← Chapters

တပည့်မလေးကို ညွှန်ကြားခြင်း

Vol. 15 Ch. 201

တပည့်မလေးကို ညွှန်ကြားခြင်း

Vol. 15 Ch. 201

(ဘာသာပြန်သူမှတ်ချက် - ခုအပိုင်းကစပြီးတော့ အာရန်ရဲ့ ပထမဆုံးတပည့်မလေးနာမည်ကို ဝမ်ချင်းယုကနေ ယူလင်လို့ ပြောင်းလဲသုံးနှုန်းသွားပ့ါမယ် မူရင်းမှာကိုက ပြောင်းလိုက်လို့ပါ အစကမူလ အမည်အတိုင်းပဲ ဆက်သုံးဖို့ဆုံးဖြတ်ခဲ့ပေမဲ့ သူက နောက်ပိုင်းအ‌ရေးပါတဲ့ဇာတ်ကောင်ဖြစ်လာနိုင်တဲ့အပြင် နောက်ပိုင်းမိဘမျိုးရိုးတွေ ဘာတွေပါလာရင် ရှုပ်ကုန်မှာစိုးလို့ မူရင်းအတိုင်းပဲ ပြန်ပြောင်းထားလိုက်ပါတယ် အဲ့အတွက် နားလည်ပေးကြပါနော်)

................................

ယူလင် ဖန်တီးထားသော နေရာသည် ကြည့်ရှု၍ အလွန်ကောင်းမွန်လှပေသည်။ အနည်းဆုံးတော့ အာရန် လက်ရှိနေထိုင်နေသော နေရာထက်မူ များစွာသာလွန်သည်ဟု ဆိုရပေမည်။

ထို့ပြင် အလွန်ပင် ကျယ်ဝန်းသောကြောင့် အာရန်သည်ပင် ထိုနေရာ၌ အခြေချနေထိုင်လိုသော ဆန္ဒများ ဖြစ်ပေါ်လာခဲ့ရလေသည်။

ယခုအချိန်တွင် သူသည် လွတ်လပ်စွာ လေပေါ်ပျံသန်းနိုင်စွမ်း ရှိနေပြီဖြစ်သောကြောင့် မိမိ၏ နေအိမ်မှ ထွက်ခွာစဉ် ချောက်ကမ်းပါးမှ ပြုတ်ကျမည်ကိုမူ စိုးရိမ်ပူပန်ရန် မလိုတော့ပေ။

သို့သော်ငြားလည်း ထို ရှေးဟောင်းအိုမင်းနေသော တဲအိမ်လေးသည် သူ့အား အမြဲလိုလို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သည်။

တောင်တစ်ခုလုံးကို ပိုင်ဆိုင်ထားပါလျက်နှင့် အကြီးအကဲရန်သည် အဘယ်ကြောင့် ထိုနေရာ၌ပင် ဆက်လက်နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်ကို သူ အခုထိ နားမလည်နိုင်သေးပေ။

“ဆရာ”

ယူလင်၏ ညင်သာသော အသံလေးတစ်ခုသည် အာရန်၏ အာရုံကို ဖမ်းစားလိုက်လေသည်။

အာရန် လှည့်ကြည့်လိုက်သောအခါ သူမ၏ မျက်နှာ၌ နူးညံ့သော အပြုံးရိပ်သန်းလျက်ရှိပြီး ခြံတွင်းတစ်နေရာ၌ ရပ်နေသည်ကို တွေ့မြင်လိုက်ရသည်။

“ကျွန်မအသစ် တိုးချဲ့ဆောက်လုပ်ထားတဲ့အိမ်ကို ဆရာနောက်ဆုံးတော့ သတိပြုမိသွားခဲ့ပြီပေ့ါ”

ဟု သူမက အနည်းငယ် ဂုဏ်ယူသော အရိပ်အယောင်များ သန်းနေသည့်လေသံဖြင့် ဆိုလိုက်သည်။

“အခု ဆရာလည်း ဒီနေရာမှာ လာရောက်နေထိုင်နိုင်ပါပြီ”

“သူမက ရှင့် တပည့်လား”

ယီလန်က ယူလင်၏ ပတ်ပတ်လည်အား အလွန်အမင်း စူးစမ်းလိုသော အကြည့်များဖြင့် လှည့်ပတ်ကြည့်ရှုအကဲခတ်ရင်း မေးလိုက်သည်။

“သူမက အတော်လေး ပါရမီပါပုံရတယ် ပြီးတော့ တစ်ချိန်တည်းမှာပဲ အနည်းငယ် ရင်းနှီးနေသလိုလဲ ခံစားရတယ်” ဟု သူမက အချိန်တစ်ခဏခန့် စဉ်းစားရင်း ပြန်ပြောလိုက်သည်။

အာရန်သည် သူမ၏ စကားများကိုအနည်းငယ် တွေးတောလိုက်မိသည်။ ယူလင်ကို သူမ ရင်းနှီးသည်ဟု ခံစားရရန် အကြောင်းပြချက်များ ရှိနိုင်ပါမည်လော။

ထိုသို့ ဖြစ်နိုင်ဖွယ် မရှိပေ။ သူမ၏ အထင်လွဲမှားမှု တစ်ခု သက်သက်သာ ဖြစ်မည်ဟု တွေးလိုက်မိသည်။

‘ရင်းနှီးတယ်ဆိုတာ ဘယ်လိုမျိုးကိုပြောတာလဲ’

အာရန်က အတွေးများနေရာမှ မေးလိုက်သည်။

“မသေချာပါဘူး ကျွန်မ အတွေးလွန်တာလဲ ဖြစ်နိုင်ပါတယ် ဒါပေမဲ့ သူမကိုမြင်လိုက်ရတော့ တစ်စုံတစ်ဦးကို သတိရသွားစေလို့ပါ အဲ့ဒီလူကလဲ အသက်အရွယ်အားဖြင့်တွက်မယ်ဆို အတော်အခုဆို ကြီးနေလောက်ပြီ သူမက အဲ့ဒီလူရဲ အဆက်အနွယ်များ ဖြစ်နိုင်နေမလားလို့ တွေးလိုက်မိလို့ပါ” ဟု ယီလန်က ထိုအကြောင်းကို ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

‘မင်းက သူမရဲ့ ဘိုးဘေးတစ်ယောက်အကြောင်းကို ပြောနေတာဆိုသည်ဆိုရင်တော့ ဒါဟာ ဖြစ်နိုင်ချေရှိပါတယ် နောက်ဆုံးမှာ သူမရဲ့ မိခင်မျိုးရိုးကိုက အလွန်ထူးခြားတဲ့အတွက် ငါကိုယ်တိုင်တောင် ယခုထိ ချဉ်းကပ်ကြည့်ဖို့ မကျိုးစားချင်သေးဘူး’ ဟု အာရန်က သူမ၏ စကားများကို သိပ်အလေးမထားဟန်ဖြင့် တုံ့ပြန်လိုက်သည်။

ယီလန်သည် အချိန်ကာလ အလွန်ကြာမြင့်ခဲ့ပြီဖြစ်သော လွန်ခဲ့သော ခေတ်ကာလတစ်ခု၌ နေထိုင်ခဲ့သူတစ်ဦး ဖြစ်လေသည်။

ယခု သူမ အသက်ပြန်ရှင်လာခဲ့သည် ဆိုသော်ငြားလည်း အတိတ်၌ ယူလင်နှင့် တွေ့ဆုံဖူးရန်မှာ မဖြစ်နိုင်ဟု တွေးမိလိုက်မိသည်။

ထို့ကြောင့် သူမ၏ ယူဆချက်သည် အဓိပ္ပာယ်ရှိပေသည်။

၎င်းသည် ရင်းနှီးသော ခံစားချက်တစ်ခုသက်သက်သာဖြစ်ပြီး သူမတွေ့ခဲ့ဘူးသော သူဖြစ်သည်ဟု ဆိုလိုခြင်း မဟုတ်ပေ။

ယီလန်သည် အတိတ်၌ ယူလင်၏ မည်သည့် ဘိုးဘေးကို တွေ့ဆုံခဲ့ဘူးသည်ကို အာရန်သည် စိတ်ဝင်စားသွားမိသည်။

“ဆရာရှင့် ဒီနေရာကို သဘောမကျဘူးလား”

ယူလင်က အာရန်၏ တိတ်ဆိတ်နေမှုကို အနည်းငယ် စိုးရိမ်သွားသော လေသံဖြင့် မေးလိုက်သည်။

“အတော်လေးကြည့်ကောင်းတယ်”

အရန်သည် ရှုပ်ထွေးသည့်အရာများကို ထပ်မံတွေးတောရန် အချိန်များစွာ မရလိုက်သောကြောင့် ယူလင်ထံသို့သာ အာရုံပြန်စိုက်လိုက်သည်။

သူ၏ ဘဝ၌ အခြားဖြေရှင်းရမည့် ပြသနာများနှင့် ပဟေဠိပုစ္ဆာများစွာ ရှိနှင့်ပြီး ဖြစ်လေသည်။ အဓိပ္ပာယ်မရှိသော အလုပ်ကို လိုက်လံဖော်ထုတ်ရန် သူ၌ အချိန်မရှိပေ။

“ငါ မင်းကို ပေးထားခဲ့သော ကျင့်စဥ်တွေကိုကော သင်ယူပြီးပြီလား” အာရန်သည် ဤနေရာသို့ ရောက်လာရသည့် အကြောင်းရင်းကို ပြန်လည် မေးမြန်းလိုက်သည်။

သူသည် ယူလင်အား ကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့ခြင်း မရှိပေ။

သူကိုယ်တိုင်လည်း နားမလည်နိုင်သောကြောင့် ကျင့်ကြံခြင်းနှင့် သက်ဆိုင်သော စာအုပ်အနည်းငယ်ကိုသာ သူမအား ပေးခဲ့ခြင်း ဖြစ်သည်။

မစ်ထ်၏ သမီးပင် လိုချင်နေခဲ့သော ထိုစာအုပ်ကို ယူလင် အဘယ်ထိမျှ တတ်မြောက်နေပြီလဲ ဆိုသည်ကို သူ စိတ်ဝင်စားနေသည်။

“အဲဒီစာအုပ်...” ဟုအစချီရင်း ယူလင်သည် ငြိမ်သက်သွားခဲ့သည်။

သူမ၏ ငြိမ်သက်သွားသော အမူအရာကို ကြည့်ရင်း အာရန်သည် သူမ ကျရှုံးသွားပြီလားဟု တွေးလိုက်မိသည်။

သူသည် သူမအား နှစ်သိမ့်ရန် ပြင်လိုက်စဉ် ယူလင်က ဆက်လက် ပြောကြားလိုက်သည်။

“အဲ့ဒီစာအုပ်က တကယ် မယုံနိုင်စရာပဲ” သူမက အံ့အားသင့်နေသော လေသံဖြင့် ပြန်ပြောလိုက်သည်။

“ကျွန်မအဲ့ဒီ ဒြပ်စင်ခြယ်လှယ်ခြင်း ဖြစ်စဥ်ထဲ ပိုပြီး နစ်မြုပ်မိလေလေ အဲဒီစာအုပ်က ဘယ်လောက် မယုံနိုင်စရာ ကောင်းလဲဆိုတာ ပိုပိုပြီး နားလည်လာလေလေပဲ”

“ဒီလောက် အချိန်အကြာကြီးယူခဲ့ရပြီး နောက်မှာတောင် ကျွန်မဟာ ပထမပိုင်းကိုပဲ တတ်မြောက်ခဲ့သေးတယ်” ဟု သူမက မိမိကိုယ်ကို အားမလိုအားမရ ဖြစ်နေသော လေသံဖြင့် ခေါင်းငုံ့ကာပြောလိုက်သည်။

ထိုကဲ့သို့ အဖိုးတန် လက်ဆောင်ကို ရရှိပါလျက်နှင့် သူမသည် ပထမပိုင်းကိုသာ တတ်မြောက်နိုင်ခဲ့သည်။

သူမ၏ ဉာဏ်ရည်နိမ့်ကျမှုကြောင့် အာရန်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားလိုက်ရသည်။

တစ်ဖက်၌မူ အာရန်သည် သူမကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။

ထိုမျှ တိုတောင်းသော အချိန်အတွင်း ပထမပိုင်းကို သူမ မည်သို့ တတ်မြောက်နိုင်ခဲ့သနည်း။

ဝတ္ထုထဲတွင်ပင် သူမသည် အစွမ်းထက်သော ဆရာတစ်ဦးအပြင် ဇာတ်လိုက်၏ အကူအညီနှင့်အတူ တိုက်ခိုက်မှု အတွေ့အကြုံများစွာ ရှိခဲ့သည်။

သို့သော်ငြားလည်း သူမသည် ဒြပ်စင်ခြယ်လှယ်ခြင်းစာအုပ်၏ ပထမပိုင်းကို တတ်မြောက်ရန် လအနည်းငယ်ခန့် အချိန်ယူခဲ့ရလေသည်။

ယခု သူမက ၎င်းကို တတ်မြောက်ပြီးပြီဟု ဆိုနေသည်တဲ့လား။

“ဆရာရှင့် စာအုပ်ရဲ့ နောက်ပိုင်းနဲ့ ပတ်သက်ပြီး နားမလည်တာ တစ်ခုရှိပါတယ် ဆရာ ကူညီပေးနိုင်မလား...”

သူမသည် အာရန်ထံမှ အကူအညီတောင်းရန် ကြိုးစားရင်း အနည်းငယ် တုံ့ဆိုင်းနေမိသည်။

သူမသည် ယခင်ကအတိုင်းပင် ဟောင်းနွမ်းနေဆဲဖြစ်သော ထိုစာအုပ်ကို ထုတ်ယူလိုက်သည်။

သူမသည် စာအုပ်၏ စာမျက်နှာတစ်ခုကို ဂရုတစိုက် လှန်လိုက်သည် ၎င်းမှာ ဒြပ်စင်ခြယ်လှယ်ခြင်း အနုပညာ စာအုပ်၏ ဒုတိယအခန်း အစလည်းဖြစ်လေသည်။

“ဆရာရှင် ဒီမိုက်မဲတဲ့ တပည့်မလေးကို နဲနဲလောက်ထောက်ပြပေးနိုင်မလား” ဟု သူမသည် အာရန်ထံသို့ ချဉ်းကပ်ရင်း မေးမြန်းလိုက်သည်။

သူမသည် အာရန်အား ထိုစာအုပ်ကို ပေးလိုက်ပြီး သူမ နားမလည်သော အပိုဒ်ကို ပြသပေးလိုက်သည်။ တစ်ဖက်၌ အာရန်သည် ထိုစာမျက်နှာကို ကြောင်အစွာဖြင့် ငေးကြည့်နေသည်။

ထိုအရာမှာ သူ့အတွက် စမ်းသပ်မှုတစ်ခုပေလော။

ထိုအရာသည် မည်သည့်အရာကို ဆိုလိုသည်ကို သူသည် မည်သို့ နားလည်နိုင်မည်နည်း။

ကျင့်ကြံခြင်းနှင့် ပတ်သက်ပါက သူ၏ အသိဉာဏ်သည် လုံးဝ မူကြိုတန်းအဆင့်မှာရှိနေလေသည်။

သူ့တွင် အခြေခံအကျဆုံး အသိပညာပင် မရှိခဲ့သောကြောင့် အစကတည်းက သူသည် ကျင့်စဥ်များကို လေ့လာကြည့်ရန်ပင် မကျိုးစားခဲ့ခြင်းဖြစ်လေသည်။

သူ ဤကမ္ဘာသို့ ရောက်ပြီးနောက် ကျင့်ကြံခြင်းကို အခြေခံမှစတင်လေ့လာမယ်ဆိုလျှင်ပင် မိစ္ဆာဂိုဏ်းမှ သာမန်အစေခံများနှင့် တူညီသော အဆင့်ကို ရောက်ဖို့ပင် အနည်းဆုံး ဆယ်နှစ်ခန့်ကြာမြင့်နိုင်လေသည်။

ဒါကြောင့် သူ့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ အခြေခံများကို သိစရာမလိုသော သူ၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအဆင့်ကို ပြန်လည်ရယူရန်သာဖြစ်လေသည်။

နောက်ထပ်နည်းလမ်းတစ်ခုမှာမူ နစ်ခရိုမန်ဆာမျှော်စင်မှလာခဲ့သော ရန်သည် မည်သည့်အရာများကိုလေ့ကျင့်ခဲ့သည်ကိုသိရှိရန် သူ၏ မှတ်ဉာဏ်အစိတ်အပိုင်းများကို ထပ်မံရှာဖွေရန်ဖြစ်လေသည်။

သို့သော် သူ့တွင် နောက်ထပ် မှတ်ဉာဏ်အစိတ်အပိုင်းတစ်ခု ထပ်မံရှိမနေသေးသည့်အတွက် ထိုအရာသည်လည်း မဖြစ်နိုင်သလောက်ပင် ဖြစ်လေသည်။

“ဆရာ”

ယူလင်က မျက်မှောင်ကြုံ့၍အတွေးလွန်နေသော အာရန်ကို ကြည့်ရင်း မေးလိုက်သည်။

သူမသည် ထိုမျှ အခြေခံကျသော အရာကိုပင် နားမလည်နိုင်သည့်အတွက် သူမကိုများ စိတ်ဆိုးသွားသလားဟု တွေးလိုက်မိလေသည်။

သူမသည် အာရန်၏ တုံ့ပြန်မှုကို တိတ်တဆိတ် စောင့်ဆိုင်းနေစဉ် စိတ်လှုပ်ရှားမှုကြောင့် လက်များကို နောက်တွင်ဝှက်ထားခဲ့လေသည်။

အာရန်က သူမကို စိတ်ဆိုးနေခြင်းမဟုတ်ကြောင်း သူမ မသိနိုင်ခဲ့ပါ။

ပထမဆုံး စာကြောင်းသည် မည်သည့်အရာကို ဆိုလိုသည်ကိုသာ သူသည် နားလည်ဖို့ ကြိုးစားနေရုံသက်သက်ဖြစ်လေသည်။

ဟင်းလင်းပြင်စွမ်းအင်ကို ဒုတိယ ဖိအားအမှတ်နဲ့ ချိတ်ဆက်ပြီး စိတ်ဝိညာဥ်နယ်ပယ်က နှင်းခဲအဆီအနှစ်ကို စုဆောင်းရင်း သတ္တမမြောက် ဝိညာဉ်ဆုံမှတ်ဆီ ပို့ဆောင်ပေးရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ။

သူသည် ထိုကဲ့သို့ဝတ္ထုများဖတ်စဥ်တွင် စာရေးသူမှ ထိုသို့ပေါက်ကရ လျှောက်ရေးထားသောစာများ၏ အဓိပ္ပာယ်ကို ဇာတ်လိုက်က တနည်းမဟုတ်တနည်းဖြင့် နားလည်နိုင်ခဲ့သည်ချည်းဖြစ်သောကြောင့် သူ သည်ထိုအခန်းများကို သိပ်ဂရုမစိုက်ခဲ့ပေ။

ထို့ပြင် ပျင်းစရာကောင်းသည်ဆို၍ပင် ထိုအပိုင်းများကို အများအားဖြင့် ကျော်ဖတ်ပစ်လေ့ရှိခဲ့သည်။

“အာ ဒါက...”

အာရန်သည် နားလည်သလိုလိုဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်ရသော်လည်း သူ၏ နောက်ကျောဘက်တွင်မူ ချွေးအေးများ စို့လာပြီဖြစ်လေသည်။

ထို့နောက်.....

“ဟုတ်ပြီ ငါ နားလည်ပြီ”

#Catfoot

All Chapters