ဂယက်လှိုင်းများ
Vol. 114 Ch. 1706
“ ကျွန်မတို့ အဲ့ကို သွားနေရင်း သုံးသပ်ကြည့်တာတော့ လူသတ်သမားက စုန့်တဲယွမ်ကို အဲ့ဒီ ကမ်းပါး အစွန်းကနေ သူ့ဘာသူ ပြုတ်ကျအောင် လုပ်ဖို့ ရည်ရွယ်ထားတယ် … အဲ့တာက အတော်တော့ စွန့်စားရတယ် …” ကူရိရန် ပြောလိုက်ပြီး “ တကယ်လို့ သူသာ နောက်ထပ် လှမ်းအနည်းငယ်လောက် ကျော်သွားခဲ့မယ်ဆိုရင် စောင့်ကြည့်ရေး ကင်မရာတွေကလည်း ကူညီနိုင်မှာ မဟုတ်ဘူး ….”
“ ဆိုတော့ တစ်စုံတစ်ယောက်က စုန့်တဲယွမ်ကို ရည်ရွယ်ချက်ရှိရှိ အဲ့ဒီ နေရာ ရောက်အောင် တမင် ခေါ်လာတယ်လို့ မင်းက သံသယ ရှိတယ်ပေါ့ …” လီရှန်းဟွေ့ ပြောလိုက်သည်။
“ ဟုတ်တယ် … စဉ်းစားကြည့်ရင် ဖြစ်နိုင်ချေ အများကြီး ရှိနေတယ် မဟုတ်ဘူးလား … မဟုတ်ရင် လူသတ်သမားရဲ့ အကြံအစည်က ကျရှုံးဖို့ များတယ်လေ …”
လီရှန်းဟွေ့နှင့် ကျန်နှစ်ယောက်လည်း တိတ်တဆိတ် ခေါင်းညိမ့်မိလိုက်ကြ၏။ “ ငါလည်း အဲ့လို ဖြစ်နိုင်ချေကို စဉ်းစားမိပါတယ် ….”
“ ဒါပေမယ့် အခင်းဖြစ်တဲ့ နေရာက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးဖို့တွေ အတွက်ကျ အဆင်မပြေတော့ဘူး …”
“ ငါကိုက သတိလက်လွတ်ဖြစ်သွားတာ … အဲ့ဒီအချိန်တုန်းက ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အမှုပဲ ဆိုပြီး အခင်းဖြစ်တဲ့နေရာကို ချိတ်ပိတ်မထားမိခဲ့လိုက်ဘူး …”
“ သာမန်ပါပဲ .. ဘယ်သူကရော အဲ့လောက်ထိ အတွေးလွန်နေမှာ .. ပြီးတော့ ကျုပ်တို့လည်း အဲ့တုန်းက စုံစမ်းစစ်ဆေးပြီးခဲ့သားပဲလေ….” ကျန်းဟွေ့ ပြောလိုက်သည်။
“ ဒီဥစ္စာတွေ လောလောဆယ် ဘေးချိတ်ထားဦး .. အခု ဘဏ္ဍာရေး အစီရင်ခံစာနဲ့ ပရောဂျက် စာချုပ်တွေကို အရင်ကြည့်ကြစို့ … ကျုပ်တော့ ကြည့်ရလွန်းလို့ ခေါင်းတောင် ကိုက်လာနေပြီ .. ခုထိလည်း ဘာအမှားမှ ရှာမတွေ့သေးဘူး …” ကောင်းမင်ကျွင်း အသံထွက်လာခဲ့၏။
လင်းရီ စားပွဲပေါ်ရှိ စာရွက်စာတမ်းများအား ကောက်ယူ၍ တစ်ချက် ဖတ်ကြည့်လိုက်သည်။ စာလုံးတို့က ပြွတ်သိပ်ညှက်နေပြီး သူ့အား ခေါင်းကိုက်လာစေသည်။
ဤသို့သော အသေးအမွှား ကိစ္စလေးကိုတော့ လင်းရီ ဟော်ယွမ်ယွမ်အား အကူအညီတောင်းရမည် ဖြစ်၏။
“ အစ်ကိုလီ .. ကျုပ်ကို ဒါတွေ ပေးလိုက် .. ကျုပ် ဒီဥစ္စာတွေကို တတ်ကျွမ်းတဲ့ တစ်ယောက်ယောက်နဲ့ ပြကြည့်ပြီး တစ်ခုခု တွေ့မလား ကြည့်ကြည့်တာပေါ့ …”
“ မင်းမှာ ဒါတွေ နားလည်တဲ့ သူငယ်ချင်း ရှိတာလား …” လီရှန်းဟွေ့ အံ့အားသင့်သည့် လေသံဖြင့် မေးမြန်းလာခဲ့သည်။
“ ကျုပ် အရင်က မပြောခဲ့ဘူးလား … ခင်များ အိမ်ဆောက်ချင်တယ်ဆိုရင် ကျုပ် မြေတူးစက် ခေါ်ပေးလို့ရတယ် … ဒါတွေ ကျုပ်ကိုင်တွယ်လိုက်မယ် …”
“ ကောင်းပြီလေ.. ဒါဆိုလည်း အလုပ်ကြိုးစားလိုက်ဦး …”
“ အသေးအမွှားလေးပါ …”
လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ မင်းတို့ကောင်တွေ ကင်မရာတွေ အများကြီး သယ်လာခဲ့တယ်မလား .. အခု ကြည့်လိုက်ကြစို့ .. တစ်ခုခု မူမမှန်နေတာတွေလည်း ရှိရင် ရှိနေမှာပေါ့ … “
လင်းရီနှင့် ကူရိရန်တို့ စုစုပေါင်း ကင်မရာ ခုနစ်လုံး ပြန်ယူလာသည်။
ကင်မရာ ၁ မှ ၄ အထိက အခင်း ဖြစ်ပွားသည့် နေရာ အနီးတစ်ဝိုက်တွင် ရှိနေပြီး စုန့်တဲယွမ် ကမ်းပါးအစွန်းမှပြုတ်ကျသွားခဲ့သည့် မြင်ကွင်းကို ဖမ်းယူနိုင်ခဲ့ပြီး ဖြည်းဖြည်းချင်း ပြုတ်ကျသွားခဲ့သည်အား မှတ်တမ်းတင်နိုင်ခဲ့လေသည်။
ကင်မရာ ၅ က ဟိုတယ်၏ ဒုတိယထပ် စားသောက်ဆိုင်မှ ဖြစ်ပြီး ကင်မရာ ၅ က ဟိုတယ် ဝင်ပေါက်ဝမှ ဖြစ်၏။ ကင်မရာ ၇ ကိုတော့ နှိုင်းယှဉ်ကြည့်ရန်အတွက် ရှုခင်းသာ ဧရိယာ အတွင်းရှိ ကြုံရာနေရာတစ်ခုမှ ဖြုတ်ယူလာခဲ့ခြင်းပင်။
သူတို့တွေ ကင်မရာ တစ်ချို့အားက ကိုင်၍ ခေတ္တစူးစမ်းကြည့်နေကြလေသည်။ ထို့နောက် ကျန်းဟွေ့မှ ကိုယ့်ဘာကိုယ် ရေရွတ်လိုက်၏။
“ ကြည့်ရတာတော့ အကုန် အတူတူလိုပါပဲ … ဘာမှလည်း ကွဲပြားမနေပါဘူး …”
“ ဒီကောင်တွေကို အရင် ချိတ်ဆက်ပြီး မြင်ကွင်းကို စစ်ကြည့်ရအောင် …” လင်းရီ ပြောလိုက်သည်။ “ တကယ်လို့ ငါတို့ အရင်က သုံးသပ်ခဲ့တာ မှန်မယ်ဆိုရင် ဒီကင်မရာတွေရဲ့ အရည်အသွေးက ကွဲပြားနေမှာ သေချာတယ် … မဟုတ်ရင် ယူဆချက်က မှန်ကန်မှာ မဟုတ်တော့ဘူး …”
ကျန်သူများကလည်း လင်းရီ ပြောသည့်စကားကို ထောက်ခံ၍ ကင်မရာများအား ချိတ်ဆက်ရန် ပြင်ဆင်လိုက်ကြသည်။
ထင်မှတ်ထားခဲ့သည့်အတိုင်း ကင်မရာများအားလုံးကို ချိတ်ဆက်ပြီးသည့်နောက် သူတို့ ပြဿနာတစ်ခုအား ရှာဖွေတွေ့ရှိသွားခဲ့သည်။
ကင်မရာ ၁ ၊ ၂ ၊ ၃ ၊ ၄ တို့၏ ပြသမှုပိုင်းဆိုင်ရာ အရည်အသွေးက အတော်လေး ကြည်လင်နေပြီး ကင်မရာ ၅၊ ၆၊ ၇ တို့၏ display ကွာလတီမှာတော့ တစ်နည်းနည်းဖြင့် ဝေးကွာနေသည်။
“ ဟူး ….”
ကောင်းမင်ကျွင်း သက်ပြင်းအရှည်ကြီး ထုတ်လိုက်ကာ “ အခုတော့ ဒါက ဂရုတစိုက်နဲ့ ပြင်ဆင်ပြီး အကွက်ချ လူသတ်မှုဆိုတာ ၁၀၀ % သေချာသွားပြီ….”
“ ဒါပေမယ့် နောက်ပြဿနာ တစ်ခု ကျန်နေသေးတယ် … “ ကျန်းဟွေ့ ကင်မရာ ၃ နှင့် ၇ ကို ကောက်ယူလိုက်ပြီး “ ဒီကင်မရာ နှစ်ခုက အတူတူပဲ .. ဒါပေမယ့် display အရည်အသွေးကကျတော့ ကွဲနေတယ် .. ဒါကိုကျ ဘယ်လိုရှင်းမှာ …”
“ လွယ်ပါတယ် …” လင်းရီ ပြောလိုက်ပြီး “ အပေါ်ယံက အတူတူဆိုပေမယ့် အတွင်းမှာ သုံးထားတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေက မတူလို့ပေါ့ …”
“ ဘာကို ပြောချင်နေတာ …”
“ တစ်ယောက်ယောက်က စက်အစိတ်အပိုင်းတွေကို လက်ဆော့သွားတာလို့ …” လင်းရီ ပြောလိုက်ပြီး “ ဒီနေ့ခေတ် မြို့ပေါ်က မိန်းမလှလေးတွေလိုပဲပေါ့ … အပေါ်ယံမှာတော့ အကုန်တန်းတူ ငယ်ရွယ်လှပတယ်ဆိုပေမယ့် အတွင်းကျကျကြည့်ရင် အန်တီကြီး တစ်ယောက်ရဲ့ နှလုံးသား(စိတ်)နဲ့ ဖြစ်နေကြပြီ…”
“ ဟင် …” ကျန်းဟွေ့ ကြက်သေသေသွားခဲ့ပြီး “ အန်တီကြီး တစ်ယောက်ရဲ့ နှလုံးသားက ဘာကြီးတုန်း … ရင့်ကျက်တာကို ပြောချင်တာလား …”
“ တစ်ချို့က အပြင်ကြည့်တော့တာ လူငယ် လှသွေးကြွယ်တယ်ဆိုပေမယ့် သူတို့ရဲ့ အတွင်းခံတွေက ဟိုးပဝေဏသီက ဒီဇိုင်းတွေနဲ့ ဖြစ်နေတာမျိုးပေါ့ … ၈၀ ခုနစ်က အဘွားကြီးတွေရဲ့ ဒီဇီုင်းကိုတောင် မမီဘူး … ဟေ့ … ဘာလို့ ငါ့ခြေထောက်ကို လာကန်နေတာလဲ …”
သုံးယောက်လုံး ကူရိရန်အား ပြိုင်တူကြည့်လာခဲ့ကြသည်။
ကျန်းဟွေ့နှင့် ကောင်းမင်ကျွင်းတို့မှာ ကူရိရန်အား သိချင်စိတ် ပြင်းပြသည့် မျက်ဝန်းတို့ဖြင့် ကြည့်နေခဲ့ကြ၏။
“ နင်တို့အားလုံး ငါ့ကို ဘာလာကြည့်နေတာလဲ … ဘာလဲ … ယောင်းမက နင့်ကို ဒီရက်ပိုင်း ကောင်းကောင်း ဂရုမစိုက်ပေးလို့လား ဟုတ်လား …”
“ ဟီးဟီး …”
နှစ်ယောက်လုံး ကိုးရို့ကားစွာ ရယ်မောလိုက်ကြပြီး ..
ငါတို့အားလုံး နားလည်ပါတယ် ဟု ပြောနေသယောင်ပင်။
“ ကောင်းပြီ… စနောက်နေတာတွေ တော်ကြတော့ …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ အခု တော်တော်များများလည်း ရှင်းလင်းသွားပြီဆိုတော့ အနှစ်ချုပ်လိုက်ကြစို့ …”
“ စုန့်တဲယွမ်က ကမ်းပါကနေ သူ့ဘာသူ ပြုတ်ကျလာတယ်ဆိုပေမယ့် တစ်စုံတစ်ယောက် အဲ့လို ဖြစ်အောင် တမင် လှုံ့ဆော်တယ်ဆိုတာ ငါတို့ အတည်ပြုနိုင်ခဲ့ပြီ … ဒါကြောင့်မို့ သူက ကိုယ့်ဘာကိုယ် သတ်သေတာ မဟုတ်ဘူး .. အသတ်ခံခဲ့ရတာ …”
“ သံသယ ဖြစ်ဖို့ ကောင်းတဲ့လူတွေက သူ့သား ၊ စုန့်ကျယ် ၊ သူ့ဇနီး၊ လျိုဖန်း ၊ ဒါမှမဟုတ် သူ့ရဲ့ အပျော်မယား တူကျွမ့် ….”
“ ထောက်ခံတယ် ..” လူတိုင်း တုံ့ပြန်လိုက်ကြသည်။
လီရှန်းဟွေ့ သူ၏ နာရီကို ကြည့်လိုက်ပြီး “ အချိန်ကျတော့မယ် .. သူတို့ကို သွားပြီး စစ်ဆေးကြစို့ … ငါတို့ တစ်ခုခု ထုတ်ဖော်ရင်လည်း ထုတ်ဖော်နိုင်မှာပေါ့ …”
သံသယ တရားခံများက သံသယအဝင်ခံရမှု အောက်၌သာ ရှိပြီး ထိန်းသိမ်းနိုင်သည့် အတိုင်းအတာကလည်း အကန့်အသတ်နှင့် ဖြစ်၏။
အကယ်၍ သတ်မှတ်ထားသည့် အချိန်အတိုင်းအတာအတွင်း၌ မဖြေရှင်းနိုင်ဘူးဆိုပါက သူတို့တွေ ပြန်လွှတ်ပေးလိုက်ရလိမ့်မည်။
ယခု သက်သေအထောက်အထား အသစ်များလည်း ရှာတွေ့ထားပြီး ရှိနေသည့် အချိန်ကို အကျိုးရှိစွာ အသုံးချ၍ ပြန်လည် သုံးသပ် စစ်ဆေးမှုတို့ ပြုလုပ်ရန်က အရေးကြီးပါသည်။
“ ရှောင်ကျန်း ၊ ရှောင်ကောင်း ၊ မင်းတို့နှစ်ယောက်က လျိုဖန်းကို သွားပြီး စစ်မေးလိုက် … ငါက စုန့်ကျယ်ကို စစ်မေးမယ်… လင်းရီနဲ့ ကူလေး … မင်းတို့နှစ်ယောက်ကတော့ တူကျွမ့်ကို စစ်မေးလိုက် …”
“ ကောင်းပြီ …”
၎င်းတို့၏ တာဝန်အသီးသီးကို လက်ခံပြီးသည့်နောက် သူတို့ သုံးယောက်လုံး စစ်ဆေးမေးမြန်းသည့် အခန်းများထဲ ဝင်သွားခဲ့ကြသည်။
တတိယ အကျော့တွေ့ဆုံမှုတွင် တူကျွမ့်မှာ ထိန်းသိမ်းခံထားရ၍ နွမ်းနယ်နေဟန်ပင်။ သို့သော် သူမ၏ အကောင်းဆုံး အရွယ်တွင် ရှိနေသည့် အလှတရားကိုတော့ ထင်ရှားစွာ မြင်သာနိုင်ပါသေးသည်။
မှေးမှိန်နေတဲ့ အလှတရားဆိုပေမယ့် ဆွဲဆောင်မှုက ရှိနေတုန်းပဲ ဆိုသည့် စကားက လုံးဝ ချဲ့ကားနေခြင်း မရှိပေ။
ဤတစ်ကြိမ် သူတို့နှစ်ယောက်ကို တူကျွမ့်မြင်သည့် အခါ၌ သူမမှာ မည်သို့မျှ စိတ်လှုပ်ရှားခြင်း မရှိတော့ချေ။ ထိုအစား အလွန် တည်ငြိမ်နေသည်။
သူမ၏ မျက်ဝန်းတို့က ဆာလောင် ရမ္မက်တို့ ကင်းမဲ့နေပြီး ကြည့်ရသည်မှာ သူမ၏ ကံကြမ္မာကို လက်ခံပြီး ဖြစ်ပုံရသည်။
“ ရှင် ကျွန်မတို့ကို တစ်ခုခု ပြောပြချင်တာ မရှိဘူးလား …” ကူရိရန် တည်ငြိမ်စွာ မေးမြန်း၍ “ ရှင်သာ အမှန်အတိုင်း ဝန်ခံမယ်ဆိုရင် ကျွန်မတို့ ခွင့်လွှတ်ပေးလို့ရတယ် .. ဒါပေမယ့် ငြင်းပယ်နေဦးမယ်ဆိုရင်တော့ ကျွန်မတို့ဘက်က အမှုမှန် သိရရင် ပြင်းပြင်းထန်ထန် အပြစ်ပေးသွားမှာပဲ .. ရှင်အခု စပြောလို့ရပြီ… ရှင့်ရွေးချယ်မှုက မတူညီတဲ့ ရလဒ် နှစ်ခုကို ယူဆောင်လာမှာပဲ …”
“ ငါ တကယ်ကြီး စုန့်တဲယွမ်ကို မသတ်ခဲ့ဘူး … သူ ဒုက္ခရောက်တုန်းက ငါ ကုမ္ပဏီမှာ အလုပ်လုပ်နေတာ ဘယ်နားကနေ ဘယ်လို သူ့ကို သတ်ရမှာလဲ …” တူကျွမ့်မှာ ဒေါသတကြီးနှင့် ဖြစ်နေပြီး သူမ၏ စကားတို့မှာ အပြစ်ကင်းစင်နေသည်။
“ ပြီးတော့ ကျွန်မက သူ့ရဲ့ မယားငယ် … လတိုင်း ယွမ် ငါးသောင်းပေးတယ် … ကျွန်မ အသုံးစရိတ်တွေအတွက် သူ့အပေါ် မှီခိုနေရတာကို ဘာလို့ သူ့ကို ထိခိုက်နစ်နာစေရမှာ ….”
“ သူက ရှင့်ကို လတိုင်း ပိုက်ဆံပေးတယ်ဆိုရင် ဘာလို့ အလုပ်လုပ်နေသေးလဲ .. “ ကူရိရန်သည် လက်ထဲရှိ အချက်အလက်များအား လှန်လောရင်း ပြောလိုက်ပြီး “ ကျွန်မတို့ သိသလောက်ဆို ရှင် အခု အလုပ်လုပ်နေတဲ့ အင်တာနက် ကုမ္ပဏီမှာ ရှင်က သာမန် ရုံးစာရေးလေးပဲ .. ရှင့်လစာ ယွမ် ၄,၂၀၀ ကလည်း မများဘူး …”
“ ဘာကြောင့်ဆို ယောက်ျားတွေက မှီခိုလို့မရမှန်း ငါသိလို့ပဲ … စုန့်တဲယွမ်က ငါ့ကို ပံ့ပိုးပေးထားမယ်ဆိုလည်း အလွန်ဆုံး နောက်လေးငါးနှစ်လောက်ပေါ့ .. ငါ အသက်ကြီးပြီး အိုလာတဲ့ အခါကျရင် သူ ငါ့ကို စွန့်ပစ်သွားမှာ သေချာပေါက်ပဲ … ငါ့ဘက်က တည်ငြိမ်တဲ့ အလုပ်တစ်ခု ရှာထားဖို့ လိုတယ်…” တူကျွမ့် ပြောလိုက်သည်။ “ ဒီကုမ္ပဏီရဲ့ လစာက မများဘူးဆိုပေမယ့် အလုပ်က တော်တော်လေး သက်တောင့်သက်သာ ရှိတယ် … ပြီးတော့ အာမခံနဲ့ ပိုက်ဆံလည်း ရတယ် … နောင်ကျ ပင်စင်ယူတဲ့အခါ အာမခံချက် အပြည့်ရှိတယ် …”
တောက် တောက် တောက် ..
လင်းရီသည် စားပွဲအား လက်ချောင်းများဖြင့် စည်းချက်ညီစွာ ခေါက်နေလျက် ရှိသည်။
ဤသည်က သူ၏ အကျင့်တစ်ခု ဖြစ်၏။ ပြဿနာများအား စဉ်းစားတွေးခေါ်နေစဉ်တွင် ယခုလို ပြုလုပ်လေ့ရှိသည်။
တူကျွမ့်ပြောသွားသည်များက ဘာတစ်ခုမှ မှားမနေချေ။ သို့သော် သူမက ထက်မြက်သည့် လူတစ်ယောက်မဟုတ်သည်မှာတော့ သိသာသည်။
နှစ်ပေါင်းများစွာ ချစ်သူများ ဖြစ်လာပြီးသည့်တိုင်အောင် သူမက တူကျွမ့်၏ အဆက်အသွယ်နှင့် အရင်းအမြစ်များအား အသုံးချ၍ ကိုယ်ပိုင်စီးပွားရေး မစတင်ဘဲ ယခုတိုင် သူများ လက်အောက်၌ အလုပ်လုပ်နေဆဲပင်။
ဤသည်က သူမဘက်ခြမ်းရှိ ကျရှုံးမှု ဖြစ်၏။