← Chapters

လျှို့ဝှက်ခန်းထဲက လူသတ်သမား

Vol. 114 Ch. 1710

လျှို့ဝှက်ခန်းထဲက လူသတ်သမား

Vol. 114 Ch. 1710

လင်းရီ၏ သုံးသပ်မှုက ကျန်သူများ၏ အသိအမှတ်ပြုမှုကို အနိုင်ရရှိသွားခဲ့သည်။

သူတို့အားလုံး တူကျွမ့်က လူသတ်သမား ဖြစ်သည်ဟု တစ်စိတ်တစ်ဝမ်းတည်း ယုံကြည်သွားခဲ့ကြတော့၏။

ယခု ကျန်ရှိတော့သည့် တစ်ခုတည်းသော အတည်ပြုစရာမှာ တူကျွမ့်၏ ခွင့်ရက်တို့က စုန့်တဲယွမ် အလုပ်ခရီးထွက်သည့် နေ့များနှင့် ထပ်တူညီနေလား ဆိုတာကိုပင်။

လင်းရီ သူ့ဖုန်းထုတ်၍ ကူရိရန်ထံသို့ ဆက်သွယ်လိုက်သည်။

အခြားတစ်ဖက်ခြမ်းရှိ အသံဗလံတို့မှာ အနည်းငယ် ဆူညံနေပြီး ကြည့်ရသည်မှာ အပြင်၌ ထမင်းစားနေကြသည့်ပုံပင်။

“ ကိစ္စရှိလို့လား …”

“ မင်းမှာ တူကျွမ့် ခွင့်တင်တဲ့ အချိန်စာရင်း ရှိလား ….”

“ထွက်ခွာတဲ့ အချိန်စာရင်းလား …” ကူရိရန် ခေတ္တ တုံ့ဆိုင်းသွားခဲ့ပြီး “ သူ အလုပ်စဝင်ကတည်းက ခွင့်တင်တဲ့ ဒေတာတွေ အကုန်လုံးကို ပြောချင်တာလား …”

“ အင်း .. မင်းမှာရှိလား ….”

“ ရှိတယ်… ဒါပေမယ့် ငါ သေချာတော့ ပြန်စီရဦးမှာ …” ကူရိရန် ပြောဆိုပြီးနောက် လေးနက်တည်ကြည်သည့် လေသံဖြင့် “ နင် သဲလွန်စ တစ်ခုခု တွေ့ထားလို့လား ….”

“ အရင်ဆုံး ဒေတာတွေကို ပြန်စီလိုက် .. ပြီးရင် ပြောပြမယ်….”

“ အိုကေ … “

အလုပ်ကိစ္စနှင့် ပတ်သက်လာသည့် အခါတွင်တော့ ကူရိရန်မှာ အတော်လေး လေးနက်တည်ကြည်ပြီး ပူးပေါင်းဆောင်ရွက်မှုလည်း ရှိသည်။

ထို့နောက် လင်းရီသည် လီရှန်းဟွေ့ထံသို့ ဖုန်းဆက်ပြီး တူကျွမ့်၏ အရင်သုံးလ ခရီးစဉ်များကို စစ်ဆေးခိုင်းလိုက်သည်။

ဤသို့ဖြင့် သက်သေထွက်လာသည့် အချိန်၌ ပိုမို ပြီးပြည့်စုံသွားပေမည်။

“ ငါတော့ ဆက်ပြီး စုံစမ်းစစ်ဆေးနေဖို့ မလိုတော့ဘူး ထင်တာပဲ … အဲ့ဒီ တူကျွမ့်ဆိုတဲ့ မိန်းမဆိုတာ သေချာတယ် … “ လျန်ကျင်းမင်မှ ဘီယာကို တစ်ကျိုက် မော့ပြီး ပြောလိုက်သည်။ “ အပျော်မယား တစ်ယောက်အနေနဲ့ ဒီလိုတွေ လုပ်တယ်ဆိုတာ သာမန်ပါပဲ … ငါတော့ သူ တစ်လ ငါးသောင်းပေးတဲ့ မုန့်ဖိုးနဲ့တင် ကျေနပ်နေတယ်ဆိုတာ မယုံဘူး …”

“ လင်းကော … ငါတို့ မင်းကို ဒီအမှုကူပြီး ဖြေရှင်းပေးထားတာ ဒါကိုရော ပြည်သူ့အကျိုးဆောင်ပေးတယ်လို့ သတ်မှတ်ပေးလို့ မရဘူးလား …” ကောင်းကျုံးယွမ် မေးမြန်းလိုက်၏။

“ လာ … ငါမင်းကို အသားကင်နဲ့ ဆုချမယ်…”

“ သေစမ်း … ဆိုတော့ မင်းက ငါတို့ကို အသုံးချနေတယ်ပေါ့ ….”

“ နားဝင်ဆိုးအောင် မသုံးနှုန်းစမ်းနဲ့ … အကုန်လုံးက ညီကိုတွေကိုပဲ …”လင်းရီ တဟားဟား ရယ်မောလိုက်သည်။

“ လာကြ လာကြ … သောက်ကြစို့ ….”

အမှုအား ဆွေးနွေးပြီးနောက် အားလုံးမှာ အချင်းချင်း ခွက်ချင်းတိုက်လိုက်ကြ၏။ လေထုမှာ လှုပ်ရှားအသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးဖို့ ကောင်းနေသည်။

နာရီဝက်နီးပါးခန့် ကြာပြီးနောက် ကူရိရန်နှင့် လီရှန်းဟွေ့တို့ တစ်ချိန်တည်း ဖုန်းခေါ်လာခဲ့ကြသည်။ လင်းရီ လိုချင်သည့် ဒေတာများအားလုံးကို သူတို့ ရှာတွေ့သွားခဲ့ကြချေပြီ။

သေချာဂရုတစိုက်နှင့် အတည်ပြုပြီးသည့်နောက် တူကျွမ့် ထွက်ခွာသည့် အချိန်နှင့် စုန့်တဲယွမ် ခရီးထွက်သည့် အချိန်တို့က ထပ်တူညီလုနီးပါး ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

ဒုတိယအချက် အနေဖြင့် တူကျွမ့်၏ ခရီးစဉ် မှတ်တမ်းတို့က စုန့်တဲယွမ် ခရီးထွက်သည့် နေရာများနှင့် တူညီနေသည်။

စုန့်တဲယွမ် အပြင်ထွက်သည့် အချိန်တိုင်း တူကျွမ့်က အဖော်ပြုပေးနေသည်မှာ သံသယ ဖြစ်ဖို့ မလိုတော့ချေ။

ထို့ကြောင့် သူမက စုန့်တဲယွမ်အား သတ်သည့်လူဖြစ်ဖို့ အတော်လေး ဖြစ်နိုင်ချေများနေသည်။

“ ငါ့ကို တစ်စက္ကန့်လောက် အချိန်ပေး ….”

လင်းရီ သူ၏ အခန်းထဲသို့ ပြေးသွားပြီး ဗွီဒီယိုကော မုဒ်ကို ဖွင့်လိုက်သည်။

“ မင်း တစ်ခုခု ရှာတွေ့ထားလို့လား …” ကင်မရာပွင့်လာပြီးနောက် လီရှန်းဟွေ့ မေးမြန်းလာခဲ့၏။

“ ကျုပ် တွေ့သွားပြီ …"

လင်းရီ သူ သုံးသပ်ထားသည့် အချက်အလက်များအား နှစ်ယောက်လုံးကို ပြန်ရှင်းပြလိုက်သည်။

လင်းရီ၏ စကားကို နားထောင်ပြီးနောက် နှစ်ယောက်မှာ အတော်လေး ရှော့ခ်ရသွားခဲ့ကြသည်။ လက်စသတ်တော့ သဲလွန်စက ယခုလို ပုံစံဖြင့် အမှောင်ထဲတွင် ပုန်းကွယ်နေခဲ့သည်လေ။

ယခု သူတို့ တူကျွမ့်အပေါ်၌ သံသယ တရားခံအဖြစ် လော့ခ်ချ လုပ်ဆောင်၍ ရပြီ ဖြစ်၏။

“ ငါ ဖမ်းဝရမ်း သွားထုတ်လိုက်ဦးမယ်…”

“ ငါလည်း ရဲစခန်းကို ပြန်လာနေပြီ…” ကူရိရန် ပြောလိုက်၏။

“ ကျုပ်ကတော့ လုပ်စရာလေး ရှိသေးလို့ ခင်များတို့နဲ့ နောက်မှပဲ ဆုံတော့မယ် …”

“ ကောင်းပြီ …”

ဖုန်းချပြီးနောက် လင်းရီ အကြောဆန့်လိုက်၏။

အမှုက ဤမျှ မြန်ဆန်စွာ ဖြေရှင်းပြီးသွားလိမ့်မည်လို့ သူ ထင်မထားခဲ့ပေ။

လင်းရီ ရေကူးကန်ဘက်သို့ ပြန်လာပြီးနောက် လျန်ကျင်းမင်မှ သူ့အား လှမ်းမေးလာသည်။

“ ဘယ်လိုလဲ … သူ့ကို ဖမ်းလိုက်ကြပြီလား …”

“ ခဏနေ ဖမ်းတော့မှာ … ရက် နည်းနည်းလောက် ဖမ်းစစ်ပြီးရင် သူ့ဘက်ကလည်း အားလုံး ဝန်ခံလောက်ပါတယ်…”

“ မင်းရဲ့ ဆုတံဆိပ် တစ်ဝက်က ငါတို့လည်း ပါတယ်နော်… အချိန်ကျလာရင် ငါတို့ကို ဆုချဖို့ မမေ့နဲ့ဦး …. အသားကင် တစ်ချောင်းနဲ့တော့ မရဘူး … အောင်ပွဲခံဖို့ ပါတီလုပ်ရမယ် …”

အမှုဖြေရှင်းပြီး ဖြစ်သဖြင့် လင်းရီမှာ စိတ်ကောင်းဝင်နေပြီး သူ၏ ဝိုင်သိုလှောင်သည့် အခန်းထဲမှ ပုလင်းကောင်း အနည်းငယ် ထုတ်ကာ ညတွင် သောက်ဖို့ ဟန်ပြင်လိုက်၏။

ဘာဘီကျူး ဒင်နာက ည ၁၁ နာရီကျော်မှ ပြီးဆုံးသွားခဲ့၏။

ချင်းဟန်တို့ သုံးယောက်လုံးက အမူးလွန်နေကြသဖြင့် အိမ်သို့ မပြန်တော့ချေ။ ဤနေရာတွင် အိမ်အားလုံးက လင်းရီ၏ အပိုင်ဖြစ်သဖြင့် သူတို့ကို ကြုံရာ ဗီလာတစ်လုံးထဲ ပေးအိပ်ထားလိုက်လေသည်။

ချင်းဟန်နှင့် ကျန်နှစ်ယောက်ကို ဂရုစိုက်ပြီးနောက် လင်းရီ၊ ကျီချင်းရန်နှင့် ဟော်ယွမ်ယွမ်တို့မှာ သူတို့ အခန်းသူတို့ ပြန်သွားခဲ့ကြသည်။

သူတို့ ဖွထားသည့် အမှိုက်များကိုတော့ အိမ်ခြံမြေ စီမံခန့်ခွဲရေး ဝန်ထမ်းများက လာပြီး သန့်ရှင်းရေး လုပ်ပေးလိမ့်မည်။ ကိုယ်တိုင်လုပ်ဖို့ မလိုချေ။

“ ကျွန်မ ဒီည အစ်မကျီနဲ့ အတူအိပ်မှာ … ရှင့်ဘာရှင် တစ်နေရာရှာပြီး သွားအိပ် …”

“ မင်း ငါ့ကို အတော်လေး ကူညီထားပေးတယ်ဆိုတော့ မင်းနဲ့ ရန်ဖြစ်မနေတော့ဘူး … မဟုတ်ရင် မင်းနဲ့ စကားကောင်းကောင်း ပြောမိလောက်တယ်…”

“ အနည်းဆုံးတော့ ရှင့်မှာ အသိစိတ်ဆိုတဲ့ အရာတော့ ရှိသေးသားပဲ …."

ကလင် ကလင် ကလင် ….

သုံးယောက်သား ရေမိုးချိုးပြီး အနားယူတော့မည့် အချိန်မှာပဲ လင်းရီ၏ ဖုန်းသံ မြည်ဟည်းလာသည်။ လီရှန်းဟွေ့မှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဖမ်းပြီးပြီလား … အခြေအနေ ဘယ်လိုရှိလဲ …”

“ တူကျွမ့် သေပြီ …”

“ အာ … သေပြီ …..”

လင်းရီ ယုံတောင် မယုံနိုင်ချေ။ ဤသတင်းက မယုံကြည်နိုင်စရာ ကောင်းလွန်းလှ၏။

“ ဘယ်လို သေသွားခဲ့တာ ….”

“ ဓာတ်ငွေ့ အဆိပ်သင့်ပြီးတော့မှ …..” လီရှန်းဟွေ့ ပြောလိုက်သည်။ “ ငါတို့လူတွေ ရောက်သွားတော့ ဘယ်သူမှ တံခါးလာမဖွင့်ပေးဘူး … တံခါးကို ဖျက်ပြီး အထဲဝင်သွားတော့ အခန်းထဲမှာ ဂက်စ် အနံ့က စူးခနဲ နေတာ … တူကျွမ့်က အိပ်ရာပေါ်မှာ လဲနေပြီး အသက်လည်း မရှူတော့ဘူး … ငါတို့ ရောက်သွားတော့ သူသေပြီးတာ နာရီဝက်လောက် ရှိနေပြီ….”

“ ခင်များ အခု အခင်းဖြစ်တဲ့ နေရာမှာလား … စခန်းမှာလား ….”

“ အခင်းဖြစ်တဲ့ နေရာမှာ … မင်း လာမလား …”

“ စောင့်နေ .. ကျုပ် အခု လာနေပြီ…”

ဖုန်းချပြီးနောက် ဟော်ယွမ်ယွမ်မှ သိချင်စိတ် ပြင်းပြစွာဖြင့် လင်းရီအနားသို့ ရောက်လာသည်။

“ ဘာဖြစ်တာလဲတဲ့ …. တူကျွမ့် သေသွားပြီလို့တော့ မပြောနဲ့နော်….”

“ အင်း … ဓာတ်ငွေ့ အဆိပ်သင့်ပြီး သေသွားတာ ….”

“ ချီး … သူ ကိုယ့်ဘာကိုယ် အဆုံးစီရင်သွားတာလား ….”

“ ဖြစ်နိုင်တယ် … ဒါပေမယ့် မသေချာသေးဘူး … အဲ့တာ ငါအခု အခင်းဖြစ်တဲ့နေရာ သွားကြည့်တော့မလို့ …” လင်းရီ ပြောလိုက်ပြီး “ မင်းတို့နှစ်ယောက် အိပ်နှင့်ကြ … ငါ့ကို မစောင့်နဲ့တော့ ….”

“ လမ်းမှာ ဂရုစိုက်ပြီးလည်း မောင်းဦး …. အမြန် မမောင်းနဲ့ … အချိန်တန် ရောက်မှာပဲ …” ကျီချင်းရန် သတိပေးလာခဲ့သည်။

“ အင်း … ငါနားလည်တယ်…”

လင်းရီ သူ့ကားသော့ယူ၍ တူကျွမ့်၏ အိမ်သို့ မောင်းနှင်သွားလိုက်သည်။

တူကျွမ့်၏ အိမ်က မြို့ပြင်ဘက်တွင် တည်ရှိပြီး ဓာတ်လှေကားပင် မရှိသည့် ရပ်ကွက်အဟောင်းလေး တစ်ခု၌ ဖြစ်၏။

အနည်းငယ် ဟောင်းနွမ်းနေပြီ ဆိုသော်လည်း ကျိုးဟိုင်ရှိ မြေတစ်လက်မချင်းစီတိုင်းက သူ့တန်ကြေးနှင့်သူ ရှိလေသည်။

သူမ၏ အိမ်ကို ရောက်သည့် အချိန်၌ အဆောက်အဦးကြီး တစ်ခုလုံးကို လော့ဒေါင်း ချထားပြီး လင်းရီလည်း သူ၏ အိုင်ဒီကတ်အား ပြ၍ အထဲသို့ ချောချောမွေ့မွေ့ဖြင့် ဝင်လာခဲ့လိုက်သည်။

“ အစ်ကိုလီ … အခြေအနေ ဘယ်လိုရှိလဲ ….”

“ အလောင်းကို မယူသွားရသေးဘူး … မင်း တစ်ချက်ကြည့်ချင် ကြည့်လို့ရသေးတယ်….”

ဧည့်ခန်းထဲတွင် ပိတ်စအဖြူဖြင့် အုပ်ထားသည့် အရာတစ်ခု ရှိနေသည်။ ၎င်းက တူကျွမ့်၏ အလောင်းဖြစ်သည်မှာ သံသယ ရှိနေဖို့ မလိုချေ။

သူ ပိတ်စအဖြူကို လှန်လိုက်တော့ တူကျွမ့်၏ စိမ်းပြာနေသည့် မျက်နှာကို မြင်တွေ့လိုက်ရသည်။ သူမက မည်သည့် အဝတ်ကိုမျှ ဝတ်ဆင်ထားခြင်း မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးသွားသည့်ဟန်ပင်။

လင်းရီ လက်ဆန့်တန်း၍ ချိုင်းကြားသို့ စမ်းလိုက်၏။ အနည်းငယ် နွေးနေဆဲဖြစ်ပြီး သေသွားသည်မှာ သိပ်မကြာသေးကြောင်းကို ညွှန်ပြနေလေသည်။

စစ်ဆေးပြီးသည့်နောက် လင်းရီ တူကျွမ့်၏ ကိုယ်ကို ပိတ်စဖြင့် ပြန်အုပ်ထားပေးလိုက်သည်။

အခင်း ဖြစ်ပွားသည့် နေရာကို သေချာကောင်းစွာ ကာကွယ်ထားပြီး အရာအားလုံးက မူလ အခြေအနေ၌သာ ရှိ၏။ သို့သော် နေရာတစ်ခုလုံးက ရှုပ်ပွနေပြီး အင်္ကျီ အဝတ်စားတို့က ဆိုဖာပေါ်နှင့် ထိုင်ခုံများ၌ ပျံ့ကျဲနေသည်။ အတွင်းဝတ်များပင် နေရာအနှံ့ ပွစာကျဲနေလျက်ရှိသည်။

ဤသည်က အသက် သုံးဆယ်ကျော် အရွယ် အမျိုးသမီး တစ်ယောက်၏ အိမ်ဆိုတာ အမှန်ပင် စိတ်ကူးဖို့ ခက်လှ၏။

ထမင်းစား စားပွဲပေါ်တွင် စားလက်စ အပြင်က မှာယူထားသည့် တစ်ယောက်စာ ဟော့ပေါ့ တစ်ပွဲ ရှိပြီး မှိုတို့ပင် တက်နေသည်။ ကြည့်ရသည်မှာ အရင်တစ်ကြိမ် ရဲများလာဖမ်းခေါ်စဉ်က စားနေရင်း အဖမ်းခံသွားခဲ့ရသည့်ပုံပင်။

နေ့လည်ပိုင်း ပြန်လွှတ်လာပြီးသည့်နောက် အိမ်အား သန့်ရှင်းရေး လုပ်ချင်စိတ် မရှိဘဲ အခန်းထဲသို့သွားကာ စိတ်ရောကိုယ်ပါ နွမ်းနယ်စွာဖြင့် အိပ်စက်အနားယူလိုက်၏။

ထို့နောက် … ဘယ်တော့မှ ပြန်နိုးထမလာတော့ချေ။

စာစဉ် ( ၁၁၄) ပြီး၏။

All Chapters