ရေထိန်းချုပ်လက်ဝါးသိုင်း အခြေခံအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ
Vol. 8 Ch. 98
ဇယား :
[ချန်ကျဲ့]
[နယ်ပယ်အဆင့် : အရေပြားသန့်စင်ခြင်းနှောင်းပိုင်းအဆင့်]
[သိုင်းကျင့်စဉ်များ : ယန်ချွမ်ကျင့်စဉ် (အခြေခံအဆင့်)၊ ဘိုးဘေးကြီးလက်ဝါးသိုင်း (အောင်မြင်မှုငယ်အဆင့်)၊ ရေထိန်းချုပ်လက်ဝါးသိုင်း (အခြေခံအဆင့်)]
[သုံးသပ်ချက် : သင်ဟာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းဖို့ ခြေတစ်လှမ်းသာ လိုအပ်ပါတော့တယ်။ သင့်ရဲ့အင်အားအရ သင့်ကို အခြေခံအဆင့် သိုင်းပညာရှင်တစ်ဦးလို့ သတ်မှတ်နိုင်ပါတယ်]
အချက်အလက်ဇယားကိုကြည့်လျက် ချန်ကျဲ့သည် နောက်ကျိနေသော စိတ်အစဉ်ဖြင့် သက်ပြင်းချမိလေသည်။ နောက်ဆုံးတွင်တော့ ရေထိန်းချုပ်လက်ဝါးသိုင်းကို အခြေခံအဆင့် ရောက်ရှိနိုင်ခဲ့လေပြီ။ အခြေခံအဆင့် ရေထိန်းချုပ်လက်ဝါးသိုင်းနှင့် ယန်ချွမ်ကျင့်စဉ်တို့ကို ပေါင်းစည်းလိုက်ပါက ယွီစန်းလျို့အား သတ်ဖြတ်နိုင်လောက်မည်ဟု ချန်ကျဲ့ ခံစားမိသည်။
…
ထိုအတွေးဖြင့် ချန်ကျဲ့၏မျက်လုံးများ၌ သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ထင်ဟပ်နေခဲ့သည်။
ထိုစဉ် ချန်ကျဲ့သည် ချန်ရှောင်ဟူကို ကြည့်လိုက်သည်။ ချန်ရှောင်ဟူသည် ချန်ကျဲ့ကို ပြန်ကြည့်လာ၍ ပြောသည်။
“အစ်ကို အောင်မြင်သွားပြီလား”
ချန်ကျဲ့ ခပ်သာသာ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းလိုက်တာ၊ အစ်ကိုကျိုစစ် အခုတော့ ကျွန်တော်တို့ ယွီစန်းလျို့ကို ကြောက်နေဖို့ မလိုတော့ဘူး။ သူ့ဆီကနေ ပုန်းနေဖို့လည်း မလိုတော့ဘူး”
ရှောင်ဟူမှ ဒေါသတကြီးဖြင့် ပြောသည်။ ရှောင်ဟူသည် အမှန်တကယ် ဒေါသထွက်နေခြင်းဖြစ်၏။ ဤရက်များအတွင်း၌ ယွီစန်းလျို့၏လူများသည် သူတို့နောက်သို့ အမြဲတစေ နောက်ယောင်ခံလိုက်နေခဲ့ကြသည်။ သို့ဖြင့် ချန်ကျဲ့မှာ ရေထဲဆင်းတိုင်းတွင် သူတို့ကို ရှောင်ရှားနေရသည်။ ထို့ကြောင့် ရှောင်ဟူသည် ဒေါသဆူပွက်နေခြင်းဖြစ်သည်။
သို့တိုင် ချန်ကျဲ့သည် တည်ငြိမ်အေးဆေးစွာဖြင့် ပြော၏။
“အင်း ငါတို့ သူ့ဆီကနေ ပုန်းနေဖို့ မလိုတော့ဘူး”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့၏အကြည့်များသည် ရေခဲတမျှ အေးစက်သွားခဲ့သည်။ အချို့ကိစ္စများကို စာရင်းရှင်းရန် အချိန်ကျလေပြီ။
…
ထိုစဉ် ငါးဖမ်းကုန်သည်အဖွဲ့၌ ဝူကျုံးသည် ဆေးခြောက်ဆေးတံကို သောက်သုံးနေသည်။ ဝူကျုံး၏ဘေးတွင် သင်္ဘောခေါင်းဆောင်ကြီးနှင့် သင်္ဘောခေါင်းဆောင်၂တို့ ရပ်နေသည်။
သင်္ဘောခေါင်းဆောင်ကြီးသည် အကြုံပြုပြောဆိုနေ၏။
“အစ်ကိုဝူ ကျေးဇူးပြုပြီး သေချာစဉ်းစားပါဦး။ အဲဒီနေရာက တစ်လမ်းသွားခရီးစဉ်ပဲ။ အဲဒီနေရာကို ဇွတ်ဝင်သွားတာက အရမ်းအန္တရာယ်များလွန်းတယ်”
“ဟုတ်တယ် ဦးစီးမှူး၊ သေချာသတိထားမှဖြစ်မယ်! ပြီးတော့ ရွာအကြီးအကဲရာထူးအတွက် ပြိုင်ပွဲကလည်း ဆယ်ရက်တောင် မလိုတော့ဘူး။ ဦးစီးမှူး တစ်ခုခုဖြစ်သွားခဲ့ရင် ကျွန်တော်တို့ ငါးဖမ်းကုန်သည်အဖွဲ့ ဘယ်လိုဖြစ်သွားမလဲ”
သင်္ဘောခေါင်းဆောင်၂မှလည်း ကြားဝင်ပြောဆိုသည်။
ဝူကျုံးသည် ဆေးတံကို တစ်ချက်ရှိုက်လိုက်ပြီး မီးခိုးကွင်းတစ်ခု မှုတ်ထုတ်လိုက်ကာ ပြော၏။
“အင်း ငါ့မှာ တကယ် ရွေးချယ်စရာမရှိဘူး။ ဟုန်အာက အဲဒီသွေးလင်ဇီးကို တကယ်လိုအပ်နေတယ်။ ငါက အဖေတစ်ယောက်အနေနဲ့ အဲဒါကို လျစ်လျူမရှုထားနိုင်ဘူးလေ”
“ပြီးတော့ အချိန်ဆယ်ရက်ရှိပါသေးတယ်။ ငါစဉ်းစားထားတာက အကယ်၍ ငါဒီတစ်ခေါက် ခရီးမှာ ဒဏ်ရာရသွားခဲ့ရင်တောင် ဒီဆယ်ရက်က ဒဏ်ရာတွေပြန်ကောင်းမွန်နိုင်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်ပဲလို့ပေါ့။ အဲဒီလိုဆို နောက်ဆယ်ရက်ရဲ့ ကိစ္စကြီးအတွက်လည်း နှောင့်နှေးမှု မရှိနိုင်တော့ဘူး”
ထိုအခါ သင်္ဘောခေါင်းဆောင်ကြီးနှင့် သင်္ဘောခေါင်းဆောင်၂တို့သည် ခေါင်းခါရမ်းကြသည်။
“အဲဒါက အရမ်းစွန့်စားရကျလွန်းတယ်။ ကျွန်တော်တို့ သဘောမတူနိုင်ဘူး!”
ဝူကျုံးမှ ခုခံပြောဆိုသည်။
“ညီနောင်တို့ ငါဒီကိစ္စအတွက် ဆုံးဖြတ်ချက်ချထားပြီးပြီ။ အဲဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကိုထပ်ပြီး မဖျောင်းဖျကြပါနဲ့တော့။ ဒါနဲ့ ငါသွားမယ့် ဒီရက်တွေအတွင်းမှာ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အရေးကိစ္စတွေကို မင်းတို့လက်ထဲ အပ်ခဲ့ရလိမ့်မယ်။ ညီနောင်တို့ကို ဒုက္ခများစေမိပါပြီ”
ထိုအခါ ခေါင်းဆောင်နှစ်ဦးမှာ တိတ်ဆိတ်သွားတော့သည်။
အချိန်အတော်ကြာပြီးနောက်မှ သင်္ဘောခေါင်းဆောင်ကြီးသည် သက်ပြင်းချလျက် ပြော၏။
“အစ်ကိုကြီးဝူ၊ အစ်ကိုကြီးက သွားဖို့ ဆုံးဖြတ်ထားပြီးပြီဆိုရင် ကျွန်တော်တို့ မတားနိုင်ပါဘူး။ ဒါပေမဲ့ အစ်ကိုကြီး အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရရင် နောက်ဆုတ်ရမယ့်အချိန်ကို သိရှိပြီး အဆင်အခြင်မဲ့ ရှေ့ဆက်မတိုးဖို့ပဲ မျှော်လင့်ပါတယ်”
“ဟုတ်တယ် အစ်ကိုကြီးဝူ၊ အစ်ကိုကြီး ဒီကိစ္စမှာ တကယ်ကို သတိကြီးကြီးထားရပါမယ်။ ကျွန်တော့်ရဲ့ဆန္ဒကတော့ အစ်ကိုကြီးအနေနဲ့ မသွားလို့ရရင် မသွားဖို့ပါပဲ”
ဝူကျုံးမှ ပြန်ပြောသည်။
“ညီနောင်တို့ ငါနားလည်ပါတယ်။ ဒါပေမဲ့ အဖေတစ်ယောက်အနေနဲ့ ကိုယ့်သားလေးရဲ့ သိုင်းပညာခရီးလမ်းက နေရာမှာတင် ရပ်တန့်သွားတာကို ဒီတိုင်းရပ်ကြည့်မနေနိုင်ဘူး။ အဲဒါကြောင့် ငါသွားဖို့ ဆုံးဖြတ်ထားပြီးခဲ့ပြီ။ ဒီနေ့လယ်ပဲ တောင်ပေါ်တက်ဖို့ ဆုံးဖြတ်ထားတယ်”
“ဒါက…”
သင်္ဘောခေါင်းဆောင်ကြီးနှင့် သင်္ဘောခေါင်းဆောင်၂တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လျက် သက်ပြင်းချမိကြသည်။
သွေးလင်ဇီးရှိသည့်နေရာကို သူတို့သိပါ၏။ မြူခိုးထုနယ်မြေအတွင်း ပေါက်ရောက်နေခြင်းဖြစ်သည်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့် သခင်ကြီးများနှင့် မြူခိုးထုနယ်မြေအတွင်း ဝင်ရောက်ခဲ့စဉ်က သွေးလင်ဇီးပင်ကို သူတို့ တွေ့ခဲ့ကြသည်။ သို့သော် ထိုနေရာသည် အန္တရာယ်များဖြင့် ပြည့်နှက်နေသောနေရာဖြစ်၏။ ထိုသွေးလင်ဇီးပင်ကို နှုတ်ယူရန်မှာ လုပ်နိုင်ပါက ရှင်သန်မည်၊ မလုပ်ပါက သေဆုံးမည်ကဲ့သို့သော အားစိုက်ထုတ်မှုမျိုးဖြစ်၏။
သို့တိုင် ဝူကျုံးသည် ဤရက်များအတွင်း သွေးလင်ဇီးကို ရယူရန် ပြင်ဆင်နေခဲ့သည်။ အထူးသဖြင့် သမားတော်ပိုင်ထံမှ အဆိပ်ရှိသတ္တဝါများကို ဆန့်ကျင်တိုက်ခိုက်နိုင်မည့် ဆေးအချို့ရရှိခဲ့ချိန်မှစ၍ ဖြစ်သည်။ ၎င်းသည် အောင်မြင်နိုင်မည့် အခွင့်အရေးကို များစွာတိုးမြှင့်ပေးနိုင်၏။ သေချာပေါက် အသက်ဆုံးရှုံးရမည့် အခြေအနေမျိုး မဟုတ်လေရာ ဝူကျုံးသည် ကြိုးစားကြည့်ချင်သည်။
သားဖြစ်သူအတွက် အလွန်သေးငယ်လှသော အခွင့်အရေးဖြစ်လျှင်သော်မှ ဝူကျုံးသည် အရာအားလုံးကို ရင်းနှီးစွန့်စားရန် အဆင်သင့်ဖြစ်နေခဲ့သည်။
ဝူကျုံးသည် ဆေးတံကို လက်မှချလိုက်သည်။ သူသည် ပုံမှန်အားဖြင့် ဆေးတံသောက်လေ့ မရှိပေ။ သို့သော် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း၌ စိတ်ဖိစီးနေခဲ့သောကြောင့် ပင်ပန်းနွမ်းနယ်မှုကို သက်သာစေရန် ဆေးတံသောက်ခြင်းဖြင့် အပန်းဖြေနေခဲ့သည်။
ယခုတွင် ဆုံးဖြတ်ချက်ချပြီးဖြစ်ရာ သူ၏စိုးရိမ်ပူပန်မှုများကို ဖြေဖျောက်ပေးရန်အတွက် ဆေးတံကို မလိုအပ်တော့ပေ။
ခြုံငုံလိုက်ရင် မီးခိုးရောင်မြူခိုးထုလေးပဲ မဟုတ်လား။ ဘာတွေများ အရမ်းကြောက်ဖို့ကောင်းနေလို့လဲ။
ဝူကျုံးသည် သာ့ဟေးတောင်တန်းကြီးကို ငေးကြည့်နေခဲ့သည်။ သူသည် နေရောင်အတောက်ပဆုံးအချိန် နေ့လယ်ခင်းတွင် တောင်ပေါ်တက်ရန် စီစဉ်ထားသည်။ အကယ်၍ ကံကောင်းခဲ့လျှင် နေဝင်ရီတရောအချိန်တွင် တောင်အောက်သို့ ပြန်ဆင်းလာနိုင်ကောင်း၏။ သားဖြစ်သူအတွက် ဤစွန့်စားမှုမှာ ထိုက်တန်ပေသည်။
ဝူကျုံးသည် အထုပ်အပိုးထည့်၍ တောင်ပေါ်တက်ရန် ပစ္စည်းအချို့ယူသွားရန် စဉ်းစားလိုက်သည်။
ထိုအချိန်တွင် ချန်ကျဲ့နှင့် ရှောင်ဟူတို့သည် ကမ်းခြေသို့ လှေဖြင့်ပြန်လာနေကြသည်။ သူတို့သည် ဝူကျုံးနှင့် ဆုံသွားကြလေသည်။
“ဦးလေးကျုံး”
သူတို့နှစ်ဦးမှ နှုတ်ဆက်လိုက်သည်။ ဝူကျုံးသည် သူတို့ကို မြင်သောအခါ ပြုံးလိုက်သည်။
“ကျိုစစ် အချိန်ကိုက်ပဲကွာ။ မင်း ရွာပြန်မလို့လား”
ချန်ကျဲ့ ပြန်ပြောသည်။
“အမ်း”
“ဒါဆို ငါ့ကို မင်းအဒေါ်ဆီ စကားပါးပေးစမ်းပါ။ ငါဒီနေ့ ကိစ္စလေးရှိလို့ နေ့လယ်စာရော ညစာရော ပြန်လာမစားနိုင်လောက်ဘူးလို့။ အိုး ပြီးတော့ မင်းအဒေါ်ကို ဒီစာလေးပါ ပေးပေးနိုင်မလား”
“အာ ဦးလေးကျုံး တစ်ခုခု အကူအညီလိုသေးလား”
ဝူကျုံးမှ ခေါင်းခါသည်။
“အရေးကြီးကိစ္စ မဟုတ်ပါဘူး။ မလိုဘူး”
ဝူကျုံးမှ ငြင်းဆန်သည်။ ချန်ကျဲ့မှ ပြောသည်။
“ဒါဆိုလည်း ကျွန်တော် ပြောလိုက်ပါ့မယ် ဦးလေးကျုံး”
ဝူကျုံး ခေါင်းညိတ်သည်။
“အင်း အင်း ကျေးဇူးတင်ပါတယ် ကျိုစစ်”
ချန်ကျဲ့ ပြန်ပြောသည်။
“ဦးလေးကျုံးက အားနာနေပြန်ပါပြီ”
ဝူကျုံး၏စာကို ယူဆောင်၍ ချန်ကျဲ့တို့နှစ်ဦးသည် ရွာထဲသို့ ဦးတည်လာခဲ့သည်။ လမ်းတွင် ရှောင်ဟူမှ ပြော၏။
“အစ်ကိုကျိုစစ်၊ ဦးလေးကျုံးရယ် ဒီနေ့ နည်းနည်းထူးခြားနေသလိုပဲနော် အစ်ကို သတိထားမိလား”
ချန်ကျဲ့ ပြန်ဖြေသည်။
“အင်း နည်းနည်းထူးဆန်းနေတယ် ထင်ရတယ်။ ကြည့်ရတာ အတွေးများပြီး စိတ်လေးလံနေတဲ့ပုံပဲ”
ချန်ကျဲ့သည် ဝူကျုံး၏အစီအစဉ်ကို မသိပေ။ သို့သော် ရွာသို့ပြန်လာ၍ ပိုင်မိသားစုနေအိမ်သို့ သွားခဲ့သည်။
ချန်ကျဲ့ ခြံတံခါးခေါက်ပြီး ဝင်လိုက်သောအခါ တံခါးနားတွင် လမ်းလျှောက်လေ့ကျင့်ခန်းလုပ်နေသည့် ဝူဟုန်ကို တွေ့လိုက်ရသည်။ ဝူဟုန်၏ပုံစံမှာ အလွန်အားနည်းနေဆဲပင်။
“ကျိုစစ် ရောက်လာပြီပဲ”
ဝူဟုန်သည် ချန်ကျဲ့ကို နှုတ်ဆက်သည်။
ချန်ကျဲ့ မေးလိုက်သည်။
“အဒေါ် ရှိလား”
“ကျိုစစ်”
သခင်မပိုင်သည် မီးဖိုချောင်ထဲမှ ထွက်လာရင်း ချန်ကျဲ့ကို နှုတ်ဆက်၏။
“ငါ အခုလေးတင် ကြက်သားချက်ထားတာ၊ မင်း နေ့လယ်စာ စားသွားလိုက်ပါလား”
ချန်ကျဲ့ ပြန်ဖြေသည်။
“ကျွန်တော် စားလို့မရဘူး အဒေါ်၊ ယွင်ကျင်းက အိမ်မှာ နေ့လယ်စာစားဖို့ ကျွန်တော့်ကို စောင့်နေတယ်”
ထိုအခါ သခင်မပိုင်မှ ပြောသည်။
“ဟုတ်သားပဲ ခဏလေး”
ခဏကြာပြီးနောက် သခင်မပိုင်သည် ကြက်သားချက်တစ်ပန်းကန်ကိုင်၍ ပြန်ထွက်လာသည်။ ကြက်သားဟင်းထဲတွင် မှိုများလည်း ပါဝင်သေး၏။
“အဒေါ် ဘာလုပ်တာလဲဗျာ။ ဒီအသားတွေကို အစ်ကိုဟုန် အားရှိအောင်စားဖို့ ချန်ထားလိုက်ပါ။ ကျွန်တော့်ကို မပေးလိုက်ပါနဲ့”
ချန်ကျဲ့ ငြင်းဆန်သည်။ သို့သော် ဝူဟုန်မှ ဝင်ပြောသည်။
“ကျိုစစ် ငါ့ခန္ဓာကိုယ်က အသားဓာတ်ဖြည့်ဖို့ လိုအပ်နေတာ မဟုတ်ပါဘူး။ ငါ့အမေ ပေးတဲ့အခါ ယူသာယူလိုက်ပါ။ ငါတို့က မိသားစုတွေပဲကို ဘာလို့အားနာနေမှာလဲ”