← Chapters

နှစ်ထပ်ကွန်း ဂိတ်ပေါက်

Vol. 15 Ch. 205

နှစ်ထပ်ကွန်း ဂိတ်ပေါက်

Vol. 15 Ch. 205

အာရန်သည် ခေါင်းညိတ်လိုက်ကာ အနည်းငယ် စဉ်းစားဟန်ဖြင့် စာအုပ်တစ်အုပ်၏ အနားများကို လက်ချောင်းများဖြင့် ပွတ်သပ်နေလိုက်သည်။

“ကောင်းပြီ ငါ စာဖတ်ပြီးတာနဲ့ မင်း အဲ့ဒါကို ငါ့အတွက် လုပ်ပေးဖို့ လိုလိမ့်မယ်”

သူသည် နောက်ထပ် မည်သည့်အရာကိုမျှ ထပ်မံရှင်းပြခြင်းမပြုတော့ဘဲ ယီလန် သိရန်လိုအပ်သမျှကိုသာ ပြောပြပေးခဲ့သည်။

ယီလန်သည် အာရန်လုပ်မည့်အရာကို စိတ်ဝင်စားသော်လည်း နောက်ထပ် မေးခွန်းများ မေးမြန်းခြင်းမပြုခဲ့သည်။

အာရန်သည် စာမျက်နှာများကို လှန်လှော်ကြည့်ရှုကာ အနောက်တိုက်နှင့် ပတ်သက်သော အချက်အလက်များကို စုဆောင်းနေခဲ့သည်။

သူသည် ပထဝီဝင်အနေအထား၊ နိုင်ငံရေးတည်ဆောက်ပုံနှင့် ပို၍ အရေးကြီးသည့် သန့်စင် ပုရောဟိတ်မ၊ ခရူးဆိတ်စစ်သည်တော်များ၊ ဘုန်းတော်ကြီးများနှင့် သူတို့၏ ဘုရင်မင်းမြတ်အပါအဝင် အဓိက ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက်များကို လေ့လာနေခဲ့သည်။

အာရန်သည် သူ၏ စာအုပ်များကို ဤမျှ လျင်မြန်စွာ ဖတ်နိုင်သည်ကိုပင် အံ့သြသွားသည်။

အကယ်၍ မူလသူ၏ ကမ္ဘာတွင်သာ သူသည် ဤအမြန်နှုန်းနှင့်ဖတ်ရှုနိုင်ခဲ့ပါက ထို “မိစ္ဆာဘုရင်အဖြစ် တက်လှမ်းခြင်း” ဝတ္ထု၏ အပိုင်း နှစ်ရာခန့်သာ ဖတ်နိုင်ခဲ့သည့်အစား အပိုင်းလေးထောင်စလုံး ကို ဖတ်ပြီးခဲ့ လိမ့်မည်ဟု သူ သေချာသိနေခဲ့သည်။

၎င်းသည် မူလအကြီးအကဲရန်၌ ရှိနှင့်ပြီးသား အရည်အချင်းတစ်ခုလား။ သို့မဟုတ် စနစ်မှ အဆင့်မြှင့်တင်ခြင်းကြောင့် ဤအရာကို ရရှိခဲ့ခြင်းလား သူ မသေချာပေ။

သို့သော် ယခုအချိန်တွင် သူသည် ဤစွမ်းရည်၏ အရင်းအမြစ်ကို ဂရုစိုက်မနေအားပေ။

သူသည် စာမျက်နှာများကို ဆက်လက် လှန်လှော်ကြည့်ရှုနေပြီး စာမျက်နှာတစ်ခုတွင် စက္ကန့်အနည်းငယ်ထက် ပို၍ အချိန်မပေးခဲ့ပေ။

မိနစ်အနည်းငယ်အတွင်းမှာပင် သူသည် ပထမစာအုပ်ကို ဖတ်ရှုပြီးစီးကာ နောက်စာအုပ်သို့ ပြောင်းသွားပြီး အနည်းငယ်မျှပင် ပင်ပန်းနွမ်းနယ်ခြင်းကို မခံစားခဲ့ရပေ။

အာရန်သည်စာအုပ်များကို ပို၍ ဖတ်လေလေ အနောက်တိုက်၏ နိုင်ငံရေးကွန်ရက်များသည် မည်မျှ နက်နဲရှုပ်ထွေးသည်ကို ပို၍ သဘောပေါက်လာလေလေ ဖြစ်လေသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ထိုတိုက်ကြီး၏ အဓိက အုပ်ချုပ်သူဘုရင်မှာ အရိပ်ထဲမှာ နေထိုင်သော သန့်စင်ပုရောဟိတ်မ၏ လက်အောက်တွင် ခစားနေရသော ရုပ်သေးဘုရင်တစ်ပါးသာဖြစ်လေသည်။

အာရန်သည် အချိန်များစွာ ကုန်လွန်သွားသည်ကိုပင် သတိမထားမိဘဲ စာအုပ်များထဲ၌ နစ်မြောနေခဲ့သည်။

အချက်အလက် တစ်ခုချင်းစီသည် သူ့အတွက် များစွာအသုံးဝင်လေသည်။

အကြောင်းမှာ သူသည် အရာအားလုံးအတွက် ပြင်ဆင်ထားရန် လိုအပ်သောကြောင့် ဖြစ်သည်။

အနောက်တိုက်သို့ ခရီးစဉ်သည် ဝတ္ထုထဲ၌ သူဖတ်ရှုခဲ့ရသည့်နေရာအထိ မဖြစ်ပေါ်ခဲ့သေးသော အခြေအနေတစ်ခု ဖြစ်သည်။

၎င်းသည် ဤအချိန်မှစတင်၍ မူလဝတ္ထုနှင့်ဘာမှမဆိုင်‌တော့သော လုံးဝ အသစ်တစ်ခုဖြစ်သွားပြီး ဖြစ်ကာ သူသည် အမှားအယွင်းတစ်ခုပင် အဖြစ် မခံနိုင်ပေ။

ကံကောင်းစွာဖြင့် ၎င်းသည် စောစီးစွာ မဖြစ်ပေါ်ခဲ့ပေ။ ယခုအချိန်တွင် သူသည် ယခင်ကလောက် အားနည်းခြင်း မရှိတော့ပေ။

သူ၏ အဆင့်သည် တိုးလာနေပြီဖြစ်သည်။

အာရန်သည် ယခုအချိန်တွင် မဟာအကြီးအကဲတစ်ဦးလောက်အထိ မသန်မာသေးသော်လည်း သူ၏ အခြားစွမ်းရည်များကို အသုံးပြုနိုင်လောက်အောင်အထိတော့ သန်မာနေပြီဖြစ်သည်။

သူ၌ တိုက်ခိုက်မှုများတွင်အသုံးပြုရန် အဆိပ်လည်ဆွဲ၏ နှစ်ကြိမ်အသုံးပြုခွင့်လည်း ကျန်ရှိနေသေးသည်။

သူ၌ ပထမ ဝိညာဉ်ဘုရင်မနှင့် နောက်ခံအနေနှင့် ဝိညာဉ်လောကတစ်ခုလုံး ၏ အင်အားများလည်း ရှိနေပြီဖြစ်သည်။

နောက်ဆုံး သူ၌ နဂါးသွေးမျိုးဆက်ပင် ရှိနေပြီဖြစ်သည်။

ဤမျှ ပြင်ဆင်ထားမှုသည် သူ့အား လုံခြုံမှုရှိစေရန် လုံလောက်သည်ထက် ပိုသည်ဟု ထင်ရသော်လည်း သူသည် ထိုအရာနှင့် မကျေနပ်နိုင်သေးပေ။

သူသည် ယခု ရွေးချယ်မှုတစ်ခု ပြုလုပ်ပြီးဖြစ်သောကြောင့် နောက်ထပ် လည်ဆွဲ ဆုလာဘ်တစ်ခုကိုလည်း သူနှင့်အတူ ယူဆောင်သွားရဦးမည် ဖြစ်လေသည်။

ကျန်ရှိသော နောက်ဆုံးစာအုပ်ကို ပိတ်လိုက်ပြီးနောက် အာရန်သည် ကုလားထိုင် နောက်သို့ မှီချလိုက်ကာ လေ့လာမိခဲ့သမျှ အရာအားလုံးကို စဉ်းစားနေလိုက်သည်။

လီယွန်းဖန်းကို သတ်ရန် သူ၏ ဆုံးဖြတ်ချက်သည် သာမန်တာဝန်တစ်ခု ပြီးမြောက်ရန်အတွက်သာ မဟုတ်ပေ။

အာရန်သည် သူ လှမ်းလိုက်သော ခြေလှမ်းတိုင်းကို ရေရှည်အတွက် သေခြာတွက်ချက်အကွက်ချ၍ အကျိုးရှိစေရန် သေချာစေမှသာ ထိုအရာကို ပြုလုပ်ခြင်း ဖြစ်လေသည်။

“ယီလန်ရေ အဆင်သင့်ဖြစ်ပြီလား”

အာရန်သည် ထရပ်လိုက်ကာ သူ၏ တောင့်တင်းနေသော ကြွက်သားများကို အကြောအနည်းငယ် ဖြေလျှော့လိုက်ရင်း မေးလိုက်သည်။

“အဆင်သင့်ပါပဲ ရှင် ဦးတည်ရာကိုပြောဖို့ပဲ လိုတော့တယ်” ဟု ယယ်လန်က အာရန်ကို ပြန်ပြောလိုက်သည်။

မည်သို့ပင်ဆိုစေ သူမသည် လုပ်စရာတစ်ခုခု ရှိသည့် အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။

အာရန် စာဖတ်နေသည်ကို ထိုင်ကြည့်နေရသဖြင့်လည်း သူမသည် အလွန်ပျင်းရိနေပြီဖြစ်သည်။

အာရန်သည် ဂိုဏ်း၏ အကြမ်းဖျင်းမြေပုံပေါ်တွင် နေရာတစ်ခုကို ဝိုင်းပြထားလိုက်ကာ ထိုမြေပုံစာရွက်ကို သူမအား ပေးလိုက်သည်။

“ဒီနေရာမှာ ဝင်ပေါက်တစ်ခု ဖန်တီးပေးပါ”

သူသည် ထိုစာအုပ်များအကုန်ကို ဖတ်ပြီးဖြစ်သော်လည်း စာကြည့်တိုက်မှူး မလေးသည် ထိုအကြောင်းကို မသိသေးပါ။

သူမသည် ထိုနေရာနားတွင် အချိန်အချို့၌ ဖြတ်လျှောက်သွား မိခဲ့သော်လည်းသူမ မြင်တွေ့နိုင်သည်မှာ မှော်အကာအကွယ်လွှာ အပြင်ပိုင်းကိုသာ ဖြစ်လေသည်။

အနည်းဆုံး ရက်အနည်းငယ်အတွင်း အာရန်သည် ဤစာအုပ်အားလုံးကို ဖတ်ပြီးလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။

ယီလန်သည် ခေါင်းညိတ်ကာ ဂိတ်ဝင်ပေါက်တစ်ခုကို စတင်ဖွင့်လိုက်သည်။

သူမ၏ ပတ်ဝန်းကျင်ရှိ လေထုသည် တစ်ချက်တုန်ခါသွားပြီး ဂိတ်ပေါက်တစ်ခု ပွင့်လာကာ သူတို့၏ လက်ရှိတည်နေရာကို ဝိညာလောကနှင့် ချိတ်ဆက်လိုက်ပြီး လူသားကမ္ဘာရှိ သူတို့၏ နောက်ဆုံး ဦးတည်ရာနှင့်လည်း တိုက်ရိုက်ထပ်မံ၍ ချိတ်ဆက်လိုက်သည်။

“ဒါက နှစ်ထပ်ကွန်း ဂိတ်ပေါက် ဆိုတော့ အရင်ကထက် ပိုခက်ခဲနိုင်တယ်” ဟု စားပွဲပေါ်တွင် နောက်ဆုံးစာအုပ်ကို ပြန်ထားလိုက်ကာ ဂိတ်ပေါက်အတွင်းသို့ ဝင်ရန် ပြင်ဆင်နေသော အာရန်ကို သူမက သတိပေးလိုက်သည်။

“ဒီတစ်ခါလည်း ကောင်းကင်က ပြုတ်ကျဦးမှာလား”

အာရန်သည် ယီလန် ဝင်ပေါက်ဖွင့်စဉ်က ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရနေဆဲဖြစ်သည်။

အကယ်၍ ထိုသို့ ဖြစ်လာမည်ဆိုပါက ဂိတ်ပေါက်မှ ထွက်သည်နှင့် တစ်ပြိုင်နက် ပျံသန်းနိုင်ရန် သူသည် အဆင်သင့် ဖြစ်နေလိုခဲ့သည်။

ယီလန်သည် သူမ၏ မျက်လုံးကို တစ်ချက်မှေးလိုက်ပြီး အမှားတစ်ခုကြောင့် သူမ၏ ကျွမ်းကျင်မှုကို သံသယဝင်သွားခြင်းအတွက် အနည်းငယ် ရှက်ရွံ့သွားပုံရသည်။

“အဲဒီတုံးက ရှင် ဝင်ပေါက်ထဲကို ဝင်ဖို့ အချိန်အတော်ကြာအောင် ယူခဲ့မိလို့ နည်းနည်း မတည်မငြိမ်ဖြစ်သွားတာပါ” ဟု သူမသည် ဖီလိုနာနှင့် ဝိညာဉ်စာချုပ် မချုပ်ဆိုမီနှင့် ရှုယင်၏ အတိတ်ကို မနားထောင်ခင်ကပင် ထို ဂိတ်ပေါက်ကို စောစီးစွာဖွင့်ထားခဲ့ကြောင်းကို အာရန်အား သတိပေးရင်း ရှင်းပြလိုက်သည်။

ဝင်ပေါက်သည် ထိုမျှ ကြာရှည်စွာ ပွင့်နေခဲ့ရသောကြောင့် ဦးတည်ရာသည် ပေအနည်းငယ်ခန့် ပြောင်းလဲသွားခြင်းသည် လုံးဝ ပုံမှန်ပင်ဖြစ်လေသည်။

“ဒီတစ်ခါ အဲလို မဖြစ်အောင် ကျွန်မ သေချာလုပ်ထားပါတယ်” ဟု သူမက ထပ်လောင်းပြောလိုက်သည်။

“ဒါပေမဲ့ တခြား ပြဿနာတစ်ခုတော့ ရှိသေးတယ် ကျွန်မအတွက်တော့ အဆင်ပြေတယ် ဒါပေမဲ့ ရှင်က လူသားတစ်ယောက်ဖြစ်နေတယ်”

“မတူညီတဲ့ လောကနှစ်ခုကို ခေါ်ဆောင်သွားမယ့် ဂိတ်ဝင်ပေါက်နှစ်ခုကို တစ်ခုပြီးတစ်ခု ဆက်တိုက်ဝင်လိုက်မိတာက ရှင့်အတွက် ပိုပြီးခက်ခဲလိမ့်မယ် ဟင်းလင်းပြင်ဥပဒေသတွေက တည်ငြိမ်မှာ မဟုတ်ဘူး ပြီးတော့ တကယ်ပဲ မှားယွင်းတဲ့ နေရာတစ်ခုကို ရောက်ရှိသွားနိုင်တယ်”

“အဲဒီပြဿနာအတွက် ဖြေရှင်းနည်း ရှိလား” အာရန်က ပြန်မေးလိုက်သည်။

အခြား ဖြေရှင်းနည်း မရှိပါက ဒုတိယ ဝင်ပေါက်မှ သူတို့၏ ဦးတည်ရာသို့ မဝင်ရောက်မီ ဝိညာဥ်လောက၌ ခဏတာ အနားယူနိုင်ကြောင်း သူမအား ပြောရန် သူ ပြင်လိုက်သည်။

ကံကောင်းထောက်မစွာပင် ယီလန်သည် ဖြေရှင်းနည်းတစ်ခုကို စဉ်းစားမိလိုက်သည်။

“ရှင် လမ်းမမှားအောင် ကျွန်မက ဦးတည်ရာကို လမ်းညွှန်ပေးနိုင်တယ် ဒါပေမဲ့ ရှင်က ကျွန်မနဲ့ ချိတ်ဆက် ထားဖို့တော့လိုတယ်” ဟုပြောရင်း အာရန်အား ကိုင်ထားနိုင်ရန် သူမ၏ လက်ကို ဆန့်တန်းပေးလိုက်သည်။

သူမ အံ့အားသင့်စွာပင် အာရန်သည် သူမ၏ လက်ကို မကိုင်ခဲ့ပေ။ အဲဒီအစား သူသည် သူမ၏ ခါးကို လက်ဖြင့် သိုင်းဖက်လိုက်သည်။

“အဲဒါပဲဆိုရင်တော့ အဆင်ပြေပါတယ်” ဟု သူက ဝင်ပေါက်ဆီသို့ လှမ်းသွားရင်း ပြောလိုက်သည်။

ထိုစဥ်ရုတ်တရက် အာရန်သည် ယီလန်၏ ခါးသွယ်သွယ်လေးကို သူ၏ နွေးထွေးသောလက်တစ်စုံဖြင့်ပွေ့ဖက်လိုက်ကာ သူမသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။

သူမသည် အာရန်အား မျက်စောင်းတစ်ချက်ထိုးလိုက်သော်လည်း ဘာမှ ပြန်မပြောခဲ့ပေ။ သူမသည် အာရန်နှင့်အတူ ဂိတ်ပေါက်ထဲသို့ ဝင်သွားလိုက်သည်။

ထိုဂိတ်ဝင်ပေါက်သည် သူတို့အား ဝိညာဥ်လောကအတွင်းသို့ တန်းတန်းမတ်မတ် ခေါ်ဆောင်သွားပြီး အာရန်သည် အနည်းငယ် ခေါင်းမူးသွားသည်ဟု ခံစားလိုက်ရသည်။

သူသည် ချက်ချင်း အခြားဂိတ်ပေါက်တစ်ခုနှင့် ထပ်မံ ချိတ်ဆက်ခံလိုက်ရသောကြောင့် ပို၍ပင် ဆိုးရွားသွားပြီး ၎င်းက သူ့ကို လူသားကမ္ဘာသို့ ပြန်လည်ပို့ဆောင်‌ပေးလိုက်သည်။

ယီလန်သည် ဝင်ပေါက်နှစ်ခုကို တစ်ခုပြီးတစ်ခု ဖြတ်သန်းရန် ခက်ခဲသည်ဟု အဘယ်ကြောင့် ပြောခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားလေသည်။

အကယ်၍ ယီလန်၏ အကူအညီသာ မပါဘဲ ဒုတိယဂိတ်ပေါက်ကို တစ်ယောက်တည်းဖြတ်သန်းရပါက ရှုပ်ထွေးသော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ခွဲထွက်သွားမှုကြောင့် သူသည် လမ်းမှားသွားနိုင်ချေမှာ အတော်များကြောင်းသိရှိလိုက်ရသည်။

#Catfoot

All Chapters