← Chapters

သေမင်း၏ အရိပ်အ‌ယောင်များ

Vol. 15 Ch. 196

သေမင်း၏ အရိပ်အ‌ယောင်များ

Vol. 15 Ch. 196

“ဒါကို မတော်တဆမှုတစ်ခုလို့ ကိုယ်ပြောရင် မင်း ကိုယ့်ကို ယုံမှာလား”

ထိုအရာသည် အာရန်၏ နှုတ်ခမ်းမှ ပထမဆုံး ထွက်ပေါ်လာသော စကားလုံးများ ဖြစ်လေသည်။

ကျန်းဝေ၏ မျက်လုံးများသည် တဖြည်းဖြည်း အာရုံပြန်ဝင်လာပြီး သူမ၏ မျက်နှာအမူအရာသည် တုန်လှုပ်ချောက်ချားခြင်းမှ ရှက်ရွံ့ခြင်းသို့ ကူးပြောင်းသွားခဲ့သည်။

သူမ၏ မျက်လုံးများသည် သူမ၏ ရင်ဘတ်ဆီသို့ ငုံ့ကြည့်လိုက်သောအခါ အလိုလို ကျဉ်းမြောင်းသွားလေသည်။

အာရန်သည် သူမ၏ အကြည့်နောက်သို့ လိုက်ပါသွားပြီး သူမ ဘာကို ကြည့်နေသည်ကို သဘောပေါက်သွားသည်။

သူ၏ မျက်နှာအမူအရာသည်လည်း လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏ ထိုလက်ကို ပြန်ရုတ်လိုက်ကာ သူမနှင့် အကွာအဝေးတစ်ခု ဖန်တီးရန် နောက်သို့ ခုန်ဆုတ်လိုက်သည်။

“ကိုယ် ဂိတ်တံခါးပေါက်နည်းလမ်းအချို့ကို စမ်းသပ်နေခဲ့တာ ဒါပေမဲ့ စမ်သပ်ရင်း အမှားအယွင်းလေး နဲနဲလုပ်မိသွားပြီး တည်နေရာမှားယွင်းသွားပြီး အောက်ကိုပြုတ်ကျလာတာပါ ကိုယ် ပြုတ်ကျတဲ့အချိန်မှာ မင်း ကိုယ့်အခန်းထဲမှာ ရှိနေမယ်လို့ တကယ် မထင်ထားခဲ့ဘူး” ဟု အာရန်က ရှင်းပြနေစဉ် ကျန်းဝေသည် သူမ၏ ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်ကာ ထရပ်လိုက်သည်။

သူမ၏ မျက်နှာသည် အနည်းငယ် နီရဲနေပြီး အာရန်ကို စိုက်ကြည့်နေသည်။ သူမ၏ မျက်နှာသည် ရှက်ရွံ့ခြင်းကြောင့် နီရဲနေခြင်းလား သို့မဟုတ် ရိုးရိုး အမျက်ဒေါသကြောင့် နီရဲနေခြင်းလား မခွဲခြားတတ်ပေ။

သို့သော် အာရန်မှာ သူမသည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူမပတ်လည်၌ သွေးရောင်မြူခိုးငွေ့များ မြင့်တက်လာသည်ကို တော့ သတိပြုမိလိုက်သည်။

ကံကောင်းစွာဖြင့် ကျန်းဝေသည် သူမ၏ သွေးဆာမှုကို အချိန်မီ ထိန်းချုပ်လိုက်နိုင်ခဲ့သည်။

သူမပတ်လည်မှ သွေးငွေ့များသည် ပြန်လည်ပျောက်ကွယ်သွားခဲ့သော်လည်း ဖြစ်ပျက်ခဲ့သောအရာများကို သူမ မေ့သွားသည်ဟု မဆိုလိုပေ။

အာရန်၏ စကားများ၌ အမှန်တရားအချို့ ပါ၀င်နေကြောင်း သူမ သဘောပေါက်ခဲ့သည်။ သူမ ဤနေရာသို့ ရောက်လာသောအခါ သူသည် ဤနေရာ၌ မရှိခဲ့ပေ။

သူ ရုတ်တရက် ပေါ်လာခြင်းမှာ သူသည် ဂိတ်တံခါးပေါက်တစ်ခုမှ ဝင်လာပြီး စမ်းသတ်မှုဖြစ်စဥ်တစ်ခုတွင် တစ်ခုခုမတော်တဆ မှားယွင်းသွားခြင်းဖြစ်သည်ဟု ဆိုလိုလေသည်။

ရှက်စရာကောင်းသောဖြစ်ရပ်တစ်ခုဖြစ်ခဲ့သော်လည်း ထိုသို့ မတော်တဆမှုလေးတစ်ခုအတွက် အကြီးအကဲရန်ကဲ့သို့သူမျိုးကို တိုက်ခိုင်ရန်ကျိုးစားခြင်းသည် ကောင်‌သော‌ရွေးချယ်မှုမဟုတ်ပေ။

နောက်ဆုံးတွင် သူမ၌လည်း သူ့အပေါ် မကောင်းသော အထင်အမြင်များ ရှိမနေခဲ့ပေ။

မည်သို့ပင်ဆိုစေ ၎င်းတို့၏ ပထမဆုံး တွေ့ဆုံမှုတွင်လည်း သူသည် သူမအား ကျေနပ်မှုအချို့ရရှိစေခဲ့လေသည်။

ထို့ပြင် သူမသည် ယခုအချိန်ပြန်လည်တိုက်ခိုက်ပါကလည်း သူ့ကို အမှန်တကယ် ထိခိုက်အောင် လုပ်နိုင်မလား သူမ မသေချာပေ။

ဝင်ခွင့်စာမေးပွဲ၌ အာရန်ဖော်ပြခဲ့သော ဓားဧကရာဇ်အော်ရာကို သူမ ခံစားမိခဲ့ပြီးဖြစ်လေသည်။

၎င်းအော်ရာသည် ဂိုဏ်းချုပ်နှင့် အဆင့်တူ သို့မဟုတ် ပို၍ အင်အားကြီးနိုင်လေသည်။

ထို့ပြင် သူ၏ မကြာသေးမီက ကျော်ကြားလာသည့် အကြောင်းရင်းများ ကိုလည်း လျစ်လျူရှုထား၍မရပေ။

သူသည် အသူရာဂိုဏ်းချုပ်ကိုပင် တစ်ဦးတည်း သတ်ခဲ့ခြင်းဖြစ်ပြီး မိစ္ဆာဂိုဏ်း၏ အားအနည်းဆုံး တပည့်များကို ဦးဆောင်ကာ ကျန်ရှိနေသော ဂိုဏ်းများအားလုံးကို ဖျက်ဆီးခဲ့လေသည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း သူ၏ အောင်မြင်မှုများသည် သူ့အား မိစ္ဆာဂိုဏ်း၏ ကြီးမားသော တည်ရှိမှုတစ်ခုကဲ့သို့ လူများအား ထင်မြင်စေခဲ့သည်။

ထိုကဲ့သို့ သူမျိုးကို ဤမတော်တဆမှုလေးတစ်ခုဖြင့် တိုက်ခိုက်ရန် မသင့်ဟုသူမ ပြန်လည်ဆင်ခြင်လိုက်မိသည်။

အထူးသဖြင့် သူသည်ထိုအရာကို ရည်ရွယ်ချက်ရှိရှိ ပြုလုပ်ခဲ့မိခြင်းမဟုတ်ပေ။

အာရန်သည်လည်း သူမမှာ သူ့အား တိုက်ခိုက်ရန် တွန့်ဆုတ်နေသည်ကို မြင်နိုင်ခဲ့လေသည်။

ထိုအခါမှသာ သူသည် သက်ပြင်းချနိုင်တော့သည်။ သို့သော် သူမအား ထိုကိစ္စနှင့်ပတ်သတ်၍ မည်သည့်အကြောင်းပြချက်ကိုမျှ ထပ်မံ မပေးလိုတော့ပေ။

ထို့နောက် အာရန်သည် အလျင်အမြန်ပင် အကြောင်းအရာကို ပြောင်းလဲလိုက်ကာ

“ဒါနဲ့နေပါဦီးမင်းကကော ဒီကိုဘာကိစ္စနဲ့ရောက်လာရတာလဲ” ဟု ပြန်မေးလိုက်သည်။

“ဘာကိစ္စ ရှိဦးမှာလဲ ဂိုဏ်းချုပ်က ရှင်နဲ့ လာတွေ့ဖို့ ပြောလိုက်တယ် ကျွန်မတို့ အနောက်တိုက်ကို အတူတူ ထွက်ခွာကြရမှာမလား”

“အာ ဟုတ်သားပဲ အဲဒီကိစ္စ ရှိသေးတာပဲ”

အာရန်သည် အက်စ်တီလီနာ၏ ဖမ်းဆီးခြင်း မခံရမီ သူမနှင့် သွားတွေ့ရန် စီစဉ်ထားခဲ့ကြောင်း သတိရလိုက်သည်။ နောက်ဆုံးတွင် အနောက်တိုက်သို့ သွားရမည့်သူသည် သူတစ်ဦးတည်း မဟုတ်ခဲ့ပေ။

ဤအရာသည် ပြင်ပလူများ မသိသင့်သော ဂိုဏ်းတွင်းလျှို့၀ှက် အကြောင်းအရာများ ဖြစ်သောကြောင့် အာရန်သည် သားရဲထိန်းအား သူ၏ နေရပ်သို့ပြန်သွားရန် ပြောလိုက်သည်။

သားရဲထိန်းသည် အနည်းငယ်တွန့်ဆုတ်နေဟန်ရသည်။ သူသည် အာရန်၏ ဖီးနစ်ငှက်ကိုပင် ကောင်းစွာ လေ့လာခွင့်မရသေးပေ။

သူသည် တစ်ခုခု ပြောချင်နေခဲ့သော်လည်း ကျန်းဝေမှ သူ့အား စိုက်ကြည့်နေသည်ကို မြင်လိုက်သောအခါ ထိုနေရာမှ အလျင်အမြန်ပင် ပျံထွက်သွားတော့သည်။

သူသည် ထိုဂိုဏ်းမှ တတ်နိုင်သမျှ အမြန်ဆုံး သာ ထွက်ခွာသွား လိုနေတော့သည်။

ထွက်ခွာစဉ် သူသည် မိစ္ဆာဂိုဏ်းမှ လူများနှင့် နောက်တွင်ဘယ်တော့မှ မပတ်သက်မိရန် မိမိကိုယ်ကို အကြိမ်ကြိမ် သတိပေးနေတော့သည်။ ဤလူများသည် အလွန် ရူးသွပ်ကြလေသည်။

သူသည် အာရန်ကို အနည်းငယ် မနာလိုဖြစ်မိလေသည်။ တစ်ဖက်တွင် ရှုယင်ကဲ့သို့ ချစ်သူမျိုးတစ်ဦး ရှိနေလျက်နဲ့ပင် တစ်ဖက်တွင်လည်း အလှပဂေးတစ်ဦးပင်ဖြစ်သော အကြီးအကဲကျန်းဝေနှင့်လည်း ဘာလိုလိုညာလိုလို ပတ်သက်နေပြန်သေးသည်။

“ဖီးနစ်ငှက်ကို နောက်တစ်ကြိမ် မြင်ခွင့်ရရင် ဘယ်လောက် ကောင်းလိုက်မလဲ...”

ဤသည်မှာ ထိုသားရဲထိန်းသည် သူပြန်ထွက်လာစဉ် သူ၏ အကြီးမားဆုံး နောင်တတစ်ခုဖြစ်ပြီး ထိုကဲ့သို့သော အခွင့်အရေးကို နောက်တစ်ကြိမ် ထပ်မံ ရရှိနိုင်ဦးမလားဟု တွေးတောနေမိသည်။

ပြန်ပေးဆွဲခံရသော ထိုသားရဲထိန်း ထွက်သွားပြီးနောက် အာရန်သည် ကျန်းဝေနှင့်အတူ သူ၏အိမ်၌ ကျန်ရစ်ခဲ့သည်။

ယီလန်နှင့် ဆီလက်စ်တို့သည်လည်း သူနှင့်အတူ အခန်းတွင်း၌ ရှိနေကြသည်။ သို့သော် ယီလန်သည် ဆီလက်စ်ကို မမြင်နိုင်သကဲ့သို့ ကျန်းဝေသည်လည်း ယီလန်ကို မမြင်နိုင်ပေ။

အာရန်နှင့် ကျန်းဝေတို့သည် အနောက်တိုက်သို့ထွက်ခွါရမည့် ၎င်းတို့၏ လာမည့်ခရီးစဉ်နှင့်ပတ်သတ်၍ လိုအပ်သော ပြင်ဆင်မှုများအားလုံးကို စေ့စေ့စပ်စပ် ဆွေးနွေးတိုင်ပင်ခဲ့ကြသည်။

ယခုအချိန်တွင် ကျန်းဝေမှာ အာရန်နှင့်ယှဥ်ပါက အနောက်တိုက် အကြောင်းကို ပိုမို၍ သိရှိနားလည်ထားသူ ဖြစ်လေသည်။

ဤသို့ဖြင့် ညနေဆည်းဆာအချိန်သို့ ချဉ်းကပ်ရောက်ရှိသွားသောအခါ ၎င်းတို့၏ စကားလက်ဆုံကျခြင်းကို အဆုံးသတ်လိုက်လေသည်။

“ကျွန်မတို့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို အကြီးအကဲလီကို ကျွန်မပဲ ပြောလိုက်ပါမယ်” ဟု ကျန်းဝေက ထရပ်ကာ ထွက်ခွာရန် ပြင်ဆင်ရင်း အာရန်အားပြောလိုက်လေသည်။

သို့သော် သူမသည် အပြင်သို့ လှမ်းထွက်ရန် ပြင်လိုက်စဉ်တွင်ပင် အာရန်က သူမကို လှမ်း၍ ခေါ်လိုက်သည်။

“ဒါဟာ ထောင်ချောက်တစ်ခုလို့ မင်း ထင်သလား”

အာရန်သည် တံခါးအနီး၌ ရပ်နေသော ကျန်းဝေအနားသို့ တိုးကပ်သွားလေသည်။

အနောက်ဘက်တိုက်ကြီးမှ ရုတ်တရက် ဆိုင်းမဆင့်ဗုံမဆင့် ဆိုက်ရောက်လာသော ယခုကဲ့သို့ ဖိတ်ကြားချက်သည်ကား... မူရင်းဝတ္ထုထဲတွင် ဤသို့ အချိန်အခါမျိုး၌ ဤကဲ့သို့သော အဖြစ်အပျက်မျိုး မရှိခဲ့ဘူးပေ။

သူသည် အနာဂတ်အချို့ကို ပြောင်းလဲမိခဲ့သည်ဆိုသော်လည်း ၎င်းသည် တောင်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုက်နှင့် မြောက်ပိုင်းတိုက်များနှင့်သာ သက်ဆိုင်ပေသည်။

အနောက်ပိုင်းတိုက်နှင့်ပတ်သက်၍ သူသည် မည်သည့်အရာမျှ ပြုလုပ်ခဲ့ခြင်း မရှိသေးချေ။

၎င်းတို့နှင့် သက်ဆိုင်သော မည်သည့်အရာမျှ သူ့ကြောင့် မပြောင်းလဲသွားသင့်ပေ။

ထို့ကြောင့်အခြားတစ်စုံတစ်ဦးသည် အနောက်ဘက်တိုက်၏ အနာဂတ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ထောင်ချောက်တစ်ခုနှင့် လွန်စွာဆင်တူနေသည်ဟု သူ ယုံကြည်မိလေသည်။

“အနောက်ဘက်တိုက်ကြီးမှာ ငါတို့ကို ဒုက္ခပေးဖို့ ဘာအကြောင်းပြချက်မှ မရှိဘူးလို့ ကျွန်မထင်တယ် သူတို့က နစ်ခရိုမန်ဆာမျှော်စင်နဲ့ ပြဿနာတွေနဲ့တင် ဖြေရှင်းဖို့ အလုပ်များနေကြတာလေ ကျွန်မတို့ကို ဒုက္ခပေးဖို့ ကြိုးစားရအောင် သူတို့တွေက အရူးတွေမှ မဟုတ်တာ” ဟု ကျန်းဝေက ထောင်ချောက်အကြောင်းကို အလေးအနက် မထားဘဲ ပြုံး၍ပြန်ပြော လိုက်သည်။

“ပြီးတော့ အဲဒါက ထောင်ချောက်တစ်ခုဖြစ်နေခဲ့ရင်တောင် ကျွန်မတို့လုပ်ရမှာက သူတို့ရဲ့ ထောင်ချောက်တွေကို ဖျက်ဆီးပစ်ဖို့ပဲ အဲဒါ ကလဲ သိပ်ခက်ခဲမှာ မဟုတ်ပါဘူး” ဟု သူမက ယုံကြည်မှုအပြည့်ဖြင့် ပြန်ပြောလိုက်လေသည်။

“ဒီခရီးစဥ်က ကျွန်မတို့ မသိလိုက်ခင်မှာပဲ ဘေးကင်းစွာ နဲ့ ပြန်ရောက်လာမှာပါ” ဟု သူမက ထပ်လောင်း ပြောကြားလိုက်သည်။

သူမ၏ စကားများကို ကြားသောအခါ အာရန်သည် ကိုယ့်နှာဖူးကိုယ်သာ ပြန်ပွတ်နေလိုက်သည်။

‘သူမ သေမင်းရဲ့ အရိပ်အယောင်တွေကို ပိုပြီးတိုးမြှင့်လိုက်တာလား’

ကျန်းဝေသည် တစ်ခုခု မှားယွင်းတော့မည်ကို ကြိုတင်သိထားသူ တစ်ဦးကဲ့သို့ အာရန်သည် ဘာကြောင့် ဤသို့ ပြောလိုက်သည်ကို နားမလည်နိုင်ဖြစ်သွားရသည်။

ယခုအချိန်အခါ၌ အင်အားအကြီးဆုံး အကြီးအကဲတစ်ဦးဟု လူသိများနေသောသူတစ်ဦးအတွက် ထိုအရာသည် အနည်းငယ် သတိထားလွန်းနေသည်ဟုသတ်မှတ်၍ရသည် မဟုတ်ပါလား။

သို့မဟုတ် သူမ၏ ဘေးကင်းမှုကို သူသည် စိုးရိမ်နေခြင်းလောဟုလည်း တွေးလိုက်မိသည်။

အာရန်သည် သေခြင်းကို ကြောက်ရွံ့မည့်သူဟု သူမ မထင်ပေ။

၎င်းသည် သူမသည် သူ့ထက် အားနည်းသောကြောင့်သာ သူမအတွက် စိုးရိမ်နေခြင်းဖြစ်မည်ဟု သူမအား ယုံကြည်သွားစေခဲ့သည်။

“ရှင် အရမ်း သတိထားလွန်းနေတယ်လို့ ကျွန်မထင်တယ် အားနည်းတဲ့သူတွေအတွက်တော့ ဟုတ်တာပေါ့ ဒါပေမဲ့ ကျွန်မတို့လူတွေ အတွက်တော့ လုံးဝ မလိုအပ်ပါဘူး”

ကျန်းဝေက အာရန်အား နှစ်သိမ့်ရန် ကြိုးစားရင်း အပြုံးကလေးဖြင့် တုံ့ပြန်လိုက်သည်။

‌ကျန်းဝေသည် အာရန်၏ ပခုံးပေါ်၌ သူမ၏လက်ကိုတင်လိုက်ကာ “ကျွန်မစောစောက ပြောခဲ့သလိုပဲ ဒီခရီးစဥ်မှာ အားလုံး ဘေးကင်းကင်း နဲ့ပဲ ပြန်ရောက်လာမှာပါ” ဟု ထပ်ပြောလိုက်သည်။

ကံမကောင်းစွာဖြင့် အာရန်သည် ရုတ်တရက် တစ်ကြိမ်ထပ်မံ၍ သေမင်း၏ အရိပ်အယောင်များကို ခံစားမိလိုက်သဖြင့် သူ၏ ရင်ဘတ်ဆီမှ အနည်းငယ်အောင့်သက်သက်နိုင်သည့် ခံစားချက်တစ်ခုကို ရရှိလိုက်သည်။

‘ဒါက မင်း အလံနီတွေ ဆက်တိုက်လွှင့်ထူထားတဲ့ ခံတပ်တစ်ခုများတည်ဆောက်ချင်နေတာလား’ ဟု သူသည် အတွင်း၌ တွေးတောနေလေသည်။

အာရန်တို့နှစ်ဦးနှင့် မနီးမဝေးတစ်နေရာ၌ ရှုယင်သည် ဂိုဏ်းချုပ်နှင့် သွားရောက်တွေ့ဆုံရာမှ ပြန်လာပြီး ၎င်းနှစ်ဦးအား စူးစိုက်၍ ကြည့်ရှုနေလေသည်။

ကျန်းဝေ၏ လက်သည် အာရန်၏ ပခုံးပေါ်၌ တင်လျက်ရှိနေပြီး အာရန်သည် သူမကို စိုက်ကြည့်နေသည်မှာ အမှန်တွင် သူသည် သူမအား စိတ် အတွင်း၌ ကျိန်ဆဲနေသောကြောင့် ဖြစ်သည်။

သို့သော် အဝေးမှ မြင်ရသူတစ်ဦးအတွက်မူ ၎င်းသည် လုံးဝ ကွဲပြားခြားနားသော အဓိပ္ပာယ်ကို ဆောင်နေလေသည်။

#Catfoot

All Chapters