← Chapters

ဥက္ကဌကျီ ဘယ်တော့ အိမ်ပြန်မလဲ

Vol. 114 Ch. 1708

ဥက္ကဌကျီ ဘယ်တော့ အိမ်ပြန်မလဲ

Vol. 114 Ch. 1708

“ ဒါတွေ အားလုံးက ခန့်မှန်းမှု သပ်သပ်ပဲလေ … ပြီးတော့ သူတို့ ဖြစ်ပါတယ်လို့ သက်သေပြနိုင်တဲ့ အချက်အလက်ကလည်း ခုထိ မရှိသေးဘူး…..”

လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ ငါတို့မှာ ရှိတဲ့ အချက်အလက်တွေနဲ့ သံသယ တရားခံရဲ့ အပြစ်ရှိမှုကို ဖော်မပြနိုင်မှတော့ စည်းမျဉ်းတွေအတိုင်း ပြန်လွှတ်ပေးရုံပဲ ရှိတော့တယ်… ဒါပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေကိုတော့ သေချာစောင့်ကြည့်နေရမယ် ….”

သူ၏ အမူအရာကို တည်တံ့အောင် ပြုလုပ်ပြီးနောက် လီရှန်းဟွေ့ ဆက်ပြော၏။

“ ရီလေး … စုန့်တဲယွမ်ရဲ့ ကုမ္ပဏီ အချက်အလက်တွေကို မင်းနဲ့ လွှဲထားပြီနော်… ငါတော့ ဒီမှာ သဲလွန်စ တစ်ချို့ ရှိရမယ်လို့ မှန်းထားတယ် … သေချာလေးတော့ တူးဆွကြည့်ရမှာပဲ ….”

“ ပြဿနာ မရှိဘူး ….”

“ ရှောင်ကျန်း … ရှောင်ကောင်း … စုန့်ကျယ်နဲ့ လျိုဖန်းကို မင်းတို့နဲ့ လွှဲထားခဲ့ပြီ … သူတို့ အိမ်ပြန်ရောက်ရင် သေချာ စောင့်ကြည့်ထား … တကယ်လို့ သံသယ ဝင်ဖို့ ကောင်းတာ တစ်ခုခု ရှိလာရင် ငါတို့ ဖော်ထုတ်နိုင်လောက်တယ် …”

“ ဟုတ်ကဲ့ ….”

တာဝန်များအား အသီးသီးလက်ခံရရှိပြီးနောက် လင်းရီသည် စာရွက်စာတမ်းများ ယူ၍ အိမ်သို့ ပြန်ရန် ဟန်ပြင်လိုက်သည်။ သို့သော် လမ်းတွင် သူ ကောင်းကျုံးယွမ်ထံ ဖုန်းဆက်ဖို့ ဆုံးဖြတ်လိုက်၏။

“ ဟဲလို လင်းကော … ဘာကိစ္စ ရှိလို့လဲ ….”

“ ဘာမှတော့ မဟုတ်ပါဘူး …ငါ့အိမ်ကို ဒီည ညစာ လာစားလှည့် …. ငါမင်းတို့ကို ပင်လယ်စာ ချက်ကျွေးမယ် ….”

“ လင်းကော … မင်း တစ်ခုခုလိုတယ်ဆိုလည်း တည့်ပြောလိုက်စမ်းပါ … ဘာတွေ အားနာနေတာ …. ဒီလူနဲ့ ဒီလူကို အားနာရမယ့် လူတွေလား ….”

“ ငိုးပဲ .. ငါက မင်းကို ကြင်နာလို့ ကောင်းကောင်း ချက်ကျွေးမလို့ လုပ်နေပါတယ်ဆို မင်းဆီက တစ်ခုခုလိုချင်လို့ဆိုပြီး ဘာလို့ ချက်ချင်း သံသယ ဝင်နေရတာ …”

“ ငါ့အိမ်က လင်းကောလောက် မချမ်းသာဘူးဆိုပေမယ့် ဘီလီယမ်နဲ့ချီပြီးမှတော့ ချမ်းသာနေတုန်းပါပဲ .. နောက်ထပ် ပင်လယ်စာတွေ ထပ်စားရလို့ကတော့ ပြန်အန်ထွက်လောက်တယ် …” ကောင်းကျုံးယွမ် ပြောလိုက်ပြီး “ လင်းကောသာ ရေကူးကန် ပါတီတို့ … ဒါမှမဟုတ် ဘာညာဘာညာတို့ဆိုရင်တောင် ငါ လာဖို့ ဆန္ဒရှိရင် ရှိဦးမယ်….”

“ အရေးမပါလိုက်တာ … ရေကူးကန် ပါတီ လုပ်ပြီး မင်း ဘာလဲ လုပ်မှာ … မင်းလို ချမ်းသာတဲ့ ဒုတိယ မျိုးဆက် သူဌေးသားက ရည်မှန်းချက်လေး ဘာလေး မရှိဘူးလားကွ ဟမ် ….”

“ ဆာလောင်နေတဲ့ အမျိုးသား တစ်ယောက်ရဲ့ ခံစားချက်ကို လင်းကော မသိလို့နော် … ဒီကိစ္စမှာတော့ ငါတို့ချင်း ဘယ်ယှဉ်လို့ရမှာ …”

“ မင်းတို့ကိုက ဝအောင် ဘယ်လိုစားရမှန်း မသိတဲ့ ငပိန်းတွေမို့လေ … မင်းတို့ ပါပါးကလည်း ထင်သလောက် ပျော်မနေဘူးကွ … အိုကေလား …”

“ ဖက်ခ်ပဲ .. ဒါ ပြောသင့်တဲ့ စကားလား … ဒါပြောသင့်တဲ့ စကားလားလို့ ….”

“ ကောင်းပြီ… အချိန်မဖြုန်းနဲ့ … ခြောက်နာရီ ကျိုကျုံးဗီလာကို လာခဲ့ … ချင်းကြီး နဲ့ လျန်ကြီးပါ ခေါ်လာခဲ့လိုက် ….”

“ ငါ ကြက်ဥထမင်းကြော် စားချင်တယ် ….”

“ ဖြစ်စေရမယ် ….”

ဖုန်းချပြီးနောက် လင်းရီသည် ချောင်ရန် အုပ်စုသို့ မောင်းနှင်လာခဲ့ပြီး ကျီချင်းရန်အား အလုပ်မှ လာကြိုလေသည်။

သူက ယွမ်ယွမ်ကို ရှာချင်နေသည်ဆိုသော်လည်း သူမအား တိုက်ရိုက်ဖုန်းမဆက်လိုက်ပေ။

သူ့ဘက်က ကောင်းကျုံးယွမ်ကို အိမ်သို့ ထမင်းစားဖိတ်ပြီး ဖြစ်၏။ ထို ကြွားဝါချင်သည့် ငနဲနှင့် အလကားရလျှင် အလွတ်မပေးသည့် ယွမ်ယွမ်ကလည်း အလိုအလျောက် ပါလာမည်မှာ သေချာပေါက်ပင်။

အကယ်၍ မပါလာခဲ့ပါက သူမသည် ဟော်ယွမ်ယွမ် မဖြစ်နိုင်ပေ။

သူ ချောင်ရန် အုပ်စုကို ရောက်တော့ ကျီချင်းရန်မှာ ရုံးခန်းထဲတွင် မျက်လုံးမှိတ်လျက် အနားယူနေသည်ကို မြင်တွေ့လိုက်ရ၏။

တံခါး ပွင့်သည့် အသံကို ကြားတော့ သူမ မျက်လုံးတို့က ချက်ချင်း ဖွင့်လာသည်။

“ နင် ဒီနေ့ အလုပ်စောဆင်းလို့ပါလား ….”

လင်းရီကို မြင်တော့ နွမ်းနယ်နေသည့် ကျီချင်းရန်၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ယူပစ်သကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ့ထံသို့ လျှောက်လှမ်းလာခဲ့၏။

ကျီချင်းရန်၏ ပေါင်နှစ်ဖက်ကို ကောက်ကာငင်ကာ ဆွဲယူလိုက်ပြီး လင်းရီ သူ့ပေါ်သို့ တင်ကာ ပွေ့ထားလိုက်၏။

“ ဘာလို့ ဒီလောက်ထိ အလုပ်ကြိုးစားနေတာ … ငါ့လို အောက်ကလူနဲ့ လွှဲထားတာ ပိုပြီး မသက်သာဘူးလား ….”

“ ဟဲ့ … ဒါက ငါတို့ မိသားစုပိုင် စီးပွားရေးလေ… မျက်လုံးတွေ အများကြီးက စောင့်ကြည့်နေကြတာ ငါ လေးလေးနက်နက် ထားမှ ရမှာပေါ့ ….”

“ ကိုယ်တစ်ယောက်လုံး ရှိနေတာကို ဘယ်သူ့ ကြောက်စရာ လိုလို့ ….”

ကျီချင်းရန်၏ နှလုံးသားလေးမှာ နွေးထွေးသွားခဲ့ရပြီး “ နင့် ဒီစကားလုံးတွေနဲ့ပဲ လူတောင် အားပြန်ပြည့်လာသလိုပဲ … 996 အလုပ်လုပ်ရတာကလည်း ဘာမှမဟုတ်တော့ဘူး …”

လင်းရီ ပြုံးလိုက်၏။ “ ဆိုဖာပေါ်သွားလဲချည်…. ငါနှိပ်ပေးမယ် ….”

“ ဒါဆိုလည်း ငါ အားမနာတော့ဘူးနော် …”

ကျီချင်းရန်သည် ဆိုဖာပေါ်သို့ သက်တောင့်သက်သာ လဲလျောင်းလိုက်ပြီး ခါးနှင့် တင်ပါးဆုံကြားတွင် ပြီးပြည့်ဆုံသည့် S သဏ္ဌာန် ဖြစ်ပေါ်နေသည်။

“ စကားမစပ် .. ယွမ်ယွမ် ငါ့ဆီ အခုပဲ ဖုန်းဝင်လာတယ် .. သူ ပြောတာ နင် ကောင်းကျုံးယွမ်နဲ့ တခြားသူတွေကို အိမ် ထမင်းစား ဖိတ်ထားတယ်ဆို ….”

“ ယွမ်ယွမ် ပြောတာ သူ ညကျ စတိတ်ခ် စားချင်တယ်တဲ့ … အိမ်မှာ အမဲသားတွေ မကျန်တော့သလိုပဲ…. ပြန်ရင် စူပါမားကတ် ခဏဝင်ပြီး ဝယ်ကြစို့လား ….”

“ အင်း … ရတယ်လေ…..”

လင်းရီ စိတ်ထဲတွင်တော့ အားပါးတရ ရယ်မောနေမိတယ်။ သူ့ကိုယ်သူ လက်မပင် ပြန်ထောင်ပေးချင်လိုက်မိ၏။

ဟော်ယွမ်ယွမ် ၊ ဒီသောက်ရူးကတော့ ငါချထားတဲ့ ငါးစာကို တကယ်ကြီး ဟပ်သွားပြီ….

အိမ်သို့ မိတ်ဆွေများ လာမည်ဆိုသောကြောင့် ကျီချင်းရန်လည်း အလုပ်စောစောဆင်းကာ လင်းရီနှင့်အတူ စူပါမားကတ်သို့ ထွက်လာခဲ့သည်။ သူတို့တွေ အများအပြား ဝယ်ယူပြီး အိမ်သို့ ပြန်လာလေသည်။ ထို့နောက် ရေကူးကန်ဘေးတွင် ဘာဘီကျူး အကင်များအား ပြင်ဆင်ကြတော့၏။

တစ်ချိန်တည်းတွင် ဟော်ယွမ်ယွမ်၊ ကောင်းကျုံးယွမ်နှင့် ကျန်သူများက ရယ်ရယ်မောမောနှင့် ခြံဝန်းထဲသို့ ရောက်လို့လာလေသည်။

“ သောက်ကျိုးနည်း .. လင်းကြီး … မင်း ဆံပင်ပုံစံက သောက်ကျိုးနည်းကြီးပါလားဟ ….”

လင်းရီကိုမြင်တော့ ချင်းဟန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကောင်းကျုံးယွမ်နှင့် လျန်ကျင်းမင်လည်း ထို့အတူပင်။ သူတို့မှာ ရယ်လွန်း၍ မျက်ရည်ပင် ထွက်ကျလုနီးပါး ဖြစ်နေကြသည်။

ဟော်ယွမ်ယွမ်သည်လည်း အဆိုပါ အခွင့်အရေးအား လက်လွတ်မခံဘဲ အနာသို့ ဆားသိပ်၏။

“ ရှင့်ပုံစံကြည့်ရတာ ခုမှ အထဲက လွတ်လာတဲ့ပုံနဲ့ ….”

“ ငါ့ကို လာလှောင်မနေနဲ့ … မင်းတို့ ရုပ်ရည်တွေနဲ့ ငါ့လို လိုက်ညှပ်ကြည့် .. ငါ့လို ခန့်မယ်များ ထင်လား …”

“ ဒါပေမယ့် ငါတို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလိုကေမျိုး မညှပ်ပါဘူး … ဟားဟား ……”

“ လစ်စမ်း … ဒီကို လာကူဦး …. မိမိုက်သလို လာလုပ်မနေကြနဲ့ ….”

လင်းရီနှင့် ကျန်သုံးယောက်မှာ အပြင်တွင် ကာယအင်အား အသုံးပြုရသည့် အလုပ်များ လုပ်နေစဉ် ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်မှာတော့ အိမ်ထဲတွင် အသီးအရွက်များအား ဆေးကြောနေကြလေသည်။

ချင်းဟန်သည် ဘာဘီကျူးဆိုင် ဖွင့်ထားသည် ဆိုပေမယ့် ဤနေရာတွင် စားသောက်ရသည်ကလည်း တစ်မျိုး မတူသည့် ခံစားချက်ကို ရသည်။

မကြာမီ အားလုံး ပြင်ဆင်ပြီးသွားခဲ့ပြီး အမဲသား အပိုင်းအစများအား အိုးတွင် နေရာချထားကာ အပြန်ပြန် အလှန်လှန် ကင်ကြတော့၏။

ချင်းဟန်နှင့် လျန်ကျင်းမင်ကတော့ စိတ်တွင်းမှ ကြိတ်ပြီး သက်ပြင်းချနေမိ၏။

ဒီလောက်ကြီးတဲ့ ရေကူးကန်ကြီး ရှိထားပြီးမှ ဘယ်လိုတောင် ဖြုန်းတီးလိုက်လဲ … ပါတီသာ လုပ်လိုက်ရင် တကယ် လန်းလိုက်မယ့် ဖြစ်ခြင်း ….

ဒါပေမယ့် ပြောမရဘူး … ဥက္ကဌကျီ သူ့မိဘအိမ် ပြန်တဲ့ အချိန်ကျရင် သူတို့ ဒီလာပြီး ကဲလို့ ရချင် ရမှာ …

“ စကားမစပ် လင်းကော .. ငါကြားမိတာ မင်း ရဲအရာရှိ ဖြစ်လာတယ်ဆို … ဘယ်လိုခံစားရလဲ … စိတ်ဝင်စားဖို့ ကောင်းတာလေးတွေ ကြုံရပြီလား …”

ထိုစကားကြားတော့ လင်းရီမှာ ကောင်းကျုံးယွမ်ကို ဖက်နမ်းပစ်ချင်စိတ်များပင် ပေါက်သွားသည်။ သူက ဤသို့ မေးလာမည်ကို စောင့်မျှော်နေခြင်းပင်။

“ ဒါပေါ့ .. လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းကပဲ လူတစ်ယောက် အရက်မူးပြီး မောင်းတာ ခုံရုံးက နံရံနဲ့ တိုက်ပြီး သေသွားတယ်လေ…”

“ အာ … ဒါကြီးကတော့ တမင် ပြဿနာ ရှာတာပဲ မဟုတ်လား ….”

“ ပိုပြီးပြဿနာ ရှာတာက သူ့မိသားစုဝင်တွေပဲ … အဲ့လူတွေက တကယ့် ဟာသတွေ ….” လင်းရီ ပြောလိုက်ပြီး “ မိသားစုဝင်တွေက နံရံကို နေရာမှား ဆောက်ထားလို့ သူတို့ ဆွေမျိုး သေရပါတယ်ဆိုပြီး ခုံရုံးကို တရားစွဲ လျော်ကြေးတောင်းတယ်တဲ့ကွာ … နောက်ဆုံးကျတော့ အဲ့ဒီ အမှုကို အဲ့ဒီခုံရုံးကပဲ စီရင်ချက် ချရတယ် ….”

“ သေစမ်း … ဒီကောင်တွေက သောက်ရူးတွေလားဟ … ဟားဟား ……”

လူတိုင်းကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။ “ တခြားဟာတွေကော … ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတာလေး မရှိဘူးလား …..”

“ အဲ့တာလည်း စိတ်လှုပ်ရှားဖို့ ကောင်းတာပဲ … သိပ်မကြာသေးခင်ကမှ လူသေမှု တစ်မှု ဖြစ်ထားခဲ့တာ … ငါတို့ စုံစမ်းနေတုန်းပဲ ဆိုပေမယ့် အခုထိ လူသတ် တရားခံကို ရှာမတွေ့သေးဘူး….”

အမျိုးသား ၊ အမျိုးသမီးများ အားလုံးက ပြဿနာ ဖြေရှင်းသည့် အမှုများကို သဘာဝ အလျောက် စိတ်ဝင်စားကြ၏။

ကျီချင်းရန် အပါအဝင် လူတိုင်းက အတော်လေး စိတ်ဝင်စားသည့် အမူအရာများအား လှစ်ဟာပြလာခဲ့ကြသည်။

“ အမှုက ဒီလို .. . . . . “

ဟော်ယွမ်ယွမ် ငါးစာ လာဟပ်စေရေး အတွက် လင်းရီသည် အမှုကိစ္စ အကြောင်းစုံကို ရှင်းပြလိုက်၏။ သူဖို့ အချိန် တစ်နာရီပင် အချိန်ယူလိုက်ရလေသည်။

“ ဒါ တော်တော့်ကို ခက်တဲ့ အမှုပဲ ….” လျန်ကျင်းမင် ပြောလိုက်ပြီး “ သူ့သားနဲ့ သူ့ ချစ်သူ နှစ်ယောက်လုံးမှာ ရည်ရွယ်ချက်တွေ ရှိနေကြတယ်… ဒါပေမယ့် ကြည့်လိုက်ပြန်တော့လည်း နှစ်ယောက်လုံးက အပြစ်ကင်းတဲ့ပုံနဲ့ … ငါတော့ သူတို့ လိမ်နေကြတယ်လို့ ထင်တယ်….”

လျန်ကျင်းမင်က ရာဇဝတ်မှု စုံစမ်းသည့် ဇာတ်ကားများအား ကြည့်ရသည်ကို နှစ်သက်သော်လည်း ချောင်ရှင်းကဲ့သို့ ဝါရင့် သမ္ဘာရင့် ကိုနန် ဖန်တစ်ယောက်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက မတူညီသည့် အဆင့်အတန်း၌ ရှိနေသည်။

ချောင်ရှင်း၏ စကားလုံးတို့က အချက်အလက် အထောက်အထားတို့နှင့် ကျိုးကြောင်းညီညွတ်မှု ရှိပြီး လျန်ကျင်းမင်ကတော့ စိတ်ထဲရှိရာ နှုတ်မှလျှောက်ပြောနေခြင်းပင်။

“ မင်း အဲ့လို ပြောလို့ ဘယ်ရမှာ … ငါတို့က သက်သေနဲ့ပဲ စကားပြောတယ် …..”

“ လွယ်ပါတယ် …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အဓိက ပြဿနာက ငွေပဲမလား … သူတို့ ကုမ္ပဏီ အကောင့်ကို စစ်ကြည့်လိုက်ပေါ့ …”

“ ငါတို့ သက်ဆိုင်ရာ ဌာနကို အပ်ပြီးပြီ .. ဒါပေမယ့် ရက်ပိုင်း ရှိပြီကို ဘာရလဒ်မှ ထွက်မလာသေးလို့ ငါတို့လည်း စောင့်နေတာ ….”

“ အယ် … အဲ့လိုကြီးလား .. ကျွန်မကို တစ်ချက် ပြကြည့်ကြည့် … တကယ်လို့ ပြဿနာ ရှိတယ်ဆိုရင် တစ်ချက်ကြည့်တာနဲ့ ပြောနိုင်တယ် …” ဟော်ယွမ်ယွမ်မှ အလွန်အမင်း ဝံ့ကြွားသည့် အမူအရာဖြင့် ပြောလိုက်သည်။

All Chapters