← Chapters

အကွက်ချ လူသတ်မှု

Vol. 114 Ch. 1703

အကွက်ချ လူသတ်မှု

Vol. 114 Ch. 1703

“ မင်း ဘာသတိထားမိလို့ …” လင်းရီ အံ့အားသင့်စွာ မေးမြန်းလိုက်မိသည်။

“ သွားပြီး ကင်မရာမြင်ကွင်းကို ကြည့်ကြမယ် …”

နှစ်ယောက်မှာ တူများကို ချ၍ ကော်ဖီ စားပွဲသို့ သွားပြီး လက်တော့ကို ပြန်ဖွင့်လိုက်ကြသည်။

“ တစ်ခုခု ကွဲပြားနေတာကို မြင်လို့လား …”

ချောင်ရှင်းသည် လင်းရီအား လေးနက်တည်ကြည်စွာ စိုက်ကြည့်၍ “ အစ်ကိုရီ .. သေချာကြည့်ကြည့် … ဒီ ဗွီဒီယိုက နည်းနည်းလေး ကြည်လွန်းမနေဘူးလား …”

“ ကြည်တယ် ဟုတ်လား …”

“ ဒီနေရာ … ညီမ အရင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရောက်ဖူးတယ် … ဘယ်လိုပုံစံမျိုးလဲဆိုတာလည်း ခုထိ မှတ်မိသေးတုန်းပဲ … အခင်းဖြစ်တဲ့နေရာက ဒေသခံ မဟုတ်တဲ့ တခြား မြို့ပြင်က ဧည့်သည်တွေ တည်းခိုနားနေတဲ့ တည်ခိုခန်း အနီးနားမှာ … ဒါပေမယ့် ပတ်ဝန်းကျင်က ဒီတိုင်း သာမန်ပဲ … ပိုင်ရှင်တွေကလည်း အမြတ်ကြီးစားမယ့် ရုပ်တွေနဲ့ … ကင်မရာ မြင်ကွင်းကို ဆွဲကြည့်လိုက်ရင်တောင် ပြန်ကြည့်လို့ ရသေးတယ် ဟုတ်တယ်မလား … ကြည်တာက အဲ့လိုကို ကြည်‌နေတာ ... ”

“ အဟုတ်ပဲ …”

ချောင်ရှင်း ဖော်ပြသွားသည်က တကယ့် လက်တွေ့ အခြေအနေနှင့် ကိုက်ညီနေသည်။

မနေ့က ကူရိရန်နှင့် သက်သေများအား စုစည်းရင်း စုံစမ်း စစ်ဆေးနေရန် ထိုနေရာတစ်ဝိုက်အကြောင်းကို သိရှိခွင့် ရခဲ့သည်။

အမှန်ပင်။ ချိတ်ဆက်ထားသည့် တည်ခိုခန်း ဒါဇင်ခန့်မျှ ရှိပြီး ပိုင်ရှင်တို့က အမျိုးသား ဖြစ်စေ၊ အမျိုးသမီးပင် ဖြစ်စေ ၊ လူကောင်းဖြစ်မည့် အော်ရာဟူ၍ ရှိမနေကြချေ။

ဤသည်ကလည်း ရှုခင်းသာ ဧရိယာများ၏ ထူးခြားမှု အင်္ဂါရပ် တစ်ခုပင် ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ လာလည်ကြသည့် ဧည့်သည်များအား ရိုက်စားလုပ်ရန် ၎င်းတို့တွင် ရှိသည့် အရာများဖြင့် ပစ်မှတ်ထားတတ်ကြသောကြောင့်ပင်။

“ ကင်မရာ မြင်ကွင်းကို ကြည့်လိုက် … အရမ်း ကြည်နေတယ်… ဆိုင်သေးသေးလေးက ဒီလောက် ကောင်းတဲ့ ကင်မရာမျိုး ဝယ်တပ်မယ်ဆိုတာ ညီမတော့ မယုံဘူး …”

ချောင်ရှင်း သူမ၏ ကိုယ်ဟန်အား တစ်မျိုးပြောင်းလဲလိုက်ပြီး ဆက်ပြော၏။

“ ဒီဗွီဒီယိုတွေရဲ့ ကင်မရာ မြင်ကွင်းထောင့်တွေဆိုလည်း သေချာကြည့်ကြည့် … အဲ့လူရဲ့ လှုပ်ရှားမှုတိုင်းကို သေချာ မြင်သာအောင် ပြနေသလိုပဲ … ချောက်ကမ်းပါးက ပြုတ်ကျသွားတဲ့ မြင်ကွင်းဆို ကြည်နေတာမှ ရုပ်ရှင်ရိုက်တဲ့ ကင်မရာလား အောက်မေ့ရတယ် … ဒါ ရည်ရွယ်ချက်ရှိရှိ ရိုက်ကူးထားတယ်ဆိုတာ အသိသာကြီးပဲ …”

ချောင်ရှင်း၏ ရှင်းပြချက်က လင်းရီကို ဉာဏ်အလင်းပွင့်သွားစေသည်။

သူမ ပြောသည်ကို နားထောင်ရင်း ကင်မရာ မြင်ကွင်းကို ပြန်ကြည့်ကြည့်တော့ အမှန်ပင် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို လင်းရီ သတိထားမိသွားခဲ့သည်။

ကင်မရာ၏ အရည်အသွေးက နည်းနည်း ကြည်လွန်းနေသည်။ တမင် ချောက်ချရန် ဤကင်မရာများအား တပ်ဆင်ထားသလားဟုတောင် အောက်မေ့ရသည်။

နှစ်ယောက်သား အချင်းချင်း ကြည့်မိလိုက်ကြ၏။ ရင်ထဲတွင်တော့ အဖြေကိုယ်စီနှင့် ရှိနေကြချေပြီ။

“ အစ်ကိုရီ … ဒါက သေချာ အကွက်ချ စီစဉ်ထားတဲ့ လူသတ်မှု ဖြစ်နိုင်တယ်နော်… ဒီ ကင်မရာတွေက အစ်ကိုရီတို့ကို ဒီလူက သူ့ဘာသူ သတ်သေသွားတာပါ ဆိုပြီး သဲလွန်စရအောင် တမင် စီစဉ်ပြီး တပ်ထားသလိုမျိုးပဲ … ဒါမှလည်း ဘယ်သူနဲ့မှ မသက်ဆိုင်ဘူးဆိုတာကို သက်သေပြပြီးသား ဖြစ်မှာပေါ့ ….”

“ ကျစ် ကျစ် ကျစ် … မင်း အကဲဖြတ်တာ တော်တော် ကောင်းတာပဲ …” လင်းရီ ပြောလိုက်ပြီး “ ငါတောင် အရင်က သတိမထားမိခဲ့ဘူး …”

ချောင်ရှင်းအား ချီးမွန်းနေစဉ် လင်းရီသည် စိတ်ထဲတွင်တော့ စနစ်အား ကျိန်ဆဲနေလျက် ရှိ၏။

‘ မင်း ငါ့ကို ပေးလာတဲ့ ကျွမ်းကျင်အဆင့် မှုခင်း စုံစမ်းရေး နည်းစနစ်ဆိုတာ ဘယ်မှောင်ခို ၀က်ဆိုဒ်က ဒေါင်းခဲ့တာလဲကွ ဟမ် … ကိုနန် ဖန်လောက်တောင် အထင်ကြီးဖို့ မကောင်းဘူး …”

စနစ်လည်း သူ့အမှားသူ သိနေ၍လား မပြောတတ်။ လင်းရီ၏ စကားကို မည်သို့မျှ ပြန်ချေပခြင်း မပြုချေ။

“ အိုက်ယား … ဒီလိုပါပဲ … ဘာမှမပြောပလောက်ပါဘူး …” ချောင်ရှင်း ပြောလိုက်ပြီး “ ဒါပေမယ့် အမှုက ပိုပြီးမှတော့ ရှင်းလာပြီ… အနှေးနဲ့အမြန် လူသတ်သမားကို တွေ့တော့မှာပါ..."

ချောင်ရှင်း၏ သုံးသပ်မှုက ကျိုးကြောင်းဆီလျော်နေပြီး မည်သည့် ယိုပေါက်မျှလည်း ရှိမနေချေ။

“ အရင်စားကြတာပေါ့ … ငါ ခဏနေပြန်သွားပြီး လုပ်ဖော်ကိုင်ဖက်တွေကို ဒီအကြောင်း ပြန်ပြောပြလိုက်မယ်…”

“ အိုကေ …” ချောင်ရှင်း ခေါင်းညိမ့်ပြီး “ ဒါပေမယ့် တစ်ခုခု တိုးတက်တာ ရှိရင် ညီမကို အသိပေးဖို့လည်း မမေ့နဲ့နော် …”

“ ပြဿနာ မရှိဘူး …”

ချောင်ရှင်းနှင့် အမှုကိစ္စ ဆွေးနွေးပြီးနောက် လင်းရီသည် ထမင်းစား စားပွဲသို့ ပြန်လာခဲ့၏။ ထမင်းစားပြီးနောက် သုံးယောက်သား ထွက်လာခဲ့ကြလေသည်။

လီချူးဟန်တို့ နှစ်ယောက်က ဈေးဝယ်ထွက်ကြပြီး လင်းရီကတော့ စခန်း ပြန်လာခဲ့သည်။

သူ ရုံးခန်းထဲ ရောက်တော့ လီရှန်းဟွေ့ တစ်ယောက်တည်း ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ဘာလို့ ကျုပ်တို့ နှစ်ယောက်တည်းလဲ … တခြားလူတွေရော ….”

လီရှန်းဟွေ့ သမ်းဝေလိုက်ရင်း “ သူတို့ မနေ့က အိမ်ပြန် တော်တော် နောက်ကျသွားတယ်လေ… ဘယ်သူမှ စောစီး မထနိုင်ကြဘူး … အခုတင်ပဲ အကုန် ဖုန်းဆက်ပြီး နှိုးထားရတယ် … သူတို့ ခဏနေဆို ရောက်တော့မှာပါ ….”

စကားပြောနေစဉ် ရုံးခန်းတံခါး တွန်းပွင့်လာခဲ့ပြီး ကူရိရန် လမ်းလျှောက်ဝင်လာသည်။

“ အရာရှိလီ …”

ကူရိရန် နှုတ်ဆက်လိုက်ပြီး လင်းရီကိုတော့ လျစ်လျူရှုထားလိုက်၏။

“ မင်း မနေ့ညက ကောင်းကောင်း မအိပ်ခဲ့ရဘူးထင်တယ် …” လီရှန်းဟွေ့ ပြောလိုက်သည်။

“ မနေ့ညက သန်းခေါင်ကျော်တာတောင် အိပ်ရာ မဝင်နိုင်သေးဘူး … ရှင်သာ ဖုန်းမဆက်လာရင် နေ့လည်ထိတောင် အိပ်ဖြစ်လောက်တယ် …”

“ လူငယ်ဆိုတာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းသင့်တယ် … စိတ်အလိုကို အရမ်းလိုက်တာကလည်း ကျန်းမာရေးအတွက် မကောင်းဘူး …”

“ ဘယ်သူ့ကို စိတ်အလိုလိုက်တယ် ပြောနေတာလဲ … ငါ အိမ်ရောက်တာနဲ့ အိပ်ရာ တန်းဝင်တာ … နော် ….”

“ ဒါပေမယ့် ဘယ်သူနဲ့ အိပ်လဲ ဘယ်သူက သိမှာ … ပြီးတော့ မင်းက မိန်းကလေး ဆိုရင်တောင် သတိထားပြီး ကိုယ့်ကျန်းမာရေးကိုယ် ဆင်ခြင်သင့်တာပေါ့ …”

“ နင် …”

“ တိတ်တော့ .. နှစ်ယောက်လုံး … ဘယ်နှရက်မှ မရှိသေးတာကို ဘာလို့ ရန်ပြန်ဖြစ်နေကြတာ …”

“ လူတစ်ချို့က စိတ်ထဲ မကျေနပ်နိုင်ကြလို့လေ … လောင်းကြေး ရှုံးပြီး လူကို စိတ်ထဲမှာ အမှုန့်ကြိတ်ချင်နေတယ် ထင်တယ် ….”

မနေ့ညက အဖြစ်အပျက်ကို ပြန်စဉ်းစားမိတော့ လီရှန်းဟွေ့ မနေနိုင်ဘဲ တဟားဟား ရယ်မောမိလိုက်သည်။

လင်းရီ၏ လှည့်ကွက်များက အဆင့်မြင့်လွန်းလှ၏။

တကယ်ကြီး Type -R မောင်း၍ ကူရိရန်ကို အရူးလုပ်သွားခဲ့သည်။

“ ငါ့ အတင်းတွေ လျှောက်လျှောက် မပြောနဲ့ … ငါ .. ကူရိရန်က စကားမတည်တဲ့ လူစားမျိုး မဟုတ်ဘူး … ငါ့ဘက်က ကတိတည်ပြီးသား …”

“ နဂိုအတိုင်းပဲ ဆိုတာသိရင် ငါလည်း မင်းနဲ့ ကစားမနေပါဘူး …”

ကူရိရန် လင်းရီအား စိမ်းစိမ်းဝါးဝါး စိုက်ကြည့်၍ “ နင် ဒီအကြောင်း အပြင်ကို ဖြန့်ရဲလို့ကတော့ သင်ခန်းစာ အပေးခံရပြီမှတ် …”

“ စိတ်ချအမိ … အပြင်ပြန့်သွားရင်တောင် ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး …. ကိုယ့်ကိုယ်ကို အထင်တွေ ဇွတ်ကြီး မနေနဲ့ ….”

“ တော်တော့ တော်တော့ … မင်းတို့ နှစ်ယောက် ခွန်အားတွေ အဲ့လောက် ရှိနေရင် ဒီမှာ ငြင်းခုန်မနေကြနဲ့ … အမှုအပေါ်မှာ အာရုံစိုက် …”

“ သူ့ကိုလည်း ဂရုစိုက်မနေပါဘူး …”

ကူရိရန် ခေါင်းကို ဟိုဘက်လှည့်သွားပြီး ထိုင်ခုံသို့ မှီကာ မျက်လုံးမှိတ်ထားလိုက်၏။ လင်းရီအား တမင်တကာ လျစ်လျူရှုနေသည်မှာ အသိသာကြီးပင်။

၎င်းနောက် မကြာမီ ကျန်းဟွေ့ ရောက်ရှိလာသည်။ သူ့ပုံစံကြည့်ရသည်မှာ အတော်လေး စိတ်ကြည်နေဟန် ရှိ၏။

“ ရှောင်ကောင်းက စုန့်တဲယွမ်ရဲ့ ကုမ္ပဏီကို သွားတယ် .. အခု လူလည်း စုံပြီဆိုတော့ အလုပ်စလိုက်ကြစို့ …”

လီရှန်းဟွေ့ အစီရင်ခံစာ မှတ်တမ်းဖိုင်တစ်ခုအား ထုတ်ယူလာပြီး “ ဒါ မနေ့က ပို့လာတဲ့ ဆေးမှတ်တမ်းပဲ … စုန့်တဲယွမ် မသေခင် ဆေးသုံးထားတဲ့ လက္ခဏာတွေ ပြတယ် … ပမာဏကလည်း တော်တော်မြင့်တယ် …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဆေးမှုခင်း အသင်းက ပြောတာတော့ သားကောင်က ဆေးလွန်ပြီး ချောက်ကမ်းပါးက ပြုတ်ကျသွားတယ်လို့ မှတ်ချက် ထည့်ထားတယ်….”

ထိုစကားကို ကြားတော့ မည်သူကမျှ အံ့အားမသင့်သွားခဲ့ကြချေ။ သူတို့ ခန့်မှန်းထားသည်နှင့် ကိုက်ညီနေသည်။

“ အခု ရှောင်ကောင်း ဘက်က သတင်းကို စောင့်ကြတာပေါ့ … ပြီးရင် သံသယ ရှိတဲ့သူကို ခေါ်မေးကြမယ် …”

“ အစ်ကိုလီ .. ကျုပ် ဒီမှာ သဲလွန်စ တစ်ချို့ တွေ့ထားတယ်…”

လင်းရီ၏ စကားက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“ မင်းဘာတွေ့ခဲ့တာ .. ငါတို့ကိုပြော …”

လင်းရီ စောင့်ကြည့်ရေး ကင်မရာ မြင်ကွင်းကို ကွန်ပျူတာနှင့် ချိတ်၍ လူတိုင်းအား ပြသလိုက်လေသည်။ သို့သော် လီရှန်းဟွေ့နှင့် တခြားသူများမှာ မည်သည့် မူမမှန်မှုကိုမျှ သတိမထားကြချေ။ ထို့ကြောင့် လင်းရီအား မေးခွန်းထုတ်သည့် အကြည့်များဖြင့် ကြည့်လိုက်ကြ၏။

“ ဗွီဒီယိုက ဘာမှားနေလို့ …”

“ ဒီဗွီဒီယို မြင်ကွင်းတွေက နည်းနည်း ကြည်လွန်းနေတယ် မထင်ဘူးလား …” လင်းရီ ပြောလိုက်ပြီး “ ဒီလာတုန်းက ကျုပ် ဝင်မေးခဲ့တာ ဒီလို အရည်အသွေးရှိတဲ့ စောင့်ကြည့်ကင်မရာမျိုးဆို အနည်းဆုံး ယွမ် တစ်ထောင်ပဲ … ဒါပေမယ့် အနီးနား ပတ်ပတ်လည်မှာရှိတဲ့ တည်းခိုခန်းတွေရဲ့ အခြေအနေနဲ့ဆိုရင် ဒီလို ဈေးကြီးနဲ့ ကင်မရာမျိုး ဘာလုပ်ဖို့ တပ်မှာ …”

လင်းရီ၏ စကားလုံးတို့က တခြားသူများကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

ဟုတ်သည်။ ကင်မရာတပ်သည်က စောင့်ကြည့်နိုင်ရုံမျှ အတွက်သာ ဖြစ်၏။ အဘယ်ကြောင့် ဤမျှ ကြည်တောက်နေသည့် ကင်မရာများအား တပ်ဆင်နေရမည်နည်း။ ရဲများအား ကောင်းမွန်သည့် သဲလွန်စ ပေးရန်အတွက်လော။ ရယ်စရာပင်။

ပိုင်ရှင်ဘက်မှ ကြည့်မည်ဆိုပါက ဈေးပေါသည့် ကင်မရာ တပ်ဆင်လျှင်လည်း လူကို အဖြူအမည်း သဲကွဲစွာ တွေ့မြင်နိုင်သည်။ ယခုလို အဆင့်မြင့်သည့် ဈေးကြီးကြီးပေးရသည့် ကင်မရာများအား တပ်ဆင်ဖို့ မလိုအပ်‌ချေ။

အရေးကြီးဆုံးကတော့ အကယ်၍ တစ်လုံး တစ်လေ ဆိုပါက ပြဿနာ မရှိသော်လည်း အခင်းဖြစ်ပွားသည့် နေရာနှင့် ဆက်စပ်နေသည့် ကင်မရာ လေးခုလုံး၏ အရည်အသွေးမှာ ထူးခြားစွာ ကြည်လင်ပြတ်သားနေသည်။

ကြည့်ရသည်မှာ ဘရန်းတစ်ခုတည်းက ဖြစ်ပုံရ၏။

အဆိုပါက သေးစိတ်များက အတော်လေး သံသယ ဝင်ဖို့ ကောင်းလှသည်။

All Chapters