← Chapters

ခန့်မှန်း၍မရသော အခြေအနေများ စတင်ဖြစ်ပေါ်လာခြင်း

Vol. 8 Ch. 99

ခန့်မှန်း၍မရသော အခြေအနေများ စတင်ဖြစ်ပေါ်လာခြင်း

Vol. 8 Ch. 99

ဝူဟုန်သည် ခန္ဓာကိုယ်မှာ အလွန်တရာ အားနည်းနေသောကြောင့် ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချ၍ အနားယူလိုက်သည်။

ထိုအခါ ချန်ကျဲ့မှာ မငြင်းဆန်နိုင်တော့ပေ။

“ဒါဆိုလည်း ကျေးဇူးတင်ပါတယ် အဒေါ်။ ဒါနဲ့ ကျွန်တော် အခုလာတာက ဦးလေးကျုံးအတွက် စကားပါးပေးဖို့ လာခဲ့တာဗျ”

“ဦးလေးကျုံးက သူနေ့လယ်စာနဲ့ ညစာ ပြန်လာမစားနိုင်လောက်ဘူးတဲ့။ အိုး အ‌ဒေါ့်အတွက် စာလည်း ပေးလိုက်သေးတယ်”

“စာလား”

ပိုင်သခင်မသည် ချန်ကျဲ့၏လက်ထဲမှ စာကို ယူလိုက်သည်။ စာကိုဖွင့်ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် သူမ၏ တစ်ကိုယ်လုံး ထုံထိုင်းသွားသည့်အလား ခံစားလိုက်ရပြီး နောက်သို့ ယိမ်းယိုင်သွားခဲ့သည်။

ထိုအခါ ချန်ကျဲ့မှာ ရှေ့သို့ အမြန်လျှောက်သွား၍ ပိုင်သခင်မကို ကူတွဲပေးလိုက်ရသည်။

“အဒေါ် ဘာဖြစ်လို့လဲ၊ အဒေါ်!”

ဝူဟုန်သည် စိုးရိမ်ပူပန်စွာ‌ဖြင့် ထရပ်လိုက်သော်ငြား အားနည်းနေသောကြောင့် ပြန်လဲကျလုမတတ် ဖြစ်သွားရသည်။

ထိုအချိန်တွင် သမားတော်ပိုင်သည်လည်း အပြင်ဘက်မှ ဆူညံသံများကိုကြားသောကြောင့် တုတ်ကောက်တစ်ချောင်းကို အမှီပြုလျက် အခန်းထဲမှ ထွက်လာခဲ့သည်။

အားလုံးသည် အားယူရန်ကြိုးစားနေသည့် သခင်မပိုင်ကို ကြည့်နေကြသည်။ သူမသည် ငိုသည်ထက်ပင် ပို၍ကြည့်ရဆိုးသော အပြုံးကို ဖျစ်ညှစ်လုပ်ယူနေရင်းဖြင့် ပြောသည်။

“ဘာမှ.. ဘာမှမဖြစ်ပါဘူး။ ကျွန်မတို့ နေ့လယ်စာ စားကြရအောင်လေ၊ အားကျုံးကို စောင့်ဖို့မလိုတော့ဘူး”

သခင်မပိုင်သည် ထိုသို့ပြော၍ လှည့်ထွက်သွား၏။

ချန်ကျဲ့၊ ဝူဟုန်နှင့် သမားတော်ပိုင်တို့သည် စိုးရိမ်ပူပန်စွာဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှုများ ထင်ဟပ်နေကြသည်။

သူတို့သည် တစ်ပြိုင်နက်တည်းပင် သခင်မပိုင်၏လက်ထဲရှိ စာကို စိုက်ကြည့်နေကြသည်။

ဝူဟုန်သည် သမားတော်ပိုင်ကို လှည့်ကြည့်၏။ သမားတော်သည် ချန်ကျဲ့ကို အဓိပ္ပာယ်ပါရှိသောအကြည့်ဖြင့် ကြည့်လာသည်။

ချန်ကျဲ့သည် အနည်းငယ်တွန့်ဆုတ်သွား၍ ခေါင်းမော့ရှောင်လွှဲလိုက်သည်။

သို့သော် သမားတော်ပိုင်သည် ချန်ကျဲ့ကို ပို၍စူးရဲစွာ စိုက်ကြည့်လာ၏။

ရွေးချယ်စရာ မရှိတော့လေရာ ချန်ကျဲ့မှာ အမြန်လှုပ်ရှား၍ သခင်မပိုင်၏လက်ထဲမှ စာကို ဆတ်ခနဲ ‌ဆွဲယူလိုက်ရလေသည်။

သခင်မပိုင်သည် ချန်ကျဲ့မှ ထိုသို့အပြုအမူမျိုးကို ပြုလုပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

သူမသည် ဒေါသတကြီးဖြင့် ရုတ်ချည်း အော်ပြော၏။

“ကျိုစစ်!”

ချန်ကျဲ့ အမြန် တောင်းပန်လိုက်သည်။

“အဒေါ် ကျွန်တော်တောင်းပန်ပါတယ်”

“ပြန်ပေးစမ်း!”

သခင်မပိုင်သည် ဒေါသတကြီးဖြင့် ပြန်လုယူရန် ကြိုးစားသည်။ သို့သော် သမားတော်ပိုင်မှ ပြော၏။

“လန်အာ အဖေတို့အချင်းချင်း ဝန်ထုပ်ဝန်ပိုးတွေကို ဝေမျှသင့်တယ်လေ။ တစ်ယောက်တည်း ကြိတ်မှတ်သည်းခံနေလို့ ဘာကောင်းတာရှိမှာလဲ။ ကျုံးအာ ဘာဖြစ်လို့လဲ”

ချန်ကျဲ့သည် သူ့ကို မှီထားသည့် ဝူဟုန်နှင့်အတူ စာကို ချက်ချင်း ဖွင့်ဖတ်လိုက်သည်။

စာဖတ်ပြီးနောက် သူတို့နှစ်ဦး၏ မျက်နှာအမူအရာသည်လည်း အလွန်တရာ ပျက်ယွင်းသွားရသည်။

“လန်အာ မင်းဒီစာကို ဖတ်တဲ့အချိန်ဆို ငါသာ့ဟေးတောင်ပေါ်ကို ရောက်နေလောက်ပြီ။ ငါ့နောက်ကို လိုက်မလာခဲ့နဲ့၊ လိုက်လာလို့ မီနိုင်မှာ မဟုတ်ဘူး”

“ငါတောင်ပေါ်ကို ဟုန်အာအတွက် ဆေးသွားရှာတာ။ ငါပြောခဲ့တဲ့ သွေးလင်ဇီးကို မှတ်မိတယ်မလား”

“အင်း ဟုတ်တယ်။ ငါအဲဒီ နှစ်တစ်ရာသက်တမ်း သွေးလင်ဇီးကို ယူဖို့သွားတာ”

“ငါ့အတွက် စိတ်မပူနဲ့။ အဲဒီမှာ အန္တရာယ်ရှိတယ်ဆိုပေမဲ့ ငါသေချာ ပြင်ဆင်ထားတာမလို့ အဆင်ပြေမှာပါ။ ညစာစားချိန်တောင် ပြန်ရောက်ရင် ရောက်လာနိုင်တယ်”

“ဪ ပြီးတော့ ဒီနေ့ညစာအတွက် ဝက်သားနှပ်ချက်ထားပေးပါ။ ငါအဲဒီဟင်းကြိုက်တယ်”

ဤနေရာတွင် ဗလာ မျဉ်းနှစ်ကြောင်းခြားသွား၏။

“လန်အာ…”

“အကယ်၍ ငါဆိုလိုတာက အကယ်၍များ ငါဒီတစ်ကြိမ် ပြန်မလာနိုင်ခဲ့ရင် ငါ့တို့အဖေနဲ့ သားလေးကို ငါ့အစား စောင့်ရှောက်ပေးပါ။ ပြီးတော့ ငါဘယ်လိုသေသွားခဲ့ရလဲ‌ဆိုတာကိုလည်း သူတို့ကို မပြောပြပါနဲ့။ အထူးသဖြင့် ဟုန်အာကို မပြောနဲ့နော်။ ငါ သူ့တစ်ဘဝလုံး အပြစ်ရှိစိတ်ကြီးနဲ့ ရှင်သန်သွားမှာကို မလိုလားဘူး”

“ပြီးတော့…”

“ငါတောင်းပန်ပါတယ် လန်အာ၊ မင်းကို ထပ်ပြီး စိတ်ပူရအောင် လုပ်မိပြန်ပြီ”

စာသည် ဤသို့အဆုံးသတ်သွား၏။ ဝူဟုန်သည် ထိုစာလုံးများကို ဖတ်နေရင်း မျက်နှာမှာ ရုတ်ချည်းဖြူဖျော့သွားတော့သည်။ ထို့နောက် ဘာမျှမပြောဘဲနှင့် အပြင်သို့ ယိမ်းထိုးလျက် လျှောက်သွားသည်။

“ဟုန်အာ ဟုန်အာ မင်းဘာလုပ်မလို့လဲ မင်းဘာလုပ်မလို့လဲ”

သခင်မပိုင်သည် ဝူဟုန်ကို ချက်ချင်းပြေးဆွဲ၍ ဟန့်တားသည်။

ဝူဟုန်မှ ပြောသည်။

“ဘာလုပ်ရမှာလဲ။ အဲဒီအဖိုးကြီး အဲဒီအဖိုးကြီးက ထပ်ပြီးလုပ်ချလိုက်ပြန်ပြီ။ သူ ကျွန်တော့်အတွက် သူအဲဒီလိုလုပ်ပေးဖို့ လိုအပ်တယ်လို့ ထင်နေတာလား”

“မလိုအပ်ဘူး။ ကျွန်တော် သူ့ကိုပြန်ခေါ်လာမယ်၊ ကျွန်တော်သူ့ကို ပြန်ခေါ်လာရမယ်!”

ဝူဟုန်သည် အပြင်ဘက်သို့ ဦးတည်လျှောက်သွားရင်း ပြောနေခဲ့သည်။ သခင်မပိုင်သည် ဝူဟုန်ကို ဟန့်တားနေခဲ့သော်ငြား သူမသည် ဝူဟုန်ကို ထိန်းမထားနိုင်ပေ။

ထိုစဉ် စာဖတ်ပြီးသွားသော သမားတော်ပိုင်မှ ပြောသည်။

“သူ့ကို သွားခိုင်းလိုက်၊ သူ့ကို အဲဒီအပြင်မှာ သွားသေခိုင်းလိုက်၊ ကျုံးအာရဲ့ အားစိုက်ထုတ်မှုတွေ အကုန် အလဟသဖြစ်သွားအောင် လုပ်ပစ်ခိုင်းလိုက်!”

သမားတော်ပိုင်သည် ဒေါသထွက်နေသော ခြင်္သေ့အိုကြီးတစ်ကောင်ကဲ့သို့ အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

သခင်မပိုင်သည် နေရာတွင် ရပ်တန့်သွား၏။ ဝူဟုန်သည် သမားတော်ပိုင်ကို လှည့်ကြည့်သည်။ သူ၏မျက်လုံးများတွင် မျက်ရည်များဝေ့သီနေခဲ့၏။

“အဖိုး ကျွန်တော့်အဖေ…”

သမားတော်ပိုင်သည် သက်ပြင်းရှည်ကြီးချလိုက်ကာ ပြောသည်။

“ကိစ္စတွေက အဆိုးဆုံးအခြေအနေကို မရောက်သေးပါဘူး”

“အဆိုးဆုံးမဟုတ်သေးဘူးလား။ အဖိုး သာ့ဟေးတောင်တန်းကို ငါးဖမ်းကုန်သည်အဖွဲ့၊ ချောင်ကုန်သည်အဖွဲ့နဲ့ ရဲမက်တွေအများကြီးက ပြားပြားဝပ်လုနီးပါး သွားလာထားတာ။ အဲဒီမှာ ဘယ်လိုလုပ်ပြီး သွေးလင်ဇီးရှိနေမှာတဲ့လဲ။ ရှိတယ်ဆိုရင်တောင် မြူခိုးထုနယ်မြေထဲမှာ‌ပဲ ဖြစ်လိမ့်မှာ။ အဲဒီမြူခိုးထုနယ်‌ေမြက စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်ကြီးတွေတောင် မဝင်ရဲတဲ့နေရာလေ။ ကျွန်တော့်အဖေက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ပဲ ရှိတဲ့သူတစ်ယောက်။ သူသာ အဲဒီမြူခိုးထုနယ်မြေထဲကို ဝင်သွားမယ်ဆိုရင် သေချာပေါက် သေသွားလိမ့်မှာ မဟုတ်ဘူးလား”

“သူတကယ်ပဲ သူဒီလိုလုပ်ပေးလို့ ကျွန်တော်ပျော်နိုင်မယ် ထင်နေတာလား”

“သူ အဲဒီလိုမျိုး သေသွားခဲ့ရင် ကျွန်တော် သူ့ကို တစ်ဘဝလုံး မုန်းတီးနေမှာလို့!!”

“ကျွန်တော် ဒီအရာကြီးကို အနာဂတ်မှာ ဘယ်လိုရင်‌ဆိုင်ရပါ့မလဲ”

ဝူဟုန်သည် စိတ်တုန်လှုပ်ချောက်ချားလျက် အော်ပြောနေခဲ့သည်။

ထိုအခါ သခင်မပိုင်သည် ဖြေမဆည်နိုင်ဘဲ ငိုကြွေးတော့သည်။ သမားတော်ပိုင်သည် စိုးရိမ်ပူပန်မှုကြောင့် မျက်မှောင်ကြုတ်လျက် ထိုင်ခုံတွင် ထိုင်နေသည်။ သူသည် သမားတော်တစ်ဦးသာ ဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် ဘာမျှမစွမ်းဆောင်နိုင်ချေ။

တစ်မိသားစုလုံးမှာ ဝမ်းနည်းပူဆွေးမှု၏ ဝါးမြိုခံထားရကာ လေထုအခြေအနေမှာ အလွန်အမင်း စိတ်လေးလံဖွယ် ဖြစ်နေတော့သည်။

ထိုစဉ် ချန်ကျဲ့မှ ရှေ့ထွက်လာခဲ့ပြီး ပြောလိုက်သည်။

“ဆရာ၊ အစ်ကိုဟုန်၊ အဒေါ် အရမ်းမစိုးရိမ်ပါနဲ့။ ဦးလေးကျုံးက တစ်ယောက်တည်း သွားရဲတယ်‌ဆိုတာ သူ့မှာ ယုံကြည်ရာတစ်ခုခုရှိလို့ ဖြစ်ပါလိမ့်မယ်။ ခဏနေရင် ကျွန်တော် တောင်ပေါ်သွားပြီး မြူခိုးထုအပြင်ဘက်မှာ စောင့်နေလိုက်မယ်။ ဦးလေးကျုံး ပေါ်ထွက်လာတဲ့အခါ ကျွန်တော် အပြင်ဘက်ကို လမ်းပြပေးလို့ရတာပေါ့။ အကယ်၍ ဦးလေးကျုံး ပေါ်မလာခဲ့ရင်တော့ ကျွန်တော် မြူခိုးထုနယ်မြေထဲဝင်ပြီး ရှာကြည့်လိုက်ပါ့မယ်။ အကုန်လုံး အဆင်ပြေသွားမှာပါ”

ချန်ကျဲ့ တိကျပြတ်သားစွာ ပြောဆိုခဲ့သည်။

All Chapters