အခန်း (၁၀၃)
Vol. 8 Ch. 103
ချန်ကျဲ့ သစ်ရွက်များကြား ပုန်းအောင်းနေလိုက်သည်။
ကံကောင်းထောက်မစွာဖြင့် အချိန်မှာ ညအမှောင်ကျနေခဲ့ပြီးဖြစ်သည်။ အမှောင်ထုသည် ကမ္ဘာမြေကို ဝါးမျိုနေခဲ့ပြီးဖြစ်၏။ လရောင်ဖြာကျနေသော်ငြား အမြင်အာရုံမှာ ကျဆင်းသွားရမြဲဖြစ်သည်။ သို့တိုင် ဤလူအုပ်ကြီးသည်လည်း မီးတုတ်များ မထွန်းညှိရဲပေ။
ချန်ကျဲ့သည် သူတို့ရှာမတွေ့အောင် အောင်မြင်စွာ ပုန်းအောင်းနိုင်ခဲ့သည်။
မကြာမီ၌ ထိုလူအုပ်စုသည် တောရိုင်းကြက်လည်မျိုကို ဖြတ်သန်း၍ မြူခိုးထုနယ်မြေအနီးသို့ ရောက်လာခဲ့ကြပြီး ချန်ကျဲ့ပုန်းအောင်းနေသည့် သစ်ပင်အောက်တွင် ရစ်ဝဲနေကြသည်။
ချန်ကျဲ့သည် သစ်ရွက်များကြားထဲမှ ထိုလူအုပ်ကို ငုံ့ကြည့်နေသည်။ လူအုပ်စုမှာ လူနှစ်ဆယ်ခန့် ပါဝင်၏။
ဦးဆောင်သူမှာ သုံးဦးဖြစ်သည်။
ယီးထုန်၊ ကျိုထုန်နဲ့ အာ့ထျောင်။
ကျန်သူများမှာ သေးနုပ်သော စက်ဝန်းငါးခုဖြစ်၏။
ထို့ပြင် ချန်ကျဲ့သည် ထိုဦးဆောင်သူများ၏ အသံများကို မှတ်မိပေသည်။
ယီးထုန်၏အသံသည် ပို၍အသက်ကြီးရင့်၏။ ချန်ကျဲ့ ထိုအသံကို ရင်းနှီးနေသည်။ ထိုအသံမှာ ယွီပင်းနှင့်အတော်လေး ဆင်တူသည်ဟု ခန့်မှန်းမိသည်။
ယွီပင်းသည် သူ၏ရန်သူဖြစ်၍ အထိအတွေ့သိပ်မရှိသောကြောင့် တစ်ထစ်ချ မသေချာနိုင်ခြင်းဖြစ်၏။
ထို့နောက် ကျိုထုန်ဖြစ်သည်။
ကျိုထုန်၏အသံကို ချန်ကျဲ့ အရမ်းရင်းနှီးနေပါ၏။ ထိုသူမှာ သူ၏ကမ္ဘာမကြေရန်သူ ယွီစန်းလျို့ဖြစ်ပေသည်။
နောက်ဆုံးတစ်ယောက်ဖြစ်သည့် အာ့ထျောင်၏အသံကိုလည်း ရင်းနှီးနေခဲ့သည်။ သို့သော် အချိန်တစ်ခုအထိ မည်သူဖြစ်ကြောင်း မမှတ်မိနိုင်ဘဲ ဖြစ်နေရသည်။ သို့သော် သူတို့၏စကားသံကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ကျဲ့ ချက်ချင်း သိသွားတော့သည်။
“ကျုပ်ပြောမယ် ကျောင်းရွှမ်၊ ဝူကျုံးက ဒီကနေ တောင်အောက်ကို ပြန်ဆင်းလာမယ်ဆိုတာ သေချာလား”
ကျိုထုန်မှ ပြောသည်။
ထိုအခါ အာ့ထျောင်မှာ ပြန်ပြောသည်။
“သေချာတယ်။ သွေးလင်ဇီးက
တောင်အရှေ့ဘက်မှာ ရှိနေတာ။ သူသေချာပေါက် ဒီကနေ ပြန်ဆင်းမှာပဲ”
“ပြီးတော့ ကျုပ်ကို နာမည်မခေါ်တော့စမ်းနဲ့!”
ကျောင်းရွှမ်သည် ယွီစန်းလျို့မှ သူ့အား နာမည်ခေါ်ခြင်းကို အပြင်းအထန် ဆန့်ကျင်သည်။
ယွီစန်းလျို့ ရယ်မောလိုက်သည်။
“ခင်ဗျား ဘာတွေကြောက်နေတာလဲ။ ဘာလဲ လုပ်တော့လုပ်ရဲပြီး ဝန်မခံရဲဘူးလား”
ကျောင်းရွှမ်သည် ရုတ်ချည်း စိတ်လှုပ်ရှားလာတော့၏။ ပြန်လည်တုံ့ပြန်လုနီးတွင် ယွီပင်းမှ ပြောလာသည်။
“စန်းလျို့ မရိုင်းပျနဲ့။ ဒီနေရာမှာ ကျောင်းရွှမ်ဆိုတာ မရှိဘူး။ အာ့ထျောင်ပဲရှိတယ်”
“အခုကစပြီး အားလုံးပဲ မှတ်ထားကြ။ ဦးခေါင်းအကာပေါ်က ကတ်နံပါတ်တွေကိုပဲ ခေါ်ရမယ်၊ နာမည်အရင်းတွေ မခေါ်ရဘူး။ မဆင်မခြင်ခေါ်တဲ့သူ တစ်ယောက်ယောက်ကို တွေ့ခဲ့ရင် ငါသေချာပေါက် သက်ညှာပေးမှာ မဟုတ်ဘူး။ အထူးသဖြင့် မင်းပဲ!”
ယွီပင်းမှ ခက်ထန်စွာပြောသည်။
ယွီစန်းလျို့သည် မကျေနပ်ဟန်ရှိသော်ငြား နာခံပေသည်။
ထို့နောက် ယွီပင်းမှ အမိန့်ပေးသည်။
“အာ့ထျောင် ခင်ဗျား လူငါးယောက်ခေါ်သွားပြီး အဲဒီလမ်းဆုံကို စောင့်ကြပ်ပါ”
“ကျိုထုန် မင်းက လူငါးယောက်ခေါ်ပြီး ဒီမှာ ေစာင့်ကြပ်နေ”
“ကျန်တဲ့သူတွေက ငါ့နောက်လိုက်ပြီး ဟိုဘက်မှာ စောင့်ကြပ်မယ်!”
“ဟုတ်ကဲ့!”
လူအုပ်စုသည် သစ်ပင်အောက်တွင် အလုပ်တာဝန်ခွဲဝေကာ အလျင်အမြန် လူစုခွဲသွားကြသည်။ ထို့နောက် ယုန်ကို အမဲလိုက်သည့်အလား လဲလျောင်း၍ မြူခိုးထုထဲမှ ထွက်ပေါ်လာမည့် ဝူကျုံးကို စောင့်နေကြသည်။
ထိုအချိန်တွင် ချန်ကျဲ့၏နှလုံးသည်လည်း အပြင်းအထန် ခုန်လှုပ်နေခဲ့သည်။
တကယ်ကြီး သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်ပဲ။ သူ တကယ်ကြီး သစ္စာဖောက်သွားပြီး ယွီမျိုးရိုးသားအဖနဲ့ ပူးပေါင်းပြီး ဝူကျုံးကို အလစ်တိုက်သတ်ဖို့ ကြံစည်နေတာပဲ။
ချန်ကျဲ့၏စိတ်နှလုံးမှာ ခံစားချက်များ ရောထွေးနေတော့သည်။
ဒီလူကြီးကတော့ ယုံကြည်လို့ကို မရဘူး။ သူတို့အကုန်လုံး သောက်ရမ်းယုံကြည်လို့ကို မရဘူးဟ!
ချန်ကျဲ့သည် ကျောင်းရွှမ်မှ သစ္စာဖောက်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ကျောင်းရွှမ်နှင့်ပတ်သက်၍ ရခဲ့ဖူးသည့် အချက်အလက်များကို ချန်ကျဲ့ ပြန်အမှတ်ရမိသွား၏။
ကျောင်းရွှမ်သည် မနာလိုမှုနှင့် မာနဘဝင်မြင့်မှု လွန်ကဲသူဖြစ်ကြောင်းကို ချန်ကျဲ့သိထားခဲ့သည်။ အကြမ်းဖျင်းဆိုရသော် သူလိုချင်သည့်အရာတစ်ခုကို မရခဲ့ပါက အလွန်အမင်း ဒေါသဖြစ်တတ်သူပင်။ ကျောင်းရွှမ်သည် ကလေးဘဝက အိမ်နီးချင်းကလေးများနှင့် ကစားနေစဉ် အိမ်နီးချင်းကလေး၏အဖေမှ သကြားလုံးဝယ်လာပေး၍ မိမိမှာ တစ်ခုမျှ မရရှိခဲ့လျှင် သူ၏မနာလိုမှု ထကြွလာပြီး ထိုကလေးအား နွားချေးတွင်းထဲသို့ တွန်းချခဲ့သည်။
သူကြီးပြင်းလာသည်နှင့်အမျှ သူ၏မနာလိုမှုသည် ပို၍ပြင်းထန်လာခဲ့သည်။ တစ်ခါက လူတစ်ယောက်၏ အဝတ်အစားအသစ်များကို မနာလိုဖြစ်ခဲ့ပြီး ထိုအဝတ်များကို တမင်ရည်ရွယ်၍ မီးလောင်စေခဲ့သည်။ သူ၏ ညီမဖြစ်သူမှ သူ့အတွက် ရှင်းလင်းပေးခဲ့သောကြောင့် မဟုတ်ခဲ့လျှင် ကျောင်းရွှမ်မှာ ထိုအချိန်ကတည်းက သေအောင် ရိုက်သတ်ခံခဲ့ရပြီး ဖြစ်လောက်ပေမည်။
နောက်ပိုင်း၌ ကျောင်းရွှမ် အဆင်ပြေလာပြီးနောက် ညီမဖြစ်သူသည် ငါးဖမ်းကုန်သည်အဖွဲ့ ကျားဖြူခန်းမ ဦးစီးမှူးတစ်ဦး၏ ကြင်ယာတော်ဖြစ်လာခဲ့သည်။ ကျောင်းရွှမ်သည်လည်း ၎င်းရေလှိုင်းနှင့်အတူ မြင့်တက်လာခဲ့၏။ ယောက်ဖဖြစ်သူ၏ စီမံပေးမှုဖြင့် သင်္ဘောခေါင်းဆောင်ကြီး ဖြစ်လာခဲ့သည်။
သို့သော် ကျောင်းရွှမ်သည် သူ၏ကိုယ်ပိုင်စွမ်းရည်ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးတစ်ဦးဖြစ်လာနိုင်ရန်အတွက် လုံလောက်သည်ထက် သာလွန်သည်ဟု အမြဲခံစားနေခဲ့ရသည်။
သို့သော် ဝူကျုံးသည် ထိုရာထူးမှာ မဖယ်ပေ။
ချန်ကျဲ့ ရောက်လာသောအခါတွင်မူ ကျောင်းရွှမ်းသည် ထပ်မံ၍ သည်းမခံနိုင်ဖြစ်လာတော့သည်။
ကျိုစစ်သည် အကျင့်စရိုက်အရဖြစ်စေ၊ အရေးကိစ္စများ ကိုင်တွယ်ရာ၌ဖြစ်စေ၊ သိုင်းပညာလေ့ကျင့်ခြင်း၌ဖြစ်စေ၊ အရည်အချင်းရှိ၍ အလားအလာရှိသူဖြစ်သည်။
ချန်ကျဲ့သာ ထိုသို့အခြေအနေဖြင့် ဆက်သွားပါက ဝူကျုံး ရာထူးမှဆင်းသွားလျှင်၊ သို့မဟုတ် ဝူကျုံး ရာထူးတိုးသွားခဲ့လျှင် ချန်ကျဲ့သည် ဝူကျုံး၏နေရာကို ယူသွားကာ ငါးဖမ်းကုန်သည်အဖွဲ့၏ ဦးစီးမှူးဖြစ်လာနိုင်သည်ဟု ကျောင်းရွှမ်သည် တွေးနေခဲ့သည်။
ထို့ကြောင့် သူမစောင့်နိုင်တော့ပေ။
သူ့အနေဖြင့် ဝူကျုံး အားနည်းနေစဉ်၊ ချန်ကျိုစစ် မကြီးပြင်းလာမီတွင် ရာထူးကို အမြန်သိမ်းယူရပေမည်။
ထိုမကောင်းသည့်မျိုးစေ့မှာ သူ၏နှလုံးအိမ်၌ အမြဲတစေ တည်ရှိနေခဲ့သည်။ ထို့ကြောင့် ကျောင်းရွှမ်သည် ချောင်ကုန်သည်အဖွဲ့နှင့် တိတ်တဆိတ် ဆက်ဆံရေးတည်ဆောက်၍ အရန်အထောက်အကူအဖြစ် ထားရှိသည်။ သို့သော် တစ်စုံတစ်ရာပြုလုပ်ရန်အတွက် သင့်တော်သည့်အခွင့်အရေးကို ရှာမတွေ့ခဲ့ပေ။
ဝူကျုံးမှ မြူခိုးထုနယ်မြေအတွင်း ဝင်ရောက်မည့်အကြောင်း ပြောပြလာသော ဒီနေ့မှသာ သူ အခွင့်အရေးရှာတွေ့သွားခဲ့သည်။
ဤသည်မှာ ကောင်းကင်မှချမှတ်ပေးသည့် အခွင့်အရေးကြီးဖြစ်သည်ဟု ကျောင်းရွှမ် တွေးခဲ့သည်။
ဝူကျုံးသာ မြူခိုးထုထဲ သေသွားပေးခဲ့လျှင် အားလုံးအဆင်ပြေပြီဖြစ်၏။
သို့သော် အကယ်၍များ ရှင်သန်နိုင်ခဲ့ပြီး ပြန်ထွက်လာနိုင်ခဲ့လျှင် ဘယ်လိုလုပ်ရပါမည်နည်း။
သို့ဖြစ်ပါက ဤသို့ အဖိုးတန်သည့် အခွင့်အရေးကြီးကို ဖြုန်းတီးလိုက်ခြင်းပင် မဟုတ်ပါလော။
ထိုသို့အခွင့်အရေးကြီးကို ဘာမျှမလုပ်ဘဲ ထိုင်ကြည့်နေရပါမည်လော။ ၎င်းသည် ကျောင်းရွှမ်အတွက်မူ သူ့ကိုသတ်လိုက်ခြင်းထက်ပင် ပို၍ နာကျင်ရပေသည်။
ထို့ပြင် ကျောင်းရွှမ်သည် အကြောင်းအရာတစ်ခုကိုတော့ အမြဲပြတ်သားရှင်းလင်းခဲ့၏။ အခွင့်အရေးဟူသည် ပြင်ဆင်ထားသူများထံသာ ရောက်လာတတ်သည်ဟူ၏။
ဟုတ်ပါသည်၊ သူသည် ပြင်ဆင်ထားသူဖြစ်လေသည်။
ဤသစ္စာဖောက်မှုကြီး အထမြောက်စေရန် ကျောင်းရွှမ်သည် ယွီပင်းနှင့် တွေ့ဆုံခဲ့သည်။
ရှေ့တွင် မည်သည့်အရာများ စောင့်ကြိုနေမည်ကို သူမသိသော်ငြား ထိုသို့ကောင်းမွန်သည့်အခွင့်အရေးမျိုး ထပ်မံ၍မရှိနိုင်တော့ကြောင်း သူသိသည်။
ထို့ကြောင့် ကျောင်းရွှမ်သည် အရာအားလုံးနှင့် လောင်းကြေးထပ်ခဲ့သည်။
သစ်ပင်ပေါ်တွင် ပုန်းအောင်းနေသော ချန်ကျဲ့သည် သင်္ဘောခေါင်းဆောင်ကြီးကို အေးစက်စွာ ကြည့်နေခဲ့သည်။
ချန်ကျဲ့သည် သင်္ဘောခေါင်းဆောင်၏ စိတ်ပိုင်းဆိုင်ရာခရီးလမ်းကို မြင်တွေ့ခဲ့ပြီး သူ၏ ထိုသို့ပြုလုပ်ရသော တွေးခေါ်မှုစနစ်ကို နားလည်ပါသည်။ သို့သော် ကျောင်းရွှမ်၏လုပ်ရပ်များကို ချန်ကျဲ့ သဘောမတူပေ။
သေခြင်းကိုကြောက်ရွံ့၍ သစ္စာဖောက်ဖြစ်လာခဲ့သူများကဲ့သို့ပင် ဖြစ်၏။
သို့သော် ချန်ကျဲ့သည် သစ္စာဖောက်ခြင်းလုပ်ရပ်ကို လက်မခံပါချေ။
ကိုယ်ပိုင်အကျိုးအမြတ်လေး အနည်းငယ်အတွက်နှင့် မိမိ၏လုပ်ဖော်ကိုင်ဖက်ကို သတ်ဖြတ်ခြင်း။ ထိုသို့လူမျိုးသည် ဆန်ကုန်မြေလေးသာ ဖြစ်ပြီး သေဆုံးခြင်းနှင့် ထိုက်တန်ပေသည်။