ဒုတိယမြောက် တွေ့ဆုံခြင်း
Vol. 15 Ch. 202
အာရန်သည် တိတ်ဆိတ်မှုကို စတင်ချိုးဖျက်လိုက်ပြီး ယူလင်မှသူ့အား မော့ကြည့်လာသည်။
သူမသည် ထိုမျှ အခြေခံကျသော အရာကိုပင် နားမလည်နိုင်သောကြောင့် သူမ၏ဆရာကို စိတ်ပျက်စေခဲ့သည်ဟူသော အချက်ကို ထပ်ခါတလဲလဲ တွေးတောရင်း သူ၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေလေသည်။
“မင်း အဲဒါကို နားလည်ဖို့ အခက်အခဲရှိခဲ့တာကို ငါ နားလည်ပေးနိုင်တယ် ဒါက တပည့်တစ်ယောက် အလွယ်တကူ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး” ဟု အာရန်သည် မိမိ တွန်းပို့ခံထားရသော ထိုလမ်းကြောင်းမှ လွတ်မြောက်ရန် နည်းလမ်းတစ်ခုကို အမြန်တွေးတောရင်း ပြောလိုက်သည်။
အာရန်မှ ၎င်းသည် သူမ၏ အမှား လုံးဝမဟုတ်ကြောင်း ပြောသည်ကို ကြားသောအခါ ယူလင်၏ မျက်လုံးများသည် ပြန်လည်တောက်ပလာခဲ့သည်။
သူမသည် အာရန်၏ လမ်းညွှန်မှုကို ပထမဆုံးအကြိမ် ရရှိတော့မည်ဖြစ်သောကြောင့်လည်း သူ၏ ရှင်းပြချက်ကို စိတ်လှုပ်ရှားစွာ ဖြင့် စောင့်မျှော်နေလေသည်။
“သူမက ဒီလောက် ရိုးရှင်းတဲ့ အပိုဒ်ကိုတောင် နားမလည်နိုင်ပုံ ထောက်ရင်... ဟင်း သူမရဲ့ မျိုးရိုးကြောင့် ငါ တကယ်ပဲ သူမကို အထင်ကြီးလွန်းသွားခဲ့ပုံရတယ်”
အာရန်သည် ဖြေရှင်းနည်းကို တွေးတောနေစဉ် ယီလန်၏ စကားသံကို ကြားလိုက်ရသည်။
‘ဘာလဲ မင်းက ဒါကို နားလည်တယ်လား’
အာရန်က မယုံကြည်နိုင်စွာဖြင့် ယီလန်အားစိတ်ချင်းဆက်၍ မေးလိုက်သည်။
ကျင့်ကြံခြင်းနှင့် ဘာမှ မသက်ဆိုင်သော ဝိညာဉ်လောကမှ တစ်စုံတစ်ယောက်ကပင် ဤအရာကို နားလည်နိုင်ခဲ့သော်လည်း ထိုစာအုပ်ကိုဖတ်ထားသော သူ့ကဲ့သို့သာမန်စာဖတ်သူတစ်ယောက် အနေနှင့်မူ ထိုအရာကို မည်သို့မျှ နားမလည်းနိုင်ခဲ့ပေ။
“ဟုတ်တယ်လေ ဘာခက်တာရှိလို့လဲ ဘာပဲဖြစ်ဖြစ် ရှင်းပြချက်က ဒီထက် ပိုပြီး ရိုးရှင်းနိုင်မှာ မဟုတ်ဘူး ဒါဟာ တစ်ယောက်ယောက်က...”
ယီလန်သည် အဲရင်အား ထိုအပိုဒ်၏ အဓိပ္ပာယ်ကို ပြောပြလိုက်သည်။ သူမကိုယ်တိုင်ပင် အာရန်မှာ ထိုအဓိပ္ပာယ်ကို နားမလည်ကြောင်း သတိမထားမိခဲ့ပေ။
သူမသည် ရိုးရှင်းစွာပင် သူက သူမအား စမ်းသပ်နေသည်ဟု ထင်ထားခဲ့ပြီး ကောင်းမွန်သည့်အရာများကို ဂုဏ်ယူတတ်သူတစ်ဦးပီပီ တတ်နိုင်သမျှ တိကျစွာ ဖြေကြားပေးခဲ့လေသည်။
အာရန်သည် ယီလန်၏ အသေးစိတ် ရှင်းပြချက်ကို ကြားပြီးနောက် သူမသည် အလွန် ဗဟုသုတ ကြွယ်ဝကြောင်း သိရှိလိုက်ရသဖြင့် အတော်လေး အံ့သြသွားရသည်။
သူမသည် ဤကမ္ဘာသို့ ရောက်ရှိလာသော ပထမဆုံး ဝိညာဉ်ဘုရင်မ ဖြစ်နေသောကြောင့်လား။
သူမသည် ဤကမ္ဘာကြီး၏ အဆီအနှစ်မှ မွေးဖွားလာခဲ့သူတစ်ဦးဖြစ်ပြီး အသက်လည်း ရှည်ကြာစွာ နေထိုင်နိုင်ခဲ့လေသည်။
ထိုမျှ ရှည်ကြာစွာ အသက်ရှင်နေထိုင်ခဲ့သော သူမအတွက် လူသားများအကြောင်းကို စိတ်ဝင်စားခြင်းသည် နားလည်ပေးနိုင်ပေသည်။
သူမ၏ ရှင်းပြချက်ကြောင့် အာရန်၏ နားလည်မှုသည်လည်း အနည်းငယ် တိုးတက်လာခဲ့သည်။
....
....
သူသည် မျှော်လင့်ချက်များစွာဖြင့် သူ့အား စောင့်နေသော ယူလင်အားလည်း ထိုယီလင်း၏ ရှင်းလင်းချက်ကိုပင် ပြောပြခဲ့သည်။
ယယ်လန် ပြောခဲ့သော စကားလုံးများကို တစ်လုံးတစ်ပါဒမျှ မကျန်ခဲ့စေရန် ဂရုစိုက်ကာ ယူလင်ရှေ့တွင် ယီလန်ကဲ့သို့ပင် သူမည်မျှဗဟုသုတ ကြွယ်ဝဟန်ဖြင့် ပြောပြနေခဲ့သည်။
ယူလင်သည် အာရန်၏ ရှင်းလင်းချက်များကို ကြားရသည့် စက္ကန့်ပြီးတိုင်းစီတွင် ပို၍ပင် အံ့သြသွားခဲ့ရကာ ထိုမျှ သေးငယ်သော အပိုဒ်၌ ပါဝင်သော ရှုပ်ထွေးမှုများကို သဘောပေါက်လာခဲ့သည်။
အာရန်၏ ရှင်းပြချက်များကို ကြားပြီးသောအခါ သူမသည် ဉာဏ်အလင်း ရရှိသွားသဖြင့် ချက်ချင်းပင် ထိုင်ချလိုက်သည်။
သူမသည် အာရန် ပြောခဲ့သော အရာအားလုံးကို လိုက်နာကာ ထိုနေရာ၌ပင် ဒြပ်စင်ခြယ်လှယ်ခြင်းပညာရပ်ကို စတင်လေ့ကျင့်လေတော့သည်။
ပတ်ဝန်းကျင်ရှိ အပူချိန်များသည်တဖြည်းဖြည်း ကျဆင်းလာပြီး အာရန်သည် နွေးထွေးစေရန် သူ၏ပခုံးများကို ပြန်လည်ပွတ်သပ်နေရသည်။
“သူမဟာ အဲ့လောက်ထိ တုံးအတဲ့သူ မဟုတ်ဘူးလို့တော့ထင်တယ် ရှင်းပြချက် တစ်ခုတည်းနဲ့ ဉာဏ်အလင်း ရနိုင်ရင် သင်ကြားပေးရကျိုး နပ်တဲ့သူ ဖြစ်လာနိုင်တယ်”
ယီလန်သည် လက်ပိုက်ရင်း ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည်။
အာရန်သည်လည်း တိတ်တဆိတ်ပင် ယူလင်ကို စောင့်ကြည့်နေခဲ့သည်။
သူ၏ မျက်နှာတွင် မျက်မှောင်ကြုတ်လျက်ရှိပြီး သူမ ဘာတွေများ ပြောင်းလဲသွားမလဲဟု တွေးတောနေလေသည်။
သူသည် ယူလင်နှင့် ပတ်သက်၍ များစွာ ပြောင်းလဲသွားသည်ဟု မထင်ခဲ့ပေ။
သူမ၌ သူ့ကဲ့သို့ ခပ်ညံ့ညံ့ဆရာတစ်ယောက် ရရှိထားခဲ့သော်လည်း ဝတ္ထုထဲမှာထက်ပင် များစွာ ပို၍မြန်ဆန်စွာ သင်ယူနိုင်ခဲ့လေသည်။
အဘယ်ကြောင့်ထိုသို့ဖြစ်ရသည်ကို သူ နားမလည်သော်လည်း ဤနေရာ၌ တစ်စုံတစ်ခု လွဲမှားနေသည်ဟုတော့ ခံစားမိလိုက်သည်။
“သူမ နောက်ထပ်ရက်အနည်းငယ်လောက်ထိ နိုးထလာနိုင်ဦးမှာ မဟုတ်ဘူး ရှင် အဲဒီအချိန်အထိ ဒီမှာပဲ ဆက်နေမှာလား”
မိမိအတွေးထဲတွင် နစ်မြောနေသော အာရန်အား ယယ်လန်က မေးလိုက်သည်။
အာရန်သည် သူမကို ပြန်မဖြေကြားခဲ့ပေ။
ထိုအစား သူသည် တိတ်ဆိတ်စွာဖြင့် ယူလင်၏ ပတ်ပတ်လည်တွင် ပိုမိုထူထပ်လာသော အေးခဲနေသည့်အော်ရာအငွေ့အသက်များကို စောင့်ကြည့်နေလေသည်။
သို့သော် သူမ၏ ပတ်ပတ်လည်တွင် အေးခဲနေသော်လည်း သူမ၏ ခန္ဓာကိုယ်မှာမူ နွေးထွေးနေဆဲဖြစ်လေသည်။ သူမသည် အတော်အတန် ပင် နွေးထွေးနေပုံရပြီး အနည်းငယ်မျှပင် အအေးဒဏ်ခံရပုံ မပေါ်ပေ။
မည်သို့ပင်ဆိုစေ သူမ၏ အေးခဲနေသောရေခဲအော်ရာသည် ရေခဲနတ်ဆိုးဟု လူသိများသော အကြီးအကဲလီအား ရင်ဆိုင်ရစဥ်က ထက်ပင် ပို၍ အေးစိမ့်နေလေသည်။
အာရန်သည် ယူလင်အား အချိန်အတော်ကြာသည် အထိစောင့်ကြည့်နေပြီး နောက် မည်သည့် ပြောင်းလဲမှုမျှ မတွေ့သောကြောင့် ထိုနေရာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။
သူမ နိုးထလာနိုင်ရန်မှာ အချိန်အတော်ကြာ ကြာမြင့်ဦးမည် ဖြစ်လေသည်။
အာရန်သည် ကောင်းကင်၌ တောင်ကို ပတ်၍ပျံသန်းနေသော သူ၏ ဖီးနစ်ငှက်ကို ခေါ်လိုက်သည်။
သူသည် ဖီးနစ်ငှက်အား ဤတောင်အား စောင့်ကြည့်ထားရန်နှင့် တစ်စုံတစ်ခု မှားယွင်းပါက ဉာဏ်အလင်းပွင့် ဖြစ်စဥ်ကြောင့် မိမိကိုယ်ကို မကာကွယ်နိုင်သေးသော ယူလင်ကို ကာကွယ်ပေးရန် ပြောကြားခဲ့လေသည်။
အာရန်သည် ဖီးနစ်ငှက်အား ယူလင်ကို ကာကွယ်ပေးရန် အစောင့်အနေနှင့် ထားခဲ့ပြီးနောက် သူသည် နောက်တစ်နေရာသို့ ထပ်မံထွက်ခွာသွားခဲ့သည်။
၎င်းသည် သူ တစ်ကြိမ်သာ ရောက်ဖူးပြီး သေလုမြောပါးထိ ဖြစ်ခဲ့ရသော နေရာတစ်ခုလည်းဖြစ်လေသည်။ ထိုနေရာမှာ စာကြည့်တိုက်ပင်ဖြစ်လေသည်။
အကယ်၍ ထိုစဥ်က သူ့တွင် အကာအကွယ်လည်ဆွဲသာ မရှိခဲ့ပါက ထိုစာကြည့်တိုက်၌ပင် သေဆုံးလိမ့်မည်ဟု သေချာနေခဲ့သည်။
ထိုအချိန်မှစ၍ သူသည် စာကြည့်တိုက်၌ တည်ရှိနေသော အသိပညာအချက်အလက်များကို လေ့လားလိုခဲ့သော်လည်း ထိုနေရာသို့ တစ်ကြိမ်မျှပင် ထပ်မံမသွားခဲ့ပေ။
အာရန်သည် စာကြည့်တိုက်ရှေ့တွင် ဆင်းသက်လိုက်ပြီး သူ၏ အနက်ရောင် ဝတ်ရုံသည် ထိုနေရာရှိ တပည့်များ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ကာ သူ့အတွက် လမ်းဖယ်ပေးရန် ဘေးသို့ ရှောင်ကွင်းသွားကြစေလေသည်။
အသူရာသွေးနတ်ဘုရားမ ကျန်းဝေထက်ပင် ပို၍ရက်စက်သည်ဟု သတ်မှတ်ခံထားရသော အကြီးအကဲရန်၏ လမ်းတွင် ပိတ်ရပ်ရဲသူမှာ လူမိုက်တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ယခင်က သူ၏ မျက်နှာသွင်ပြင်ပုံစံအား လူအများသည် သိပ်မသိကြသေးပေ။
တပည့်များသည် အာရန်မှာ သူ၏ ဖီးနစ်ငှက်ဖြင့် ရောက်လာသောအခါမှသာ သူ့ကို မှတ်မိနိုင်ကြပြီး ဒဏ္ဍာရီလာ သတ္တဝါတစ်ကောင် ပိုင်ဆိုင်ခြင်းက သူ့ကို ကျော်ကြားစေခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ သူ၏ ဖီးနစ်ငှက် မပါဘဲနှင့်ပင် သူ့ကို မမှတ်မိသောသူ တစ်ဦးတစ်ယောက်မျှ မရှိတော့ပေ။ အချို့သော အကြီးအကဲများပင် ယခုအခါ သူ့အား သတိထားနေကြရပြီဖြစ်လေသည်။
အာရန်သည် စာကြည့်တိုက်သို့ ဝင်ရောက်လိုက်ပြီး အကြီးအကဲများနှင့် အထက်ပိုင်းရာထူးရှိသော လူများသာ ဝင်ရောက်နိုင်သော ပေါ်ထပ်ရှိ အထပ်များသို့ တက်ရန် လှေကားဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။
သူသည် လှေကားပေါ်သို့ ပထမဆုံး ခြေချ လိုက်သောအခါ လှေကားပေါ်မှ ဆင်းလာသော ခြေသံတစ်ခုကို ကြားလိုက်ရသည်။
သူသည် ခေါင်းမော့၍ ထိုခြေသံများ၏ပိုင်ရှင်ကို အကဲခတ်ကြည့်လိုက်သည်။ ထိုသူသည်လည်း သူ့ကို မြင်သောအခါ ခြေလှမ်းများ ရပ်တန့်သွားလေသည်။
“အော် ရှင်ကို ဒါနဲ့နေပါဦး ရှင်က ဒီနေရာကို ဘယ်လိုများ ဝင်လာနိုင်တာလဲ”
အာရန်ရှေ့မှ သူသည် ဂိုဏ်း၏ အတွင်းစည်းတပည့်သာ ဖြစ်သော မိန်းကလေးတစ်ဦး ဖြစ်လေသည်။
သို့သော် ၎င်းသည် သူမ၏ အတုအယောင် အမည်ခံသက်သက်သာ ဖြစ်လေသည်။
ထိုမိန်းကလေး၏ အမည်မှာ ကျိုးရန်မေဖြစ်ပြီး ဂိုဏ်းချုပ် ဖန်းယု၏ တစ်ဦးတည်းသော တပည့်လည်းဖြစ်လေသည်။
ထို့ပြင်သူမသည် အာရန်၏ ဒုတိယမြောက် တပည့်လည်း ဖြစ်လေသည်။
မျက်နှာဖုံးဝတ်ဆင်ထားသည်ကိုသာ မြင်ဘူးခဲ့သော သူမ၏ ဒုတိယမြောက် ဆရာသည် သူမရှေ့တွင် ရပ်နေသောသူဖြစ်ကြောင်းကို သူမသည် အခုအချိန်ထိ မသိနိုင်သေးပေ။
သူမမှာ သူမ၏ဆရာသည် ဖန်းယု၏ ဖခင်ဖြစ်သည်ဟုပင် ယခုထိ ယုံကြည်နေဆဲဖြစ်လေသည်။
မျက်နှာဖုံးမပါသောအာရန်၏ ယခုပုံစံကိုမူ သူမသည် မည်သည့်နည်းနှင့်မျှ မှတ်မိနိုင်မည်မဟုတ်ပေ။
သူမအတွက်မူ အာရန်သည် မြို့ငယ်လေးတစ်မြို့တွင် သူမ တွေ့ဆုံခဲ့ဘူးသော မိမိဇနီးကိုပင်မကာကွယ်နိုင်လောက်အောင် အားနည်လွန်းသူတစ်ယောက်သာ ဖြစ်လေသည်။
ထိုအချိန်က သူမသည် သူ့ကိုပင် အထင်သေးကာ အားနည်းသူ ဟု ခေါ်ဝေါ်ခဲ့သေးသည်။
ထို့ကြောင့် သူမ နားမလည်နိုင်ပါ။ ထိုအားနည်းသူသည် မိစ္ဆာဂိုဏ်း၏ စာကြည့်တိုက်ဆီသို့ မည်သို့ ဝင်ရောက်လာသနည်း။
သူမသည် သူ့ကို ဤနေရာ၌ မြင်တွေ့ရသဖြင့် အလွန်အံ့အားသင့်သွားသောကြောင့် သူ၏ ပခုံးပေါ်မှ လျှောကျနေသော အနက်ရောင် ဝတ်ရုံကိုပင် သတိမထားမိလိုက်ပေ။
ထိုဝတ်ရုံသည် ဂိုဏ်း၏ အကြီးအကဲများသာ ဝတ်ဆင်ခွင့်ရသော ဝတ်ရုံဖြစ်လေသည်။
#Catfoot