ဘယ်နှစ်ယောက်တောင်ရှိနေမလဲ
Vol. 15 Ch. 208
ပင်လယ်နဂါးဘုရင်မ၏လိုက်လံသတ်ဖြတ်ခြင်းမှ အသက်ရှင်လျက် လွတ်မြောက်နိုင်ခဲ့သော ဆုလာဘ်အဖြစ်ရရှိခဲ့သော သေနတ်တစ်လက်သည် အာရန်၏ လက်ထဲတွင် ပေါ်လာသည်။
ကမ္ဘာပေါ်မှ သေနတ်များကို ပုံစံတူ ပြုလုပ်ထားသော်လည်း ဤသေနတ်သည် ကွဲပြားလေသည်။
၎င်းသည် ကမ္ဘာပေါ်မှ သေနတ်များကဲ့သို့ သာမန် ကျည်ဆန်များကို အသုံးပြုရခြင်း မဟုတ်ပေ။
အဲဒီအစား ၎င်းသည် ပိုင်ရှင်၏ မာနာစွမ်းအင်များကို အသုံးပြု၍ ကျည်ဆန်ကဲ့သို့အရာများကို ထုတ်လုပ်ခြင်းဖြစ်လေသည်။
အာရန်သည် သူ့အတွက် အခြားနေရာတွင် အသုံးဝင်မှု မရှိသလောက်ဖြစ်သော မာနာများကို ထိုသေနတ်အား ထောက်ပံ့ပေးရန် စတင်လုပ်ဆောင်တော့သည်။
မာနာသည် သူ၏ လက်များမှတဆင့် သေနတ်ထဲသို့ စီးဝင်သွားပြီး သေနတ်က ၎င်းတို့ကို လောဘကြီးစွာ စုပ်ယူလိုက်သည်။
မာနာသည် ကျည်ဆန်တစ်ခုအဖြစ် စုစည်းသွားပြီး ကျည်ဆန်၏ ပုံသဏ္ဍာန်တစ်ခုသည် တဖြည်းဖြည်းရုပ်လုံးပေါ်လာသည်။
သို့တိုင် စက္ကန့်အနည်းငယ်ကြာအောင်ပင် သေနတ်သည် သူ၏ မာနာများကို ဆက်လက် စုပ်ယူနေသောကြောင့် အာရန်သည်လည်း အနည်းငယ်လန့်ဖြန့်သွားရသည်။
တစ်မိနစ်မပြည့်မီမှာပင် သူ၏ မာနာအရင်းအမြစ်များ လုံးဝနီးပါး ကုန်ဆုံးသွားခဲ့ပြီး ထိုအခါမှသာ သေနတ်သည် မာနာ စုပ်ယူခြင်းကို ရပ်တန့်သွားသည်။
အာရန်သည် သူ၏ မာနာ အားလုံးနီးပါး ကုန်ဆုံးသွားသောကြောင့်သာ သေနတ်မှ စုပ်ယူခြင်း ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။
ထိုသေနတ်၌ မာနာစုတ်ယူသည့်အခါ ပိုင်ရှင်အား ဘေးမဖြစ်စေရန် လုပ်ဆောင်ချက်အချို့ပါရှိပုံရပြီး အသုံးပြုသူအပေါ် မူတည်၍ ကန့်သတ်ချက်များကို အလိုလိုသိရှိနေပုံရသည်။
၎င်းသည် ကံကြမ္မာချည်နှောင်ထားသော ပစ္စည်းဖြစ်သောကြောင့် သူမှလွဲ၍ ထိုသေနတ်ကို အခြားမည်သူမျှ အသုံးပြုနိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူသည် သေနတ်၏ တစ်ဦးတည်းသော အသုံးပြုသူ ဟုဆိုနိုင်လေသည်။
သူ လိုအပ်ပါက မာနာများ မကုန်မချင်း ၎င်းကို ဆက်လက် ထောက်ပံ့ပေးနိုင်သည်ဟူသော အချက်ကို နားလည်သွားခဲ့သည်။
တစ်ဖက်၌ သူ လိုချင်သည့်အနေအထားအတိုင်း မာနာပို့ဆောင်မှုကို ဖြတ်တောက်ပစ်နိုင်ပြီး ဤနည်းဖြင့်သူသည် အားနည်းသော ကျည်ဆန်များစွာ ကိုလည်းကို ဖန်တီးနိုင်သေးသည်။
သေနတ်သည် မာနာ ပို၍ များလေလေ ကျဥ်ဆန်သည် ပို၍ စင်ကြယ်လေလေဖြစ်ကာ ပို၍ အားကောင်းသော တိုက်ခိုက်မှုကို ဖော်ဆောင်ပေးနိုင်လေသည်။
‘မင်းက ငါ့မန်နာတွေ စိုက်ထုတ်ထားတာနဲ့ တန်မယ်လို့ မျှော်လင့်ပါတယ်’ ဟု ပြောလိုက်ရင်း သူ၏ လက်ချောင်းများမှာ သေနတ် ခလုတ်ကို စမ်းသပ်ထိတွေ့ ကြည့်လိုက်သည်။
“မင်းက ဒီလိုပဲဆက်ပြီး ဘယ်အချိန်ထိ ပုန်းနေဦီးမှာလဲ”
လီယွန်းဖန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ၏စူးရှသော အကြည့်သည် အာရန် ရပ်နေသော ထိုတိုင်နောက်သို့ ရောက်ရှိသွားသည်။
“မာနာရဲ့ အရှိန်အဝါအချို့နဲ့ မင်း ငါ့ကို ရှာတွေ့တာလား”
အာရန်သည် မျက်နှာဖုံးအုပ်ထားလျက်ပင် လီယွန်းဖန်း၏ မြင်ကွင်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။
သူသည် အဝတ်အစားများကိုလည်း ပြောင်းလဲထားသောကြောင့် သူ၏ အော်ရာကို မထုတ်လွှတ်သမျှ ဂိုဏ်းမှ အကြီးအကဲအဖြစ် သူ့ကို မှတ်မိရန် မဖြစ်နိုင်ပေ။
လီယွန်းဖန်းသည် သူ၏ တည်ရှိမှုကို အစောပိုင်းတုံးက မခံစားနိုင်ခဲ့ကြောင်း သူ သေချာသိလေသည်။
သို့သော် သူ၏ ခန္ဓာကိုယ်မှ သေနတ်ဆီသို့ စီးဝင်နေသော မာနာများ ထွက်ပေါ်လာမှုကြောင့်သာ သူ့ကို သိရှိသွားခဲ့ခြင်းဖြစ်လေသည်။
လီယွန်းဖန်းသည် သူလျှိုတစ်ဦးကဲ့သို့ ပေါ်လာသော သူစိမ်းတစ်ဦးကို မြင်သောအခါ မျက်မှောင်ပင် မကြုတ်ခဲ့ပေ။
“မင်းက မြောက်ဘက်တိုက်ကမလား” ဟု သူသည် အသံကို အနည်းငယ် ပြောင်းလဲလိုက်ရင်း မေးလိုက်သည်။
အခြားတိုက်ကြီးများ၌ မာနာကို အသုံးပြုနိုင်သောသူ အလွန်ရှားပါးကာ ခြွင်းချက်အနေဖြင့် အနည်းငယ်သာ ရှိသော်လည်း ၎င်းသည်လည်း အများအားဖြင့် မြောက်ပိုင်းတိုက်မှ နစ်ခရိုမန်ဆာများနှင့် ဆက်စပ်နေသူများသာ ဖြစ်ကြလေသည်။
“ဒီကို မလာဖို့ ငါ မင်းတို့ကို မပြောခဲ့ဘူးလား တစ်ယောက်ယောက် မင်းတို့ကို မြင်သွားရင် ဘယ်လိုလုပ်မလဲ” လီယွန်းဖန်းသည် မျက်မှောင်ကြုတ်ကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး ခန်းမ ဝင်ပေါက်ကို ပိတ်ရန် ရေခဲနံရံတစ်ခု ဖန်တီးလိုက်သည်။
သူသည် ဤဧည့်သည်နှင့်အတူ အခြားသူများအား မြင်တွေ့ခံလိုပုံမပေါ်သောကြောင့် မတော်တဆမှုတစ်ခုဖြစ်ကာ မည်သူမျှ ဤနေရာသို့ ရောက်မလာနိုင်စေရန် ခန်းမတစ်ခုလုံးကို ပိတ်ပစ်လိုက်လေသည်။
“ဟင်”
အာရန်သည် သူ၏ မျက်နှာဖုံးက သူ၏ အမူအရာများ သို့မဟုတ် သူ၏ အံ့အားသင့်မှုကို ဖုံးကွယ်ထားသောကြောင့်သာမဟုတ်ပါက သူ၏ မျက်နှာပေါ်၌ ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လီယွန်းဖန်း သည် ရှင်းရှင်းလင်းလင်းပင် မြင်နိုင်ပေလိမ့်မည်ဖြစ်သည်။
အာရန်သည် မည်သို့မျှ နားမလည်နိုင်တော့ပါ။
မယုံနိုင်စရာပင် လီယွန်းဖန်းဆိုသူသည် နစ်ခရိုမန်ဆာမျှော်စင်မှ လူများနှင့်အဆက်အသွယ်ရှိနေဟန်ရလေသည်။
ထို့ပြင်ထိုသူသည် နစ်ခရိုမန်ဆာမျှော်စင်မှ တစ်စုံတစ်ဦးနှင့် တွေ့ဆုံဘူးခြင်းသည် ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်သကဲ့သို့ ခံစားမိလေသည်။
အာရန်၌ မေးခွန်းများစွာ ရှိနေသော်လည်း သူ့အတွက် အဓိပ္ပာယ်ရှိသော ဖြစ်နိုင်ခြေတစ်ခုသာ ရှိသည်။
ရေခဲနတ်ဆိုးဟုလည်း လူသိများသော လီယွန်းဖန်းသည် နစ်ခရိုမန်ဆာမျှော်စင်နှင့် အတော်လေး နက်ရှိုင်းစွာ ဆက်စပ်နေပုံရသည်။
သူသည် သူ၏ ခန်းမကိုပင် အပြင်လူများမြင်မည်စိုး၍ ပိတ်ပစ်လိုက်ပုံအရ မည်သူမျှ ၎င်းအကြောင်းကို မသိစေလိုကြောင်းလည်း ရှင်းလင်းနေလေသည်။
‘သူက နစ်ခရိုမန်ဆာမျှော်စင်ရဲ့ သူလျှိုတစ်ယောက်ပဲလား’
အာရန်သည် သူ၏ လက်ဖဝါးမှာ သူ၏ မျက်နှာကို ယောင်ဗ၍ပြန်ပွတ်မိလုနီးပါး တွေးလိုက်မိသည်။
ဂိုဏ်းချုပ် ဖန်းယုသည် မည်သို့ ဂိုဏ်းမျိုးကို ဖန်တီးခဲ့သနည်း။
ကျော်ကြားသော အကြီးအကဲတစ်ဦးသည် နစ်ခရိုမန်ဆာမျှော်စင်မှ သူလျှိုဖြစ်ပြီး နောက်ထပ် ကျော်ကြားသော အကြီးအကဲတစ်ဦးသည် သူရဲကောင်းအကယ်ဒမီမှ သူလျှိုတစ်ဦးဖြစ်နေပြန်သည်။
ဤနှုန်းအတိုင်းဆိုလျှင် သန့်စင်အင်ပါယာမှ သူလျှိုတစ်ဦးလည်း ထပ်မံရှိနေနိုင်သေးသည်ဟု တွေးလိုက်မိသည်။
“ဘာလို့ ဘာမှ မပြောတာလဲ” ထူးဆန်းသော တိတ်ဆိတ်မှုကို မျက်မှောင်ကြုတ်ကာ လီယွန်းဖန်းက စိတ်မရှည်သောလေသံဖြင့် မေးလိုက်သည်။
“သခင်က တစ်ခုခု လုပ်ဖို့ မင်းရဲ့ ခွင့်ပြုချက်ကိုတောင်းခံဖို့ လိုသေးလို့လား”
အာရန်က လီယွန်းဖန်း၏ မေးခွန်းကို မေးခွန်းဖြင့်ပင် တုန့်ပြန်လိုက်သည်။
“မင်းရဲ့ နေရာကို သိစမ်းပါ” ဟု အာရန်မှ ထပ်လောင်းပြောလိုက်သည်။
ထိုသို့ အပြောဆိုခံရပြီးသည့်နောက်မှာပင် လီယွန်းဖန်း၏ မျက်နှာသည် ပို၍ မှောင်မိုက်သွားခဲ့သော်လည်း သူသည် မည်သို့မျှ ခွန်းတုံ့ မပြန်ခဲ့ပေ။
“ကျုပ်... သိပါတယ် သခင်က ဒီကို ရည်ရွယ်ချက်တစ်ခုနဲ့ လွှတ်လိုက်တာ ဖြစ်ရမယ်ဆိုတာ သူ့ကို မေးခွန်းထုတ်ဖို့ မရဲပါဘူး အန္တရာယ်များတယ်လို့ပဲ ပြောချင်တာပါ” ဟု လီယွန်းဖန်းက အမြန်ပင် ရှင်းပြလိုက်သည်။
သူ၏ ရှေ့၌ရှိသောသူ ဘာတွေးနေသည်ကို သူ ဂရုမစိုက်သော်လည်း ဤအရာသည် ‘သခင်’ ၏ နားထဲသို့ ရောက်သွားပါက သူ့အတွက် အလွန်အမင်း ဆိုးရွားသော အဖြစ်ဆိုးတစ်ခု ဖြစ်သွားပေလိမ့်မည်။
အာရန်သည် လီယွန်းဖန်းကို သတ်ရန် ဤနေရာသို့ လာခဲ့ခြင်းဖြစ်သော်လည်း လီယွန်းဖန်းနှင့် နစ်ခရိုမန်ဆာမျှော်စင်ကြား ဆက်စပ်မှုကို မထင်မှတ်ပဲ တွေ့ရှိခဲ့ရသည်။
သူ့တွင် နစ်ခရိုမန်ဆာမျှော်စင်အကြောင်းမေးမြန်းရန်နှင့် လီယွန်းဖန်းအကြောင်း စစ်ဆေးချင်သည့် အကြောင်းအရာများစွာ ရှိနေလေသည်။
ကံမကောင်းစွာဖြင့် ထိုသို့စစ်ဆေးမေးမြန်းရန် သူ့တွင် အချိန်မရှိပေ။
သူသည် နစ်ခရိုမန်ဆာမျှော်စင်မှ လူတစ်ယောက်မဟုတ်ကြောင်း အချိန်တခဏခန့်သာ ဟန်ဆောင်နိုင်မည်ဖြစ်လေသည်။
အာရန်သည် လီယွန်းဖန်းဆီသို့ ပို၍ နီးကပ်စွာ လျှောက်သွားလိုက်ပြီး သူ၏ အနက်ရောင် ဝတ်ရုံကြားတွင် ထိုသေနတ်ကို ဝှက်ထားလိုက်သည်။
“မင်း ငရဲအကြောင်း ဘယ်လောက်သိထားလဲ”
အာရန်သည် လီယွန်းဖန်းအနားသို့ ချဉ်းကပ်သွားရင်း စနစ်ဆီမှ ရရှိခဲ့သော ငရဲတံခါးဖြတ်သန်းခွင့်လက်မှတ်ကို သတိရကာ မေးလိုက်သည်။
ထို့ပြင် လစ်ချ်ထံမှ ငရဲတံခါးဖွင့်ရန် ပစ္စည်းများအကြောင်းကိုလည်း အနည်းငယ်သိရှိခဲ့ရသည်။
သို့သော် ဝိညာဥ်လောက၏ ပထမဘုရင်မ ဖြစ်သူ ယီလန်ကိုယ်တိုင်ပင် ၎င်းအကြောင်းကို ဘာမှ မသိထားပုံရသောကြောင့် ဖွင့်လှစ်ရမည့် ငရဲတံခါးအကြောင်းကို သူသည် အတော်လေး စိတ်ဝင်စားနေခဲ့သည်။
“ငရဲ ဟုတ်လား” လီယွန်းဖန်းသည် ရှုပ်ထွေးစွာဖြင့် အာရန်အား ပြန်ကြည့်နေလိုက်သည်။
“မင်း ဘာတွေ ပြောနေတာလဲ”
အာရန်သည် စိတ်ပျက်စွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
“ငါ သိပြီ ဒါဆို မင်းက အရေးမပါတဲ့ သာမန်နယ်ရုပ်ကလေးတစ်ရုပ်ပါပဲ မင်းကို ငါ ပိုပြီး တွက်ထားမိပုံရတယ်”
သူသည် ပလ္လင်ပေါ်၌ ထိုင်နေဆဲဖြစ်ကာ သေခြင်းတရားမှာ သူ့ဆီသို့ မည်မျှ နီးကပ်လာသည်ကို သတိမထားမိသော လီယွန်းဖန်းနှင့် မီတာဝက်ခန့် အကွာ၌ ရပ်လိုက်သည်။
လီယွန်းဖန်းထံမှ အဖြေအချို့ကို သူ မျှော်လင့်ထားခဲ့သည်။
အထူးသဖြင့် ငရဲတံခါးနှင့် ဆက်စပ်နေသော အရာများအကြောင်း ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် သူသည် ၎င်းအကြောင်းကို ဘာမှ သိထားပုံမရပေ။
သူသည် သူရဲကောင်းအကယ်ဒမီအတွက် နယ်ရုပ်တစ်ရုပ်ဖြစ်သကဲ့သို့ ထိုလီယွန်းဖန်သည်လည်း အတူတူပင်ဖြစ်လေသည်။
အသုံးမဝင်သော နယ်ရုပ်တစ်ရုပ်အတွက် သူ၏ စိတ်ထဲ၌ ရည်ရွယ်ထားသော ကံကြမ္မာတစ်ခုသာ ရှိလေသည်။
သူ၏ လက်ကို ဝတ်ရုံထဲမှ ထုတ်လိုက်ပြီးနောက် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသော သတ္တုပစ္စည်းတစ်ခုဖြင့် လီယွန်းဖန်းအား ချိန်ရွယ်ထားလိုက်သည်။
လီယွန်းဖန်းသည် ယခုအချိန်၌ ဤသတ္တုပစ္စည်းလေးဆီမှ မည်သည့် မှော်ပညာ သို့မဟုတ် အော်ရာအငွေ့အသက်ကိုမျှ မခံစားမိခဲ့ပေ။
“အဲ့ဒါက ဘာ-“
သူသည် ထိုအရာကို မေးရန် သူ၏ နှုတ်ခမ်းကို ဖွင့်လိုက်သော်လည်း စကားမဆုံးမီမှာပင် ရေခဲနန်းတော်အတွင်း၌ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
#Catfoot