ချောင်ရှင်း၏ ရှာဖွေတွေ့ရှိချက်
Vol. 114 Ch. 1702
“ Type – R ဟုတ်လား …”
ကူရိရန်က ကား အကြောင်းကို တော်တော်များများ သိသည်။ သို့သော် လင်းရီလောက်တော့ အတွေ့အကြုံမများချေ။ ထို့ကြောင့် သဘာဝအလျောက် Type – R အကြောင်း အရင်က ကြားဖူးနားဝ ရှိလေသည်။
အကယ်၍ ထိုသို့ ဖြစ်ခဲ့မည်ဆိုပါက သူမ၏ ကားလေးသည် ကျိန်းသေပေါက် ထိုကောင့်ကားအား အနိုင်ယူနိုင်မှာ မဟုတ်ချေ။
“ နင် သေချာလား …”
“ ထင်တာပဲ.. ငါတို့ အဲ့လို ခံစားရလို့ … “ ကောင်းမင်ကျွမ်း ပြောလိုက်၏။ “ မင်း သူ့ကို လိုက်မမီနိုင်တဲ့ အချက်ကလည်း သက်သေပြနေတာပဲလေ…”
“ သူ့ဘာသူ ဘာကားကြီးပဲ မောင်းနေပါစေ … ငါရအောင်ကို လိုက်မယ် …”
ဖုန်းချပြီးနောက် ကူရိရန် အရှိန်အား ထပ်မံ တင်လိုက်ပြန်သည်။
ကောင်းမင်ကျွင်းမှာ အကဲဖြတ်မှားယွင်းသွားပြီး လင်းရီသည် ထိုသို့သော ကားအကောင်းစားကို မောင်းနိုင်လိမ့်မည်လို့ မထင်ပေ။ သို့သော် လက်တွေ့ အမှန်တရားက သူမ၏ မျက်နှာအား ဖြတ်ရိုက်ကာ စိတ်ကူးယဉ် နေရာမှ နိုးထသွားစေခဲ့၏။
သတ်မှတ်ထားသည့် ပန်းတိုင်နေရာသို့ ရောက်သည့်တိုင် သူမမှာ လင်းရီ၏ ကားကို မည်သို့မျှ လိုက်မမီချေ။ ထို့ပြင် နှစ်ယောက်ကြားရှိ အကွာအဝေးကလည်း မီတာ ဒါဇင်လောက်မျှသာ ခြား၏။
ကူရိရန်ကို ဒေါသအထွက်စေဆုံးကတော့ လင်းရီသည် ရည်ရွယ်ချက်ရှိရှိ သူ၏ ကားအရှိန်အား ထိန်းချုပ်မောင်းနေခြင်းပင်။ လူကို မထိခိုက်စေသော်လည်း စော်ကားခြင်း တစ်မျိုး မည်သည်။
ကားထဲမှ ထွက်လာခဲ့ပြီးနောက် ကူရိရန်၏ အမူအရာမှာ နည်းနည်းလေး သဘာ၀မကျ ဖြစ်နေခဲ့၏။
“ နင် ငါ့ကို လာနောက်နေတာလား … Type – R ဆိုတာ အရှင်းကြီးကို Civic လို့ ခေါ်နေတယ်ပေါ့ …”
“ Civic မဟုတ်လို့ ဘာဖြစ်ရမှာ … ဒါ Civic ပဲ…”
“ အဓိပ္ပာယ် မရှိတာ …. Civic တွေ ဘယ်တုန်းက AMG caliper နဲ့ လာလို့တုန်း …”
“ အင်း .. ငါတို့ Civic ကတော့ အဲ့လိုပဲ လာတယ် …” လင်းရီ ပြန်ပြောလိုက်သည်။ “ ဒါပေမယ့် မင်း ဒီလိုတွေ လာပြောနေလို့လည်း အလကားပဲနော်… ငါတို့ သဘောတူထားတာလေး စလိုက်ကြစို့ … အိတ်က ကားထဲမှာပဲ … အချိန်မဖြုန်းနဲ့ …”
“ စိတ်ချ … ငါကူရိရန်က ကစားရဲမှတော့ အရှုံးကိုလည်း လက်ခံရဲတယ်….”
ကားထဲသို့ ပြန်သွားပြီးနောက် ကူရိရန်သည် ခေတ္တမျှ ကုန်းကုန်းကွကွ ပြုနေပြီး အနက်ရောင် အိတ်တစ်လုံးနှင့် အတူ လင်းရီထံသို့ ပြန်ရောက်လာသည်။
လင်းရီ အတွင်းရှိ ဒီဇိုင်းအား တစ်ချက်ကြည့်၍ အမှိုက်ပုံးထဲသို့ လွင့်ပစ်လိုက်သည်။
“ အစောတုန်းကသာ သိရင် မင်းနဲ့ ဒီလိုမျိုး မကစားပါဘူး … ဘွားတော်တွေရဲ့ အတွင်းခံတောင် မင်းထက် လန်းရင် လန်းနေဦးမယ်…”
“ နင် ….”
“ ဘိုင့် ဘိုင် …..”
လင်းရီ ကားထဲသို့ ဝင်၍ ကူရိရန်အား လက်ပြကာ မောင်းထွက်သွားခဲ့သည်။
ညအချိန် လမ်းတွင် လူတို့ များများစားစားမရှိဘဲ လီချူးဟန်၏ အိမ်သို့ သန်းခေါင်ယံဝန်းကျင်လောက်တွင် ရောက်ရှိလာသည်။
ဧည့်ခန်းထဲတွင် မီးများ လင်းထိန်နေဆဲ ဖြစ်ပြီး ထိုအရာကို အပြင်ဘက်မှ လှမ်းမြင်နေရ၏။ သူမ လင်းရီအား စောင့်ဆိုင်းနေသည်မှာ သိသာလေသည်။
“ နောက်တစ်ခေါက်ဆို ငါ့ကို မစောင့်နဲ့ … ဒီမှာ သော့ရှိတာပဲ .. ကိုယ့်ဘာကိုယ် ဖွင့်ဝင်ခဲ့လိုက်မယ် …”
“ အိမ်ထဲက မီးတော့ ဖွင့်ထားရမယ်လေ… နင့်ကို အမှောင်ထဲမှာ တစ်ယောက်တည်း ထားခဲ့လို့ ဘယ်ဖြစ်မှာ .. နင် အထီးကျန်နေမှာပေါ့ …”
လင်းရီ ပြုံးလိုက်ပြီး လီချူးဟန်၏ ရှည်လျား ပျော့ပျောင်းနေသည့် ဆံနွယ်များအား ပွတ်သပ်လိုက်သည်။
“ သွားစို့ … ငါတို့ တစ်နေ့လုံး အလုပ်ပင်ပန်းထားတာ သွားအိပ်ကြမယ်…”
“ အွန်း …”
လင်းရီ သာမန်လျှံကာ ကိုယ်လက်သန့်စင်လိုက်၏။ နေ့ခင်းပိုင်းတုန်းက လူသေနှင့် တွေ့ထားသဖြင့် ဆိုးသည့် ကံများအား ရေချိုး၍ ဖျောက်ပစ်လိုသည့် သဘောပင်။
ဤ အယူအဆကိုလည်း မေမေဝမ်မှ ရိုက်သွင်းပေးခဲ့ခြင်း ဖြစ်လေသည်။ သူ့ဘက်က အတိုင်းအတာ တစ်ခုထိ နားလည်နေပြီ ဆိုသော်လည်း ယခုလို လူသေနှင့် တွေ့ပြီးနောက်တွင် ရေမချိုးပါက စိတ်ထဲတွင် အနည်းငယ် မလုံမလဲ ဖြစ်နေသလိုပင်။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းရီ အိပ်ရာနိုးလာတော့ ရှစ်နာရီ မတ်တင်း ရှိနေပြီ။
လီချူးဟန်က မီးဖိုချောင်ထဲတွင် မနက်စာ ပြင်နေသည်ကို လင်းရီ မြင်တွေ့လိုက်ရ၏။
“ ဒီနေ့ အလုပ်မသွားဘူးလား ….”
“ ဒီနေ့ အားတယ် .. မနက်ဖြန်ကျရင်တော့ တစ်နေ့လုံး အဆိုင်းရှိတယ် ….”
“ အားလပ်ရက်ဆိုတော့ ဘာလုပ်ဖို့ စီစဉ်ထားလဲ … မင်းနဲ့အဖော်လုပ်ပေးဖို့ ငါ နားလိုက်ရမလား …”
“ မလိုဘူး မလိုဘူး .. နင် လုပ်စရာရှိတာ နင်လုပ် …” လီချူးဟန် ပြောလိုက်ပြီး “ ငါ ရှင်းရှင်းနဲ့ ချိန်းထားတာ ရှိတယ် .. ခဏနေကျရင် ငါတို့ အတူ ဈေးဝယ်ထွက်ကြမှာ …”
“ ဒါဆိုလည်း ပိုက်ဆံ လွှဲပေးလိုက်မယ်…”
“ ငါ့မှာ လောက်တယ် … မလိုဘူး …”
“ ဒါဆိုလည်း ပြီးတာပဲ ….”
နှစ်ယောက်သား စကားပြောနေစဉ် အပြင်ဘက်မှ တံခါးဖွင့်သည့် အသံကို ကြားလိုက်ရ၏။
ချောင်ရှင်းမှ အလကား ဂုန်းဆင်းရန် ရောက်လာသည်မှာ သံသယ ဖြစ်ဖို့ မလိုချေ။ လင်းရီ အပြင် ချောင်ရှင်း တစ်ဦးတည်း၌သာ လီချူးဟန်၏ အိမ်သော့ ရှိ၏။
“ အာ … အစ်ကိုရီ ရောက်နေတယ် …”
သူမ တံခါးဖွင့်ဝင်လာပြီး လင်းရီ၏ မျက်နှာကို မြင်လိုက်ရတော့ ချောင်ရှင်းမှာ ဦးစွာ ကြောင်အမ်းသွားခဲ့၏။ ထို့နောက် မျက်တောင် ပုတ်ခတ် ပုတ်ခတ် ပြု၍ “ ညီမ ဘာမှတော့ မနှောင့်ယှက်မိဘူးမလား …”
“ မင်း ဘယ်လိုထင်လဲ…”
“ ဟီးဟီး … ဒါဆိုလည်း ဘယ်တတ်နိုင်တော့မှာ … ရောက်လာပြီးမှတော့ နှောင့်ယှက်လက်စနဲ့ ဆက်ပြီး နှောင့်ယှက်လိုက်ဦးမယ် .. ညီမက အရေထူတယ်လေ….”
“ နင်တို့ နှစ်ယောက် ခဏ ထိုင်နှင့်ကြဦး … မနက်စာကို ခဏဆို ရတော့မှာ …”
“ ညီမ ကူညီပေးမယ်… “ ချောင်ရှင်း ဖိနပ်လဲပြီး ပြောလိုက်၏။
“ မလိုဘူး … ပြီးတော့မှာ … နင် ထိုင်သာ စောင့်နေလိုက် …”
ချောင်ရှင်း ဆိုဖာပေါ်သို့ ထိုင်ချ၍ လင်းရီအား စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
“ အစ်ကိုရီ … နင်က ရဲအရာရှိ တစ်ယောက် လုပ်နေတယ် မလား … ဘယ်လိုလဲ .. ခုရက်ပိုင်း အမှုအကြီးကြီးတွေ ကိုင်နေရပြီလား … ဘယ်လို ထူးဆန်းတဲ့ အမှုတွေရော ရှိလဲ .. ညီမကို ပြောပြပေးဦး …”
“ တစ်ခုတော့ ရှိတယ် … အဲ့တာ မနေ့က …… “
“ ဟုတ်လား … ပြောပြ ပြောပြ …..”
၎င်းနောက် … လင်းရီလည်း ချောင်ရှင်းအား အမှုကို အကြမ်းဖျင်း ရှင်းပြလိုက်ပြီး သူမလေးမှာ အတွေးနက်သွားခဲ့တော့လေသည်။
“ အခု ပြဿနာက လူသတ်တဲ့ အမှု ဖြစ်မှန်း သိရင်တောင် သက်သေပြဖို့ သက်သေ အချက်အလက်တွေက ရှိမနေဘူး ဟုတ်တယ်မလား ….”
“ အင်း … မင်းမှာ အကြံဉာဏ်ရှိရင် ပေးစမ်းပါ …”
ချောင်ရှင်းအကြောင်း လင်းရီ ကောင်းကောင်းသိသည်။ ကိုနန် ဇာတ်လမ်းကို နှစ်ပေါင်းများစွာ ကြည့်လာပြီးသည့်နောက် သူမ၏ စဉ်းစားတွေးခေါ်ပုံတို့မှာ သာမန်လူတို့နှင့် ကျိန်းသေပေါက် ကွဲပြားနေနိုင်သည်။
သူမဆီကနေ တစ်စုံတစ်ခု မသိရဟုလည်း ပြော၍ မရပေ။
“ သူ့ဘာသူ အဆုံးစီရင်တာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ခြေချော်ပြီး ပြုတ်ကျသွားတာပဲ ဖြစ်ဖြစ် .. သူ့ဘာသူ အောက်ပြုတ်ကျသွားတာတော့ မှန်တယ်…” ချောင်ရှင်း ပြောလိုက်ပြီး “ အပျော်မယားကို တိုက်တွန်း လှုံ့ဆော်မှုနဲ့ စွပ်စွဲရအောင်လည်း ကိုယ့်မှာက လုံလောက်တဲ့ သက်သေ အချက်အလက်တွေ မရှိဘူး … အများဆုံး ပတ်သက်ဆက်နွယ်နေတဲ့ တာဝန်ယူမှု တာဝန်ခံမှု တစ်ချို့ကိုပဲ လက်ခံရမှာ … ဘယ်လို စီရင်ချက်ချခံရမလဲ ဆိုတာကျတော့လည်း …. မသေချာပြန်ဘူး … ဒါပေမယ့် ပြစ်ဒဏ်က ကြီးမားမှာ မဟုတ်တာတော့ သေချာတယ် …”
“ ဒါကြောင့်မို့ သေဆုံးမှု အကြောင်းအရင်းကို သေချာ သက်သေပြနိုင်မယ့် အချက်အလက်ကို ငါတို့ အခု လိုနေတာ …”
“ အစ်ကိုရီ ကင်မရာ မြင်ကွင်း ဗွီဒီယို ဖိုင်တွေ ယူလာတယ်မလား … ညီမ တစ်ချက် ကြည့်လို့ရလား …”
“ ပါလာတယ် … သွားပြီး လက်တော့ သွားယူလာခဲ့ လိုက်….”
“ ဟုတ်ပြီ…” ချောင်ရှင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် လီချူးဟန်၏ စာကြည့်ခန်းထဲသို့ သွာ၍ သူမ၏ လက်တော့ကို ယူလာခဲ့လေသည်။
ကိုနန်ဖန်တစ်ယောက်အနေဖြင့် သူမသည် လက်တွေ့ လောက၌ ယခုလို ကိစ္စရပ်မျိုးဖြင့် ထိတွေ့ရမည်ကို အတော်လေး စိတ်လှုပ်ရှားနေမိသည်။
Hard drive အား ချိတ်ဆက်ပြီးနောက် လင်းရီသည် ဆိုဖာနောက်ကျောသို့ မှီနေပြီး ချောင်ရှင်းမှာ ခေါင်းပြူ၍ သေချာ ဂရုတစိုက် ကြည့်ရှုနေသည်။
“ သူ လမ်းလျှောက်တဲ့ပုံစံ ကြည့်လိုက်တာနဲ့ ပုံမှန် မဟုတ်ဘူးဆိုတာ ပြောလို့ရတယ် …”
“ အင်း … ဖြစ်နိုင်ချေက နှစ်ခု ရှိတယ်.. တစ်ခုက မူးနေတာ … နောက်တစ်ခုက Ketamine ဒါမှမဟုတ် တခြား ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဆေးဝါးတွေ သုံးထားတာ … “
ချောင်ရှင်း ထူးမခြားနား အမူအရာဖြင့် ခေါင်းညိမ့်လိုက်၏။ ပရော်ဖက်ရှင်နယ် ဒေါက်တာ တစ်ယောက်အနေနှင့် ဤဆေးဝါးများ၏ အကျိုးသက်ရောက်မှုကို သူမ ကောင်းကောင်း နားလည်လေသည်။
ဆယ်မိနစ်ကျော်ကြာအောင် ကြည့်ရှုပြီးနောက် ချောင်ရှင်း မေးတစ်ဖက်ထောက်၍ “ ကြည့်ရတာ တိတိကျကျ ဘာမှလည်း မတွေ့ရသလိုပဲ … သူ့ဘာသူ ပြုတ်ကျသွားတယ် … ပြီးတော့ ဘယ်သူ့လက်ချက်ပဲ ဖြစ်နေပါစေ ဒီဗွီဒီယိုထဲက အတိုင်းဆိုရင် ဘယ်သူ့ကိုမှ ခိုင်မာတဲ့ သက်သေ မရှိဘဲ စွပ်စွဲလို့ ရမှာ မဟုတ်ဘူး …”
“ အဲ့တာ ပြဿနာ ဖြစ်နေတာပဲ …”
နှစ်ယောက်သား အတွေးကိုယ်စီဖြင့် ဖြစ်သွားခဲ့ကြသည်။ နောက်ဆုံးတွင် တူညီသည့် လမ်းဆုံးသို့ အတူရောက်လာနေချေပြီ။
“ အရင်စားကြတာပေါ့ … ဒီကိစ္စ ငါတို့ စားပြီးမှ ထပ်ပြောကြမယ်…”
ထိုစဉ် လီချူးဟန်က ပြောလာခဲ့၏။
“ အွန်း … ညီမ ဟင်းတွေ ကူသယ်ပေးမယ် …”
လီချူးဟန် အရံဟင်းနှစ်မျိုး လုပ်ထား၏။ ပေါက်စီနှင့် ပဲနို့လည်း ချထားပေးသည်။ အီကြာကွေးလည်း စားချင်ပါက ရ၏။ အကုန်လုံးက ဟွာရှရိုးရာ မနက်ခင်းစားဖွယ်ရာများပင်။
“ အစ်မလီ .. အိမ်အသစ်က ဘယ်လို ရှိလဲ … ညီမ ကူညီပေးရဦးမလား …” ချောင်ရှင်း စားရင်းဖြင့် မေးလိုက်၏။
“ ပြီးတော့မှာ … မဟုတ်လည်း ဒီနေ့ သွားကြည့်တော့မလို့ …”
“ အိုက်ယားယား .. အစ်ကိုရီ … သူများက အစ်မလီလောက် မကြီးဘူးဆိုပေမယ့် ညီမကိုလည်း ထည့်တွက်ပေးလို့မရဘူးလားဟင် …” ချောင်ရှင်း အားကျမနာဖြစ်စွာ ပြောလိုက်ပြီး “ ဒီက အိမ်အကြီးကြီး မလိုပါဘူး … မီတာ ဒါဇင်ပတ်လည် အိမ်သေးသေးဆိုရင်ကို ရပြီ… ငါလည်း အိမ်လိုချင်တယ်…”
လင်းရီနှင့် လီချူးဟန်တို့ တစ်ယောက်ကို တစ်ယောက် ကြည့်၍ ပြုံးလိုက်ကြပြီး “ ဒါဆိုလည်း မင်းရဲ့ လုပ်ပုံကိုင်ပုံကို အရင်ကြည့်တာပေါ့ …”
“ လာ လာ .. အစ်ကိုရီ … အလယ်မှာလာထိုင် … အိုက်ယား ဒီဟင်းခွက်တွေကရော ဘာလို့ ငါ့အရှေ့ ရောက်နေတာလဲ … အစ်ကိုရီ ရှေ့မှာပဲ ချ . . . . . . “
ပြောရင်း စကားတစ်ဝက်တွင် ချောင်ရှင်း စကားစပြတ်သွားခဲ့ပြီး သူမ၏ အမူအရာမှာ ထူးဆန်းသွားခဲ့လေသည်။
“ ဘာလဲ .. နေမကောင်းဘူးလား …” လီချူးဟန် မေးမြန်းလိုက်၏။
ချောင်ရှင်း ခေါင်းခါရမ်းလိုက်ပြီး လင်းရီအား လေးလေးနက်နက် ကြည့်၍ “ အစ်ကိုရီ … ညီမတော့ တစ်ခုခု မူမမှန်တာကို သတိထားမိလိုက်ပြီ ထင်တယ်…”