အမှန်တရား ပြည်ဖုံးကားချပြီ
Vol. 114 Ch. 1709
“ တကယ်လား … ငါ့ကားထဲမှာ ကော်ပီ အပိုတွေ ရှိတယ်…”
“ ဒါဆိုလည်း ဘာစောင့်နေတာလဲ .. သွားယူလာပြီး ပြလေ….” ဟော်ယွမ်ယွမ် တိုက်တွန်းလိုက်ပြီး “ ကျွန်မ တစ်ယောက်လုံး ရှိနေမှတော့ ရှင့်ပြဿနာကို မိနစ်ပိုင်း အတွင်း ဖြေရှင်းပေးလိုက်မယ် …”
“ အိုကေ … ဒီမှာစောင့်နေ ….”
လင်းရီ ထရပ်၍ ကားထံသို့ ပြန်လာပြီး စုန့်တဲယွမ် ကုမ္ပဏီမှ အချက်အလက်များအားလုံးကို ယူလာခဲ့လိုက်သည်။
“ အကုန် ဒီမှာပဲ ..”
“ အိုကေ …. တစ်ချက်ကြည့်မယ်…”
ဟော်ယွမ်ယွမ် လေးနက် တည်ကြည်စွာဖတ်ရှုရင်း အိတ်ထဲမှ ဖောင်တိန် တစ်ချောင်းကိုပါ ထုတ်ကာစာရွက်များပေါ်တွင် အမှတ်အသားများ ပြုလိုက်သေးသည်။
ကျီချင်းရန်မှာ ပရော်ဖက်ရှင်နယ် တစ်ယောက် မဟုတ်ပေမယ့် ဤကိစ္စတွင်တော့ ဟော်ယွမ်ယွမ်၏ လက်ထောက် ဖြစ်ရန် အရည်အချင်း ပြည့်မီလေသည်။
ကောင်းကျုံးယွမ်လည်း ဟော်ယွမ်ယွမ်နည်းတူ စာရွက်များအား ကောက်ယူ၍ ဖတ်ရှုနေသည်။
လင်းရီနှင့် ကျန်နှစ်ယောက်ကတော့ ဘီယာပုလင်းများ ကိုယ်စီကိုင်ကာ တစ်လုံးပြီး တစ်လုံး သောက်လျက် ရှိနေကြသည်။ အကုန်လုံးက ကိုယ်အာရုံရှိသည်များကို ပြုလုပ်နေကြလေသည်။
ဟော်ယွမ်ယွမ် မည်မျှ တည်ကြည်လေးနက်နေသည်ကို မြင်တော့ လင်းရီမှာ ဉာဏ်ကောင်းလွန်းသည့် ကိုယ့်ကိုယ်ကို ပြန်လည်ချီးကျူးချင်သွားခဲ့သည်။
နာရီဝက်ကြာပြီးနောက် ဟော်ယွမ်ယွမ်သည် အချက်အလက်များ အားလုံးကို စီစစ်၍ ဖောင်တိန်ကို ဘေးတွင်ချထားလိုက်သည်။ ထို့နောက် သူမ စောဒက တက်လိုက်၏။
“ ကျွန်မတော့ သူတို့ ကုမ္ပဏီ ဘဏ္ဍာရေး ဌာန တာဝန်ခံက အပြင်ထုတ်ပြီး ဖယ်ရှားပစ်သင့်တယ်လို့ ထင်တယ် …”
“ ဘာမှားနေလို့လဲ …” လင်းရီ မေးလိုက်၏။
“ နေရာတစ်ခုလုံးက အပေါက်တွေ အပြည့်နဲ့… တကယ်လို့ အထက်ကသာ စုံစမ်း စစ်ဆေးချင်တယ်ဆိုရင် မိနစ်ပိုင်းအတွင်း သူတို့ ကုမ္ပဏီကို ပိတ်လိုက်လို့ရတယ် … သူတို့ ဘယ်လိုတွေ လုပ်နေကြလဲဆိုတာ တကယ်ကို အံ့ဩမိတယ် ….”
“ သူတို့ ကုမ္ပဏီ အရွယ်အစားလောက်နဲ့ ငှားနိုင်တဲ့ ဘဏ္ဍာရေး မန်နေဂျာဆိုတာလည်း ကျိန်းသေပေါက် မင်းလောက်တော့ ဘယ်ကောင်းမှာလဲ ..” ကောင်းကျုံးယွမ်မှ ပြောလိုက်သည်။
လင်းရီနှင့် ချင်းဟန်တို့ မျက်လုံးလှန်လိုက်ကြ၏။
ဟော်ယွမ်ယွမ်မှာတော့ အလွန်အမင်း ဘဝင်ခိုက်ကာ ဆောင့်ကြွားကြွား နိုင်နေသည်။ သို့ပေမယ့် သူမတွင် ထိုသို့ ပြုရန် အရည်အချင်းကလည်း အမှန်ပင် ထိုက်တန်သည်။
“ ကုမ္ပဏီရဲ့ အကောင့်တွေက ချို့ယွင်းချက်တွေ ပြည့်နေတယ်ဆိုပေမယ့် သုံးဖို့နဲ့ လက်ဆောင်တစ်ချို့ ပေးဖို့တော့ လုံလောက်ပါသေးတယ် …” ဟော်ယွမ်ယွမ် ပြောလိုက်သည်။ “ ဒါပေမယ့် သူတို့ ကုမ္ပဏီ အကောင့်ထဲမှာတော့ ငွေက သိပ်မကျန်တော့ဘူး ….”
“ သူတို့က ဘာတွေ သုံးလိုက်လို့ ….”
“ သူတို့ ကြည့်ရတာ ရှန်ခဲ့လို့ ခေါ်တဲ့ ကုမ္ပဏီနဲ့ collaboration လုပ်နေတဲ့ ပုံပဲ …. စာရင်းပြထားတဲ့ ပရောဂျက် အရွယ်အစားအတိုင်းဆိုရင် စုစုပေါင်း ရင်းနှီးမြုပ်နှံမှု ပမာဏက ယွမ် သန်း ၂၄၀ …..”
ပြောနေရင်းဖြင့် ဟော်ယွမ်ယွမ် စာရွက်စာတမ်းများအား ငုံ့ကြည့်လိုက်ပြီး “ ဒီ စုန့်တဲယွမ်ဆိုတဲ့ လူက ဘဏ်ကနေ သန်း ၁၃၀ ထုတ်သွားခဲ့သေးတယ် … အဲ့တာက နောက်ဆုံး အားထုတ်မှုပဲ ..”
လင်းရီ မျက်မှောင်ကြုတ်လိုက်မိ၏။ “ ငါ မှတ်မိသလောက်ဆိုရင် သူ့ အကောင့်ထဲမှာ ရှိတဲ့ ပိုင်ဆိုင်မှုက သန်း ၈၀ တည်းပါ …”
ဟော်ယွမ်ယွမ်သည် လက်ထဲရှိ စာရွက်စာတမ်းများအား ဆက်လက် လှန်လောနေဆဲ ဖြစ်ပြီး “ သူ့အိမ်ကို ယွမ် ၂၈ သန်းနဲ့ ပေါင်ပြီး ဘဏ်ကနေလည်း ၂၂ သန်း ချေးငွေ ထုတ်သွားတယ် … အဲ့လိုနဲ့ သူ့ပိုက်ဆံ စုထားတာပဲ …”
“ ငါတော့ ဒါက သူ အသတ်ခံလိုက်ရတယ်ဆိုတဲ့ အချက်ကို သက်သေပြေနေတယ်လို့ ထင်တယ် … ဘာပဲဆိုဆို သူက အကွက်အကြီးကြီး ရွေ့ဖို့ အသင့်ဖြစ်နေတဲ့လူလေ … သေချင်နေတဲ့လူနဲ့ တစ်စက်လေးမှကို မတူတာ …” လျန်ကျင်းမင် ပြောလိုက်သည်။
“ ဆေးသုံးတယ်ဆိုတာလည်း သူ့ ဖိအားတွေ နည်းနည်းများလို့ နေမှာပေါ့ .. အဲ့လိုနဲ့ ဖြည်းဖြည်းချင်း သေသွားခဲ့တာလည်း ဖြစ်နိုင်တယ် ….”
လူတိုင်း ခေါင်းညိမ့်လိုက်ကြသည်။ ဤသို့သော ဖြစ်နိုင်ချေက အမှန်ပင် တည်ရှိသည်။
“ ဒါပေမယ့် သူ့ရဲ့ လတ်တလော လမ်းကြောင်းတွေက နည်းနည်းတော့ ထူးဆန်းနေတယ်… ရှင်းပြရ နည်းနည်းခက်တယ်….” ဟော်ယွမ်ယွမ် ပြောလိုက်၏။
“ ဘာတွေ မှားနေလို့ ….”
လင်းရီ လေးလေးနက်နက် မေးလိုက်သည်။ ပြဿနာ အစစ်အမှန်က ပေါ်ပေါက်လာတော့မည်ဟု သူ့စိတ်ထဲ ခံစားနေရလေသည်။
ဟော်ယွမ်ယွမ်သည် သူမ လက်ထဲရှိ စာရွက်စာတမ်းအားဝှေ့ရမ်းပြ၍ “ ဒါက သူတို့ ကုမ္ပဏီရဲ့ ခရီးထွက်တဲ့သူတွေရဲ့ ငွေကြေး မှတ်တမ်းပဲ … ရာထူး အဆင့်ဆင့်တိုင်းရဲ့ ဝန်ထမ်းတွေ အားလုံး ခရီးစရိတ်တွေကို ဒီထဲ မှတ်ထားတာ ….”
“ ကျွန်မ မြင်မိတာတော့ သူ အရင် သုံးလလုံး ခရီးတွေ တော်တော် ထွက်ဖြစ်နေတယ်…”
“ အဲ့တာ ဘာထူးဆန်းနေလို့ ..” လင်းရီ မေးမြန်းလိုက်၏။
“ ကမ်းရိုးတန်း ဒေသဘက်တွေက ဟွာရှမှာ အဖွံ့ဖြိုးဆုံး ဒေသတွေပဲ … ပန်ချိန်က semiconductor နယ်ပယ်မှာ ပြိုင်တုလို့ မရဘူး .. ပြီးတော့ သူ ပူးပေါင်းဖို့ ဟန်ပြင်နေတဲ့ ကုမ္ပဏီကလည်း ပန်ချိန်မှာ ရုံးစိုက်တာ …. ဒါကြောင့်မို့ အလုပ်ကိစ္စနဲ့ ခရီးထွက်ဖို့ဆို တခြား ဘယ်ကိုမှ သွားနေစရာတောင် မလိုဘူး …”
“ တခြား ပါတနာတွေ လိုက်ရှာနေတာကော မဖြစ်နိုင်ဘူးလား … သူ့စီးပွားရေးကို ချဲ့ထွင်ဖို့ပေါ့ ….” လျန်ကျင်းမင် ပြောလိုက်သည်။
“ အဲ့တာက မဖြစ်နိုင်ဘူး …” ကျီချင်းရန်သည် စာချုပ်အား ငုံ့ကြည့်ရင်း ပြောလိုက်ပြီး “ စာချုပ်ထဲ ပြောထားတာ သူတို့က လုံခြုံရေး ကိရိယာ အသစ်တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး အဆင့်မြင့်တဲ့ ကိရိယာတွေကို ပြည်တွင်းနဲ့ ပြည်ပ ဈေးကွက်မှာ တင်ပို့ဖို့ ဟန်ပြင်နေတာ … ဒါကြောင့်မို့ ဒီပရောဂျက်ရဲ့ အဓိက ဦးတည်ရာက R&D ပဲ … ဈေးကွက်ချဲ့ဖို့အထိ မရောက်သေးဘူး .. သူ့ ဈေးကွက်ချဲ့ဖို့ ခရီးထွက်နေတာတော့ မဖြစ်နိုင်ဘူး….”
“ အစ်မကျီ ပြောတာ မှန်တယ်… ဒီနေရာမှာ တကယ်ကြီး သံသယ ဖြစ်ဖို့ကောင်းတယ်…” ဟော်ယွမ်ယွမ် ဆံပင်အား ဖြီးသပ်ရင်း ပြောလိုက်၏။
“ ကျွန်မလည်း ဟွာရှရဲ့ semiconductor ဈေးကွက်ကို နားလည်တယ် … သူသာ တကယ်ကြီး ပါတနာ ရှာနေတာဆိုရင် သူ့ရဲ့ ခရီးစဉ်ကို ကမ်းရိုးတန်း ဒေသတွေဘက် ပိုပြီး ဦးတည်သင့်တယ်… ဒါပေမယ့် သူ့ ခရီးသွားထားတဲ့ မှတ်တမ်းကြီးက တကယ် ထူးဆန်းလွန်းတယ် ….”
“ ဒီသုံးလထဲမှာ သူ အရင်ဆုံး မြောက်ပိုင်းမှာ ရှိတဲ့ ကင်းအန်း တောင်တန်းကို သွားတယ် .. အဲ့နောက် ထိုက်ရှန်းတောင် … ပြီးတော့ ကွေ့စီရင်စု .. ဒီနေရာတွေက စက်မှုဇုန် စီရင်စုတွေ မဟုတ်ရင် စိုက်ပျိုးရေးကို အဓိကထားတဲ့ စီရင်စုတွေချည်းပဲ …. ကွန်ပျူတာနဲ့ semiconductor နယ်ပယ်က အဲ့ဘက်တွေမှာ တော်တော်လေး အားနည်းတယ် … အဲ့ဒီနေရာတွေမှာ ပါတနာ သွားရှာတယ်ဆိုတာက နည်းနည်းလေးတော့ ယုတ္တိမတန်ဘူး ….”
“ သူ့ရဲ့ အခြေအနေက မင်းနဲ့ တစ်နည်းတစ်ဖုံ သွားတူနေတယ်လေ … ရှင်းပြလို့ ရပါတယ်…” ကောင်းကျုံးယွမ် ပြောလိုက်၏။
“ ဟင်… ငါ့အခြေအနေနဲ့ တူနေတယ် ဟုတ်လား ….”
“ မင်းလည်း အမြဲတမ်း ကွေ့လင်တို့ ၊ မြောက်ပိုင်းတို့ စန်းယာ့တို့ သွားနေကြ မဟုတ်လား … အဲ့ဒီနေရာတွေကလည်း မင်းအလုပ်နဲ့မှ မဆိုင်တာ ….”
ဟော်ယွမ်ယွမ်၏ မျက်နှာ မည်းမှောင်သွားခဲ့ပြီး ကောင်းကျုံးယွမ်အား ဆောင့်ကန်ပစ်ချင်လာသည်။
ငါက ကုမ္ပဏီ ရန်ပုံငွေတွေနဲ့ သွားနေတာလေ… သူနဲ့ တူနိုင်ပါ့မလားဟဲ့ ….
ငါ ဘာလို့ ဒီလောက်ပိန်းတဲ့ သူမျိုးကို ကြိုက်နေမိပါလိမ့် ….
“ အဲ့တာက နယ်ပယ်ချင်း ဖလှယ်တာ .. သူနဲ့ မတူဘူး …” ဟော်ယွမ်ယွမ် ဆံပင်အား နောက်သို့ ဖြီးသပ်၍ တည်ငြိမ်ချင်ယောင် ဆောင်လိုက်သည်။
မင်းက CFO လေ … အဲ့တာကို ဘာနယ်ပယ်တွေ ဖလှယ်တဲ့ အကြောင်း လာပြောနေတာ … ဘယ်လိုတောင် သောက်ရေးမပါလိုက်တဲ့အရာကြီးလဲ ….
သို့သော် လင်းရီမှာ ထိုကိစ္စအား ဆက်မပြောတော့ချေ။ သူမက သူ့အား များစွာ ကူညီပေးထားသဖြင့် ယခုလို အသေးအမွှား ကိစ္စလေးအား စိတ်ထဲ ထားမနေတော့ချေ။
“ ဒါဆို သူက ဖိအားတွေ တအား များနေလို့ အားလပ်ရက် ခရီးထွက်တာလို့ရော မထင်ဘူးလား …”
“ စုန့်တဲယွမ်လို လူစားမျိုးက ငါတို့လို လူငယ်တွေနဲ့ မတူဘူး … စိတ် ဖိအားတွေ ဖြေလျော့ဖို့ကို ခရီးထွက်နေစရာ မလိုဘူး .. သူတို့မှာလည်း သူတို့ ကိုယ်ပိုင် ဖြေလျော့တဲ့ နည်းလမ်းတွေ ရှိတယ်… “ ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ အခြားတစ်ဖက်မှာကျ သူက အဲ့လို သဘောထားမျိုးနဲ့ ခရီးထွက်တယ်ဆိုရင်တောင် သူ့ရဲ့ လမ်းကြောင်းက အတော်လေး ထူးဆန်းနေတယ် …”
“ သူသွားတဲ့ နေရာတွေကလည်း တောင်တန်းတွေ မဟုတ်ရင် တောင်ကုန်းတွေချည်း … နာမည်ကြီးတဲ့ နေရာတွေလည်း မဟုတ်ပြန်ဘူး … အဲ့တာက မဖြစ်နိုင် . . . . . . . “
“ လခွမ်း …”
ဟော်ယွမ်ယွမ် စကားမဆုံးခင်မှာပဲ သူမ လင်းရီ အာမေဋိတ်သံဖြင့် ထကျိန်ဆဲသည့် အသံကို ကြားလိုက်ရပြီး အခြားသူများအား အထိတ်တလန့် ဖြစ်သွားခဲ့စေသည်။
“ လင်းကော … မင်း ဘာထဖြစ်တာ .. ငါ့ကို လန့်သေလုနီးပါးပဲ …”
“ ငါ အခု နားလည်သွားပြီ … လူသတ်သမား ဘယ်သူလဲ ငါသိသွားပြီ ….”
ထိုစကားလုံးများ ပြောထွက်သွားသည်နှင့် လူတိုင်း၏ အာရုံမှာ လင်းရီအပေါ်သို့ စူးစိုက်လာခဲ့လေသည်။
“ ဘယ်သူလဲတဲ့ …..”
ကျီချင်းရန်သည်လည်း ရင်ဖိုစိတ်လှုပ်ရှားနေပြီး သူမကိုယ်တိုင်က ကြီးမားသည့် အကျိုးဆောင်မှုကြီး တစ်ခုကို ပြုလိုက်ရသကဲ့သို့ပင်။
“ အဲ့တာ စုန့်တဲယွမ်ရဲ့ ချစ်သူ … တူကျွမ့်ဆိုတာ သေချာတယ် …”
“ သူပါဆိုပြီး မင်း ဘယ်လိုလုပ် ကောက်ချက်ချလိုက်တာ …”
“ ငါ ဒီနေ့ သူ့ကို စစ်ဆေးမေးမြန်းတော့ အရင်သုံးလမှာ ခွင့်တွေ အများကြီး တင်ခဲ့တယ်ဆိုတဲ့ သတင်းကို ရလိုက်တယ် … ပြီးတော့ စုန့်တဲယွမ်ကလည်း ဒီသုံးလမှာ အလုပ် ခရီး တော်တော်ထွက်နေတယ် ..... ဆိုတော့ ….. တကယ်လို့ တိုင်မင်က တစ်ထပ်တည်းဆိုရင် ဆိုလိုတာ စုန့်တဲယွမ်က တူကျွမ့်နဲ့ ခရီးအတူ ထွက်တာပဲ ဖြစ်ရမယ် …”
“ ဒါက တူကျွမ့် လူသတ်ပါတယ်ဆိုပြီး သက်သေပြနိုင်လို့လား …”
အမှုက အရေးကြီးဆုံး အစိတ်အပိုင်းသို့ ရောက်ရှိနေချေပြီ။ ကျန်သူများလည်း စိတ်လှုပ်ရှားနေပြီး သူတို့အားလုံးမှာ ဇာတ်ညွှန်းပြင်ပသို့ ရောက်ရှိနေပြီဟုတောင် ခံစားနေကြရသည်။
“ အဲ့လိုပဲ ဖြစ်ရမယ် …” လင်းရီ လေးနက်စွာ ပြောလိုက်ပြီး “ သူတို့ သွားခဲ့တဲ့ နေရာတွေက တောင်တန်းတွေ မဟုတ်ရင် တောင်ကုန်းတွေချည်းပဲ … ဆိုလိုတာ သူတို့ ခရီးထွက်တဲ့အချိန်တိုင်း တူကျွမ့်က စုန့်တဲယွမ်ကို ကမ်းပါးကနေ ပြုတ်ကျပြီး သေအာင် မျှားခေါ်ခဲ့တာပဲ … ဒါပေမယ့် အကြိမ်တိုင်းလည်း မအောင်မြင်ဘူး … ဒါပေမယ့် ဒီတစ်ကြိမ်တော့ အောင်မြင်သွားတယ်….”