← Chapters

သဲလွန်စ အသစ်

Vol. 114 Ch. 1705

သဲလွန်စ အသစ်

Vol. 114 Ch. 1705

မကြာမီ နှစ်ယောက်မှာ အခင်းဖြစ်သည့် နေရာသို့ ရောက်ရှိလာခဲ့သည်။

ကနေဦးတုန်းက လင်းရီတို့နှစ်ဦးမှာ စောင့်ကြည့်ရေး ကင်မရာများအား သွားပြီး စစ်ဆေးတော့မလို့ပင်။ သို့သော် စုန့်တဲယွမ် ပြုတ်ကျထားသည့် ဧရိယာတွင် ထရပ်ကား တစ်စင်းက ထိုးရပ်ထားပြီး မြေကော်စက် အသေးစား နှစ်စင်းကလည်း အပေါ်ယံမှ မြေကြီးများကို ပယ်ပယ်နယ်နယ် ကော်နေကြလေသည်။ သူတို့ ပုံစံ ကြည့်ရသည်မှာ အလုပ်စနေသည်က အချိန်တစ်ခုလောက်ပင် ရှိနေပြီဟု ထင်ရ၏။

ထိုအလုပ်အား ကြီးကြပ်နေသည့် လူတစ်ချို့လည်း ရှိနေသည်။

ဤမြင်ကွင်းကို မြင်တော့ နှစ်ယောက်သား ကမန်းကတမ်း ပြေးလာလိုက်ကြရာ ကူရိရန်မှ ကျယ်လောင်စွာ လှမ်းအော်လိုက်၏။

“ နင်တို့ ဘာလုပ်နေကြတာလဲ .. ရပ်ကြစမ်း …”

ကူရိရန်၏ အော်ဟစ်သံကို ကြားတော့ လုပ်သားအဖွဲ့ကို ညွှန်ကြားနေသည့် သက်လတ်ပိုင်း အမျိုးသားမှာ သူတို့နှစ်ယောက်အား ခေါင်းလှည့်ပြီး ကြည့်လာသည်။ ပါးစပ်ထဲတွင် စီးကရက် တစ်လိပ်အား ထည့်ထားလျက် ရှိပြီး “ မင်းတို့က ဘယ်သူတွေဘဲ .. ဒီလာပြီး ဘာတွေ လာအော်နေတာ …”

ကူရိရန် သူမ၏ အိုင်ဒီကို ပြလိုက်၏။

“ နင်တို့ အခု လုပ်နေတာကို ရပ်တန့်ဖို့ အမိန့်ပေးတယ် …”

အိုင်ဒီကို မြင်တော့ သက်လတ်ပိုင်း အမျိုးသားမှာ ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး “ ဘာကိစ္စရှိလို့လဲ ……”

လင်းရီ ထိုစကား ပြောလာခဲ့သည့်လူအား တစ်ချက်ကြည့်လိုက်သည်။ သူက အနက်ရောင် သားရေလက်ပြတ် အင်္ကျီကို ဝတ်ဆင်ထားပြီး ပူပြင်းလှသည့် နေရောင်ကြောင့် လှိုင်းများပင် တွန့်ထနေသည်။

လည်ပင်းနှင့် လက်မောင်းတွင်လည်း အမည်းရောင် တက်တူးများ ထိုးထားသေး၏။ ရွှေဆွဲကြိုးကြီးကလည်း အရောင်တဝင်းဝင်းနှင့်ပင်။ ထိုလူ့ပုံစံကြည့်ရသည်က မြင်နေကျ ပုံမှန် ကန်ထရိုက်တာများကဲ့သို့ ဖြစ်လေသည်။

လင်းရီနှင့် ကူရိရန်ကို မြင်တော့ သူ၏ သဘောထား အမူအရာမှာ လုံခြုံရေး အစောင့်နှင့် လုံးလုံးလျားလျား ကွဲထွက်နေသည်။ သူက ကြောက်ရွံ့ခြင်း မရှိချေ။

“ မင်းတို့ကို ဒီနေရာ လာလုပ်ဖို့ ဘယ်သူက ခိုင်းတာ ….”

“ ပန်းခြံခေါင်းဆောင်ပဲ …” သက်လတ်ပိုင်း အမျိုးသားမှ ပြောလိုက်၏။

“ မနေ့က ဒီမှာ လူတစ်ယောက် သေသွားတယ် .. သူဌေးပြောတာ မြေက မင်္ဂလာမရှိတော့ဘူးတဲ့ … ဒါကြောင့်မို့ မြေပြန်နှုတ်ပြီး ဗျောက်အိုးတွေနဲ့ သရဲမောင်းမလို့ …”

ပြောပြီးသည့်နောက် သက်လတ်ပိုင်း အမျိုးသားမှာ သူ့နောက်ရှိ အလုပ်သမားများဘက်သို့ အော်ငေါက်လိုက်လေသည်။

“ ဘာတွေ ရပ်လုပ်နေကြတာ .. လုပ်စရာရှိတာ ဆက်လုပ် …”

မြေကော်စက် အသံများ တစ်ဖန်ဆူညံလာပြီး အလုပ်ဆက်လုပ်ကြတော့၏။

“ ငါ ပြောနေတာ မကြားဘူးလား … နင်တို့ကို ရပ်လိုက်လို့ …” ကူရိရန် သူမ၏ အသံအား မြင့်ပြီး ပြောလိုက်၏။

“ မင်းတို့ ငါ့ကို အဲ့လို အမိန့်လာပေးလို့ မရဘူး .. ငါတို့က သူဌေးရဲ့ စကားကိုပဲ နာခံတယ် … သူငါ့ကို ညနေမရောက်ခင် အပြီးလုပ်ဖို့ ပြောသွားခဲ့တယ် … မဟုတ်ရင် ပိုက်ဆံပေးမှာ မဟုတ်ဘူး … မင်းတို့ကြောင့်မို့ ငါတို့ အလုပ်ချိန်တွေ နှောင့်နှေးသွားခဲ့ရင် မင်းတို့ ပြန်လျော်ပေးမှာမို့လား …”

“ နင် သိအောင် ပြောလိုက်မယ် … ဒါ အခင်းဖြစ်တဲ့နေရာ .. နင်တို့ရဲ့ လုပ်ရပ်က သက်သေအထောက်အထားကို ဖျက်ဆီးတာနဲ့ ညီမျှတယ် … နင်တို့ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင် ငါတို့မှာ ဖမ်းဆီးပိုင်ခွင့် ရှိတယ် ….”

“ လူကို လာခြိမ်းခြောက်မနေနဲ့ … သူဌေးက ငါတို့ကို အလုပ်ခိုင်းသွားခဲ့တာ ငါတို့က ပိုက်ဆံအတွက် အလုပ်လုပ်နေတာပဲ …” သက်လတ်ပိုင်း အမျိုးသားမှ မတုန်မလှုပ် ပြန်ပြောလိုက်၏။ “ ငါ့ကို အဲ့လို စကားတွေ လာပြောပြီးလည်း ဖျောင်းဖြဖို့ မကြိုးစားနဲ့ .. ငါမေးပါဦးမယ် … သူဌေးက ပိုက်ဆံ မပေးတော့ဘူးဆိုရင် မင်းတို့က အစား ပြန်လျော်ပေးမှာမို့လား … ငါက ငွေကိုပဲ အသိအမှတ်ပြုတဲ့ လူစားမျိုး .. မင်းတို့ ပေးမယ်ဆို ငါ အခုချက်ချင်း ရပ်ခိုင်းလိုက်မယ် ….”

“ မင်း ပေါက်တတ်ကရတွေ အတော်ပြောနေပြီလို့ ကိုယ့်ကိုယ်ကို မထင်ဘူးလား …” လင်းရီ အသံနိမ့်၍ ပြောလိုက်ပြီး “ သူတို့ကို အမြန် ရပ်ခိုင်းလိုက် …”

“ မင်းတို့က ဘယ်လောက်ပေးမှာ….”

“ ဘောတွေ အတော်ရှိနေတယ် ဟုတ်လား ….”

ဝှစ် …

လင်းရီ ခြေထောက်မြှောက်၍ သက်လတ်ပိုင်း အမျိုးသားအား ပိတ်ကန်လိုက်သည်။ “ မင်း စကား အတော်များတယ် .. ငါ့ဘက်က မျက်နှာသာပေးခဲ့ပြီးပြီ … မပေးခဲ့လို့လား … ဟမ် …”

ပြောပြီးနောက် လင်းရီသည် ခါးတွင် ချိတ်ဆွဲထားသည့် သေနတ်ကို ထုတ်၍ မိုးပေါ်ထောင်ကာ တစ်ချက် ဖောက်လိုက်သည်။

“ အကုန်ရပ်စမ်း …”

လူတိုင်း အံ့အားသင့်သွားခဲ့ကြ၏။ သူတို့ ယခုလို မြင်ကွင်းကို ဘယ်တုန်းကမှ မမြင်တွေ့ဖူးကြချေ။

ကူရိရန်ပင် လင်းရီသည် ယခုလို အကြမ်းဖက်လိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

အတော်လေး စိတ်ကျေနပ်ဖို့ ကောင်းလှသော်လည်း သူတို့၏ အဆင့်အတန်းနှင့် ကိုက်ညီခြင်း မရှိပါချေ။

“ မင်း … မင်း လူကို ဘာလို့ကန်တာလဲ …”

သက်လတ်ပိုင်း အမျိုးသားမှ ရင်ဘက်ကို ဖိ၍ လင်းရီအား လက်ညိုးငေါက်ငေါက်ထိုးလိုက်ပြီး သူ့ဘက်က မှန်နေသကဲ့သို့ ပြောလာသည်။

လင်းရီ ထိုလူ့နားသို့ လျှောက်လှမ်းသွားပြီး ကုန်းကွထိုင်လိုက်၏။ ထို့နောက် သက်လတ်ပိုင်း အမျိုးသား၏ ဆံပင်ကို ဆွဲ၍ နားအနားသို့ တိုးကပ်ကာ တီးတိုးပြောလိုက်သည်။

“ မင်း ပုံစံ ကြည့်တာနဲ့ မင်း နဂိုက လူမိုက် လုပ်ခဲ့တယ် ဆိုတာ ငါ ပြောနိုင်တယ် … မင်းသုံးတဲ့ လှည့်ကွက်လေးတွေက ငါ့အပေါ်မှာ အသုံးမဝင်ဘူး .. မင်းကို အသာလေး ကန်လိုက်တာကိုက အသေးစား ပြစ်ဒဏ်ပေးတယ်ပဲ မှတ်လိုက် .. မင်းငါ့ကို ထပ်ပြီး တွန်းအားပေးနေဦးမယ်ဆိုရင် တစ်သက်လုံး ထောင်ထဲ ထည့်ထားလိုက်မယ် …”

သက်လတ်ပိုင်း အမျိုးသားမှာ ဘာပြန်ပြောရမှန်း မသိတော့သည်အထိ ထိတ်လန့်သွားခဲ့၏။

ပျော့ညံ့သည့် လူတို့က ခက်ထန်သည့် လူတို့အား ကြောက်ရွံ့ကြသည်။ ခက်ထက်သည့် လူတို့ကလည်း ၎င်းတို့၏ အသက်အား ဂရုမစိုက်တတ်သည့် လူစားမျိုးတို့အား ကြောက်ရွံ့ကြ၏။

ယခု ဖြစ်ရပ်က ဥပစာတစ်ခုပင်။

“ ဒီက ထွက်သွား ….”

“ သွားကြ .. အကုန်လုံး ထွက်သွားကြ …” လင်းရီ၏ ရိုက်နှက်ခြင်းကို ခံလိုက်ရပြီးနောက် သက်လတ်ပိုင်း အမျိုးသားမှာ စကားအား လျစ်လျူမရှုဝံ့တော့ဘဲ အကုန်လုံးကို ထွက်သွားရန် ဆော်ဩလိုက်တော့သည်။ ပိုက်ဆံ ကိစ္စလည်း ထပ်မပြောဝံ့တော့ဘဲ သူ့လူများနှင့်အတူ ထွက်ခွာသွားခဲ့တော့၏။

“ ငါတို့ နောက်ကျလွန်းသွားပြီ …”

လင်းရီ ထိုလူများနှင့် ရန်ဖြစ် စကားများနေစဉ် ကူရိရန်မှာ အခင်းဖြစ်ထားခဲ့သည့် နေရာသို့ သွား၍ စုံစမ်းစစ်ဆေးနေခဲ့သည်။ ဧရိယာ တစ်ဝက်ကျော်မှာ ဖျက်ဆီးခံလိုက်ရပြီး တစ်စိတ်တစ်ပိုင်း ကျန်ရှိနေသေးသော်လည်း စုံစမ်းစစ်ဆေးမှု ပြုရန်အတွက် ထိုက်တန်ခြင်း မရှိတော့ချေ။

လင်းရီ သူ၏ ဘယ်ဘက် တစ်မီတာ အကွာခန့်ကို လက်ညိုးညွှန်ပြလိုက်သည်။

“ ငါမှတ်မိသာ မှန်မယ်ဆိုရင် အဲ့တာက အခင်းဖြစ်ခဲ့တဲ့ နေရာမလား ….”

ကူရိရန် ခေါင်းညိမ့်လိုက်၏။ “ ဆိုပါတော့ .. ငါအခုလေးတင် သွားစစ်ဆေးကြည့်ခဲ့တာ ဘာမှကို မကျနတော့ဘူး .. ဒါကြောင့်မို့ ဒါက တော်တော်ကြီး သံသယ ဝင်ဖို့ ကောင်းတယ် …”

လင်းရီ ဘေးဘီဝဲယာအား လှည်ပတ်ကြည့်ရှုရင်း “ သံသယ ဖြစ်ဖို့ကောင်းတယ်ဆိုတဲ့ အချက်တွေကလည်း ငါတို့ရဲ့ ခန့်မှန်းချက် သပ်သပ်ပါပဲ .. ဖြစ်နိုင်ချေရှိတယ်ဆိုပေမယ့် ပန်းခြံက ဒါမျိုးလုပ်တာ ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူး …”

လင်းရီ သူ အထက်တန်း တက်စဉ်က ဆွေမျိုးတစ်ယောက်၏ ဈာပနာပွဲကို ယခုတိုင် အမှတ်ရနေဆဲပင်။

စစချင်းတုန်းက မေမေဝမ်မှာ သူ့အား ခေါ်သွားဖို့ အစီအစဉ် မရှိသေးခဲ့ချေ။ သို့သော် သေသွားသည့်လူက သူ့အား အတော်လေးချစ်သည့် လူဖြစ်နေသဖြင့် နောက်ဆုံးတွင် မေမေဝမ်မှာ သူ့အား လိုက်လာခွင့် ပြုလိုက်လေသည်။

သူလည်း သိချင်ဇောဖြင့် မသာ အလောင်းကောင်၏ မျက်နှာကို အနီးကပ်သွားကြည့်လိုက်မိသည်။ ဂေဟာသို့ ပြန်ရောက်သည့် အချိန်၌ သူ့မှာ မေမေဝမ်၏ တုတ်နှင့် လိုက်ရိုက်ခြင်းကို ခံလိုက်ရပြီး ရေလည်း အများအပြား ချိုးလိုက်ရ၏။

နောက်ထပ် ရက်အနည်းငယ် ကြာသည့်တိုင်အောင် မက်မွန်ကိုင်းတစ်ခက်အား လွယ်အိတ်ထဲတွင် ဆောင်ထားခိုင်းသည်။ မေမေဝမ်ပြောသည်ကတော့ အပနှင်ရန် ဆိုပင်။

၎င်းကြောင့်ပဲ လင်းရီသည် ရှုခင်းသာ ဧရိယာရှိ အထက်ကြီးပိုင်းများ၏ စိတ်နေသဘောထားကို ကောင်းကောင်းနားလည်ပေး၍ရသည်။ သူတို့က ဖုန်းရွှေကို သာမန်လူတို့ထက်ပင် ပိုပြီး တန်ဖိုးထားကြသေးသည်။

“ ဒါပေမယ့် သူတို့က ရည်ရွယ်ချက်ရှိရှိ အခင်းဖြစ်ပွားထားတဲ့ နေရာကို ဖျက်ဆီးပစ်ချင်နေတာလည်း ဖြစ်နိုင်တာပဲလေ…”

“ ဒီကိစ္စကို အများသိအောင် မလုပ်နဲ့ … တိတ်တိတ်လေးပဲ စုံစမ်းကြမယ် ..”

ထို့နောက် လင်းရီသည် ရှေ့သို့ လှမ်းမျှော်ကြည့်လိုက်ကာ “ တက်သွားပြီး တစ်ချက်ကြည့်ကြစို့ … ဒီခါတော့ စောင့်ကြည့်ရေး ကင်မရာတွေပါ ပြန်ယူသွားကြမယ် …”

“ အိုကေ …..”

နောက်တစ်နာရီကျော်ကြာတော့ လင်းရီနှင့် ကူရိရန်တို့မှာ စောင့်ကြည့်ရေး ကင်မရာများအားလုံးကို ယူဆောင်သွားခဲ့သည်။

၎င်းအပြင် အခြားသော ရှုခင်းသာ ဧရိယာ ဘက်ခြမ်းရှိ ကင်မရာများကိုလည်း ယူဆောင်လာသည်။ စုန့်တဲယွမ် တည်းခိုသည့် ဟိုတယ်ရှိကင်မရာများကိုပင် အလွတ်မပေးခဲ့ချေ။

ပြန်လာသည့်လမ်းတွင်တော့ ကူရိရန်က မောင်းပြီး လင်းရီမှာမူ သူ၏ အချိန်အား အကျိုးရှိစွာ အသုံးချ၍ ကျီချင်းရန်နှင့် စာထိုင်ပို့နေလေသည်။

ကျီချင်းရန်မှာ သူမဘက်က ထောက်ခံအားပေးနေသည်ဆိုပေမယ့်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စောဒက တက်မိနေခဲ့၏။ လင်းရီမှာ ဤအလုပ်အား အလေးအနက်ထားပြီး ပင်ပန်းစွာ လုပ်ကိုင်နေသည်ကို သူမ သဘောမကျ‌ချေ။

လင်းရီလည်း ပြုံးရုံမျှသာ ပြုံး၍ သူမအား နှစ်သိမ့်ပေးလိုက်ပြီး စိတ်အေးအေးထားဖို့ ပြောရန်သာ တတ်နိုင်လေသည်။

နှစ်ယောက်သား ရဲစခန်းသို့ ပြန်ရောက်သည့် အချိန်၌ မွန်းလွဲ သုံးနာရီ ကျော်နေချေပြီ။

တစ်ချိန်တည်းတွင် စုန့်တဲယွမ်၏ ကုမ္ပဏီသို့ သွားရောက် စစ်ဆေးနေသည့် ကောင်းမင်ကျွင်းသည်လည်း ပြန်ရောက်နေပြီး ဖြစ်၏။ စားပွဲပေါ်တွင် စာရွက်စာတမ်း တစ်ထပ်လိုက်ကြီး ရှိနေပြီး လီရှန်းဟွေ့နှင့် ကျန်သူများမှာ ၎င်းတို့အား တစ်ခုချင်း လှန်လှော ဖတ်ရှုနေခဲ့ကြသည်။

“ မင်းတို့ ပြန်လာကြပြီလား …” လီရှန်းဟွေ့ ပြုံးပြီး နှုတ်ဆက်လိုက်၏။

“ ဘာတွေထူးလဲ …”

ကူရိရန်သည် ကုလားထိုင်သို့ ထိုင်၍ ဆံပင်အား နောက်သို့ ဖြီးသင်လိုက်ပြီး “ တစ်လကျော်လောက်တုန်းက ရှုခင်းသာ ဧရိယာမှာရှိတဲ့ လုံခြုံရေး ကင်မရာတွေ အားလုံးကို လဲထားခဲ့တယ် .. ကျွန်မတို့ မတူတဲ့ နေရာက ကင်မရာတွေ ပြန်ယူလာပြီး လေ့လာဖို့ လုပ်ထားတယ် .. ဒါကြောင့်မို့ ကျွန်မတို့ အရင် သံသယ ဖြစ်နေတာတွေက အမှန်ပဲ … တစ်ဖက်က ကျွန်မတို့ကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းလွဲအောင် လုပ်သွားတာ ဖြစ်နိုင်တယ်….”

“ အဲ့တာ အပြင်ကို နောက်ထပ် ထူးဆန်းတဲ့ အဖြစ်အပျက်တစ်ခုလည်း ရှိသေးတယ် …” ကူရိရန် ဆက်ပြီး ပြော၏။ “ စုန့်တဲယွမ် ပြုတ်ကျပြီး သေသွားခဲ့တဲ့နေရာက အခု ရှင်းလင်းခံလိုက်ရပြီ … ကျွန်မတို့ အဲ့ဒီကနေ တခြား သက်သေအထောက်အထားတွေ ရဖို့ မဖြစ်နိုင်တော့ဘူး …”

“ သာမန်ပါပဲ …” ကျန်းဟွေ့ ပြောလိုက်ပြီး “ ဒီလိုမျိုး ကံဆိုးတဲ့ အဖြစ်အပျက် ဖြစ်ပြီးမှတော့ အဲ့ဒီ စီးပွားရေး သမားတွေက မြေနှုတ်ပြီး လာဘ်ပြန်ပွင့်အောင် လုပ်ကြမှာ သဘာဝပဲ …”

“ ဒါပေမယ့် သူတို့က အခင်း ဖြစ်ထားတဲ့ နေရာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာရော မဖြစ်နိုင်ဘူးလား …”

“ သဲလွန်စတွေက အခင်းဖြစ်ထားတဲ့ နေရာမှာ ကျန်နေဦးမယ်လို့ မင်းက ထင်နေတာလား …” လီရှန်းဟွေ့ မေးမြန်းလိုက်သည်။

All Chapters