← Chapters

သဲလွန်စ မရှိ

Vol. 114 Ch. 1707

သဲလွန်စ မရှိ

Vol. 114 Ch. 1707

လင်းရီ၏ စိတ်ကို ဖတ်နိုင်နေသကဲ့သို့ ကူရိရန် မေးမြန်းလိုက်သည်။

“ ရှင်နဲ့ စုန့်တဲယွမ်ရဲ့ ဆက်ဆံရေး အရဆိုရင် သူ့ရဲ့ အဆက်အသွယ်၊ ငွေကြေး အရင်းအမြစ်တွေ အသုံးချပြီး ကိုယ်ပိုင် စီးပွားရေး တစ်ခု စတင်တာက ရှင့်ဖို့ မခက်ခဲလောက်ဘူးမလား …”

“ နောက်တစ်ခုက ရှင် ဒီအလုပ်လုပ်နေတာ ခုမှ လေးလပဲ ရှိသေးတယ် … ဒီကြားထဲမှာ ခွင့်ပျက်ရက် ယူတာတွေကလည်း အများကြီး … ဒါက ဝန်ထမ်းကောင်း တစ်ယောက် လုပ်သင့်လုပ်ထိုက်တဲ့ အမူအကျင့်လို့ ကျွန်မ မထင်ဘူး …”

ထို့နောက် ကူရိရန်သည် သူမလက်ထဲရှိ မှတ်တမ်းအား ဝှေ့ရမ်း၍ ဆက်ပြောသည်။

“ ဆိုတော့ .. ကျွန်မ ဒီလို ယူဆလိုက်လို့ ရမလား.. ရှင့်မှာ အလုပ်လုပ်ချင်စိတ်မရှိဘူး .. စုန့်တဲယွမ်ရဲ့ အရင်းအမြစ်တွေကို အသုံးချပြီး ရှင့်ရဲ့ ကိုယ်ပိုင် စီးပွားရေးကို စတင်ချင်တယ် .. ဒါပေမယ့် သူ့ဘက်က သဘောမတူဘူး … ရှင်တို့နှစ်ယောက်ကြားမှာ ဒီကိစ္စကြောင့်နဲ့ အကွဲအပြဲတွေ ဖြစ်လာတယ် .. ဒါကြောင့်မို့ ရှင် ဒေါသထွက်လာပြီး သူ့ကို သတ်ပစ်လိုက်တယ် .. မှန်လား …”

လင်းရီ နှုတ်ခမ်းကိုက်မိလိုက်၏။

‘ သူကဖြင့် တော်တော်ကောင်းနေပါပြီ … ငါ့ဆီလာပြီး ယွမ်ယွမ်ကို လာကြည့်လိုက် … မင်း သူ့ကို မြင်ပြီးရင် ရိုက်သတ်ချင်စရာကောင်းတဲ့ ဝန်ထမ်းက ဘယ်လိုလဲဆိုတာ သိသွားလိမ့်မယ် ….’

“ မဟုတ်ဘူး …” တူကျွမ့် စိတ်လှုပ်ရှားလာပြီး အသံကို မြင့်လိုက်ကာ “ ငါတို့ ခုရက်ပိုင်း သဘောထားကွဲလွဲမှုလေးတွေ ရှိခဲ့တာ မှန်တယ် … ဒါပေမယ့် ပြောပလောက်တဲ့ ပြဿနာတော့ မရှိဘူး … ငါလည်း ကိုယ့်အစွမ်းအစကိုယ် သိတယ် … ကိုယ့်ပိုင် စီးပွားရေး လုပ်ပြီး ကိုယ့်ကိုယ်ကို စွန့်စားမှာ မဟုတ်ဘူး …”

“ ပြီးတော့ ငါ့မှာ အလီဘိုင်လည်း ရှိတယ် .. နင်တို့က ငါ့ကို လူသတ် တရားခံပါလို့ စွပ်စွဲရအောင် ဘာမို့လို့လဲ …”

“ အမှန်ပဲ .. စုန့်တဲယွမ်က ကမ်းပါးကနေ ခုန်ချပြီး သူ့ဘာသူ အဆုံးစီရင်သွားခဲ့တာ … ဒီအမှုမှာ လူသတ်သမား မရှိဘူး …”

“ အဲ့ဒါဆိုလည်း ဘာလို့ ငါ့ကို လူသတ်သမားပါဆိုပြီး လာစွပ်စွဲနေလဲ ….” တူကျွမ်း ရင်ဘက် နိမ့်ချည် မြင့်ချည် ဖြစ်စွာ ပြောလိုက်ပြီး “ သူက မတော်တဆ ဆုံးပါးသွားခဲ့တယ် … ငါတို့နှစ်ယောက်က မသင့်လျော်တဲ့ ရင်းနှီးပတ်သက်မှုတွေ ရှိတာနဲ့ပဲ နင်တို့ ငါ့ကို ဒီလို လာစွပ်စွဲလို့ မရဘူး …”

“ ကျွန်မတို့ သံသယ ဝင်တယ်ဆိုတာ ရှင့်ရဲ့ ဖုန်းခေါ်ထားတဲ့ မှတ်တမ်းကြောင့်ပဲ …” ကူရိရန် အေးစက်စွာ ပြောလိုက်ပြီး

“ ဆေးမှုခင်း စစ်ဆေးချက်အရဆိုရင် စုန့်တဲယွမ်က သူ မသေခင် မူးယစ်ဆေးကို အလွန်အကျွံ သုံးစွဲထားတယ်… အဲ့တာကြောင့် ထင်ယောင်ထင်မှား ဖြစ်ပြီး ကမ်းပါး အစွန်းကနေ ပြုတ်ကျသွားခဲ့တယ် ..”

“ ဒုတိယတစ်ချက် … စုန့်တဲယွမ် မသေခင် ရှင်တို့နှစ်ယောက်က ဖုန်းထဲမှာ မိနစ် ၄၀ ကျော်ကြာအောင် စကားပြောခဲ့ကြသေးတယ် .. ကျွန်မ သိချင်တာ ရှင်တို့ ဘာတွေ ပြောခဲ့ကြတာလဲ … ရှင်ရော ဆေးတွေ သုံးခဲ့သေးလား ….”

ကူရိရန်၏ အမူအရာမှာ ရေခဲသဖွယ် အေးတိအေးစက် ဖြစ်နေသည်။

လင်းရီ သူမအား တစ်ချက် ကြည့်လိုက်မိ၏။ ဤအရှိန်အဝါက ရာဇဝတ်သားများအား စစ်ကြောမေးမြန်းရန်အတွက် သိပ်ကိုကောင်းမွန်သည်။

( တကယ်တမ်း အပြင်မှာ လက်တွေ့ကျကျ ပရော်ဖက်ရှင်နယ် စစ်ဆေးမေးမြန်းသူတွေဆို ဒီလို မလုပ်ပါဘူးနော။ သူတို့က အေးတိအေးစက် စားမယ့်ဝါးမယ့် မျက်နှာကြီးတွေနဲ့လို့ မထင်လိုက်နဲ့။ မိတ်ဆွေလို၊ သူငယ်ချင်းလို ဖော်ရွေရင်းနှီးတဲ့ အပြုံးလေး တပ်ထားတာ။ ရင်းရင်းနှီးနှီးလေးပေါ့။ ပြီးရင် စကားတွေ စပြောတယ်။ အရင်ဆုံး အရေးသိပ်မကြီးတာလေးတွေ။ အလယ်လောက်မှာ သိချင်တာလေးတွေ မသိမသာ သွယ်ဝိုက်ညှပ်ပြီး မေးတယ်။ နောက်ကျရင် အသေးအမွှားလေးတွေ ဆက်ပြီးမေးတယ်။ အများကြီးမေးတယ်။ ပြီးရင် ထပြန်သွားတယ်။ အဲ့လိုလုပ်ရင် အမေးခံရတဲ့သူက သူ့ကိုယ်သူ အရေးကြီးတဲ့ အချက်အလက် ပြောလိုက်မိမှန်းတောင် သိမှာ မဟုတ်ဘူး ။ ဘာလား။ စစ်မေးမယ်ဆိုပြီး ငါနဲ့ စကားတွေပြောပြီး ထပြန်သွားတယ်ပေါ့။ ဘာလို့ဆို ပြောသွားတဲ့ စကားတွေက အများကြီးမို့လို့ စဉ်းစားလည်း မှတ်မိမှာ မဟုတ်ဘူး။ လူ့ဦးနှောက် အများဆုံး မှတ်မိတာက နောက်ဆုံးနဲ့ ပထမဆုံးကိုပဲ။ အလယ်က ဘာတစ်ခုမှ သိပ်မမှတ်မိဘူး။

နောက်အများကြီး ရှိပါတယ်။ ကိုယ့်ဘက်က တမင်တကာ အမှားပြောပြီး သူများ အမှန်အတိုင်း ဖြေချင်လာအောင် လုပ်တဲ့နည်း။ ဥပမာ ကိုယ်က အချိန်သိချင်တယ်ဆိုပါစို့။ တစ်ယောက်ယောက်ကို လှမ်းမေးလိုက်တယ်။ အခု သုံးနာရီ ရှိပြီမလား။ အဲ့မှာ နာရီပါတဲ့ တစ်ယောက်က မဟုတ်ပါဘူးကွာ။ ခုက 4 နာရီခွဲပြီ။ အဲ့လိုလေးတွေပေါ့။

နောက်တစ်ခု မြှောက်ပင့်တဲ့နည်း။ ဒါကလည်း ပညာသားပါပါ မြှောက်ပင့်တတ်မှလည်း ရမှာ။ မဟုတ်ရင် ကိုယ့်ကို မြှောက်ပင့်နေတယ်ဆို လူတွေက ကိုယ့်ဆီကနေ တစ်ခုခု လိုချင်နေမှန်း သိကြတတ်လို့ ကိုယ့်အပေါ် သတိကပ်လာပြီး ကိုယ်လိုချင်တာနဲ့တောင် ဝေးသွားနိုင်တယ်။

ဘာလို့ ဒီလိုနည်းတွေ ပေါ်လာလဲဆိုတော့ ရိုက်နှက် အကြမ်းဖက်ပြီး သိချင်တာကို တည့်ကြီး မေးတာက မထိရောက်လို့။ တစ်ချို့ဆို သေတဲ့အထိတိုင် ကိုယ့်လျှို့၀ှက်ချက် ထုတ်မပြောသွားကြဘူး။ အဲ့လိုဆို အချိန် အလဟဿဖြစ်တယ်။ လူလည်း အလဟဿဖြစ်တယ်။ ဒါကြောင့် နောက်ပိုင်းမှာ လူ့စိတ်ကို ကစားပြီး ဒီလို မေးတဲ့နည်းတွေ ပေါ်လာတာပါပဲ။ အကျယ်တ၀င့် သိချင်ရင် The truth Detector ဆိုတဲ့ စာအုပ်ကို ဖတ်ကြည့်လို့ရပါတယ်။ အိုကေ။ ဇာတ်လမ်းကို ပြန်သွားကြရအောင်။ )

“ ငါ…. ငါက …..”

ကူရိရန်၏ မေးခွန်းနှင့် ရင်ဆိုင်ရာတွင် တူကျွမ့်မှာ ရုတ်ချည်း နေရကြပ်တည်းလာသည်။

လင်းရီ မျက်ခုံးပင့်၍ သူမအား ကြည့်လိုက်၏။ ကူရိရန် ချဉ်းကပ်သည့် နည်းလမ်းက အလုပ်ဖြစ်သွားခဲ့ဟန်ပင်။

“ ဒီအခြေအနေထိတောင် ရောက်ပြီးမှတော့ ဘာတွေ တုံ့ဆိုင်းနေဦးမှာ .. ကျွန်မတို့ကို အမှန်အတိုင်း ပြောလိုက်တော့ …” ကူရိရန် သံကို ပူတုန်း နာနာထုနှက်လိုက်ပြီး တူကျွမ့်အား တခြား အကြောင်းအရာများ စဉ်းစားရန် အချိန်မပေးချေ။

“ နောက်ပြီးတော့ ကျွန်မတို့တွေ ကုမ္ပဏီက ရှင့်အခြေအနေကိုလည်း စုံစမ်းပြီးသား …”

“ အခင်းဖြစ်ပွားတဲ့ အချိန်တုန်းက ရှင် ရုံးမှာ ရှိနေတယ်ဆိုတာ မှန်တယ် .. ဒါပေမယ့် နေ့လည်စာ စားနေရင်း တစ်ဝက်မှာ ရှင် ရုတ်ချည်း အပြင်ထွက်သွားခဲ့တယ်… ပြီးတော့ ရှင်ထွက်သွားတဲ့ အချိန်ကလည်း စုန့်တဲယွမ် ဗွီဒီယိုကော ခေါ်လာခဲ့တဲ့ အချိန်နဲ့ ကွက်တိပဲ … ရှင် အဲ့ဒီ အချိန်အတောအတွင်းမှာ ဘာတွေ လုပ်နေခဲ့လဲဆိုတာ ကျွန်မ သိချင်တယ် …”

“ ဒါက …… “

တူကျွမ့် မျက်နှာ ဖြူလျော်သွားခဲ့ပြီး ချွေးအေးတို့က နဖူးထက်တွင် ထွက်ပေါ်လာသည်။

“ သူ့ဘက်က စပြီး အရင် ဗွီဒီယိုကော ခေါ်လာခဲ့တာ … အဲ့ဒီအချိန်တုန်းက ငါ စားနေရင်း တူကို ချပြီး သူခေါ်လာတာကို ကိုင်ဖို့ ကားထဲ သွားခဲ့တာ …”

“ ဒါဆို ရှင်တို့ ဘာအကြောင်းတွေ ပြောခဲ့လဲ ကျွန်မ သိချင်တယ် …” ကူရိရန် မေးမြန်းလိုက်၏။ “ သူ ရှင့်ကို ဘာတွေ ပြောခဲ့လဲ .. ဒါမှမဟုတ် ရှင်သူ့ကို ဘာတွေ ပြောခဲ့လဲ …”

“ အဲ့တာက နင်တို့ သိချင်တာဆိုရင် သူက ဆေးသုံးနေတာပဲ …”

“ ဟုတ်ပြီ ဆက်ပြော …”

“ အဲ့တုန်းက သူက ငါ့ကို ထွက်လာစေချင်တယ် .. ဒါပေမယ့် ငါ အကြောင်းပြချက် ရှာပြီး ငြင်းလိုက်တယ် .. အဲ့နောက်ပိုင်းကျတော့ ငါတို့ တစ်ယောက်နဲ့ တစ်ယောက် ဗွီဒီယိုကောခေါ်ပြီး ကိစ္စဆက်ကြတယ် …”

မည်သူကမျှ တူကျွမ့်၏ ထွက်ဆိုချက်ကို သံသယ မဖြစ်မိကြချေ။

အဘယ်ကြောင့်ဆိုသော် လူတော်တော်များများက ထိုကဲ့သို့သော ကိစ္စများကို တစ်ကိုယ်တည်း ပြုကြလေ့ မရှိသောကြောင့်ပင်။ သူတို့နှင့် အဖော်ပြုပေးမည့် အဖော်မွန် တစ်ယောက်ကို ရှာတတ်ကြလေသည်။

တူကျွမ့်မှာ ထွက်မလာနိုင်သဖြင့် ဗွီဒီယိုကောမှတဆင့် စိတ်ဖြေသည်က နားလည်ပေး၍ရသည်။

“ အဲ့ဒါဆို ဘာဆက်ဖြစ်လဲ .. ရှင်ရော သုံးခဲ့လား …”

“ မသုံးဘူး … အဲ့တုန်းက ငါ့လက်ထဲမှာ ပစ္စည်းလက်ကျန် မရှိဘူး …” တူကျွမ့် တည်ငြိမ်စွာ ပြောလိုက်သည်။

ကူရိရန် မျက်ခုံးပင့်၍ “ ပစ္စည်းလက်ကျန် မရှိဘူးဆိုတာက ဘာသဘောလဲ … ရှင့်မှာ ရှိရင် သုံးဦးမယ်ပေါ့ ဟုတ်လား …”

တူကျွမ့် မျက်မှောင်ကြုတ်လိုက်မိပြီး “ သူ ငါ့ကို ပိုက်ဆံပေးရမယ့် ရက်က နီးလာပြီ … သူ့မှာ တောင်းဆိုမှုတွေ ရှိလာရင် ငါ့ဘက်က သူစိတ်ကျေနပ်အောင် လုပ်ပေးရတယ်… ဒါပေမယ့် သူက ပြောရဆိုရ လွယ်တဲ့လူ မဟုတ်တော့ ငါလည်း တခြားနည်းလမ်းနဲ့ပဲ သူ့ကို စိတ်ကျေနပ်အောင် လုပ်ပေးနိုင်တယ် … အဲ့တာမှ သူ ငါ့ကို တွန်းအား မပေးမှာ …”

“ ဒါပေမယ့် ရှင် အစောပိုင်း အဖမ်းခံရတုန်းက ပြောတော့ အဲ့လို ပစ္စည်းတွေ မထိတော့ပါဘူးဆို … အဲ့တာ လိမ်နေတာလား … ရှင် ဒီအတောအတွင်း သုံးစွဲခဲ့သေးလား ….”

တူကျွမ့် မျက်လုံးများ ဂနာမငြိမ် ဖြစ်သွားခဲ့ပြီး “ တစ်ခါတည်းပဲ … ဒါပေမယ့် ပမာဏက တကယ့်ကို သေးသေးလေးရယ် .. အဲ့တစ်ကြိမ်ပါပဲ …”

“ ဒါဆို ရှင် ကျွန်မတို့ကို အဲ့တုန်းက ဘာလို့ ညာခဲ့တာလဲ … ဒါက ထပ်တိုးပြစ်မှု ဖြစ်သွားနိုင်တယ်ဆိုတာ ရှင် မသိဘူးလား ….”

“ နင်တို့ ငါ့ကို ဖမ်းလာတုန်းက ငါ သေလုမတတ် ကြောက်ရွံ့နေခဲ့တာကြောင့်လေ… ပြီးတော့ စုန့်တဲယွမ်ကလည်း သေပြီ .. ဒါကြောင့်မို့ အမှန်အတိုင်း မပြောပြခဲ့တာ … ပြီးတော့ ငါသုံးခဲ့တာကလည်း တကယ် ပါးပါးလေးရယ် … အဲ့ပစ္စည်းကို လူ တော်တော်များလည်း သုံးတယ်… နင်တို့ထင်သလောက် မပြင်းဘူး ….”

ကူရိရန် စက္ကန့်အနည်းငယ် ကြာအောင် စဉ်းစားလိုက်ပြီးနောက် လင်းရီအား တစ်ချက်ကြည့်လိုက်သည်။ တစ်ဖက်သူမှာ နားလည်သဘောပေါက်သွားခဲ့ပြီး အပြင်သို့ အတူ ထွက်လာခဲ့လေသည်။

“ နင် ဘယ်လိုထင်လဲ …”

“ သူ ထွက်ဆိုတာနဲ့ ပတ်သက်ပြီးမှ ဘာမှတော့ မှားယွင်းမနေဘူး …” လင်းရီ ပြောလိုက်ပြီး “ သူသာ တကယ်ကြီး စုန့်တဲယွမ်ကို ပိုက်ဆံအတွက်ကြောင့်နဲ့ သတ်ခဲ့တယ်ဆိုရင် အလုပ်သွားလုပ်နေမှာတောင် မဟုတ်ဘူး … ဒီမှာ အငြင်းပွားစရာတွေ ရှိနေတယ် …”

“ ပြီးတော့ ဗွီဒီယို မှတ်တမ်းတွေ အရဆိုရင် စုန့်တဲယွမ်ဘက်က ဗွီဒီယိုကောကို စပြီးခေါ်လာခဲ့တာ .. စစချင်းတုန်းက သူ မကိုင်သေးဘူး … နောက် ဒုတိယ တစ်ခေါက် ခေါ်လာတော့မှ ကိုင်တာ .. ဒါက စုန့်တဲယွမ်ကို မျှားထုတ်တယ်ဆိုတဲ့ ဖြစ်နိုင်ချေကို အတော်လေး လျှော့ချပေးသွားတယ် …”

ကူရိရန် နံရံအား မှီ၍ “ နောက်တစ်ခုက စုန့်တဲယွမ် သေဆုံးတဲ့အချိန်မှာ တူကျွမ့်က အတူရှိမနေဘူး … ဒါကြောင့်မို့ ဖြစ်နိုင်ချေက ပိုပြီးတောင် နည်းသွားပြီ… ငါတို့ စုံစမ်းစစ်ဆေးရသလောက်ဆို သူက ဟိုတယ်ထဲကနေ ထွက်လာပြီး ချောက်ကမ်းပါးကို တန်းတန်းမတ်မတ် ထွက်လာခဲ့တာ … တစ်စုံတစ်ယောက်က သူ့ထက်အရင် အခင်းဖြစ်တဲ့နေရာကို ကြိုရောက်နေတာလည်း ဖြစ်ရင် ဖြစ်နိုင်တယ် … ဒါပေမယ့် တူကျွမ့်က အဲ့မှာ ရှိနေတာ မဟုတ်ဘူးဆိုတော့ သံသယ ဝင်ခံရနိုင်ချေက အတော်လေး နည်းသွားခဲ့ပြီ…”

“ မှားတယ် …” လင်းရီ ပြောလိုက်ပြီး “ လူကို နေရာရောက်အောင် ဖျားယောင်းဖို့ဆို တရားခံကိုယ်တိုင် အဲ့နေရာမှာ ရှိနေဖို့ မလိုဘူး … လျှပ်စစ် ပစ္စည်းတွေကတဆင့်လည်း လုပ်လို့ ရနေတာပဲ …”

“ ပြီးတော့ လူသတ်သမားက အခင်းဖြစ်တဲ့ နေရာမှာ ကင်မရာတွေ ဒီလောက် အများကြီး တပ်ထားတာကလည်း စုန့်တဲယွမ် ကမ်းပါးကနေ သူ့ဘာသူ ပြုတ်ကျသွားတယ်ဆိုတာကို သက်သေပြဖို့ … တကယ်လို့ စုန့်တဲယွမ်ကို မျှားဖို့ လူသတ်သမား ကိုယ်တိုင် ထွက်လာမယ်ဆိုရင် ကင်မရာ မြင်ကွင်းမှာ သူလည်း ပါသွားမှာ မဟုတ်ဘူးလား … အဲ့တာက ဉာဏ်ရှိတဲ့ ရွေးချယ်မှု မဟုတ်ဘူး …”

ကူရိရန် အတန်ငယ်ကြာ တွေးတောပြီးနောက် လင်းရီကို ထောက်ခံလိုက်သည်။

“ အရင်ပြန်ပြီး အစ်ကိုလီကို ဒီအကြောင်း သွားပြောပြကြစို့ … ဒီကိစ္စ ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ သူ့ကို ဆုံးဖြတ်ခိုင်းလိုက်မယ် …”

“ အိုကေ …”

ထို့နောက် နှစ်ယောက်သား ရုံးခန်းထဲသို့ ပြန်လာခဲ့ကြသည်။ တစ်ချိန်တည်းတွင် လီရှန်းဟွေ့နှင့် ကျန်နှစ်ယောက်သည်လည်း ပြန်ရောက်လာချေပြီ။

“ မင်းတို့ဘက် အခြေအနေ ဘယ်လိုရှိလဲ …”

“ လက်ရှိ အခြေအနေပေါ် အခြေခံပြီး ပြောကြေးဆို တူကျွမ့်က သံသယတရားခံ မဟုတ်ဘူး …” ကူရိရန် ပြန်ဖြေလိုက်ပြီး စစ်ဆေးမေးမြန်းစဉ်တွင် သိရှိရသည်များအား ပြောပြလိုက်၏။

“ ငါတို့ဘက်လည်း အတူတူပဲ … ဘာ အသုံးဝင်တဲ့ အချက်အလက်မှ မရလာခဲ့ဘူး …” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒါပေမယ့် စစ်မေးနေတဲ့ အချိန် စုန့်ကျယ်နဲ့ လျိုဖန်း သားအမိနှစ်ယောက်လုံက စုန့်တဲယွမ်ကို ကုမ္ပဏီက ပိုက်ဆံတွေအတွက် တူကျွမ့်သတ်တာပါဆိုပြီးပဲ အသံထွက်နေကြတယ်…”

All Chapters