← Chapters

အခန်း (၁၀၁)

Vol. 8 Ch. 101

အခန်း (၁၀၁)

Vol. 8 Ch. 101

“အာ အဖေ ဘာကိုဆိုလိုတာလဲ”

ယွီစန်းလျို့ ရုတ်ချည်းနားလည်သွားခဲ့ပြီး ပြုံးရယ်သွားသည်။

“အင်း အရေးမကြီးတော့ဘူး။ အကယ်၍ ဒီနေ့အရေးကိစ္စ အောင်မြင်သွားခဲ့ရင် လူကြီးမင်းကျောင်းက ယွီမိသားစုရဲ့ခွေးတစ်ကောင် ဖြစ်လာလိမ့်မယ်”

ဤတစ်ကြိမ်သည်တော့ ကျောင်းရွှမ်းနှင့် ယွီပင်းတို့ပူးပေါင်း၍ ဝူကျုံးကို သတ်ဖြတ်ရန် ကြိုးပမ်းခြင်းပင်။

ဒါပေမဲ့ အဲဒီနောက်တော့ရော?

ယွီပင်းက ဝူကျုံးကို သတ်လိုက်တယ်ဆိုတာ ပေါ်သွားခဲ့ရင်တောင် ချောင်ကုန်သည်အဖွဲ့က သူ့ကို ကာကွယ်ပေးလိမ့်မှာပဲ။ ပုဂ္ဂလိက ကုန်သည်အဖွဲ့တွေကြား ပဋိပက္ခဖြစ်ရင်းနဲ့ အသက်သေဆုံးသွားကြတယ်ဆိုတာ ပုံမှန်ဖြစ်နေကျ ကိစ္စတွေပဲ။ ငါးဖမ်းကုန်သည်အဖွဲ့က ကျိန်းသေပေါက် လက်စားချေလိမ့်မယ်ဆိုပေမဲ့ ယွီပင်းအတွက် အသက်ရှင်နိုင်ဖို့ ၅၀ရာခိုင်နှုန်း အခွင့်အရေးရှိတယ်။

ဒါပေမဲ့ ကျောင်းရွှမ်ကရော ဘယ်လိုဖြစ်လိမ့်မလဲ။

သူက ငါးဖမ်းကုန်သည်အဖွဲ့သားတစ်ဦးဖြစ်ပြီးတော့ ဝူကျုံးကို သတ်ဖို့ ယွီပင်းနဲ့ ပူပေါင်းခဲ့တာ။

အဲဒါကို ဘယ်လိုခေါ်ပါလိမ့်?

ဒါကို အထက်လူကြီးကို အန္တရာယ်ပြုဖို့အတွက် အပြင်လူနဲ့ ပူးပေါင်းတဲ့ မဟာသစ္စာဖောက်မှုကြီးလို့ ခေါ်တယ်။

ဒါက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာပဲ။ သူ့အတွက် သေဆုံးခြင်းက သေချာတယ်။ အသက်ရှင်နိုင်မယ့် အခွင့်အရေး လုံးဝ မရှိနိုင်ဘူး။

ထို့ကြောင်ပင် ကျောင်းရွှမ်သည် ဤကိစ္စကို ယွီပင်းထက်ပို၍ စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

ယွီမျိုးရိုးသားအဖ၏ လက်ထဲရှိ ဤမောင်းတံသည် ကျောင်းရွှမ်၏တစ်ဘဝလုံးကို အကျိုးရှိရှိ အမြတ်ထုတ်နိုင်မည်ဟု ဆိုလိုပေသည်။

ကျောင်းရွှမ်လည်း ထိုသို့ စဉ်းစားမိလိမ့်မည်ပင်။

စဉ်းစားမိခဲ့သော်ငြား သူ၏ မယိမ်းမယိုင်သော ရည်မှန်းချက်ကြီးသည် သူ့ကို အလွန်အမင်း ရူးမိုက်သွားစေခဲ့ကာ အရာအားလုံးကို အ‌လဲအထပ်ပြုစေခဲ့သည်။

…

ချန်ကျဲ့သည် ပိုင်မိသားစုဝင်သုံးဦးကို နှစ်သိမ့်ပေး၍ မှိုပါဝင်သော ကြက်သားဟင်းတစ်ခွက်ကိုယူကာ အိမ်သို့ဦးတည်လာခဲ့သည်။

ချန်ကျဲ့ မထွက်ခွာမီ၌ သမားတော်ပိုင်သည် ချန်ကျဲ့အား မြူခိုးထုနယ်မြေအပြင်ဘက်တွင်သာ စောင့်ဆိုင်းရန် အကြိမ်ကြိမ်မှာကြားခဲ့သည်။ မြူခိုးထုအတွင်းသို့ ဝင်ရောက်ခြင်းကို တင်းတင်းကျပ်ကျပ် တားမြစ်ပိတ်ပင်သည်။ ညသန်းခေါင်ကျော်သွားခဲ့လျှင် စောင့်ဆိုင်းနေရန် မလိုအပ်တော့။ ဝူကျုံးသည် သေချာပေါက် ပြန်လာလိမ့်မည်မဟုတ်ဟူ၍ မှာကြားခဲ့၏။

ချန်ကျဲ့ ဘာကြောင့်လဲဟု မေးမြန်းခဲ့သည်။

သမားတော်ပိုင်သည် အကြောင်းအရင်းကို မပြောပြခဲ့။ စူးစမ်းသိလိုစိတ်ကြောင့် ရူးမိုက်သည့်လုပ်ရပ်များ မလုပ်မိစေရန် အမှတ်ရပါဟုသာ မှာကြားခဲ့သည်။

ချန်ကျဲ့သည် ၎င်းတွင် ယုံကြည်ချက်ရှိ၏။ သူကိုယ်တိုင်သည် ဤကမ္ဘာကို သတိထားသည်။ သိုင်းပညာတည်ရှိမှုသည်ပင် အလွန်‌မှော်ဆန်နေပြီဖြစ်၏။ သို့ဖြစ်ရာ ၎င်းပရမ်းပတာနိုင်လှသော သဘာဝလွန်တည်ရှိမှုများသည်လည်း ရှိကောင်းရှိနေနိုင်ပေသည်။

မီးခိုးရောင် မြူခိုးထုနယ်မြေကို သူ အမှန်တကယ် စူးစမ်းသိလိုပါသော်ငြား၊ အထဲတွင် အဘယ်အရာရှိကြောင်း သိလိုပါသော်ငြား ထိုအရာနှင့် သွားရောက်ထိတွေ့ပါရန် စိတ်ဆန္ဒမရှိပါချေ။

ထိုအရာကြီးသည် အမြဲတစေ မကောင်းသည့်အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့သည်ဖြစ်ရာ အကွာအဝေးတစ်ခု ထိန်းသိမ်းထားခြင်းသည် ပို၍ကောင်းမွန်ပေလိမ့်မည်။

ချန်ကျဲ့သည် သမားတော်ပိုင်၏ အကြံပေးချက်ကို အပြည့်အဝ လက်ခံပါသည်။

မြူခိုးထုနယ်မြေထဲကို ဘယ်သောအခါမှ စိတ်လိုက်မာန်ပါ ဝင်မသွားသင့်ချေ။

ဝူဟုန်လည်း ပြောခဲ့သည်။

“ကျိုစစ် ဒီတစ်ခေါက်တော့ မင်းဒုက္ခများရပါပြီ။ တကယ်တော့ မင်းအစား ငါဖြစ်သင့်တာပေမဲ့ ငါ့ခန္ဓာကိုယ်က…”

ထိုသို့ပြောပြီးနောက် သက်ပြင်းချလေသည်။

သခင်မပိုင်မှလည်း ပြောသည်။

“ကျိုစစ် အများကြီး မပြောနေတော့ဘူး။ ဂရုစိုက်ပါ။ အားကျုံးကို ကယ်ဖို့အတွက်နဲ့ မင်းကိုယ်မင်း အန္တရာယ်မကျရောက်စေပါ‌နဲ့”

ထိုစကားများကို နားထောင်ပြီးနောက် ချန်ကျဲ့ ပြောခဲ့သည်။

“ဆရာ၊ အစ်ကိုဟုန်၊ အ‌ဒေါ် စိတ်ချပါ။ ကျွန်တော့်မှာ အတိုင်းအတာရှိပါတယ်။ ဒါပေမဲ့ ကျွန်တော် တောင်းဆိုချင်တာလေးတစ်ခု ရှိတယ်”

“ပြောပါ ကျိုစစ်”

ချန်ကျဲ့မှ ပြောသည်။

“အင်း ကျွန်တော် ဒီနေ့ည တောင်ပေါ်ကို သွားမှာလေ။ အဲဒီအခါကျ ကျွန်တော့်အိမ်က ယွင်ကျင်းနဲ့ ယွင်ရွေ့တို့ နှစ်ယောက်တည်း အိမ်မှာကျန်ခဲ့ရမှာ။ ကျွန်တော် သိပ်ပြီး စိတ်မချလို့၊ အဲဒါ ဒီနေ့တစ်ည သူတို့ကို ဒီမှာ ခေါ်ထားပေးလို့ရမလား”

“ကျိုစစ်ရယ် ငါတို့က ဘာများ ကြီးကြီးမားမား တောင်းဆိုမှာလဲလို့။ လုံးဝ ကိစ္စမရှိဘူး။ အဒေါ်တို့အိမ်မှာ အခန်းပိုတွေ အများကြီးရှိတယ်။ ဒီလိုလုပ် အဒေါ်က နေ့လယ်စာ ပြင်ဆင်ထားပြီးသားဆိုတော့ ယွင်ကျင်းနဲ့ ယွင်ရွေ့တို့ကို ထမင်းစားဖိတ်ဖို့ ကွက်တိပဲလေ။ သူတို့ စားသောက်ပြီးသွားရင်လည်း အဒေါ်နဲ့အတူ နေ့လယ်ခင်းအဖော်ပြုပြီး စကားပြောပေးနိုင်တာပေါ့”

“သူတို့ကို ငါတို့နဲ့အတူထားခဲ့လိုက်ပါ၊ ဘေးကင်းလုံခြုံဖို့လည်း စိတ်ချပါ”

သခင်မပိုင်သည် တွန့်ဆုတ်တွေဝေခြင်းမရှိ သဘောတူလက်ခံသည်။

ဝူဟုန်လည်း ပြော၏။

“ကျိုစစ် စိတ်ချထားပါ။ ငါက အားနည်းပြီး ဝေးဝေး လမ်းမလျှောက်နိုင်သေးဘူး ဆိုပေမဲ့ ဒီနေရာကို သူခိုးတစ်ကောင်ကောင် ဝင်လာရဲခဲ့ရင် သူတို့က မင်ကျင့်သိုင်းပညာရှင်တွေ ဖြစ်နေခဲ့ရင်တောင်မှ လွတ်မြောက်နိုင်မှာမဟုတ်ဘူး။ ငါသေချာပေါက် မင်းရဲ့မိသားစုကို ကာကွယ်ပေးနိုင်ပါတယ်”

သမားတော်ပိုင်မှ ပြောသည်။

“ကျိုစစ် စိတ်မပူပါနဲ့။ ငါ ပိုင်ဝမ်ကျင့်က အသုံးမဝင်တဲ့ သမားတော်တစ်ယောက်ဖြစ်ပေမဲ့ ငါ့မှာ ငါးဖမ်းကုန်သည်အဖွဲ့က ညီငယ်အချို့ ရှိပါသေးတယ်။ အပြင်မှာ တစ်ခုခုဖြစ်တဲ့အခါ သူတို့က ကြားဝင်ကြမှာ မဟုတ်ပေမဲ့ ဒီအိမ်ထဲကိုဝင်လာပြီး တစ်ယောက်ယောက်က ပြဿနာရှာရဲခဲ့ရင်တော့ အဲဒါက ငါးဖမ်းကုန်သည်အဖွဲ့ကို မျက်နှာဖြတ်ရိုက်တာ ဖြစ်သွားပြီပဲ”

“အဲဒီလိုဖြစ်ခဲ့ရင် ငါးဖမ်းကုန်သည်အဖွဲ့က တရားခံကိုရှာဖို့အတွက် မျန့်ရွှေစီရင်စုကြီးတစ်ခုလုံးကို အထက်အောက် ပြောင်းပြန်လှန်ပစ်ကြလိမ့်မယ်။ မဟုတ်ရင် သူတို့မျက်နှာကို ဘယ်သွားထားကြပါ့မလဲ”

“ငါက ငါးဖမ်းကုန်သည်အဖွဲ့ရဲ့ အထိုင်သမားတော်ကြီး၈ယောက်ထဲက တစ်ယောက်ပဲ။ ငါ့ရဲ့လုံခြုံမှုတောင်မှ စိတ်ချလို့မရနိုင်ဘူးဆိုရင် ငါးဖမ်းကုန်သည်အဖွဲ့က မျန့်ရွှေစီရင်စုကို စိုးမိုးခြယ်လှယ်ဖို့ မျက်နှာမရှိနိုင်တော့ဘူးပဲ!”

သမားတော်ပိုင်သည် အမှန်တကယ် အင်အားမရှိပါဘဲ ပြော‌‌ဆိုနေခြင်းဟု ထင်ကောင်းထင်နိုင်၏။ သို့သော် ငါးဖမ်းကုန်သည်အဖွဲ့ထဲတွင် သမားတော်ပိုင်သည် လေးစားခံရသော အကြီးအကဲတစ်ဦးဖြစ်သည်။ ငါးဖမ်းကုန်သည်အဖွဲ့၏ လက်ရှိခေါင်းဆောင်ပင်လျှင် သမားတော်ပိုင်အား ဦးလေးဟု ခေါ်ရပေသည်။

သမားတော်ပိုင်၏ စကားများကြောင့် ချန်ကျဲ့ စိတ်ချသွားခဲ့သည်။

အခြေအနေများအကြောင်း သိရှိရပြီးနောက်တွင် ချန်ကျဲ့သည် အကြောင်းအရင်း သေချာမသိပါဘဲ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားနေရကာ ကြိုတင်မသိမြင်နိုင်သော အခြေအနေများကို ကြောက်ရွံ့နေမိခဲ့သည်။

ထို့ကြောင့် မရေမရာအခြေအနေဖြစ်သည့် အရာများကို ဦးစွာ စီစဉ်ထားရန် ဆုံးဖြတ်ခဲ့သည်။

ယခုတွင် သမားတော်ပိုင်၏ အာမခံမှုရှိလေရာ ချန်ကျဲ့ စိတ်ထဲတွင် ရှင်းလင်းသွားခဲ့၏။

“ပိုင်မိသားစုနှင့် ရင်ဆိုင်လိုပါက လျှို့ဝှက်သည့်နည်းလမ်းများကို အသုံးပြုရလိမ့်မည်။ သို့မဟုတ် သက်သေမကျန်ရစ်ရအောင် ညစ်ပတ်သည့် လှည့်ကွက်များကို ကျင့်သုံး၍ မိမိနှင့် မဆိုင်သလို နေနိုင်သည်။ သို့သော် ပိုင်မိသားစုနေအိမ်အား ပေါ်ပေါ်ထင်ထင် တိုက်ခိုက်ခြင်းရဲပါက ဖြစ်လာမည့် အကျိုးဆက်များကို မျှော်လင့်စောင့်စားရပေလိမ့်မည်”

သမားတော်ပိုင်သည် သူ၏တစ်ဘဝလုံးတွင် ငါးဖမ်းကုန်သည်အဖွဲ့အား ဆေးကုသပေးခဲ့သည်။ ကုန်သည်အဖွဲ့၏ ခေါင်းဆောင်ဟောင်းနှင့်ပင် အဆက်အသွယ် တည်ဆောက်ထားနိုင်ခဲ့၏။ အတွင်းခန်းမ၏ အထိုင်သမားတော်ကြီး၈ဦးသည် မရေမတွက်နိုင်သော ရောဂါအခြေအနေများကို ကုသပေးခဲ့လေရာ ကျေးဇူးတရားများစွာကို စုဆောင်းမိခဲ့ပေသည်။

ယခုတွင် သ‌မားတော်ပိုင်သည် ရှန်းထောင်မြို့တွင် အငြိမ်းစားယူသွားခဲ့သည်။ အကယ်၍ သမားတော်ပိုင်၌ တစ်ခုခုဖြစ်သွားခဲ့ပါက မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိပေ။

ငါးဖမ်းကုန်သည်အဖွဲ့၏ ခေါင်းဆောင်သည် အမှုအပေါ် ကိုယ်တိုင်ကိုယ်ကျ စိတ်ပါဝင်စားလာလိမ့်မည်။ အမှုကျူးလွန်ခဲ့သူမှာ မည်သူဖြစ်စေ ငါးဖမ်းကုန်သည်အဖွဲ့သားထောင်ချီ၏ လိုက်လံဖမ်းဆီးမှုအောက်မှ လွတ်မြောက်နိုင်ပါမည်လော။

ရှန်းထောင်မြို့တွင် အလုံခြုံဆုံးနေရာသည် ပိုင်မိသားစုနေအိမ်ဟုပင် ဆိုနိုင်ပေသည်။။

သမားတော်ပိုင်၏ ဂုဏ်သိက္ခာကြီးမြင့်သော အမည်တစ်ခုလုံး နောက်တွင်ရှိနေပါက နီမန့်ဇစ်ကဲ့သို့ အမည်ဆိုးဖြင့် ကျော်ကြားသူများမှအပ မျန့်ရွှေစီရင်စုရှိ လူများသည် ပိုင်မိသားစုနေအိမ်ကို အပြစ်ပြုရန် သတ္တိရှိကြလိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့သည် သခင်မပိုင်၏ စကားအတိုင်း စူးယွင်ကျင်းနှင့် စူးယွင်ရွေ့တို့ကို ပိုင်မိသားစုနေအိမ်သို့ ထမင်းစားဖိတ်ရန် သွားခေါ်ခဲ့သည်။

ချန်ကျဲ့၏စကားများကို နားထောင်ပြီးနောက် စူးယွင်ကျင်းမှ ပြောသည်။

“အင်း ကျိုစစ်၊ ဒါက ကျွန်မတို့ ကူညီသင့်တဲ့အရာတစ်ခုပါ။ ဒါပေမဲ့ အဒေါ်ပိုင်တို့အိမ်ကို ထမင်းစားသွားဖို့ မလိုအပ်ပါဘူး။ ကျွန်မတို့ စားပြီးမှ သွားကြမယ်လေ”

ထိုစဉ် ဘေးတွင်နားထောင်နေသည့် စူးယွင်ရွေ့မှ ကြားဖြတ်ပြောသည်။

“မမ အဲဒီမှာ ကြက်သားစားလို့ရတယ်လေ”

စူးယွင်ကျင်းသည် ကလေးမလေးကို စိုက်ကြည့်လိုက်သည်။ ကလေးမလေးသည် စကားဆက်မပြောရဲတော့ပေ။ သို့သော် ထိုအချိန်တွင် အပြင်ဘက် လူတစ်ယောက် ရုတ်တရက် ဝင်လာခဲ့သည်။

“ယွင်ကျင်း အိမ်မှာရှိလား”

စူးယွင်ကျင်းသည် တွေဝေသွားကာ ထရပ်လိုက်သည်။ ထိုအခါ ‌အိမ်သို့ ရောက်ချလာသော သခင်မပိုင်ကို မြင်တွေ့လိုက်ရ၍ အလျင်အမြန် ပြောလိုက်သည်။

“အဒေါ် ဘာလို့ ရောက်လာတာလဲ”

သခင်မပိုင်မှ ပြောသည်။

“ကျိုစစ် ထွက်သွားပြီးတော့ ငါတွေးလိုက်မိတာ၊ လူတစ်ယောက်ကို ထမင်းစားဖိတ်တာ လူကိုယ်တိုင်ဖိတ်သင့်တာပေါ့လို့လေ။ အဒေါ့်ရဲ့အဖေက လှုပ်ရှားရတာ မလွယ်ကူဘူး၊ ဟုန်အာကလည်း ဒဏ်ရာတွေ ပြန်မကောင်းသေးဘူးလေ။ အဲဒီတော့ မင်းကို လူကိုယ်တိုင်လာဖိတ်ဖို့ မိန်းမအိုကြီး ငါပဲ ကျန်တော့တာပေါ့ကွယ်။ အ‌ဒေါ် မျက်နှာမပျက်ရအောင်လို့ မင်းငြင်းလို့ မရဘူးနော်”

သခင်မပိုင်သည် ခပ်ဖျော့ဖျော့ပြုံးလျက် စူးယွင်ကျင်းကို ကြည့်နေခဲ့သည်။

ငြင်းဆန်ရန် နည်းလမ်းမရှိတော့လေရာ စူးယွင်ကျင်းမှ ပြော၏။

“အဒေါ် ကျွန်မ ဘာမှ မပြင်ဆင်ထားရဘူး။ ဒါက ကျွန်မ ပထမဆုံးအကြိမ် အဒေါ်တို့အိမ်ကို အလည်လာမှာလေ။ ကျွန်မ လက်ဗလာနဲ့ လာလိုက်လို့ မသင့်ဘူးရယ်”

သခင်မပိုင်မှ ရယ်မောလိုက်သည်။

“ဘာများ ယူလာစရာ လိုလို့လဲကွယ်။ ကျိုစစ်က အဒေါ့်အဖေရဲ့ တပည့်ပဲ၊ အဒေါ်တို့အတွက်တော့ ကျိုစစ်က မိသားစုလိုပဲ။ ကိုယ့်မိသားစုဆီ အလည်သွားတဲ့အခါ ဘယ်သူကများ လက်ဆောင်ယူလာတတ်လို့လဲ။ ကောင်းပြီ ယွင်ကျင်း ပြင်ဆင်ပြီး အ‌ဒေါ်နဲ့ လိုက်ခဲ့တော့။ ခုတလော အဒေါ် မျက်လုံးသိပ်မကောင်းဘူး။ ဒီနေ့လယ် ပြီးအောင်လုပ်ရမယ့် ချည်ထိုးပန်းထိုးအလုပ်တွေလည်း ရှိသေးတယ်။ ဒါပေမဲ့ အဒေါ့်မှာ အပ်ချည်မထိုးနိုင်ဘူး ဖြစ်နေတာလေ။ မင်း အဒေါ့်ကို ကူညီနိုင်မလား…”

စူးယွင်ကျင်းမှာ ဒလဟော ချော့မောမြှူဆွယ်ခံရပြီးနောက်၌ သခင်မပိုင်၏ လက်ဆွဲခေါ်သွားခြင်းကို ခံလိုက်ရတော့သည်။ သို့ဖြင့် သူတို့သည် ပိုင်မိသားစုနေအိမ်သို့ ဦးတည်ထွက်လာခဲ့ကြသည်။

All Chapters