရာကိုမျှ မပြုလုပ်ထားသဖြင့် ၎င်းတို့ကလည်း သူ့ကို ဘာမျှ ပြုလုပ်၍ ရမည် မဟုတ်ချေ။
“ မင်းတို့က အလေးအနက်ကို မထားကြတာပဲ ဟုတ်တယ်မလား … ငါ့ကိုတောင် ပြန်ငြင်းဝံ့နေတယ်.. မင်းထင်နေတာ ငါတို့ မင်းကို ဘာမှ လုပ်လို့ မရပါဘူးကွာ ဆိုပြီးတော့ပေါ့ … ဟုတ်တယ်မလား ….”
“ ငါ အဲ့သဘောမျိုး မဆိုဘူး … အဓိက ပြဿနာက ငါတို့ တာဝန်ခံက တကယ်ကြီး ဒီမှာ ရှိမှာမနေတာ … ငါလည်း ဘယ်တတ်နိုင်မှာလဲဟ …..”
“ ဒါဆိုလည်း Tesla ရုံးချုပ်ကို ဆက်သွယ်ပြီး ကျိုးဟိုင်ကို ဖြေရှင်းဖို့ လူလွှတ်ခိုင်းလိုက် …”
“ ဒါက ငါတို့ဆိုင် ကိစ္စ … ရုံးချုပ်က လူတွေ ဝင်စွက်ဖက်မှာ မဟုတ်ဘူး …”
“ မင်းတို့ ခွေးသူတောင်းစားတွေ နည်းနည်းလေး ဟိတ်ဟန်မများလွန်းဘူးလား … မင်းလို သူများအကြိုက် အမြီးနှံ့ရပြတဲ့ကောင်ကများ ငါတို့ရှေ့မှာ ဘယ်လိုတောင် လာပြီး ဟန်များရဲနေတာ ..”
လူတိုင်း ရှော့ခ်ရသွားခဲ့ကြ၏။ မည်သူကမျှ လင်းရီ ယခုလို ဆဲရေးတိုင်းထွာလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။
မာ့ခ်လည်း ထိုနည်းတူပင်။
“ ဆရာ … မင်း စကားကို အဲ့လို ပြောနေမယ်ဆိုရင် မင်းရဲ့ အရာရှိ ရာထူးကို အသုံးချပြီး ငါတို့ကို ကိုယ်ရေးကိုယ်တာ စော်ကားမှုနဲ့ တရားစွဲလိုက်လို့ရတယ်….”
“ မပူနဲ့ … ခဏကျ တစ်ယောက်ယောက် လာလိမ့်မယ်… မင်းတို့ ကြိုက်သလို တရားစွဲ …”
ကျန်းတဲ့မင်နှင့် ကျန်သူများမှာ လင်းရီ ဘာဆိုလိုချင်နေလဲဆိုတာကို သိပ်နားလည်ကြချေ။
ဘယ်သူက ရောက်လာမှာလဲ ….
နာရီဝက်ကြာပြီးသည့်နောက် ကားတစ်စင်း ရောက်လို့လာသည်။ လူတိုင်း သိချင်စိတ် ပြင်းပြစွာ စူးစမ်းကြည့်လိုက်တော့ ခုံရုံးက ကားဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
အမျိုးသားနှင့် အမျိုးသမီးတစ်ဦး ထွက်လို့လာပြီး လူအုပ်ကြီးအား ဝေ့ကြည့်လိုက်ကာ နောက်ဆုံးတွင် လင်းရီအား မြင်တွေ့သွားခဲ့၏။
“ မင်းက အရာရှိ လင်းရီလား ….” အမျိုးသားက မေးမြန်းလာသည်။
“ ငါပဲ ….”
လင်းရီ ခေါင်းညိမ့်လိုက်၏။ “ ဒီမှာ သူတို့ရောင်းနေတဲ့ ကားတွေရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီး ပြဿနာ တစ်ချို့ ရှိနေတယ်.. သူတို့ကို အခုချိတ်ပိတ်ပြီး ပြင်စရာ ရှိတာတွေ အကုန်ပြင်ပြီးမှ ပြန်ဖွင့်ပေးလိုက် …”
“ အိုကေ ….”
ကြက်သေသေခြင်း …
လူတိုင်း ဤမြင်ကွင်းကို မြင်တော့ အံ့ဩဘနန်း ဖြစ်သွားခဲ့ကြ၏။
ဤသည်က နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးသည့်တိုင် သူတို့၏ ပထမဆုံးအကြိမ်အဖြစ် ယခုလို မြင်ကွင်းမျိုးအား မြင်ဖူးခြင်း ဖြစ်လေသည်။
“ နေဦး ….”
မာ့ခ် အလျင်စလို ပြောလိုက်ပြီး “ မင်းတို့ ဘာလို့ ဆိုင်ကို ပိတ်နေတာလဲ … ဒါ တရားမဝင်ဘူးကွ ….”
“ ငါတို့ဘက်ကလည်း မင်းတို့ရဲ့ လုပ်ရပ်တွေကို သတိထားမိပြီးပြီ… မင်းတို့ရဲ့ အပြုအမူတွေက အများပြည်သူနဲ့ အမြင်အပေါ် မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်စေတယ်…” အမျိုးသားက ပြောလိုက်လေသည်။ “ ပြီးတော့ မင်းတို့ရောင်းနေတဲ့ ကားတွေမှာ အရည်အသွေးပိုင်းနဲ့ ပတ်သက်ပြီး ပြောစရာ ပြဿနာတွေက အများကြီးပဲ … သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအရ မင်းတို့ရဲ့ ပစ္စည်းတွေကို အချိန်အတိုင်းအတာတစ်ခုအတွင်း ပြီးအောင် ပြင်ဆင်ဖို့ အမိန့်ပေးတယ်… ပြင်ဆင်ပြီးတဲ့အခါကျရင် ချိတ်ပိတ်တာကို ပြန်ဖွင့်ပေးဖို့ လျှောက်လွှာတင်လို့ရတယ်…”
ကျန်းတဲ့မင်နှင့် ကျန်သူများမှာ လင်းရီအား အံ့အားသင့်သည့် အမူအရာများဖြင့် ကြည့်လိုက်ကြ၏။ ဤလူနှစ်ယောက်အား ခေါ်လိုက်သည့်လူက လင်းရီဖြစ်သည်ကို သံသယ ဖြစ်နေဖို့ မလိုချေ။
ဒါပေမယ့်သူ့ရဲ့ အဆင့်အတန်းနဲ့ …. ဒီလူတွေကို ဘယ်လို ခေါ်လိုက်တာလဲတဲ့ …
သူတို့ ဘာမှတောင် မပြောလိုက်ရဘူး …
“ မဟုတ်ဘူး … မဟုတ်ဘူး …ငါ အခုချက်ချင်း တာဝန်ခံကို ခေါ်ပြီး ဒီကိစ္စ ကိုင်တွယ်ဖို့ ပြောလိုက်ပါ့မယ်….”
“ မင်းတို့ရဲ့ တာဝန်ခံက အပြင်ထွက်သွားတယ် မဟုတ်ဘူးလား … အခု ဘယ်လို ပြန်လာနိုင်မှာလဲကွ …”
“ ငါအခု တာဝန်ခံကို ခေါ်မယ်…” မာ့ခ် ပြောရင်းဖြင့် နဖူးထက်ရှိ ချွေးအေးတို့အား သုတ်လိုက်လေသည်။
“ ဒါပေမယ့် မင်းပြောတော့ ဘယ်တာဝန်ခံကိုမှ ဆက်သွယ်လို့ မရဘူးဆို … အခုကျတော့ ဆက်သွယ်လို့ ရသွားပြီပေါ့ … မင်း အခု လုပ်နေတာတွေအတွက် ရာဇဝတ်မှု ဥပဒအရ ငါတို့ စီရင်ပိုင်ခွင့် ရှိတယ်ဆိုတာ မင်းနားလည်လား …”
“ ငါခုနက အမှတ်မှားသွားလို့ပါ … တကယ် တောင်းပန်ပါတယ် အရာရှိကြီးတို့ ….”
ပြောပြီးနောက် မာ့ခ် ဘေးသို့သွားကာ ဖုန်းသွားပြောသည်။
မကြာမီ သက်လတ်ပိုင်း အမျိုးသားတစ်ဦးမှာ မာစီးဒီ E class တစ်စင်းဖြင့် ဆိုင်သို့ ရောက်လို့လာသည်။
“ အရာရှိကြီးတို့ .. ကျုပ်နာမည် လီတုံလင်းပါ .. ကျုပ်က ဒီ 4S ဆိုင်ရဲ့ မန်နေဂျာပါ … တကယ်လို့ ပြဿနာ တစ်ခုခု ရှိတယ်ဆိုရင် ကျုပ်ကို ပြောလို့ရပါတယ်…”
“ ပြဿနာက မင်းအရှေ့မှာကို ပြောပြဖို့ လိုသေးတာလား …” လင်းရီ ခပ်မာမာ ပြောလိုက်ပြီး “ ဒီလိုဆိုရင်ကော .. မင်း ဒီကားကို ယူမောင်းသွား … ဘာ ပြဿနာမှ မရှိဘဲ ကီလို ၁,၀၀၀ မောင်းနိုင်ရင် ဒီ အမျိုးသမီးကို လိမ်လည် စွပ်စွဲမှုနဲ့ငါတို့ ချက်ချင်း ခေါ်သွားမယ်… “
၎င်းကိုကြားတော့ လီတုံလင်းနှင့် ဆိုင်ဝန်ထမ်းများအား ကြက်သေသေသွားခဲ့ကြ၏။
လင်းရီဘက်က ယခုလို အကွက်မျိုး ရွေ့လာလိမ့်မည်လို့ သူတို့ မျှော်လင့်မထားခဲ့ချေ။
ချို့ယွင်းချက် ရှိနေသည့် ကားဖြင့် သူတို့ မည်သို့ စိတ်ချလက်ချ မောင်းနိုင်ပါမည်နည်း။
“ ဆရာ … မင်းနောက်နေတာပဲ ဖြစ်ရမယ်… ဒါက ဖောက်သည်ရဲ့ကားလေ… စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် ကျုပ်တို့ မောင်းလို့ မရဘူး …”
လင်းရီ နောက်သို့လှည့်ပြီး မိန်းမလှလေးအား ကြည့်လိုက်သည်။ “ ကျုပ် ဒီကား ငှားလို့ ရလား …”
“ ရတာပေါ့ ရတာပေါ့… “ အမျိုးသမီးမှ ထပ်ခါတလဲလဲ ခေါင်းညိမ့်ပြီး ပြော၏။ “ သူတို့ စိတ်ကြိုက် မောင်းလို့ရတယ်… ကီလို ၁,၀၀၀ မောင်းပြီးတာတောင် ဘာမှ မဖြစ်ဘူးဆိုရင် ငါ အရှုံးပေးလိုက်မယ်….”
လင်းရီ လီတုံလင်းအား ကြည့်လိုက်ပြီး “ မြင်ပြီလား …. ဒါဆို အတည်ဖြစ်ပြီ… ယူသွားပြီး ကီလို ၁,၀၀၀ မောင်း .. ပြဿနာ မရှိဘူး ဟုတ် ….”
လီတုံလင်း ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် မျက်နှာထားဖြင့် “ ဒီတိုင်း ကျုုပ် ကားမောင်းတဲ့ အရည်အချင်းက မကောင်းတော့ တစ်ခုခုနဲ့ တိုက်မိရင် မကောင်းဘူးလေ….”
“ ရတယ်… မင်း တိုက်ရင် ပျက်စီးတဲ့ စရိတ် ငါ ပေးမယ်….” လင်းရီ ပြောလိုက်သည်။ “ တကယ်လို့ မင်းက မောင်းတာ မတော်ဘူးဆိုလည်း ဆိုင်က မင်းဝန်ထမ်း တစ်ယောက်ယောက်ကို မောင်းခိုင်းလိုက်လည်း မရဘူးလား …”
“ အာ … ကျုပ်တို့လည်း ကားမောင်းတာ မကျွမ်းဘူး … ကျုပ်တို့ မမောင်းနိုင်ဘူး …”
“ ငါ့လည်း လာမပေးနဲ့ .. ငါလည်း ကားမမောင်းတတ်ဘူး ….”
ဝန်ထမ်း ခုနစ်ယောက်၊ ရှစ်ယောက်ခန့်မှာ လက်များအား တွင်တွင်ခါရမ်း၍ နောက်သို့ဆုတ်လိုက်ကြ၏။ ကားအား စမ်းသပ်မောင်းနှင်ဖို့ မည်သူမျှ ဆန္ဒမရှိသည်အား အထင်းသား မြင်တွေ့နေရလေသည်။
“ ဘာလို့လဲ … မင်းတို့အားလုံး သေရမှာ သိပ်ကြောက်နေကြတယ်ပေါ့ …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့ပြောတော့ ကားက အဆင်ပြေတယ်ဆို … အခုကျ မင်းတို့အားလုံး ဘာတွေကြောက်နေကြတာ ….”
လူတိုင်း ရှက်ရွံ့သွားခဲ့ကြပြီး စကားတစ်ခွန်းမျှ ပြန်မပြောလာကြချေ။
“ ဆရာ … ဒါက ပြဿနာကို ဖြေရှင်းတဲ့ နည်းလမ်း မဟုတ်ဘူးနော်….” လီတုံလင်း ပြောလိုက်ပြီး “ ကျုပ်မှာ အကြံတစ်ခု ရှိတယ်… ဒီလို နည်းလမ်းနဲ့ ကိုင်တွယ်လို့ ရမလား ကြည့်ကြတာပေါ့….”
“ ပြော ….”
“ ကျုပ်တို့ ဒီကားကို အရည်အသွေး စစ်ဆေးတဲ့ ဌာနကို ယူသွားပြီး ပြဿနာကို တင်ပြလိုက်မယ်… တကယ်လို့ ကားမှာ ပြဿနာ ရှိတယ် ပြောလာရင် ကျုပ်တို့ ချက်ချင်း ဖြေရှင်းပေးမယ်… မဟုတ်ခဲ့ဘူးဆိုရင်တော့ ကျုပ်တို့ဘက်က ထိခိုက်သွားတဲ့ ဂုဏ်သတင်းအတွက် ဒီအမျိုးသမီးကို ပြန်ပြီး အလျော်တောင်းရမှာပဲ …”
“ နင်တို့ လုပ်ချင်သလို လုပ်လို့ ရတယ်… နင်တို့ ကြိုက်တဲ့နေရာ ပို့လိုက် …” အမျိုးသမီးမှ ပြောလိုက်၏။
“ ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်ပြီ…” လင်းရီ ပြောပြီးနောက် ကျန်းဇီရှင်းအား ကြည့်၍ “ ကားတင်တဲ့ ထရပ်ကို ဒီမောင်းလာခဲ့ဖို့ ပြောလိုက် … အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာနကို သယ်သွားခိုင်းလိုက် ..”
“ ဟုတ် … လင်းကော …”
အရာအားလုံး စီစဉ်ပြီးနောက် လင်းရီနှင့် ကျန်သူများ ထွက်ခွာတော့ အချိန်မှာပဲ မိန်းမလှလေးမှာ သူတို့လမ်းအား ဟန့်တားလာခဲ့သည်။
“ ရဲဘော် … ငါ နင့်ဝီချက် အပ်လို့ရလားဟင် … အကြောင်းထူးရင် ငါ့ဆီလှမ်းပြောလို့ အဆင်ပြေတာပေါ့ …”
“ ရတာပေါ့ …” ကျန်းဖန့် လိုက်လျောစွာဖြင့် သူ၏ ဖုန်းအား ထုတ်ပေးလိုက်သည်။
သို့သော် အမျိုးသမီးမှာ သူ့အား လျစ်လျူရှုထားပြီး လင်းရီကို ကြည့်လျက် သူနှင့် ဝီချက် အပ်ချင်နေလေသည်။