← Chapters

အမှုအား ထင်ကြေးပေးခြင်း

Vol. 114 Ch. 1699

အမှုအား ထင်ကြေးပေးခြင်း

Vol. 114 Ch. 1699

“ နင့် ပါးစပ်ကြီးနဲ့ လူကို လာကျိန်ဆဲမနေနဲ့ … ငါ့ကို ပိုးပန်းနေတဲ့လူတွေများ ပေါလွန်းလို့ … ငါသာ ဆန္ဒရှိရင် ခုချက်ချင်းတောင် ကောက်ယူလိုက်လို့ရတယ် … နော်…”

“ ငါတော့ … ကန်းနေတဲ့ လူကလွဲရင် မင်းကို လက်ထပ်မယ့်လူ ရှိမှာ မဟုတ်ဘူးလို့ ပြေးမြင်မိတာပဲ ….”

“ လစ်စမ်း.. အလုပ်ကိစ္စကိုပဲ အာရုံစိုက် …”

ကူရိရန်မှာ စိတ်ဆတ်သော်လည်း အလုပ်ကိစ္စတွင်တော့ တော်သည်။ နာရီဝက်အတွင်း စောင့်ကြည့်ရေး ကင်မရာမှ မြင်ကွင်းများအားလုံးကို hard drive တစ်ခုတွင် စုစည်း၍ လီရှန်းဟွေ့ထံသို့ ပြန်လာခဲ့သည်။

သူတို့ ရဲစခန်းကို ပြန်ရောက်တော့ မွန်းလွဲ သုံးနာရီပင် ကျော်နေချေပြီ။

အနားယူခြင်း မရှိပါဘဲ လူတိုင်းက နောက်ခြေလှမ်းကို ဆက်လှမ်းကြတော့၏။

ညနေ ခုနစ် နာရီထိုးသည့် အခါမှသာ စစ်ဆေးမေးမြန်းသည့် လုပ်ငန်းစဥ်က ပြီးဆုံးသွားခဲ့သည်။ ထို့နောက် အပြင်ဘက်မှ အစားအသောက်များ အော်ဒါမှာ၍ အမှုအား စားရင်း ဆွေးနွေးကြတော့၏။

“ မင်းတို့ မေးမြန်းနေတုန်းက တစ်ခုခု သတိထားမိတာတွေ ရှိလား …”

“ ကျွန်မတော့ ဘာထွေထူး ပြဿနာမှ မမြင်မိဘူး …” ကူရိရန် ပြောလိုက်သည်။ “ သေသွားတဲ့ စုန့်တဲရန်က အသက် ၅၈ နှစ် ရှိပြီ… သူ့ကုမ္ပဏီက မီးဘေး စောင့်ကြည့်ရေး စနစ်ကို ကိုင်တွယ်နေတာ … စုစုပေါင်း သန်း ၆၀ ဖိုးလောက် တန်တဲ့ အပန်းဖြေယာဉ်တွေကိုလည်း ပိုင်ဆိုင်ထားသေးတယ်.. ဘဏ်မှာ အပ်ထားတဲ့ ပိုင်ဆိုင်မှုတွေကလည်း သန်း ၈၀ လောက်ရှိတယ်… ပြောရရင် သူက တကယ့် သူဌေးကြီးပဲ …”

“ သူ့ဇနီး နာမည်က လျိုဖန်း … ၅၆ နှစ် .. သူတို့မှာ ၃၂ နှစ်ရှိပြီ ဖြစ်တဲ့ စုန့်ကျယ်ဆိုတဲ့ သားတစ်ယောက်လည်း ရှိသေးတယ်… သားကတော့ သူတို့ ကုမ္ပဏီရဲ့ ဒုဥက္ကဌပေါ့ ….”

“ ဒါပေမယ့် သူ့ရဲ့ ကိုယ်ရေးကိုယ်တာ ဘဝက သိပ်ပြီးမှ သိုသိပ်လှတာလည်း မဟုတ်ပါဘူး … သူ့မှာ အသက် ၃၈ နှစ်အရွယ် အပျော်မယား တစ်ယောက် ရှိတယ်… နာမည်က တူကျွမ့် …. ပံ့ပိုးပေးလာတာ ရှစ်နှစ်ကျော်ပြီ… အဲ့ဒီ အမျိုးသမီးက အင်တာနက် ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်…”

လူချမ်းသာ တစ်ဦးအတွက် ဤသို့ အပျော်မယား ရှိသည်က သာမန်ပင်။ မည်သူကမျှ ထိုသတင်းကြောင့် အံ့အား မသင့်သွားကြချေ။

အနှီ စုန့်တဲ့ယွမ် ဆိုသည့် လူ၌သာ အပျော်မယား တစ်ယောက် မရှိမှသာ နည်းနည်းလေး ပုံမှန် မဟုတ် ဖြစ်နေပေလိမ့်မည်။

“ ကျွန်မ စုန့်ကျယ်၊ လျိုဖန်းနဲ့ တူကျွမ့်ရဲ့ ရာဇဝတ်မှတ်တမ်းတွေကိုလည်း စစ်ကြည့်ပြီးပြီ…” ကူရိရန် ပြောလိုက်ပြီး “ လျိုဖန်းက အတော်လေး သန့်ရှင်းတယ်… သာမန် ချမ်းသာတဲ့ သူဌေးကြီးရဲ့ ဇနီးသည်တစ်ယောက်ပဲ … ဒါပေမယ့် ဒါတွေက မှတ်တမ်းထဲမှာ ရေးထားတဲ့ အချက်အလက် သပ်သပ်ပဲလေ.. ဇာတ်လမ်း အပြည့်အစုံကို သိချင်ရင်တော့ အသေးစိတ် စုံစမ်းကြည့်မှပဲ သိမှာ ….”

“ စုန့်တဲယွမ်ရဲ့ သား ၊ စုန့်ကျယ်ကျတော့ ငယ်ငယ်တုန်းက ရန်ခဏခဏ ဖြစ်ခဲ့ဖူးတယ်… ပြဿနာရှာလို့ ဆိုပြီး ထောင်နှစ်လတောင် ဝင်ခဲ့ဖူးရသေးတယ်.. နောက်ပိုင်း လုပ်ငန်းခွင် ဝင်တော့လည်း ပရောဂျက် ကိစ္စတွေနဲ့ စကား အချင်းများတာတွေ မကြာခဏဆိုသလို ဖြစ်ပျက်ဖူးတော့ သူလည်း မနှစ်မြို့စရာ စရိုက်နဲ့ လူတစ်ယောက်လို့ သတ်မှတ်လို့ရတယ်…”

“ အပျော်မယား တူကျွမ့်ကကျတော့ အပေါ်ယံကြည့်တော့တာ ထင်ရက် စရာ မရှိဘူး ဆိုပေမယ့် သူ့မှာ တားမြစ်ပစ္စည်းတွေ သုံးစွဲခဲ့ဖူးတဲ့ မှတ်တမ်းနဲ့ လဝက် ထိန်းသိမ်းခံခဲ့ရဖူးတယ်… ဒါကြောင့်မို့ သူ့လည်း လူကောင်းလို့တော့ သတ်မှတ်လို့ မရဘူး …”

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် လီရှန်းဟွေ့ ပြောလိုက်၏။

“ တူကျွမ့်ကို သေချာလေး စစ်ဆေးကြမယ်… သူ့ကို စခန်းဆီ မြန်မြန် ခေါ်လာခဲ့ … ငါတို့ သူ့ကို အရင်စစ်မေးကြမယ်…”

“ အင်း … ကျွန်မ ခေါ်ခဲ့ဖို့ လူလွှတ်ထားပြီးပြီ…” ကူရိရန် ပြောလိုက်သည်။

လီရှန်းဟွေ့ ကျေနပ်အားရစွာ ခေါင်းညိမ့်လိုက်ပြီး စီးကရက် တစ်လိပ်အား မီးညှိလိုက်၏။

“ မင်းတို့ ယူလာခဲ့တဲ့ စောင့်ကြည့်ရေး ကင်မရာ မှတ်တမ်းတွေက ဘယ်မှာ … အဲ့တာ အရင်ကြည့်ကြစို့ ….”

“ ဒီမှာ …”

ကူရိရန်သည် သူမ ယူလာခဲ့သည့် Hard drive ကို ကွန်ပျူတာသို့ ချိတ်ဆက်လိုက်ကာ စုန့်တဲ့ယွမ် အဆုံးစီရင်သည့် ကင်မရာမြင်ကွင်းအား ပြသလိုက်၏။

ရုံးခန်းမှာ အတော်လေး တိတ်ဆိတ်နေသည်။ တချို့မှာ ကင်မရာ မြင်ကွင်းကို ကြည့်ရင်း အစားစားနေကြ၏။

နေ့လည်ဝန်းကျင်လောက်တွင် စုန့်တဲ့ယွမ်သည် တောင်အစွန်းဘက်သို့ တစ်ယောက်တည်း ထွက်လာသည်။ ထို့နောက် ကမ်းပါး အစွန်းတွင် အချိန်အကြာကြီး မတ်တပ်ရပ်နေလျက် ရှိသည်။ သုံးမိနစ်ခန့် ကြာပြီးနောက် သူ၏ ကိုယ်မှာ အောက်သို့ ပြုတ်ကျသွားခဲ့ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။

“ ကြည့်ရတာတော့ တကယ်ကြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတာပဲ …” ကျန်းဟွေ့မှ ပြောလိုက်၏။

တခြားသူများလည်း မသိစိတ်အလျောက် ခေါင်းညိမ့်လိုက်ကြသည်။

ကင်မရာမြင်ကွင်းထဲတွင် စုန့်တဲယွမ် မသေခင်၌ မည်သူကမျှ ပေါ်ပေါက်မလာသည်ကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး သူ့သဘော ဆန္ဒနှင့်သူ တောင်အောက်သို့ ခုန်ချသွားခဲ့ခြင်း ဖြစ်၏။ မိမိကိုယ်ကို အဆုံးစီရင်ခြင်း၏ ပုံမှန် လက္ခဏာများပင်။

“ ငါ အစက ထင်နေတာ အပျော်မယားက သူ့ ပိုင်ဆိုင်မှုတွေ လိုချင်လို့ တွန်းချလိုက်တယ် ဆိုပြီးတော့ပေါ့ … ခုကြည့်ရတာ ငါ အတွေးလွန်သွားတဲ့ပုံပဲ …” ကောင်းမင်ကျွင်းမှ ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။

“ ဖြစ်နိုင်တာ ငါတို့ ဒီကိစ္စ ရှုပ်ထွေးအောင် တွေးမိသွားတာ နေမှာပေါ့ …” လီရှန်းဟွေ့ သူ့နာရီအား ကြည့်၍ “ တူကျွမ့် ရောက်လာရင် ငါတို့ သူ့ကို ပြန်ပြီး စစ်မေးကြမယ်… တကယ်လို့ ဘာ သံသယ ဖြစ်စရာမှ မရှိဘူးဆိုရင် ဒီအမှုကို ပိတ်သိမ်းကြစို့ …”

“ နေဦး … တစ်ခုခု မူမမှန်ဘူး …”

လူတိုင်း အမှုအား အကဲဖြတ် သုံးသပ်နေစဉ် လင်းရီ၏ စကားလုံးတို့က လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့၏။

“ ဘာမှားလို့လဲ …” လီရှန်းဟွေ့ မေးလိုက်သည်။

“ ကင်မရာ မြင်ကွင်းကို ကြည့်လိုက် …” လင်းရီ ကွန်ပျူတာ စခရင်ကို လက်ညိုးထိုးပြလိုက်ပြီး “ သူ လမ်းလျှောက်နေတဲ့ပုံက ထူးဆန်းမနေဘူးလား …”

လူတိုင်း ကွန်ပျူတာသို့ သေချာ ပြန်အာရုံစိုက်ပြီး အကြိမ်ရေ များစွာ ကြည့်ရှုလိုက်ကြသည်။

“ သူ့ကြည့်ရတာ အရက် အတော်မူးနေတဲ့ပုံပဲ … မျက်နှာလည်း နီနေတယ်… လမ်းလျှာက်တဲ့ပုံကလည်း ပုံမှန်မဟုတ်ဘူး …” ကူရိရန် ပြောလိုက်၏။

ကျန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ အချိန်က နေ့လည်ခင်းပိုင်းလည်းဖြစ် … အသင်းလိုက် ခရီးထွက်လာတာဆိုတော့ စားပြီးသောက်ပြီး အချိန်လည်း ဟုတ်တယ်.. ဒီ ရှင်းပြချက်က အဓိပ္ပာယ် ရှိတယ်…”

“ ဒါက လောဂျစ်တော့ကျတယ်… ဒါပေမယ့် သာမန်တော့ မဟုတ်သေးဘူး ..”

“ ဖြည်းဖြည်းချင်းပြော …” လီရှန်းဟွေ့ ပြောလိုက်သည်။

“ လူတိုင်း စဉ်းစားကြည့်လိုက် … ငါတို့ ငါးယောက်သာ အပြင်ထွက်ပြီး စားကြမယ်ဆိုရင် ပုံမှန် ဝိုင်းသိမ်းဖို့ ဘယ်လောက်ကြာမယ် ထင်လဲ …”

“ နာရီဝက် … တစ်နာရီပေါ့ …” ကောင်းကျွင်းမင် ပြောလိုက်သည်။

“ ဒါပေမယ့် ပြဿနာက ဒါက ကုမ္ပဏီရဲ့ အသင်းလိုက် ချစ်ကြည်ရေး ခရီးထွက်လာတာလေ… ဧရာမ စုဝေးပွဲကြီးက ဒီလောက်မြန်မြန် ပွဲသိမ်းတယ်ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်ချေ မရှိဘူးလေ .. ဟုတ်တယ်ဟုတ် …” လင်းရီ ပြောလိုက်ပြီး “ ငါ ဒါမျိုးပွဲတွေ တက်ဖူးတယ်… ပုံမှန်ဆို မသောက်တဲ့ မိန်းကလေးတွေက စားပြီးတာနဲ့ ပြန်ပြီ.. အဲ့ဒါက မိနစ်လေးဆယ်လောက်ကြာတယ်… ဒါပေမယ့် ကုမ္ပဏီရဲ့ အမျိုးသား ဝန်ထမ်းတွေ၊ တခြား အကြီးအကဲ ခေါင်းဆောင်တွေက ကျိန်းသေပေါက် ဒီလောက်မြန်မြန်ကြီး ပြန်ကြမှာ မဟုတ်ဘူး … ဘာလို့ဆို သောက်လို့ မပြီးသေးလို့ … နောက်တစ်ချက်က ခေါင်းဆောင်တွေဆီက မျက်နှာသာရဖို့ ဝန်ထမ်းတွေက ပုံမှန်ဆို ပြန်ဖို့ အလျင်မလိုကြတာ ထုံးစံပဲ ….”

“ မင်းပြောတဲ့အတိုင်းဆိုရင် …. တကယ်လို့ စုန့်တဲယွမ်သာ တကယ် မူးနေတယ်ဆိုရင် ၁၂ နာရီဝန်းကျင်လောက် ထွက်လာတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”

“ ကျုပ်အခုတင် မြေပုံ ကြည့်လိုက်တာ အခင်းဖြစ်တဲ့ နေရာက စုဝေးပွဲ ကျင်းပတဲ့ ဟိုတယ်နဲ့ မီတာ ၅၀၀ လောက်ဝေးတယ်…”

“ စုန့်တဲယွမ် ကမ်းပါးကနေ ခုန်ချသွားခဲ့တာက ၁၁ နာရီ ၅၀ မှာ … သာမန်လူတစ်ယောက် လမ်းလျှောက်တဲ့ အမြန်နှုန်းအတိုင်းဆို မီတာ ၅၀၀ ကို ရောက်ဖို့က ၆ မိနစ်ကနေ ၈ မိနစ် အထိ ကြာတယ်…. သောက်ထားတဲ့ အချက်ပါ ထည့်ပေါင်းလိုက်ရင် ပိုနှေးပြီး လေးတိလေးကန်တောင် ဖြစ်နေဦးမယ်… မီတာ ၅၀၀ ရောက်ဖို့ အနည်းဆုံး ၁၀ မိနစ်ပဲ ….”

“ တခြားနည်းနဲ့ ပြောကြေးဆို သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ဟိုတယ်ကနေ ၁၁ နာရီ ၄၀ လောက် ထွက်လာမှ အချိန်မီမှာ …”

“ ဒီလို အသင်းလိုက် လှုပ်ရှားမှုတွေမှာ လူတွေကလည်း များတယ်… တင်းကြပ်တဲ့ စည်းမျဉ်းတွေကလည်း ရှိတယ်… ဒီတော့ စားသောက်ပွဲကို မနက် ၁၁ ခွဲဝန်းကျင် ဒါမှမဟုတ် ၁၂ နာရီလောက်မှ စမှာပဲ …”

“ ပြီးတော့ သူ အဆုံးစီရင်သွားခဲ့တာက ၁၁ နာရီ ၅၀ မှာ … တခြားနည်းနဲ့ ပြောဖို့ဆို အဲ့ဒီအချိန်မှာ မူးနေတယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ဒါပေါ့ .. ဒါက တရားသေတော့ တွက်လို့ ဘယ်ရဦးမှာ .. ဒါပေမယ့် မူးပြီး ခုန်ချတယ်ဆိုတဲ့ ဖြစ်နိုင်ချေကတော့ တကယ်နည်းတယ်…”

လင်းရီ ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်း အတွေးသံသယများ ပေါက်ဖွားလာခဲ့ကြသည်။

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ကူရိရန်မှ

“ သူ တခြား ကုမ္ပဏီ အကြီးအကဲတွေနဲ့ အရက်သောက်ထားတာရော မဖြစ်နိုင်ဘူးလား … ဘာပဲဆိုဆို သူတို့က အထက်လူကြီးတွေပဲလေ.. အပြင်ထွက်တဲ့အချိန် အထူးအလေးပေးပြီး ဆက်ဆံခံရတာက ထုံးစံပဲ မဟုတ်လား ….”

“ အရင်အတိုင်း အတူတူပဲ … ယုတ္တိရှိတယ် ထင်ရပေမယ့် တကယ်တမ်းကျတော့ လက်တွေ့နဲ့ ကိုက်ညီမနေဘူး …” လင်းရီ ပြောလိုက်သည်။

“ ဘာလို့လဲ …”

“ သူတို့လို ကုမ္ပဏီ အသေးစားလေးတွေအတွက် နားကြားကောင်းအောင် ပြောရရင်တော့ အသင်းလိုက် လှုပ်ရှားမှုပေါ့ … ဒါပေမယ့် အရင်းစစ်လိုက်ရင် ဒီတိုင်း ခရီးထွက်လာတာပါပဲ … စုန့်တဲယွမ်လို လူစားမျိုးက လက်ဖွာတဲ့ သူဌေးကြီးလို့ သတ်မှတ်လို့ မရဘူးဆိုရင်တောင် အော့လုံတောင်လို ဒေသတွင်း ရှုခင်းသာလေးက သူလိုလူရဲ့ မျက်လုံးကို ဝင်ဆံ့နိုင်မှာ မဟုတ်ဘူး … ဒါပေမယ့် အဲ့တာကို ရောက်လာတယ်ဆိုတော့ ရှစ်ဆယ် ရာခိုင်နှုန်းလောက်က တခြား အကြောင်းအရင်း တစ်ခုတော့ ရှိနေမယ်ဆိုတာ သေချာတယ်…”

လီရှန်းဟွေ့သည် လင်းရီအား ကြည့်၍ “ ဆိုတော့ … မင်းက သူ အရက်သောက်ထားတာ မဟုတ်ဘဲ တားမြစ်ပစ္စည်းတွေ သုံးစွဲထားတယ်ဆိုပြီး သံသယ ရှိတယ်ပေါ့ …”

All Chapters