မင်းကို အမြင်ကျယ်အောင်လို့ ခေါ်သွားပေးမယ်
Vol. 114 Ch. 1698
ကျန်းဇီရှင်း အရယ် မရပ်တော့ချေ။
ရုပ်ရည်ချောမောသည်က အမြဲလိုလို အားသာချက် တစ်ခုတော့ရှိ၏။ အမြဲလိုလို သူ ရဲယူနီဖောင်းနှင့် အပြင်ထွက်တိုင်း သူနှင့်အတူ ရိုမန်တစ်ဆန်ဆန် စိတ်ကူးယဉ်ချင်နေသည့် အမျိုးသမီးလေးတို့နှင့် အမြဲ ဆုံတွေ့ရသည်။
“ ရပါတယ်… မိန်းကလေး တစ်ခုခု လိုအပ်လို့ရှိရင် ကျုပ်ကို ဒီက ရဲစခန်းမှာ လာရှာလို့ရတယ်…”
“ ကောင်းပါပြီ ကောင်းပါပြီ… ကျေးဇူးနော်.. မဟုတ်ရင် ငါတော့ ဘယ်လိုလုပ်လို့ လုပ်ရမှန်းကို မသိတော့ဘူး …”
“ ဒါ ကျုပ်တို့ တာဝန်ပါ …” လင်းရီ ပြောလိုက်ပြီး “ အရည်အသွေး စုံစမ်း စစ်ဆေးမှု ရလဒ် ထွက်လာပြီးရင် ဒီကိစ္စလည်း ဖြေရှင်းပြီး ဖြစ်ပြီ … မိန်းကလေး ဘာမှ မစိုးရိမ်နဲ့ …”
“ အွန်း …”
နှစ်ဖက် အငြင်းပွားမှု ပြဿနာကို ဖြေရှင်းပြီးနောက် လေးယောက်သား စခန်းသို့ ပြန်လာခဲ့ကြလေသည်။
4S စတိုးဆိုင် အနားတွင် ဝန်းရံနေကြသူများလည်း ဆဲရင်း ဆိုရင်းဖြင့် လူစု ပြန်ခွဲသွားခဲ့ကြသည်။ ၎င်းအပြင် လူတော်တော်များများက ဤဖြစ်ရပ်အား ဖုန်းများဖြင့် မှတ်တမ်း ဗွီဒီယို ရိုက်ကူးထားပြီး အွန်လိုင်းပေါ်တွင် စတင် ရေပန်းစားလာသည်။ ကားအရောင်းပြခန်းမှ စိတ်ကျေနပ်စရာ အဖြေတစ်ခုကို ပြန်မပေးဘူးဆိုပါက နောင်တွင် စီးပွားရေး ဆက်လုပ်ဖို့ အခက်အခဲပင် ရှိလာနိုင်သည်။
“ မစ္စတာလီ… ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်ကြမလဲ …” မာ့ခ် မေးမြန်းလိုက်၏။ “ ဒီကိစ္စက လိုင်းပေါ်မှာလဲ တောမီးလောင်သလိုကို ပျံ့နေပြီ.. ငါ့စိတ်ထင် မကြာခင် ရုံးချုပ်က ဖုန်းဆက်လာလောက်တယ်…”
လီတုံလင်းလည်း ကား၏ ပြဿနာကို သေချာလေး သတိပြုမိသည်။ သို့သော် သူ့ဘက်က ကားတွင် ပြဿနာ ရှိနေပါသည်ဟု အမှန်အတိုင်း ဝန်ခံလိုက်ရ မဖြစ်ချေ။ ထိုသို့ ပြုလုပ်မည်ဆိုပါက သူ့ထမင်းအိုး ကွဲသွားနိုင်သည်။
“ ရတယ်… ငါ ရှင်းလိုက်မယ်…” လီတုံလင်း ပြောလိုက်ပြီး “ အရည်အသွေး စောင့်ကြည့်လေ့လာရေး ဌာနက အရည်အသွေး ပြည့်မီကြောင်း ထောက်ခံစာလေး တစ်စောင်ပဲ မလား … ထွေထူး ပြဿနာ မဟုတ်ပါဘူး …”
အပြန်လမ်းတွင် လင်းရီ စနစ်၏ စာမျက်နှာကို ဖွင့်ကြည့်လိုက်တော့ မစ်ရှင် ဆောင်ရွက်နေမှု နေရာ၌ (1/10) ဖြစ်နေသေးကြောင်းကို မြင်တွေ့လိုက်ရသည်။ စနစ်က ဤအမှုကို ထည့်မတွက်သည့် ပုံပင်။
ဒါမှမဟုတ် အမှုက မပိတ်သေးသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးပြတ်စေရန်အတွက် အရည်အသွေးပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှု ရလဒ်ကို စောင့်ရလောက်၏။
ထို စစ်ဆေးမှု အတည်ပြုချက်က မည်သည့်အချိန်၌ ထွက်လာမလဲဆိုတာကို လင်းရီ မသိချေ။ သို့သော် အလျင်လိုစရာလည်း မလိုချေ။ မည်သို့ပင်ဆိုစေ ထွက်လာသည်နှင့် အမှုလည်း ဖြေရှင်းပြီး ဖြစ်၏။
ရဲစခန်းသို့ ပြန်ရောက်သည်နှင့် ချိန်ပင်းချန်ထံမှ ဖုန်းဆက်သွယ်မှု တစ်ခုကို လင်းရီ လက်ခံရရှိလိုက်သည်။
အဘယ်ကြောင့် ဖုန်းခေါ်ဆိုလာလည်း ဆိုတာကိုတော့ လင်းရီ အကြမ်းဖျင်း ခန့်မှန်းပြီး ဖြစ်၏။
“ ဥက္ကဌလင်း … မင်း ရဲအရာရှိ လုပ်နေတယ်ပေါ့ ….”
“ အိုး … ခင်များ သိသွားပြီပဲ …”
“ လူတစ်ယောက် ပြောလာလို့ပေါ့ … ငါလည်း မစစ်ဆေးရသေးခင်အထိ မသိသေးဘူး …”
“ ကျုပ်လည်း ဘာမှ ထွေထူး လုပ်စရာ မရှိတာနဲ့ ဒီလာပြီး ဘဝ အတွေ့အကြုံ လာယူနေတာ … ဘယ်သူ့မှ သွားမပြောနဲ့နော်… အထူးသဖြင့် လျန်ရူရွှယ်ကို သွားမပြောနဲ့ … ဒီကိစ္စ မသိထားဘူးလို့ပဲ သဘောထားလိုက် …”
ဤလျှို့ဝှက်ချက်က ကြာကြာ ထိန်းသိမ်း၍ မရနိုင်မှန်းကို လင်းရီ သိသည်။ အနှေးနှင့်အမြန် ၊ ချိန်ပင်းချန်၏ နားပေါက်ဝသို့ ရောက်ရှိသွားနိုင်သည်။
“ ဒါများ စောစီးကတည်းက ပြောရောပေါ့ ဥက္ကဌလင်းရယ် … ငါ မင်းကို တိုက်ရိုက် စီစဉ်ပေးလိုက်မှာပေါ့ … “
“ ကျုပ် ကိုယ့်အစွမ်းအစကိုယ် စမ်းသပ်ချင်လို့လေ … မရဘူးလား … ခင်များကသာ အစစအရာရာ စီစဉ်ပေးနေရင် ပျော်ဖို့ ဘယ်ကောင်းတော့မှာ …” ဖုန်းတစ်ဖက်ခြမ်းရှိ ချိန်ပင်းချန်မှာ ထိုစကားကြားတော့ တဟားဟား ရယ်မောမိသွားခဲ့သည်။
“ ရတယ် …. ငါ လောလောဆယ် လျှို့ဝှက်ထားပေးမယ်… ဒါပေမယ့် တစ်နေ့ အတွင်းရေးမှူးလျန် ဒီကိစ္စ သိသွားလို့ကတော့ ငါ့ကို ဘက်စ်ကားပေါ်ကနေ ပစ်မချနဲ့နော်…”
“ မပူနဲ့ … ကျုပ် ဘယ်တော့မှ အဲ့လို မလုပ်ဘူး …”
ချိန်ပင်းချန်နှင့် ခေတ္တ စကားပြောပြီးနောက် လင်းရီ ဖုန်းပြန်ချလိုက်သည်။
နောက်ရက်အနည်းငယ် ကြာသည့်တိုင်အောင် လင်းရီ၏ နေ့စဉ် ဘဝမှာ တော်တော်လေး သက်တောင့်သက်သာ ဖြစ်နေခဲ့၏။
သူ၏ လုပ်ငန်းခွင်ကိုလည်း ပိုပြီး နားလည်သဘောပေါက်လာသည်။
ရုံးခန်းထဲရှိ လူလေးယောက်မှာ အုပ်စုနှစ်ခု အဖြစ် ကွဲသွားခဲ့ပြီး … ကျန်းတဲ့မင်သည် ကျန်းဇီရှင်းနှင့် တစ်သင်း ဖွဲ့လိုက်၏။ ကျန်းဖန့်နှင့် လင်းရီတို့ကတော့ နောက်တစ်သင်းပင်။
အကယ်၍ တစ်စုံတစ်ရာဆိုပါက သူတို့တွေ သီးခြား ကိုင်တွယ်နိုင်သည်။
မည်သို့ပင်ဆိုစေ အရပ်သား ပြဿနာများက အဓိကအားဖြင့် ဖျန်ဖြေ ညှိနှိုင်းဆွေးနွေးခြင်း ဖြစ်ပြီး ပြဿနာအား ဖြေရှင်းရန်အတွက် ရဲအရာရှိများစွာ သွားရောက်ဖို့ မလိုအပ်ချေ။ ဤသည်က လူသား အရင်းအမြစ်များ ဖြုန်းတီးခြင်းမှ ကာကွယ်နိုင်သည်။
ထို့ပြင် ကျန်းတဲ့မင်သည် လင်းရီက ဤနေရာ၌ အချိန်အပိုင်းအခြား တစ်ခုလေးမျှသာ နေထိုင်မည် ဖြစ်ကြောင်းကို သိရှိထားသည်။ နောင်တွင် အချိန်မရွေး တခြား ဌာနများသို့ ပြောင်းရွေ့သွားမည့်လူ ဖြစ်၏။ ထို့ကြောင့် သူ့အား မစ်ရှင် များများစားစား မပေးအပ်ခဲ့ချေ။
ရလဒ် အနေဖြင့် အရင်နှစ်ရက်တွင် သူ့ဘက်က အမှုနှစ်ခုသာလျှင် ကိုင်တွယ်ရပြီး အကုန်လုံးကလည်း သာမန် အသေးအမွှား ကိစ္စလေးများသာ ဖြစ်၏။ သို့တိုင် လင်းရီကတော့ ထိုသို့သော အသေးအမွှား အမှုလေးများကိုသာ ကိုင်တွယ်ရ၍လည်း စိတ်ထဲ မည်သို့မျှ မဖြစ်ချေ။ အဘယ်ကြောင့်ဆိုသော် မစ်ရှင် လုပ်ဆောင်သည့် နေရာ၌ (3/10) ဟု ပြသနေသည်။ Tesla ကားကိစ္စရောဆိုပါက သူ့တွင် စုစုပေါင်း လေးမှု ဖြေရှင်းပြီး ဖြစ်သည်ဟု သတ်မှတ်၍ရ၏။
ယခုလို အမြန်နှုန်းဖြင့် ဆိုပါက ဤမစ်ရှင်သည် အများဆုံး နှစ်ပတ်အတွင်း ပြီးဆုံးသွားနိုင်လေသည်။
“ လင်းလေး … ဒီလာပါဦးကွ …”
လင်းရီ အချောင်ခိုနေစဉ်မှာပဲ လီရှန်းဟွေ့ တံခါးဝသို့ ရောက်လာပြီး မေးငေါ့ကာ သူ့အား လှမ်းခေါ်လာသည်။
“ ဘာလို့လဲ အစ်ကိုလီ …”
“ အမှုတစ်ခု ရှိတယ်.. ငါမင်းကို အမြင်ကျယ်အောင် ခေါ်သွားပေးမလို့ …”
“ အိုး … အမြင်ကျယ်အောင်ဆိုတော့ ဘယ်လောက်များ ကြီးနေလို့ …”
“ လူတစ်ယောက် သေသွားတယ်…”
လင်းရီ ခေါင်းကုတ်လိုက်၏။ သူလည်း သတ်ခဲ့ဖူးသည့် လူတို့က မနည်းသဖြင့် လူသေအလောင်းတို့အား မြင်ခဲ့ဖူးလေသည်။ ဤသည်က သူ၏ အမြင်အား ကျယ်ပြောစေရန် လုံလောက်လိမ့်မည် မဟုတ်ချေ။
“ တော်တော် ကြောက်ဖို့ ကောင်းမှာပဲ … တော်နေ ညကျ အိပ်မက်ဆိုးတွေ မက်နေရင် ဘယ်လိုလုပ်မှာ …” လင်းရီ ပြောလိုက်သည်။
“ အဲ့လောက်ထိတော့ မဟုတ်ပါဘူးကွာ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ငါ တိုင်ကြားတဲ့လူဆီက ကြားတာတော့ ကိုယ့်ကိုယ်ကို သတ်သေတဲ့ အမှုတဲ့ … ဒါကြောင့်မို့ မင်းကို အတွေ့အကြုံရအောင် ခေါ်သွားပေးမလို့ … ဘာပဲဆိုဆို နောင်ကျ ငါတို့ဘက်ခြမ်းကို လာရမယ့် အတူတူပဲလေ… အလုပ်နဲ့ မြန်မြန်လေး အသားကျသွားတော့လည်း ကောင်းတာပေါ့ ….”
“ သွားစို့ …” လင်းရီ အဝတ်အား ကောက်ယူ၍ ပြောလိုက်သည်။
မကြာမီ လင်းရီ၊ လီရှန်းဟွေ့ ၊ ကူရိရန်နှင့် အခြားလူနှစ်ယောက်ဖြစ်သည့် ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းဆိုသူတို့ အတူထွက်လာခဲ့ကြလေသည်။ သူတို့အားလုံးက ရာဇဝတ်မှု စုံစမ်းရေး အဖွဲ့သားများ ဖြစ်ကြ၏။
နှစ်ယောက်လုံးက နွေးနွေးထွေးထွေး ရှိပြီး စကားကလည်း အတော်ပြောနိုင်သည့် လူစားမျိုးများ ဖြစ်ကြ၏။ ပေါင်းသင်းရလွယ်ကူသဖြင့် လျင်လျင်မြန်မြန်ပဲ လင်းရီနှင့် ဓာတ်ကျသွားခဲ့ကြလေသည်။
အခင်း ဖြစ်ပွားသည့် နေရာက အော့လုံ တောင်၊ ရှုခင်းသာ ဧရိယာတွင် ဖြစ်သည်။ လင်းရီ ထိုနေရာကို သိ၏။
ရှုခင်းက မဆိုးချေ။ တုံယင်းပေါ်၌ နာမည်တော်တော်ကြီး၏။ အနီးနားဝန်းကျင်ရှိ လည်ပတ်သူများအတွက် ပထမ ဦးစားပေး ရွေးချယ်စရာ နေရာ တစ်ခုပင်။
ယခင်တုန်းက လီချူးဟန်အား ဤနေရာသို့ ခေါ်လာ၍ လာရောက်လည်ပတ်ရန် စိတ်ကူးထားသော်လည်း ယခုလိုမျိုး တစ်စုံတစ်ရာ ဖြစ်ပျက်လာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ချေ။
ခဏကြာအောင် ကားမောင်းပြီးနောက် သူတို့ငါးယောက် အော့လုံ တောင်၊ ရှုခင်းဧရိယာသို့ ရောက်လာခဲ့ကြသည်။
အခင်းဖြစ်ပွားသည့် နေရာသို့ ရောက်သည်တွင် ဒေသခံ ရဲများနှင့် မှုခင်း ဆရာဝန်တို့က လုပ်စရာရှိသည်များကို ကြိုတင် လုပ်ဆောင်ပြီးဖြစ်ကာ အခင်းဖြစ်ပွားသည့် နေရာတစ်ဝိုက်အား လူ အင်အားဖြင့် ဝန်းရံပိတ်ဆို့ထားသည်။ အလောင်းကို ပိတ်စ အဖြူဖြင့် ဖုံးအုပ်ထားဖြင့် ပရော်ဖက်ရှင်နယ်ဆန်ဆန် ကိုင်တွယ်ထားလေသည်။
သူတို့ အခင်းဖြစ်ပွားသည့် နေရာကို ရောက်တော့ လီရှန်းဟွေ့မှ အိုင်ဒီအား ထုတ်ပြကာ ဒေသခံ ရဲများက သူတို့အုပ်စုကို ဝင်ခွင့် ပေးလိုက်ကြ၏။ ထို့နောက် အမှုအား လက်လွှဲယူရန် ဟန်ပြင်လိုက်ကြသည်။
“ အခြေအနေ ဘယ်လိုရှိလဲ …”
“ သေသွားတဲ့လူရဲ့ နာမည်က စုန့်တဲယွမ် … သူဌေးတစ်ယောက် … လုံခြုံရေး ပစ္စည်းတွေ လုပ်တာ … သူတို့ ကုမ္ပဏီက ဒီကို အသင်းလိုက် ချစ်ကြည်ရေး ခရီးထွက်လာခဲ့တာ ဒါပေမယ့် အကြောင်းပြချက် တစ်ချို့ကြောင့် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာပဲ …”
“ အသင်းလိုက် ချစ်ကြည်ရေးခရီး … ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ်ပေါ့ ….”
လီရှန်းဟွေ့ သံသယတော့ အနည်းငယ် ဝင်မိ၏။ သူ၏ အတွေ့အကြုံတို့က ပြောပြနေသည်မှာ ဤနှစ်ခုက ဆက်စပ် သက်ဆိုင်နေခြင်း မရှိဟူ၍ပင်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်ကြသည့် လူတို့က များသောအားဖြင့် ယခုလို လူအများ သွားလာလှုပ်ရှားသည့် နေရာ၌ မစီရင်တတ်ကြချေ။ ထိုသို့ စီရင်ဖို့ ဆုံးဖြတ်ကြသူတိုင်းကလည်း မသေချင်သေးသည့် လူများဖြစ်၏။
ထို့ပြင် ဤလူက ဤနေရာသို့ လာပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်ချင်နေသည်။ ထိုသို့ဆိုပါက အဘယ်ကြောင့် သူ့လူများဖြင့် အပန်းဖြေ ခရီး ထွက်လာနေသေးသနည်း။
လီရှန်းဟွေ့ သူ့လူများအား ချိတ်ပိတ်ထားသည့် နေရာသို့ ဦးဆောင်သွားပြီး ပိတ်စအဖြူအား လှန်လိုက်သည်။
အလောင်းမှာ တောင်ပေါ်မှ ပြုတ်ကျထားသည့် အတွက်ကြောင့် အသားတို့က တစ်ပိုင်းတစ်စစီ ဖြစ်လို့နေသည်။
ထို့ပြင် လက်ခြေထောက်တို့ကလည်း လိမ်ကွေးနေပြီး ပြုတ်ကျလာစဉ် တစ်လျှောက်တွင် တောင်နံရံနှင့် တိုက်ထားမိသည်မျိုး ဖြစ်နိုင်သည်။
လင်းရီ မော့ကြည့်လိုက်ပြီး တောင်က သိပ်မမြင့်သည်ကို မြင်တွေ့လိုက်ရ၏။ မီတာ နှစ်ဆယ်လောက်သာ မြင့်ပြီး ခုနစ်ထပ် ၊ ရှစ်ထပ် အမြင့်ပမာဏပင်။
သို့သော် လူတစ်ယောက်အား အသက်သေကြေစေရန်တော့ လုံလောက်သည့် ပမာဏဖြစ်၏။ ထိုသို့သော အမြင့်မှ ပြုတ်ကျလာသဖြင့် ယခုလို အနာတရများ ဖြစ်ပွားသည်က ကျိုးကြောင်းဆီလျော်မှုတော့ ရှိသည်။
“ သူ့ကို ဆေးမှုခင်း ကျွမ်းကျင်သူဆီ ပို့လိုက် … ကူလေး နဲ့ လင်းရီ .. မင်းတို့နှစ်ယောက်က အနီးတစ်ဝိုက်မှာရှိတဲ့ စောင့်ကြည့်ရေး ကင်မရာတွေကို တစ်ချက်သွားစစ်ကြည့် …”
သူတို့နှစ်ယောက်က အချင်းများထားသည်ကို လီရှန်းဟွေ့သိသည်။ ထို့ကြောင့် နှစ်ယောက်အား အတူပူးပေါင်းဆောင်ရွက်စေချင်ပြီး ပြန်လည် သင့်မြတ်လာစေရန် ရည်ရွယ်သည်။ နောင်တွင်လည်း လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာကြမည့်လူများ ဖြစ်သဖြင့် ယခုလို အချင်းချင်း အေးတိအေးစက် ဖြစ်နေတာကြီးက မကောင်းချေ။
“ နားလည်ပါပြီ…”
“ ရှောင်ကျန်း .. ရှောင်ကောင်း … မင်းတို့နှစ်ယောက် ကားတစ်စင်းရှာပြီး မျက်မြင်သက်သေတွေနဲ့ သေသွားတဲ့လူရဲ့ ကုမ္ပဏီက လူတွေကို ခေါ်သွား … ပြန်ပြီး သူတို့ကို ဖြည်းဖြည်းချင်း စစ်ဆေး …”
“ ဟုတ်ကဲ့ …”
ကိုယ်စီ တာဝန်များအား ချမှတ်ပေးပြီးနောက် လေးယောက်မှာ လမ်းခွဲလိုက်ကြသည်။
ကူရိရန်သည် သူမ၏ လင်းရီ အပေါ် နဂို သဘောထား အပြုအမူအား ပြောင်းလဲ၍ လမ်းတွင် အလွန်အသုံးဝင်သည့် သူမ၏ အတွေ့အကြုံများအား ဝေမျှပေးနေလျက်ရှိသည်။
“ မြင်လား … ဒီလို ဖြစ်နေရမှာ … လုပ်ဖော်ကိုင်ဖက်တွေလည်း ဖြစ်တော့မှာကိုပဲ အချင်းချင်း သင့်မြတ်သင့်တာပေါ့ …”
“ ကိုယ့်ကိုယ်ကို ဘဝင်ခိုက်မနေနဲ့ … ငါတို့က ခုကစပြီး အလုပ်လုပ်ရတော့မှာ .. အဲ့လို ကိစ္စတွေနဲ့ စိတ်ရှုပ်မခံနိုင်ပါဘူး …”
ကူရိရန် ခံစားချက် ကင်းမဲ့စွာဖြင့် ပြောလိုက်၏။ အလုပ်နှင့် ကိုယ်ရေးကိုယ်တာကို ခွဲခြားထားသည်မှာ အသိသာကြီးပင်။
“ ရင်ဘက်သေးပြီး စိတ်ကြီးတယ်… ဆံပင်ရှည်ပြီး အမြင်ကျဉ်းတယ်… ဒီလေးချက်နဲ့ ကိုက်ညီနေတယ်ဆိုမှတော့ .. မင်း ဒီတစ်သက် အိမ်ထောင်ကျဖို့ မစဉ်းစားနဲ့တော့ …”