ခုနက ဘယ်သူ ဗုံးပစ်လိုက်တာလဲ
Vol. 81-85 Ch. 1249
“အချိန်စေ့ပြီ ဗုံးဖောက်လိုက်တော့”
ထိုအချိန်တွင် ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက စိတ်မရှည်တော့ဘဲ သူမဘေးမှ ဆံပင်ငွေရောင်နှင့် လူငယ်ကို လောဆော်လိုက်သည်။
စိတ်လှုပ်ရှားမှုကြောင့် သူမမျက်နှာနှင့် နားရွက်များအထိ နီရဲနေပြီး ယဲ့ဖန်အား သေအောင် ဗုံးဖောက်ချင်နေ၏။ မည်သူမှ သူမကို မစော်ကားရဲခဲ့ပေ။ ယဲ့ဖန်က သူမကို ရိုက်ခဲ့သဖြင့် ပြန်ပေးဆပ်ရအောင် လုပ်နေချင်နေလေသည်။
ထိုသို့ ပြန်ပေးဆပ်စေချင်သည့် တန်ဖိုးမှာ သေခြင်းသာ ဖြစ်သည်။
“ရွှစ်”
လှံရှည်တစ်ချောင်းက လျှပ်စီးသဖွယ် ဆံပင်ငွေရောင်နှင့် လူငယ်၏ လည်ပင်းနားသို့ ဖြတ်ပြေးသွားသည်။ စွန်းထောင်က ဒေါသထွက်နေသော မျက်လုံးများနှင့် ပြန်ပြောလိုက်သည်။
“မင်း စမ်းကြည့်လိုက်လေ”
ပေါင်လုံ အဖွဲ့ဝင်သုံးယောက်လုံး သတ်ဖြတ်ချင်သော မျက်လုံးများဖြင့် သူတို့ရှေ့သို့ ရောက်လာကြသည်။ သုံးယောက်က အခြားလူ ခြောက်ယောက်၊ ခုနစ်ယောက်ရှေ့၌ ရပ်ဆိုင်နေကြသည်။ သူတို့ မယှဉ်နိုင်မှန်း သိသော်လည်း သူတို့ ခုခံချင်နေကြသေးသည်။
“စစ်မိန့်က တောင်လို မြင့်မားပြီး ဧကရာဇ်ရဲ့ အမိန့်က ပင်လယ်လို ကျယ်ပြောတယ်၊ မင်းတို့ကောင်တွေက အမိန့် မနာခံချင်တာလား”
ဆံပင်ငွေရောင်နှင့် လူငယ်က လှောင်ပြုံး ပြုံးလာသည်။
“ဒါမှမဟုတ် အဲ့လူတစ်ယောက်တည်းရဲ့ ခွန်အားနဲ့ မင်းသမီးကို ကယ်နိုင်မယ်လို့ တကယ် ထင်နေတာလား”
“ရှင်းရှင်း ပြောရရင် သူ သေသလား၊ ရှင်သလား သေချာ မသိရသရွေ့ မင်းကို ဗုံးခွဲခွင့် မပေးနိုင်ဘူး”
စွန်းထောင်က သုန်မှုန်နေသော မျက်နှာထားဖြင့် အေးစက်စွာ ပြောလိုက်သည်။
“မင်း လုပ်နိုင်မယ် ထင်သလား”
ဆံပင် ငွေရောင်နှင့် လူငယ်၏ မျက်လုံးတွင် အေးစက်သော အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
“ဝှစ်”
ရုတ်တရက် ဆိုသလိုပင် စွန်းထောင်၏ ရင်ဘတ်သို့ ဓားစိုက်သွားပြီး သွေးတတောက်တောက် ကျလာသည်။ ဓားချက် တစ်ချက်တည်း ဆိုသော်လည်း ပြင်းထန်လွန်းသည်။ စွန်းထောင် တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
လုပ်ကြံခြင်းပင်။ ထိုသို့တိုက်ခိုက်သူမှာ အရိပ်သခင် ဖြစ်လေသည်။
စွန်းထောင်၏ မျက်လုံးတွင် စိတ်ပျက်ဟန် ပေါ်လာသည်။ သူ သတိလက်လွတ် ဖြစ်သွားခဲ့သည်။ စွန်းထောင်၏ တုံ့ပြန်မှုကို မစောင့်ဘဲ ရုတ်ချည်းဆိုသလို ဖျတ်ခနဲ လှုပ်ရှားကာ အားဖြင့် ကန်ထုတ်လိုက်သည်။
“စွန်းထောင်”
ဤသည်ကိုမြင်ပြီး လုံခွေနှင့် ခို့ကျန်းဟွိုက်တို့ ပြိုင်တူ အော်ဟစ်လိုက်မိပြီး အရိပ်သခင်အား ဒေါသတကြီး ပြန်စိုက် ကြည့်လေသည်။
အရိပ်သခင်က သူ့ဓားကို အေးအေးလူလူ ပြန်ရုတ်သိမ်းလိုက်ပြီး အထင်သေးသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဘာမဟုတ်တဲ့ ပုရွက်ဆိတ်ကောင်ကများ ငါ့ရှေ့ ပြဿနာ ရှာရဲတယ်ပေါ့လေ၊ အေးအေးဆေးဆေး အသက်မရှင် ချင်ဘူးနဲ့တူတယ်”
စွန်းထောင်ကို တစ်ချက်တည်းနှင့် ဒဏ်ရာရအောင် လုပ်ပြီးနောက် အရိပ်သခင် ချက်ချင်း ပြန်မျက်နှာသာ ရလာ၏။ ဤသည်မှာ သူ၏ ခွန်အား အစစ်အမှန်ပင်။ ဘုရင်တစ်ပါးအား ခွေးတစ်ကောင်ကို သတ်နိုင်သော သူ၏ အစွမ်းပင်။ သူ အနီးကပ် တိုက်လျင်တောင်မှ စွန်းထောင် သူ့ကို ရှာတွေ့ရန် ခက်ခဲပေမည်။
ခို့ကျန်းဟွိုက်က စိတ်ဆိုးမာန်ဆိုးဖြင့် စွန်းထောင်ကို အလျင်အမြန် ဆွဲထူ၍ မေးလိုက်သည်။
“စွန်းထောင် မင်း အဆင်ပြေရဲ့လား”
“ငါ့ကို စိတ်မပူနဲ့၊ သူ့ကိုတား၊ ဘာပဲဖြစ်ဖြစ် မင်း သူတို့ကို ဆရာ့ကို သတ်ခွင့် မပေးရဘူး”
စွန်းထောင် အသက်ကို မနည်းရှူနေရသည်။ သူ့စကားကလည်း ပြတ်တောင်း ပြတ်တောင်း ဖြစ်နေပြီး ပါးစပ်ဟ လိုက်သည်နှင့် သွေးအန်လေသည်။
“ရှင် အခုထိ ဘာလုပ်နေတာလဲ၊ ယဲ့ဖန်က ရှင့်ညီအစ်ကို မဟုတ်ဘူးလား”
လုံခွေ ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။ မိမိဘက်မှလူ ဒဏ်ရာ အပြင်းအထန် ရထားသည်ကို မြင်သော်လည်း နတ်ဆိုးနဂါး ဖုရှန်တို့နှစ်ယောက်က သူတို့နှင့် ဘာမှမဆိုင်သကဲ့သို့ ခံစားချက်ကင်းမဲ့စွာ နေနေကြသေးသည်။
“မင်းတို့ကောင်တွေက အပိုတွေ လုပ်လွန်းတယ်”
နတ်ဆိုးနဂါး ဖုရှန်တို့နှစ်ယောက်က လှောင်ရယ်၍ ခေါင်းခါလိုက်ပြီး ယခုထိ မလှုပ်ကြချေ။ သူတို့၏ စိတ်ထဲတွင် မာနစိတ်များ ရှိကြသည်။ သူတို့ လုံခွေတို့နှင့် အတူလိုက်လာသော်လည်း သူတို့၏ နောက်ခံနှင့် ခွန်အားအရ ထိုသူများနှင့် မိတ်ဆွေဖြစ်ရန် မဆိုထားနှင့် ပတ်သက်ချင်စိတ်ပင် မရှိပေ။
သူတို့ လုံခွေတို့နှင့် မိတ်ဆွေအဖြစ် ပြောဆိုဆက်ဆံနေသည့် အကြောင်းရင်းမှာ ယဲ့ဖန်ကြောင့်သာ ဖြစ်သည်။
“ဟားဟားဟား … ယဲ့ဖန်ရဲ့ ညီအစ်ကိုနှစ်ယောက်က လက်ရှိအခြေအနေကို သိမြင်တဲ့ လူတော်တွေပဲ၊ သူတို့က သွေးကြောင်တာကို ဝန်ခံတတ်ကြတာပဲ”
ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက လှိုက်လှိုက်လှဲလှဲ ရယ်မောနေသည်။ ထိုစကားကို ကြားသော် နတ်ဆိုးနဂါး ဖုရှန်တို့ အေးတိအေးစက် ဖြစ်လာသည်။
“စိတ်မကောင်းပါဘူး လုံခွေ၊ အဲ့ကောင်က သူ့ဘာသာသူ အသေခံတာဆိုတော့ ငါတို့ကို လာအပြစ်မတင်နဲ့၊ ငါတို့ ပြန်ရောက်ရင် အထက်ကို သေချာပေါက် တင်ပြပြီး သူ့ကို သိက္ခာရှိရှိ မြှုပ်နှံနိုင်အောင် ကြိုးစားပေးပါ့မယ်”
ဆံပင်ငွေရောင်နှင့် လူငယ်က ရက်စက်စွာ ပြုံး၍ ခလုတ်ကို ဖိလိုက်သည်။
“အုန်း”
ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ဗုံးပေါက်သော အရှိန်က ကြောက်စရာ မကောင်းပေ။ သို့သော် တစ်ဒင်္ဂမျှ တိတ်ဆိတ်နေပြီး တောင်တန်းအတွင်းမှ ငရဲမှ ထွက်ပေါ်လာသကဲ့သို့သော စွမ်းအင်လှိုင်းတစ်ခု ပျံ့နှံ့ လာ၏။
သစ်ပင်များအားလုံး ခြောက်သွေ့ညှိုးနွှမ်းကာ အရာအားလုံး ပြာဖြစ်သွားသည်။ တစ်ခဏအတွင်း တောင်တန်း တစ်ခုလုံး ပျောက်ကွယ်သွားပြီး ခြောက်သွေ့သော လွင်ပြင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။
“ယဲ့ဖန်”
လုံခွေ မခံမရပ်နိုင် အော်ဟစ်လိုက်မိသည်။ သူမအရှေ့မှ တိုးပွားလာနေသော အမှောင်ထုနှင့် အရာအားလုံး ပြာဖြစ်သွားသည်ကို ကြည့်ပြီး သူမ မကြောက်လန့်ဘဲ မနေနိုင်အောင် ဖြစ်နေရသည်။
မဟူရာ ဒြပ်စင်ဗုံးသည် ကမ္ဘာဂြိုဟ်ပေါ်မှ နျူကလီးယားဗုံးလိုပင်။ မျက်တောင် တစ်ခတ်အတွင်း ဟေးဖုန်းရွာ လောကထဲမှ ပျောက်ကွယ်သွားသဖြင့် ကြောက်စရာ ကောင်းသည့် စွမ်းအင်ပင်။
ဤသည်ကိုကြည့်ပြီး လုံခွေတို့သုံးယောက်လုံး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ ဤမျှ အံ့ဩစရာ ကောင်းသော အဖျက်စွမ်းအင်သည် ယခင်က ယဲ့ဖန်၏ နဂါးမြို့တော်ကို ဖျက်စီးခဲ့သော စွမ်းအားနှင့် မယှဉ်သာပေ။
“ငါတို့ယဲ့ဘုရင်က ဒီတစ်ခါတော့ ဆန်းကြယ်မှုတစ်ခုကို မဖန်တီးနိုင်တော့ဘူးနဲ့ တူတယ်၊ သနားစရာပဲ”
“မျိုးဆက်တစ်ခုရဲ့ သူရဲကောင်းက ဒီလို ကျဆုံးရတယ်လို့၊ ငါတို့ အရမ်း ဝမ်းနည်းတာပဲ၊ ဟားဟားဟား …”
သွေးဆူးချွန် အဖွဲ့ဘက်၌ လှောင်ပြောင်သံများ ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာ၏။ သူတို့သည် ပေါင်လုံ အဖွဲ့အစည်း၏ ဆရာကို သတ်ခဲ့သဖြင့် ပေါင်လုံ အဖွဲ့အစည်းက အောက်ခြေအထိ ရောက်အောင် နင်းချေ လိုက်ခြင်းပင်။
“ငါ မင်းနဲ့ချမယ်ကွ”
ခို့ကျန်းဟွိုက် ရုတ်တရက် ဒေါသူပုန်ထကာ ရှေ့သို့ ပြေးတက်သွားသည်။
“မင်းက ဘယ်သူနဲ့ချမှာလဲ”
ထိုစဉ် အရိပ်သခင်က သုန်မှုန်စွာဖြင့် ရှေ့ထွက်လာပြီး သူတို့အား ဆိုးရွားသော အကြံအစည်ရှိဟန်ဖြင့် ကြည့်လာသည်။ မျက်လုံးများက စူးရဲနေပြီး မျက်နှာတွင် အထင်သေးရိပ်များ သန်းနေ၏။ ခို့ကျန်းဟွိုက်သာ မဆင်မခြင် ပြုမူရဲပါက သူ့ဓားဖြင့် ချက်ချင်း သတ်ပစ်မည့်ပုံပင်။
“ခို့ကျန်းဟွိုက် မဆင်မခြင် မလုပ်နဲ့”
လုံခွေက သုန်မှုန်နေသော မျက်နှာထားဖြင့် မာန်မဲလိုက်သည်။ သူမသည်လည်း ယဲ့ဖန်အတွက် လက်စားချေ ချင်ပါ၏။ သို့သော် ပြဿနာမှာ အရိပ်သခင်က သူတို့ ယှဉ်နိုင်သောသူ ဖြစ်မနေခြင်းပင်။ ထို့အပြင် သူတို့ထက် သာသည့် သွေးဆူးချွန် အဖွဲ့သားများလည်း ရှိနေသည်။ သူမ ကျိုးကြောင်းဆင်ခြင်၍ စိတ်လိုက်မာန်ပါ မပြုမူမိပေ။
“သူတို့ကို ဒီမှာပဲ သတ်ပစ်လိုက်တော့”
သို့သော် ထိုအခိုက်တွင် ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးက ခက်ထန်သော အသံဖြင့် ပြောလာသည်။
“ဘာပဲဖြစ်ဖြစ် ဒီနေ့ ဒီမှာ ဘာဖြစ်ခဲ့သလဲဆိုတာကို ဘယ်သူမှ မသိနိုင်တာ၊ သူတို့က တတိယ မင်းသမီးကို ကယ်ဖို့ ကြိုးစားရင်း တိုက်ပွဲမှာ သေသွားတယ်လို့ ပြောလိုက်တာပေါ့”
အခြားသွေးဆူးချွန် အဖွဲ့သားများက ဘာမှမပြောသော်လည်း လှောင်ပြုံးများ ပြုံးနေကြသည်။ ခရမ်းရောင်ဆံပင်နှင့် မိန်းကလေး၏ အကြံကို သူတို့ သဘောတူမှန်း သိသာလှသည်။ ဤသည်က သူတို့နှင့် ပြိုင်ဘက်ဖြစ်နေသော လူအား သတ်နိုင်မည့် အခွင့်အရေးကြီးပင်။
ထို့နောက် သွေးဆူးချွန် အဖွဲ့သားများက အရာရှိများကို လှမ်းကြည့်လိုက်သည်။ ထိုအခါ အရာရှိများက ဂရုမစိုက်သော အမူအရာများဖြင့် ရှိနေကြပြီး အရာရှိတစ်ယောက်က ဖြည်းဖြည်းချင်း ပြောလာသည်။
“ငါတို့ ဘာမှမမြင်လိုက်ဘူး”
သွေးဆူးချွန် အဖွဲ့သားများ၏ အပြုအမူကို သူတို့ မျက်စိမှိတ် ခေါင်းညိတ်နေ၏။ ဤသည်မှာ ပထမ မင်းသမီးနှင့် ဒုတိယမင်းသားတို့၏ ဆရာတစ်ဖြစ်လဲ မင်းဆရာကို ရန်မစချင်သောကြောင့် ဖြစ်လေသည်။
“ရှင်တို့တွေ”
လုံခွေ မှင်တက်သွားသည်။ တစ်ဖက် အဖွဲ့အစည်းက အတင့်ရဲလွန်းလိမ့်မည်ဟု သူမ ထင်မထားမိပေ။ သူတို့သည် ယဲ့ဖန်ကို သတ်ပြီးသည်နှင့် သူမတို့ကိုပါ သတ်ချင်နေ၏။
တစ်ခဏအတွင်းမှာပင် လုံခွေသည် ဓားမြောင်နှစ်လက်ကို လက်နှစ်ဖက်ဖြင့် သေချာကိုင်ထားပြီး အမူအရာက အေးစက်လာသည်။
သူမသည် အရေးမပါသော အရာများကို သဘောကျသူ မဟုတ်ပေ။ အခြေအနေက ထိန်းချုပ်မရသောဘက်သို့ ပြောင်းလဲသွားသဖြင့် ထိပ်တိုက် ရှင်းသည်က အကောင်းဆုံးပင်။ ထိုစဉ် နတ်ဆိုးနဂါး ဖုရှန် ရယ်မောလာပြီး အေးစက်စက် ပြုံးလာ၏။
“မင်းတို့ကောင်တွေ အပျော်စောလွန်းတယ်လို့ မထင်ဘူးလား”
“ဘာလဲ မင်းက အဲ့အရူး ပြန်ရောက်လာပြီး မင်းတို့ကို ကယ်လိမ့်မယ်လို့ မျှော်လင့်နေတုန်းလား”
နတ်ဆိုးနဂါး ဖုရှန်က သူတို့အား အရူးကို ကြည့်သကဲ့သို့ ကြည့်လိုက်ပြီး လက်ညှိုးထိုးပြလိုက်သည်။
“ဒါဆိုလည်း … မင်းတို့ ကောင်းကောင်းကြီး ငုံ့ကြည့်လိုက်ပါဦး”
သွေးဆူးချွန်အဖွဲ့သွားများ မယုံသင်္ကာဖြင့် နောက်လှည့်၍ ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူတို့၏ မျက်နှာများက အေးခဲသွားပြီး ကြက်သေ သေသွားလေသည်။
အမှောင်ထုအတွင်း၌ အနက်ရောင်ပုံရိပ်တစ်ခုက အသည်းအသန် ငိုယိုနေသော အဖြူရောင်ဝတ်စုံနှင့် ကလေး မလေးကို ချီ၍ လျှောက်လာနေသည်။
*ယဲ့ဖန်လား*
*သူ ကယ်လာခဲ့တာလား*
*သူ တတိယ မင်းသမီးကို တကယ် ကယ်လာခဲ့တာပဲ*
လူတိုင်း မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ငြိမ်ကျသွားသည်။ တစ်ကိုယ်လုံး ထုံထိုင်း၍ နေရာ၌ ကျောက်ရုပ်သဖွယ် မလှုပ်နိုင်ဘဲ ငြိမ်နေမိသည်။ ထို့နောက် သူတို့ အမြင်မှားနေသလားဟု ထင်မြင်ပြီး မျက်လုံးကို ဖိပွတ်၍ ပြန်ကြည့် လိုက်ကြသည်။
*အရိပ်သခင်တောင် မဝင်နိုင်တဲ့ ဟေးဖုန်းရွာကို ဒီကောင်က တကယ် ဝင်သွားနိုင်တာလား*
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
အရိပ်သခင်သာ လက်ပြတ်မလာပါက အရိပ်သခင် အမှန်တကယ် ကြိုးစားခဲ့သလား ဆိုသည်ကို သူတို့ သံသယ ဝင်မိလောက်သည်။ အရိပ်သခင်က ဘယ်သူမှ မကယ်နိုင်ဘူးဟု ပြောခဲ့သော်လည်း တစ်ဖက်လူက အသာလေး ကယ်ထုတ်လာ၏။
ထို့အပြင် သူ့ပုံစံက အလွန် အေးဆေး၍ သက်တောင့်သက်သာ ရှိလှသည်။ သူ့ကိုယ်၌ ခြစ်ရာတစ်ခုလေးတောင်မှ မရှိပေ။
“ဒီကောင်က လုပ်ကြံရေးလည်း တတ်တာလား”
အရိပ်သခင် အော်ဟစ်လိုက်မိပြီး မျက်လုံး အပြူးသားနှင့် ကြံရာမရ ဖြစ်နေသည်။ ဟေးဖုန်းရွာထဲသို့ သူ ဝင်ခဲ့သဖြင့် ထိုနေရာ၏ အန္တရာယ်ကို သူ့ထက် မည်သူမှ ပိုမသိနိုင်ပါ။
သူတော်စင်သခင် တစ်ပိုင်းအဆင့်ဖြစ်သော သူတောင်မှ အရှက်တကွဲ ပြန်ပြေးခဲ့ရသော်လည်း ယဲ့ဖန်က အထဲမှ လူကို တကယ် ကယ်နိုင်ခဲ့သည်တဲ့လား။
သူ ပထမဆုံး တွေးမိသည့် အတွေးမှာ ယဲ့ဖန်ကလည်း လုပ်ကြံရေး နည်းစနစ်ကို အသုံးပြုခြင်း ဖြစ်နိုင်သည်ဟုပင်။ သူ၏ အငွေ့အသက်နှင့် ခြေရာလက်ရာကို ဖုံးကွယ်မှသာ ထိုသို့ လူသတ်ကွင်းထဲမှ လူကို ကယ်နိုင်ပေလိမ့်မည်။
ယဲ့ဖန်က ဓားပြများထံ ပေါ်တင်ဝင်သွားပြီး အေးအေးလူလူဖြင့် လူကယ်ခဲ့သည်ကိုသာ အရိပ်သခင် သိသွားပါက ဘာမှမပြောနိုင်ဘဲ ထွက်ပြေးသွားလောက်သည်။
ရုတ်ချည်းဆိုသလိုပင် သွေးဆူးချွန်အဖွဲ့သားများအားလုံး မျက်နှာ မည်းမှောင်သွားကြသည်။ သူတို့ ဒေါသထွက် နေလေသည်။
ယဲ့ဖန်က သူတို့ကို အကြီးအကျယ် အရှက်ခွဲခဲ့သည် မဟုတ်ပါလော။ သူတို့ဘက်က လူများသည့်အပြင် အရိပ်သခင် ကိုပင် ဖိတ်ခေါ်ခဲ့သော်လည်း ဟေးဖုန်းရွာထဲသို့ မဝင်နိုင်ခဲ့ပေ။
သို့သော် ယဲ့ဖန်က သူတစ်ယောက်တည်း ဝင်၍ တတိယမင်းသမီးကို ကယ်ခဲ့သည်။ ဤသတင်းသာ အပြင်သို့ ပျံ့သွားပါက သွေးဆူးချွန်အဖွဲ့ သိက္ခာကျပေလိမ့်မည်။
ဒေါသထက် သူတို့ ပို၍ ကြောက်လန့်နေကြခြင်းပင်။ အဘယ်ကြောင့်ဆိုသော် မကြာသေးခင်ကပင် သူတို့ ယဲ့ဖန်ကို သတ်ရန် ဆုံးဖြတ်ခဲ့သည်။ ယဲ့ဖန် ပြန်လက်စားချေမည်ကို သူတို့ ကြောက်နေ၏။
လုံခွေသည် ယဲ့ဖန် လူကယ်၍ ပြန်ထွက်လာသည်ကို ကြည့်ပြီး မျက်နှာ ဖြူရော်ကာ နေရာ၌ ကျောက်ရုပ်သဖွယ် ရပ်နေမိသည်။
ခို့ကျန်းဟွိုက်နှင့် စွန်းထောင်တို့ကမူ အချင်းချင်း မတတ်သာဟန်ဖြင့် ကြည့်လိုက်ကြသည်။ သူတို့ အိုးကမပူ စလောင်းကပူ အဖြစ်မျိုး ဖြစ်ခဲ့ကြသည်။
နတ်ဆိုးနဂါး ဖုရှန်တို့နှစ်ယောက် အလွန် တည်ငြိမ်၍ အေးအေးဆေးဆေး ဖြစ်နေရသည့် အကြောင်းရင်းကို သူတို့ နားလည်သွားကြသည်။
အဘယ်ကြောင့်ဆိုသော် ဤလောက၌ ယဲ့ဖန် မသွားရဲသည့် နေရာ မရှိသလို မသတ်ရဲသည့်သူလည်း မရှိသည်ကို သူတို့ သိနေသောကြောင့်ပင်။
ယဲ့ဖန်သည် တောင်ထိပ်ပေါ် ရောက်လာသည်နှင့် ပိုင်ရွှယ်အား ဘေးသို့ ပစ်ချလိုက်သည်။ ကလေးမလေးသည် မြေကြီးပေါ်သို့ အကြင်နာမဲ့စွာ ဘုတ်ခနဲ ပစ်ချခံလိုက်ရသဖြင့် နာကျင်သွားလေသည်။
“အ …”
“အစ်မလုံခွေ ဒီခွေးကောင်ကို သတ်ပေးပါ၊ သူ့ကို မြန်မြန် သတ်လိုက်ပါ”
ပိုင်ရွှယ်က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်လေသည်။ လုံခွေ ရယ်ရမလား ငိုရမလား မသိတော့ဘဲ ပြန်မဖြေလိုက် မိပေ။
ယဲ့ဖန်ကမူ သူမ၏ စောဒတက်သံကို မကြားသယောင်ပြု၍ ရှေ့သို့ တစ်လှမ်းချင်း လှမ်းသွားသည်။ ဘာကြောင့်မှန်း မသိသော်လည်း သူ၏ခြေလှမ်းတိုင်းက မာန်ပါပြီး သူ့အနောက်၌ ငရဲခန်း လိုက်ပါလာသလို ခံစားမိနေသည်။
ယဲ့ဖန်၏ မျက်လုံးတွင် ကြမ်းကြုတ်မှုများနှင့် ပြည့်နှက်နေပြီး လေသံက အရိုးကွဲမတတ် အေးစက်နေသည်။
“ခုနက ဘယ်သူ ဗုံးခွဲလိုက်တာလဲ”