← Chapters

ငါးဖမ်းကုန်သည်အဖွဲ့၏ သစ္စာဖောက်

Vol. 8 Ch. 100

ငါးဖမ်းကုန်သည်အဖွဲ့၏ သစ္စာဖောက်

Vol. 8 Ch. 100

ရှန်းထောင်မြို့၊ ဟွားမေ့လက်ဖက်ရည်ဆိုင်။

အလွန်သေးငယ်သော လက်ဖက်ရည်‌ဆိုင်ဖြစ်ပြီး မျန့်ရွှေဒေသခံများသည် လက်ဖက်ရည်ကို နှစ်ခြိုက်ကြသည်။ ထို့ကြောင့် လက်ဖက်ရည်ဆိုင်များသည် ကျေးလက်ဒေသတွင်ဖြစ်စေ၊ မြို့ထဲတွင်ဖြစ်စေ မနည်းပါးချေ။

‌ဟွားမေ့လက်ဖက်ရည်ဆိုင်သည် ရှန်းထောင်မြို့ရှိ လက်ဖက်ရည်ဆိုင်အသေးလေးတစ်ဆိုင်မျှသာ ဖြစ်သည်။

ရှေ့ဘက်ခန်းမနှင့် သီးသန့်အခန်းများ ခွဲခြားထားကာ ရှေ့ဘက်ခန်းမသည် ယေဘုယျအားဖြင့် အထမ်းသမားများ ဖြတ်သန်းသွားခြင်းနှင့် သေးနုပ်သောကုန်သည်များ ကုန်သည်များသောက်သုံးရန်အတွက် လက်ဖက်ရည်ခွက်ကြီးများကို ဝန်ဆောင်မှုပေးသည်။

သီးသန့်အခန်းများသည် ကျော်ကြားသော ဒေသခံများ လက်ဖက်ရည်သောက်သုံး အပန်းဖြေသည့် သီးသန့်‌နေရာဖြစ်သည်။

ထိုအချိန်၌ ဟွားမေ့လက်ဖက်ရည်ဆိုင်၏ သီးသန့်ခန်းထဲတွင် သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်းသည် အတွေးထဲနစ်မြောလျက် ထိုင်နေသည်။

…

သူ၏ရှေ့တွင် မက်မန်းသီးဆားစိမ်တစ်ပန်းကန်နှင့် ပီလော့ချွမ်လက်ဖက်ရည်တစ်ခွက်တို့ကို တည်ခင်းထားသည်။

ပုံမှန်အားဖြင့် ကျောင်းရွှမ်၏ အနှစ်ခြိုက်ဆုံးသော အပန်းဖြေနည်းမှာ မက်မန်းသီးဆားစိမ်နှင့် ပီလော့ချွမ်လက်ဖက်ရည်ကို တစ်ငုံချင်း ရသာခံသောက်သုံးရင်း အပြင်ဘက်ရှိ ဆူညံပြောဆိုသံများကို နားထောင်ခြင်းဖြစ်သည်။ ၎င်းသည် သူ၏ချမ်းသာသုခနှင့်ပြည့်စုံသော ဘဝတစ်ခုပင် ဖြစ်လေသည်။

သို့သော် ဒီနေ့တွင်တော့ မက်မွန်သီးဆားစိမ်များသည် သူ၏အစာစားလိုစိတ်ကို လှုံ့ဆော်ခြင်းငှာ မစွမ်းဆောင်နိုင်ခဲ့ပေ။

မွှေးပျံ့သည် ပီလော့ချွမ်လက်ဖက်ရည်သည်လည်းပဲ သူ၏ဝမ်းဗိုက်အတွင်းမှ လက်ဖက်ရည်တောင့်တစိတ်ကို မဆွဲဆောင်နိုင်ခဲ့ပေ။

ဘာလို့လဲ။

သူတော့ ဒုက္ခရောက်ပြီပဲ!

ရှပ် ရှပ် ရှပ်

သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်သည် ခြေသံများကြောင့် အာရုံပျက်ပြားသွားရသည်။ ခြေသံပိုင်ရှင်သည် ‌အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။

ထိုလူသည် ကျောင်းရွှမ်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ဆိုင်အလုပ်သမားကို မှာကြားသည်။

“သံဗုဒ္ဓတစ်အိုးပေးပါ”

မျက်နှာချင်းဆိုင်ရှိ ထိုလူသည် အလျင်မလိုပေ။ သူ့ကိုယ်သူအတွက် လက်ဖက်ရည်တစ်ခွက် လောင်းထည့်လိုက်သည်။ လက်ဖက်ရည်ကို မြည်းစမ်းနေရင်း သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွမ်ကို စောင့်ကြည့်နေခဲ့သည်။

ကျောင်းရွှမ်သည်လည်း ဘာမျှမပြောပေ။

သူတို့နှစ်ဦးလုံး ထိုသို့တိတ်ဆိတ်နေခဲ့ကြသည်မှာ မျက်နှာချင်းဆိုင်ရှိလူမှ ဒုတိယမြောက်လက်ဖက်ရည်တစ်ခွက်ကို စတင်သောက်သုံးသည့် အချိန်အထိပင်။ ထိုအခါမှ ကျောင်းရွှမ်မှ ပြောလာသည်။

“ကျုပ် ခင်ဗျားကို ဘာလို့ခေါ်လိုက်လဲဆိုတာ မသိချင်ဘူးလား”

“ဟက် ကျုပ်မှာ ခင်ဗျား စကားပြောတာကို ဒီလက်ဖက်ရည်တစ်အိုးလုံး ကုန်တဲ့အထိ‌ သောက်ပြီး စောင့်ရတော့မယ် ထင်လိုက်တာ။ ခင်ဗျား ကျုပ်ကို ဖိတ်ခေါ်လိုက်တယ်ဆိုမှတော့ ခင်ဗျားကိုယ်တိုင်ရဲ့ အကျိုးအတွက်ပဲလေ။ ကျုပ်အတွက် ဖြစ်နိုင်ပါ့မလား”

“အဲဒီတော့ ကျုပ်လည်း အလျင်မလိုပါဘူး။ ခင်ဗျား ပြောချင်ပြီဆိုရင် ပြောကြမယ်။ အကယ်၍ မပြောနိုင်သေးဘူးဆိုရင်လည်း စကားမပြောခင် လက်ဖက်ရည်သောက်နေလိုက်ကြတာပေါ့”

ထိုလူသည် ထိုသို့ပြောပြီးနောက် လက်ဖက်ရည် နောက်တစ်ငုံသောက်လိုက်ကာ မှတ်ချက်ပြုသည်။

“ဒီလိုမျိုး အပြန်ပြန်အလှန်လှန် သောက်နေကြလည်း သံဗုဒ္ဓကိုပဲ အလိုရှိမြဲပဲတဲ့။ ဘာလို့လဲသိလား”

ကျောင်းရွှမ်သည် မဖြေပေ။

ထိုလူမှ ရယ်မောလျက် ပြောသည်။

“ဘာလို့‌ဆို သံဗုဒ္ဓကို ဝူးလုံလက်ဖက်ရည်လို့လည်း ခေါ်ကြတယ်လေ။ ပြီးတော့ ဝူးလုံက အနံ့အရသာပိုကောင်းတယ်”

“ဘာပေါက်ကရတွေ ပြောနေပြန်တာလဲ”

ကျောင်းရွှမ်သည် ထိုလူ၏မှတ်ချက်စကားကို ကြားသောအခါ ချေပပြောဆိုသည့် စကားများကို ဟိတ်ဟန်ထည့်သွင်းခြင်းမရှိ ပြောဆိုလိုက်သည်။ ထို့နောက် အမြန်ဆက်ပြော၏။

“ယွီပင်း ခင်ဗျားက တကယ် ဘယ်လိုပုံရိပ်ထိန်းသိမ်းရမလဲ ကောင်းကောင်းသိတာပဲ။ ရွာအကြီးအကဲရွေးချယ်ပွဲက ခေါင်းပေါ်ရောက်နေပြီ၊ ခင်ဗျားက အခုထိ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကိုတောင် မရောက်နိုင်သေးဘူး။ ဒီလိုနဲ့ ဝူကျုံးကို အနိုင်ရနိုင်ပါ့မလား”

ထိုအခါ ယွီပင်းမှ ပြန်ပြောသည်။

“ကျုပ်က ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာပါ။ ကျုပ် ပြင်ဆင်မှုနှစ်ခု ပြုလုပ်ထားပြီးသား။ ရွာအကြီးအကဲရွေးချယ်ပွဲ မတိုင်ခင်မှာ‌ သေချာပေါက် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်”

“ပြီးတော့ ကျုပ် အဆင့်တက်လှမ်းဖို့ မအောင်မြင်ခဲ့ရင်တောင် ကျုပ်ကို ကူညီပေးမယ့် ခင်ဗျားရှိသေးတယ် မဟုတ်ဘူးလား”

ယွီပင်းမှ တခစ်ခစ်ရယ်မောလျက် ကျောင်းရွှမ်ကို ပြောသည်။

ကျောင်းရွှမ်သည် ဒေါသတကြီးဖြင့် ချေပပြောဆိုသည်။

“ပေါက်ကရပြောတာတွေ ရပ်လိုက်စမ်းပါ။ ကျုပ်က ဝူကျုံးကို ဖယ်ထုတ်ဖို့ပဲ သဘောတူထားခဲ့တာ၊ ငါးဖမ်းကုန်သည်အဖွဲ့ကို သစ္စာဖောက်ဖို့ မပါဘူး။ ကုန်သည်အဖွဲ့ကို သစ္စာဖောက်မယ့်လုပ်ရပ်မျိုး ကျုပ် ဘာတစ်ခုမှ လုပ်မှာမဟုတ်ဘူး”

“ဟက် ဟုတ်တယ် ဟုတ်တယ်။ ဝူကျုံးကို ဖယ်ထုတ်လိုက်ရင်ပဲ လုံလောက်ပြီ”

ယွီပင်း ခေါင်းညိတ်သည်။ ထို့နောက် ကျောင်းရွှမ်ကို ကြည့်၍ ဆက်ပြောသည်။

“ဒါဆိုလည်း ပြောလိုက်တော့။ ခင်ဗျား ကျုပ်နဲ့ လျှို့ဝှက်တွေ့ဆုံဖို့ စွန့်စားတယ်ဆိုတာ ‌အရေးကြီးကိစ္စမလို့ မဟုတ်လား”

ကျောင်းရွှမ်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ပြောလိုက်သည်။

“အခု ဝူကျုံးကို သတ်လို့ရနိုင်မယ့် အခွင့်အရေးရှိတယ်!”

“အို?”

ယွီပင်း လက်ထဲမှ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် ပြန်ချလိုက်သည်။ သူ၏စိတ်ဝင်စားမှုသည် ရုတ်ချည်း ‌မြင့်တက်သွား၏။

ဝူကျုံးကို သတ်ဖို့ဆိုတာ ကောင်းကင်ပေါ်က ပိုင်မုန့်ပြုတ်ကျလာသလိုပဲ မဟုတ်လား။

“ဆက်ပြောပါဦး”

သို့သော် ကျောင်းရွှမ်သည် ဆက်မပြောဘဲ တစ်ဖန်ပြန်၍ တိတ်ဆိတ်သွားပြန်သည်။ သူ၏အတွင်းစိတ်ထဲ ဝေခွဲမရဖြစ်နေကြောင်း သိသာလှ၏။

ဤအကြောင်းအရာကို ထုတ်ပြောလိုက်ခြင်းသည် ကုန်သည်အဖွဲ့ကို သစ္စာဖောက်ခြင်းနှင့် ညီမျှကြောင်း၊ အထက်လူကြီးကို လုပ်ကြံခြင်းဖြစ်ကြောင်း ကျောင်းရွှမ် ကောင်းကောင်းသိသည်။ ကုန်သည်အဖွဲ့မှ သိသွားခဲ့လျှင် မြေအောက်လောက၏ ဥပဒေအရ ဓားချက်သုံးချက်နှင့် ထိုးသွင်းရာ၆ချက်တို့ကို ရှောင်တိမ်းနိုင်လိမ့်မည် မဟုတ်ပေ။

ဒါပေမဲ့ ငါ့မှာ ပြန်လှည့်ဖို့လမ်း ရှိသေးလို့လား။

သူ၏ရည်မှန်းချက်သည် ထိန်းချုပ်ဖို့ရာ အလွန်ခက်ခဲလာနေခဲ့သည်။ ကျောင်းရွှမ်သည် ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးတစ်ဦးဖြစ်လာရန် အလွန်စိတ်အားထက်သန်နေခဲ့၏။

တိုးတက်ချင်စိတ်ရှိတာက ဘာအမှားရှိလို့လဲ။

ယွီပင်းသည် အလျင်မလိုပေ။ သူသည် စားပွဲထက်ရှိ မက်မန်းသီးဆားစိမ်တစ်လုံးကို ကောက်ယူကာ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်ပြီး အရသာခံနေသည်။

ကျောင်းရွှမ်မှ သူ့ကို ဆက်သွယ်လာခြင်းသည် အတွင်းစိတ်ထဲ၌ ဆုံးဖြတ်ချက်ချပြီး၍ဖြစ်သည်။

သူအခု တွန့်ဆုတ်နေတယ်ဆိုတာက ဟန်ဆောင်နေရုံပါပဲ။

တကယ့်ကိုပင် ကျောင်းရွှမ်သည် နောက်ဆုံး၌ ပြောလာခဲ့သည်။

“ဝူကျုံးရယ် နေ့လယ်က သာ့ဟေးတောင်ပါ်ကို တက်သွားတယ်…”

“ဪ မင်းပြောချင်တာက ငါတို့တွေ ခန်းမသခင်တွေနဲ့အတူ မြူခိုးထုထဲကို လိုက်သွားတုန်းက တွေ့ခဲ့တဲ့ အဲဒီနှစ်တစ်ရာသက်တမ်းသွေးလင်ဇီးလား”

“အင်း”

“ဝူဟုန် ဒဏ်ရာရထားလို့ အားဖြည့်ဖို့အတွက် အရေးတကြီးလိုအပ်နေတာမလား။ အဲဒီသွေးလင်ဇီးက အကောင်း‌ဆုံး အားဖြည့်ဆေးလား”

“ဟုတ်တယ်”

ယွီပင်း၏နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွား၏။

“မြူခိုးထုနယ်မြေထဲ ဝင်ဖို့ဆိုတာ လွယ်ကူလှတဲ့အရာ မဟုတ်ဘူး။ ဝူကျုံးတော့ ရူးသွားပြီနေမယ်။ ဒါမှမဟုတ် ဖခင်မေတ္တာတွေ နက်ရှိုင်းနေတာ ဖြစ်မှာပေါ့လေ”

ကျောင်းရွှမ်သည် ဘာမျှပြန်မပြောပေ။ ထို့နောက် ယွီပင်းမှ ဆက်ပြောသည်။

“အင်း ဒါက တကယ့်ကို အခွင့်အရေးကောင်းတစ်ခုပါပဲ။ ဒါပေမဲ့ ဝူကျုံးက တကယ်ပဲ မြူခိုးထုထဲကနေ ပြန်ထွက်လာနိုင်ပါ့မလား”

ထိုအခါ ကျောင်းရွှမ်မှ မှတ်ချက်ပြုသည်။

“သူ အသက်ရှင်လျက် ပြန်လာခဲ့ရင် ဘယ်လိုလုပ်မလဲ”

“ခင်ဗျားပြောတာ မှန်တယ်”

ယွီ‌ပင်းမှ ခေါင်းညိတ်လျက် ပြောသည်။

“ဒါဆိုလည်း ဒီနေ့ည သာ့ဟေးတောင် မြူခိုးထုနယ်မြေရဲ့ အပြင်ဘက်မှာ စောင့်နေကြတာပေါ့။ ဝူကျုံးကို တွေ့ခဲ့ရင် နေရာမှာပဲ သတ်ပစ်လိုက်ရမလား”

ကျောင်းရွှမ်မှ ပြောသည်။

“သတ်ပြီးရင် မြူခိုးထုထဲ ပြန်ပစ်ထည့်လိုက်မယ်။ သူ အဲဒီမှာပဲ သေသွားတဲ့ပုံပေါက်အောင်ပေါ့– မသမာမှုကြောင့် သေဆုံးရကြောင်း မသိနိုင်တော့ဘူးလေ”

ယွီပင်းမှ ရယ်မောသည်။

“ကျောင်းရွှမ် ခင်ဗျားရဲ့နှလုံးသားက တကယ် အကြင်နာမဲ့တာပဲဗျာ။ ဝူကျုံးက ခင်ဗျားအပေါ် ကောင်းကောင်းဆက်ဆံပေးခဲ့တာကို ခင်ဗျား တကယ်ကြီး အဲဒီလိုလုပ်နိုင်တယ်လား”

ထိုအခါ ကျောင်းရွှမ်၏မျက်နှာသည် မည်းမှောင်သွားခဲ့ပြီး ပြန်ချေပ၏။

“ကျုပ်ရဲ့လမ်းမှာ ပိတ်ရပ်‌တဲ့သူမှန်သမျှ အကုန်သေရမှာပဲ!”

ယွီပင်း၏အပြုံးမှာ ပို၍ပီပြင်လာ၏။

“အရမ်းကောင်းတယ်။ ကြိုက်တယ်ဗျာ။ ဝူကျုံးကို သတ်လိုက်ပြီးတာနဲ့ ခင်ဗျားက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ ဦးစီးမှူးဖြစ်မယ်။ ကျုပ်လည်း ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲရာထူးကို ဘာမှလုပ်စရာမလိုဘဲ ရသွားမယ်။ အဟက်.. အရမ်းကောင်းတယ်”

ထို့နောက် ကျောင်းရွှမ်မှ ပြောသည်။

“ကျုပ် ခင်ဗျားကို ရှန်းထောင်မြို့ရဲ့ ရွာအကြီးအကဲနေရာကို ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ အကယ်၍များ ဝူကျုံးက အဲဒီသွေးလင်ဇီးကို ယူလာနိုင်ခဲ့ရင် ကျုပ်ယူမယ်”

ထိုအခါ ယွီပင်းမှ ပြန်ပြောသည်။

“မဖြစ်နိုင်ဘူး။ သွေးလင်ဇီးက ရွာအကြီးအကဲရာထူးထက် ပိုတန်ဖိုးကြီးတယ်။ ခင်ဗျားကို အကုန်ပေးလိုက်ရမှာတော့ မဖြစ်သင့်ဘူးလေ။ ကျုပ်တို့ တစ်ဝက်စီ ခွဲယူကြတာပေါ့”

“တစ်ဝက်စီတဲ့လား”

ကျောင်းရွှမ် မျက်မှောင်ကြတ်လိုက်သည်။ သူသည် အနည်းငယ် တွန့်ဆုတ်နေသော်ငြား အဆုံးတွင်တော့ အံတင်းတင်းကြိတ်၍ သဘောတူညီလိုက်ရပေသည်။

“ကောင်းပြီ၊ တစ်ဝက်ခွဲယူကြမယ်”

ထိုသို့သတ်မှတ်ပြီးနောက် ကျောင်းရွှမ်သည် ထရပ်လိုက်သည်။

“နေ့လယ်ခင်း အဆုံးသတ်ချိန်ကျရင် တောင်နောက်မှာ‌ ဆုံကြမယ်”

ယွီပင်းမှ ရယ်မောလျက် တုံ့ပြန်သည်။

“တောင်အနောက်ဘက်မှာ ဆုံကြမယ်”

သူတို့နှစ်ဦးသည် အဓိပ္ပာယ်ပါရှိသောအပြုံးများ ဖလှယ်လိုက်ကြသည်။ ထို့နောက် ကျောင်းရွှမ်သည် လက်ဖက်ရည်‌ဆိုင်မှ ထွက်ခွာသွားခဲ့သည်။

ထို့နောက် ထိုအခန်းထံသို့ အပြင်ဘက်မှ နောက်ထပ်လူတစ်ယောက် ဝင်လာခဲ့သည်။ ထိုလူမှာ ယွီစန်းလျို့ဖြစ်သည် ။

“အဖေ အဖေ သူ့ကို တကယ် သွေးလင်ဇီးတစ်ဝက် ပေးမှာလား”

ယွီပင်းမှ ရယ်မောလျက် ပြောသည်။

“ငါ ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ အရေးမကြီးပါဘူး”

“အဖေ ဘယ်လိုလုပ်ပြီး အရေးမကြီးရမှာလဲ”

ယွီစန်းလျို့ နားမလည်ပေ။ သို့သော် ယွီပင်းသည် လက်ဖက်ရည်တစ်ငုံ ထပ်သောက်လိုက်ပြီး ပြောသည်။

“ဒီနေ့ကစပြီး ကျောင်းလူကြီးမင်းက ယွီမိသားစုရဲ့ ခွေးတစ်ကောင်ဖြစ်လာလိမ့်မယ်။ ငါသူ့ကို အရှေ့အရပ်ကို သွားခဲ့ရင် အနောက်အရပ်ကို မသွားရဲစေရဘူး။ ရှန်းထောင်မြို့က အခုကစပြီး ယွီမျိုးရိုးကို ဆက်ခံရလိမ့်မယ်!”

All Chapters