← Chapters

မင်း ငါ့ကို ယုံမှာလား

Vol. 15 Ch. 195

မင်း ငါ့ကို ယုံမှာလား

Vol. 15 Ch. 195

ရှုယင် ခေါ်ဆောင်လာသော သားရဲထိန်းသည် အာရန်၏ အိမ်၌ အံ့အားသင့်စွာဖြင့် ထိုင်နေလေသည်။

သူသည် ယခုခေတ်ကာလ၌ တွေ့ရခဲသော ဒဏ္ဍာရီလာ သားရဲများထဲမှ တစ်ကောင်ဖြစ်သော အာရန်၏ ဖီးနစ်ငှက်ကို တအံ့တသြကြည့်ရှုနေခဲ့၏။

သို့သော် ရုတ်တရက် ဖီးနစ်ငှက်သည် အလျင်အမြန် ပြေးထွက်သွားလေသည်။

သူမ၏ အတောင်ပံများသည် သားရဲထိန်းကို ရိုက်ခတ်မိသွားကာ သူ့ကို ထောင့်တစ်နေရာသို့ လွင့်စင်ထွက်သွားစေခဲ့သည်။

သူ ပြန်လှည့်ကြည့်လိုက်သောအခါ ဖီးနစ်ငှက်ရော အာရန်ပါ အခန်းထဲ၌ မရှိတော့သည်ကို သတိပြုမိလိုက်သည်။

အိပ်ရာအနီးရှိ သေးငယ်သော ဂိတ်တံခါးပေါက်တစ်ခုသည် စက္ကန့်ပိုင်းအတွင်း ပြန်ပိတ်သွားခဲ့သည်။

သားရဲထိန်းသည်လည်းဘာလုပ်လို့ဘာကိုင်ရမှန်းမသိ မသိဖြစ်သွားခဲ့ရသည်။

ဤအကြောင်းကို တစ်စုံတစ်ဦးအား ပြောပြသင့်သလား။ ၎င်းသည် ပုံမှန်မဟုတ်သောအရာတစ်ခုဟု ထင်ရလေသည်။

နောက်ဆုံး၌ သူသည် အာရန် ပြန်အလာကိုသာ စောင့်ဆိုင်းနေရန် ဆုံးဖြတ်လိုက်သည်။

အချိန်အတော်ကြာ ကုန်လွန်သွားသော်လည်း မည်သူမျှ ပြန်မပေါ်လာခဲ့ပေ။

သူသည် နောက်ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရပြီး အာရန် ပြန်ရောက်လာပြီဟု တွေးကာ စိတ်လှုပ်ရှားစွာဖြင့် ထရပ်လိုက်သည်။

“ခဏလေးနေပါဦး သူဆိုရင် ဘာလို့ တံခါးခေါက်ရမှာလဲ တခြားတစ်ယောက်‌ယောက်ယောက်များလား”

ထိုသူသည် ရှုယင် ဟုတော့ သူ မထင်မိပေ။ သူမသည် သူ့နှင့်အတူ ဤနေရာသို့ ရောက်လာသော အချိန်၌ပင် တံခါးတစ်ချက်မခေါက်ခဲ့ပေ။

သူမသည် သူမ၏ အိမ်ကဲ့သို့ပင် ရုတ်တရက် ဝင်သွားခဲ့ခြင်းဖြစ်လေသည်။ ယခုတစ်ကြိမ် လာသောသူသည် အခြားတစ်ယောက်ဖြစ်မည်မှာ ထင်ရှားနေလေသည်။

အထင်မှားမခံရစေရန် သူသည် အချိန်တအောင်ကြာသည်အထိ စဉ်းစားနေခဲ့သည်။ သူသည် ဤနေရာ၌ သံသယဖြစ်ဖွယ်လူတစ်ဦး ဖြစ်နေသည်မဟုတ်လား။

ရှုယင်နှင့် အာရန်သာ သူသည် ဤနေရာတွင် ရှိနေကြောင်း သိထားပြီး ၎င်းတို့နှစ်ဦးစလုံး ဤနေရာ၌ မရှိနေပေ။

မိစ္ဆာဂိုဏ်းမှ လူများ၏ ရက်စက်ကြမ်းကြုတ်မှုများအကြောင်းကို သူ အတန်အသင့် ကြားဖူးထားခဲ့သည်။

သူသည် ကျူးကျော်သူဟု အထင်မှားခံရပြီး အသတ်ခံရမည်ကို မလိုလားနေပေ။

ထို့‌ကြောင့် သတိထား၍ သူသည် တံခါးအနားသို့ ချဉ်းကပ်သွားကာ ‌ဖြေးဖြေးလေးဆွဲ ဖွင့်လိုက်သည်။

တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ဒူးထောက် အရိုအသေပေးလိုက်လေသည်။

“ကျေးဇူးပြုပြီး ကျုပ်ကို ဘာမှမလုပ်ပါနဲ့ ကျုပ်က သာမန် ဧည့်သည်တစ်‌ယောက်ပါဗျာ”

မည်သည့် အထင်အမြင်လွဲမှားမှုမှ မဖြစ်ပေါ်စေလိုသောကြောင့် သူသည် ကျူးကျော်သူမဟုတ်ဘဲ သာမန်ဧည့်သည်တစ်ဦးသာဖြစ်ကြောင်း အလျင်အမြန် ရှင်းပြလိုက်သည်။

အရာရာကို ပြောပြပြီးမှသာ အပြင်၌ ရှိသောသူကို ကြည့်ရန် သူ၏ ဦးခေါင်းကိုမော့လိုက်သည်။

ထိုသူသည် အခြားသူမဟုတ်ဘဲ အာရန် မတိုင်မီ မိစ္ဆာဂိုဏ်း၏ အရက်စက်ဆုံးသူဟု ကျော်ကြားသော အကြီးအကဲ ကျန်းဝေ ပင်ဖြစ်လေသည်။

“ဧည့်သည်လား”

ကျန်းဝေသည် သားရဲထိန်းကို ကြည့်လိုက်ရာ ထိုသူသည် ကျောရိုးတစ်လျှောက် အေးစိမ့်တက်သွားသည်ဟု ခံစားလိုက်ရသည်။

သူမ၏ အေးစက်သော အကြည့်တစ်ချက်သည် သေခြင်းတရားတစ်ခုက မိမိကို စိုက်ကြည့်နေရသကဲ့သို့ ခံစားမိစေသည်။

မိစ္ဆာဂိုဏ်းနှင့် ပတ်သက်မိသော သူ့ကံကိုသာ သူ ကျိန်ဆဲ‌နေမိတော့သည်။

ကံကောင်းစွာဖြင့် သူ၏ နှလုံးသားအတွင်း၌ ကြောက်ရွံ့မှုများ တိုးပွားလာသော်လည်း သူ့ကို မည်သူမျှ ဘာမျှမလုပ်ခဲ့ပေ။

အကြီးအကဲကျန်း သည် အိမ်ထဲသို့ ဝင်သွားပြီးနောက် ထိုအိမ်၏ ကြမ်းပြင်ပေါ်၌ ပင် ဆင်းသက်လိုက်လေသည်။

ထိုလူသည် ကျူးကျော်သူဟု သူမ မထင်မိပေ။

မည်သူသည် မိစ္ဆာဂိုဏ်းထဲသို့ ရဲရဲတင်းတင်း ၀င်‌ရောက်ကျူးကျော်ရဲမည်နည်း။

ထို့အပြင် ဤသည်မှာ အကြီးအကဲ ရန်၏ အိမ်ထဲ၌ ဖြစ်လေသည်။ ထိုသူသည် အရူးတစ်ဦး ဖြစ်မှသာ ထိုသို့ပြုမူရဲမည်ဖြစ်လေသည်။

“အကြီးအကဲရန် ဘယ်မှာလဲ”

ကျန်းဝေက ထိုသားရဲထိန်းမှလွဲ၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ ဤနေရာ၌ ရှိမနေသည်ကို သတိပြုမိရင်း မေးလိုက်သည်။

“သူ...”

ထိုလူသည် မည်သို့ ရှင်းပြရမည်ပင် မသိပေ။ အာရန် ဘယ်ကို သွားသည်ကို သူ မမြင်ခဲ့ရသော်လည်း ဂိတ်တံခါးပေါက်တစ်ခုသည် ထိုဖီးနစ်ငှက်ကို ၀ါးမြိုသွားခဲ့သည်ကိုမူ သူ မြင်ခဲ့ရသည်။ အာရန်လည်း ထိုသို့ ဖြစ်ခဲ့သလား။

အကြီးအကဲတစ်ဦးကို အမည်မသိရသော ဂိတ်တံခါးပေါက်တစ်ခုက ရုတ်တရက် ၀ါးမြိုသွားသည်ဟု သူ မည်သို့ ပြောနိုင်မည်နည်း။ သူ့အားရူးနေသူဟုပင် သတ်မှတ်သွားနိုင်လေသည်။

“မင်းကို မေးနေတယ်လေ အကြီးအကဲ ရန် ဘယ်ကို သွားတာလဲလို့”

ကျန်းဝေက စိတ်မရှည်ဟန်ဖြင့် ထပ်မေးလိုက်သည်။

သားရဲထိန်းသည် တံတွေးတစ်ချက် မျိုချလိုက်ရင်း ဘာပဲဖြစ်ဖြစ် သူ မြင်ခဲ့သည့်အရာများကို သူမအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။

သို့သော် သူ ခေါင်းမော့လိုက်သောအခိုက်အတန့်မှာပင် သူ၏ မေးရိုးသည် ကြမ်းပြင်သို့ ပြုပ်ကျလုနီးပါး ဖြစ်သွားရသည်။

“အ...အပေါ်မှာ...”

သူသည် ဖီးနစ်ငှက်ကို ၀ါးမြိုသွားသည့် ဂိတ်တံခါးပေါက်နှင့် ဆင်တူသော အရာတစ်ခုကို တွေ့လိုက်ရသော ကျန်းဝေ၏ အပေါ်တည့်တည့်ဆီသို့ လက်ညှိုးထိုး ပြလိုက်လေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ဤဂိတ်တံခါးပေါက်သည် ကြမ်းပြင်ပေါ်၌ ပေါ်လာမည့်အစား ဆန့်ကျင်ဘက်အနေဖြင့် အပေါ်ဘက်၌ ပေါ်လာခြင်းဖြစ်လေသည်။

“ကျွန်မ အပေါ်မှာ”

ကျန်းဝေသည် မျက်မှောင်ကြုတ်ကာ ခေါင်းမော့ကြည့်လိုက်သည်။ သို့သော် ထိုအချိန်၌ သူမသည် ထိုအရာဆီမှ ရှောင်ရှားရန် အလွန်နောက်ကျသွားပြီ ဖြစ်လေသည်။

ဂိတ်တံခါးပေါက်တစ်ခုအတွင်းမှ လူတစ်ဦး ထွက်လာသည်။ သို့မဟုတ် ပို၍ တိကျစွာ ပြောရလျှင် လူတစ်ဦး မျက်နှာကျက်မှ ပြုတ်ကျလာသည်ဟု ဆိုနိုင်လေသည်။

ဒုန်း!...

ထိုလူသည် ကျန်းဝေ၏ အပေါ်သို့ တည့်တည့်မတ်မတ် ပြုတ်ကျသွားပြီး သူမနှင့်အတူ အောကသို့ လဲကျသွားတော့သည်။

ကျန်းဝေသည် ခဏတာမျှ တောင့်တင်းသွားလေသည်။ သူမ၏ အပေါ်၌ အမျိုးသားတစ်ဦး ရုတ်တရက် ရောက်ရှိနေသည်ကို ခံစားလိုက်ရသောကြောင့် ဖြစ်လေသည်။

ထိုအမျိုးသား၏ ညာဘက်လက်သည် သူမ၏ ဦးခေါင်းကို ထိမိလျက်သားဖြစ်နေလေသည်။

သို့သော် သူ၏ ဘယ်ဘက်လက်သည် ပြဿနာဖြစ်လေသည်။

၎င်းသည် မထိကိုင်သင့်သော အလွန်နူးညံ့ပြီး အိစက်စက် ဖြစ်နေသော အရာတစ်ခုကို ဆုပ်ကိုင်ထားမိသောကြောင့် ဖြစ်လေသည်။

....

ရှုယင်၏ အတိတ်နှင့် ဝိညာဉ်များကို သူမ မုန်းတီးရသည့် အကြောင်းရင်းကို ကြားပြီးနောက် အာရန်သည် ဝိညာဉ်လောက၌ သူ လုပ်စရာ ဘာမှ မကျန်တော့ကြောင်း သိလိုက်လေသည်။

သူသည် ဝိညာဉ်ဘုရင်မ ဖွင့်ထားပေးသော ဂိတ်တံခါးပေါက်နှင့် သဏ္ဌာန်တူ‌သော ၀င်ပေါက်တစ်ခုထဲသို့ ဝင်သွားလိုက်သည်။

၄င်းသည် တဖက်တွင် သူ၏အိမ်ရှိရာသို့ အလွယ်တကူ ပြန်ရောက်နိုင်လိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

သို့သော် ထွက်ပေါက်နေသည် လုံးဝ မမျှော်လင့်ထားဘဲ ကြမ်းပြင်၏ ဆန့်ကျင်ဘက်အရပ်ဖြစ်သော မျက်နှာကျက်အနီး၌ ပေါ်လာခဲ့လေသည်။

အာရန်သည် ဂိတ်တံခါးပေါက်မှ ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ အောက်၌ ကြမ်းပြင်တစ်ခုမရှိနေသကဲ့သို့ ခံစားလိုက်ရသည်။

သူသည်မည်သည့် တုံ့ပြန်မှုမျှမပြုလုပ်နိုင်ခင် မှာပင် အောက်ဘက်သို့ ပြုတ်ကျသွားခဲ့လေသည်။

ကံကောင်းစွာဖြင့် သူ့အား ပြုတ်ကျခြင်းမှ သက်သာစေမည့် နူးညံ့သောအရာတစ်ခုသည် အောက်၌ အဆင်သင့်ရှိနေခဲ့လေသည်။

အာရန်သည် သူ၏ ခေါင်းနောက်ပိုင်းကို ပြန်လည် ပွတ်သပ်မိလိုက်သည်။

ထို့နောက် သူ၏ အခန်း ကြမ်းပြင်သည် မည်သည့်အချိန်ကတည်းက အလွန်နူးညံ့သည့် အရာတစ်ခု ဖြစ်သွားခဲ့ရသည့်အကြောင်းကို တွေးလိုက်မိသည်။

ပြီးတော့ သူ၏ လက်တစ်ဖက်ရှိ အိစက်စက်အရာတစ်ခုသည် ဘယ်အရာဖြစ်မည်နည်း။

ထို့နောက် သူသည်မျက်စိဖွင့်လိုက်ကာ အောက်သို့ ငုံ့ကြည့်လိုက်မိသော အခိုက်အတန့်တွင်မူ သူ၏ မျက်နှာသည် လုံးဝ တောင့်တင်းသွားရလေတော့သည်။

အရှေ့ဘက်တိုက်ကြီး၌ သွေးနတ်ဆိုးဟု လူသိများသော အမျိုးသမီးတစ်ဦး သည် သူ၏ ဘက်အောက်၌ ရောက်ရှိနေခဲ့လေသည်။

အရှေ့တိုက်ကြီးတွင် သူမ၏ ကျော်ကြားမှုသည် ကောလာဟလအချို့ကြောင့် ဖြစ်သော်လည်း သူမ၏ ရက်စက်ကြမ်းကြုတ်သော ထိုကျော်ကြားမှုသည် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခု ရှိနေသည်။

အာရန်သည် သူမနှင့် ယခင်က တွေ့ဆုံခဲ့ဖူးပြီး သူမနှင့်ပင် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိခဲ့ဖူးသော်လည်း ယခုအချိန်၌ သူသည် အမှန်တကယ် မြေမြှုပ်မိုင်းတစ်ခုကို နင်းမိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။

အာရန်နှင့် မနီးမဝေး၌ သားရဲထိန်းသည်လည်း ထိုမြင်ကွင်းကို မြင်လိုက်ပြီး လုံးဝ တောင့်တင်းသွားလေသည်။ သူ ဘာများ မြင်လိုက်မိပါလိမ့်။

သူသည် သူ၏ မျက်လုံးများကို အလျင်အမြန် မှိတ်လိုက်ကာ လက်ဖြင့် ဖုံးအုပ်လိုက်ကာ “ကျုပ် ဘာမှ မမြင်လိုက်ပါဘူး” ဟု အော်ပြောလိုက်သည်။

“မင်း ဘာတွေအော်နေတာလဲ...”

သူ၏ စကားများကြောင့် အာရန်၏ နှုတ်ခမ်းများပင် တုန်ယင်သွားရသည်။ သူတို့ ဘာလုပ်နေသည်ဟု သူ ထင်လိုက်သနည်း။ ဤအရာ အားလုံး သည် မတော်တဆမှုများပင် မဟုတ်ပါလော။

ကံမကောင်းစွာဖြင့် အာရန်သည် ဤမတော်တဆမှုအား မည်ကဲ့သို့ တုံ့ပြန်ရမည်ကို မသိခြင်းပင်။

ကျန်းဝေ၏ မျက်နှာသည် လုံးဝ တောင့်တင်းနေပြီး သူမ၏ စိတ်သည် ဤအချိန်၌ လျှပ်စစ်နှင့်ထိလိုက်မိ သကဲ့သို့ လုံး၀ရှော့ရသွားသည်ကို သူ မြင်နိုင်ခဲ့လေသည်။

သူမသည် သတိပြန်ဝင်လာပြီး သူ့ကို လေထဲသို့ ကန်ထုတ်ပစ်လိုက်ဖို့ ကြိုးစားရန် အချိန်အနည်းငယ်သာ လိုတော့သည်ကိုလည်း သိလိုက်သည်။

“ဒါ မတော်တဆမှုတစ်ခုလို့ ကိုယ်ပြောရင် မင်း ကိုယ့်ကို ယုံမှာလား”

အာရန်သည် ခပ်မဲ့မဲ့ တစ်ချက်ပြုံးရင်း ပြောလိုက်သည်။

သူ၏ ဘယ်ဘက်လက်မှာ သူမ၏ ထိုနေရာကို ဆုပ်ကိုင်ထားဆဲ ဖြစ်ကြောင်းကိုမူ သူ သတိပြုမိဟန်မရသေးပေ။

All Chapters