← Chapters

မင်းဘယ်သူလဲ

Vol. 8 Ch. 104

မင်းဘယ်သူလဲ

Vol. 8 Ch. 104

ညအချိန်၌ တောင်တန်းရှိ မြွေများ၊ အင်းဆက်ပိုးမွှားများ၊ ရှဉ့်၊ကြွက်များနှင့် ပုရွက်ဆိတ်များသည် အမျိုးအစားစုံလင်သော အသံမျိုးစုံကို ထုတ်လွှတ်နေလျက် လပြည့်ဝန်းကြီးသည် ကောင်းကင်ယံထက်တွင် ထွန်းလင်းတောက်ပနေသည်။

ဒီနေ့သည် ၁၅ရက်နေ့ဖြစ်သောကြောင့် လပြည့်ညဖြစ်လေရာ အလင်းဖြာနေပေသည်။

လရောင်သည် သာ့ဟေးတောင်တန်းကြီးကို အလင်းပေးနေသည်မှာ မီးတုတ်များ ထွန်းညှိမထားသည့်တိုင် အမှောင်ကျသည့် ထောင့်တစ်နေရာကို ရှာဖွေရန် ခက်ခဲစေသည်အထိပင်။

ထိုသို့လရောင်သည် ချန်ကျဲ့အတွက် အကျိုးယုတ်စေ၏။ ချန်ကျဲ့မှာ အမှောင်ထုထဲ ပုန်းအောင်းရန် ခက်ခဲနေရသည့်အပြင် ဝူကျုံးအတွက်လည်း ပို၍ခက်ခဲလိမ့်မည်ဖြစ်သည်။ သူ မြူခိုးထုထဲတွင် သေဆုံးပြီးခဲ့လျှင်တော့ ဤလရောင်အနေအထားမှာ ပြဿနာမဟုတ်နိုင်တော့ပေ။

သို့သော် ဝူကျုံးသည် မြူခိုးထုထဲမှ အသက်ရှင်လျက် ထွက်ခွာလာနိုင်ခဲ့လျှင် ဤသို့တောက်ပသည့် လရောင်အောက်၌ သတိမထားမိအောင် ရှောင်တိမ်းနိုင်ရန်မှာ အလွန်ခက်ခဲပေလိမ့်မည်။

ထိုအချိန်တွင် ချန်ကျဲ့သည် ကျိုထုန် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည့်နေရာနှင့် မနီး‌မဝေးရှိ သစ်ကိုင်းတစ်ကိုင်းပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ ကျိုထုန်မှာ စိတ်လှုပ်ရှားနေကြောင်း ထင်ရှားလှ၏။

…

ကျိုထုန်သည် တစ်ချိန်လုံး ဂနာမငြိမ်ဖြစ်နေခဲ့သည်။ နောက်ဆုံး‌တွင်တော့ ထိန်းချုပ်မထားနိုင်တော့ဘဲ ပြော၏။

“မင်းတို့တွေ သေချာစောင့်ကြည့်ထားကြ။ ငါ အဲဒီဘက်ကို တစ်ချက်သွားကြည့်ဦးမယ်။ မင်းတို့ တစ်ယောက်ယောက်ကို တွေ့ခဲ့ရင် အချက်ပြလိုက်”

“ဟုတ်ကဲ့ပါ သူဌေးကျိုထုန်!”

ချောင်ကုန်သည်အဖွဲ့သားများမှ တုံ့ပြန်သည်။

ကျိုထုန်သည် ‌ဟိတ်ဟန်ဖြင့် လမ်းလျှောက်သွား၏။ ကျိုထုန် ထွက်သွားသောအခါ အချိန်ကြာမြင့်စွာ ရပ်နေရခြင်းကြောင့် နောက်ကျောများ၊ ခါးများ နာကျင်နေသည့် ချောင်ကုန်သည်အဖွဲ့သားများသည် သက်သောင့်သက်သာအနေအထားသို့ ရုတ်ချည်း ပြောင်းလိုက်ကြသည်။ သူတို့သည် စုဝေးလိုက်ကြပြီး စားနပ်ရိက္ခာများကို ထုတ်ယူလိုက်ကြသည်။

ထိုစဉ် လူတစ်ယောက်မှ အော်ဟစ်‌၏။

“သောက်ကျိုးနည်း ဝမ်စန်း၊ မင်း တကယ်ကြီး ပဲပိစပ်ကင်ကို ယူလာတယ်ပေါ့လေ။ ငါ့ကို လက်တစ်ဆုပ်စာလောက် ပေးပါဦး!”

“ငါ့ကိုလည်း လက်တစ်ဆုပ်လောက်ပေးပါဦး”

“ဟေး ဟေး ရန်မဖြစ်ကြနဲ့၊ ရန်မဖြစ်ကြနဲ့”

ချောင်ကုန်သည်အဖွဲ့သားတစ်ဦးမှ ပြောသည်။ ထိုစဉ် အခြားအဖွဲ့သားတစ်ဦးမှ မေး၏။

“ဒီနေ့ည အတော်လေး ရာသီဥတုအေးတယ်နော်။ မင်းတို့ရော ဝူကျုံးက မြူခိုးထုနယ်မြေထဲကနေ ပြန်ထွက်လာနိုင်မယ်လို့ ထင်လား”

“ဘယ်သူသိမှာလဲ။ ဒါပေမဲ့ ညသန်းခေါင်ကျော်တဲ့အထိ ပြန်ထွက်မလာခဲ့ရင်တော့ သူ ပြန်ထွက်မလာနိုင်တော့မှာ သေချာသွားပြီပဲ”

“ဟေ မင်းက အဲဒါကို ဘယ်လိုသိတာလဲ”

အဖွဲ့သားတစ်ယောက်မှ မေးလိုက်သော် အခြားတစ်ယောက်မှ ပြန်ဖြေသည်။

“မင်းမေ့သွားပြီလား။ လွန်ခဲ့တဲ့ ၄၊၅ညတုန်းက အင်အားကြီးမားတဲ့လူတချို့ ဒီကိုလာခဲ့သေးတယ်လေ။ သူတို့တွေလည်း ဒီမြူခိုးထုနယ်မြေထဲ ဝင်ဖို့အတွက်ကို ညသန်းခေါင်အချိန်ကို ရှောင်ရတယ်တဲ့။ ငါ ဟွမ်ကျိုးက အရာရှိတစ်ယောက်ဆီက ကြားဖူးတာတော့ ဒီမြူခိုးထုနယ်ပယ်ထဲမှာ ညသန်းခေါင်က အထူးတလည် အဓိပ္ပာယ်ရှိတယ်တဲ့။ သိရသ၍တော့ ညသန်းခေါင်အချိန်ကျရင် မြူခိုးထုနယ်ပယ်ထဲက မိစ္ဆာကြီးတွေထွက်လာပြီး အပြင်လူတွေကို ရှင်းလင်းပစ်တယ်တဲ့။ အဲဒါကို ‘ရင်းမြစ်သို့ပြန်သွားခြင်း’လား ဘာလား အဲဒီလိုခေါ်တယ်တဲ့”

“ငါလည်း နည်းနည်းပဲ ကြားခဲ့ရတာ၊ ဒါပေမဲ့ အခြေခံအားဖြင့်တော့ကွာ ညသန်းခါင်အချိန်ကိုရောက်သွားရင် မြူခိုးထုထဲ ဝင်သွားတဲ့ ဘယ်အပြင်လူမှ မရှင်သန်နိုင်ဘူးလို့ ဆိုလိုတာပဲ”

“တကယ်လား အဲဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်တာလား”

အဖွဲ့သားတစ်ဦးမှ မေးသည်။

“အဲဒါက ဘာတွေဆန်းကြယ်နေလို့လဲ။ ဒီမြူခိုးထုနယ်မြေနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့အရာတွေက အများကြီးရှိနေတာပဲကို”

“ငါ လူတစ်ယောက်ပြောတာာ ကြားဖူးတာတော့ စာသင်သားတစ်ယောက်က မြူခိုးထုထဲကို မတော်တဆ လျှောက်သွားခဲ့ဖူးတယ်တဲ့။ သူပြန်ထွက်လာတဲ့ အချိန်ကျ‌တော့ သူက ရှူးကနေ လင်အန်းကို ခရီးနှင်ခဲ့ရသလို နတ်ဘုရားကြားဝင်နှောင့်ယှက်လိုက်သလို မိုင်ထောင်ချီဖုံးလွှမ်းဖြတ်သန်းသွားခဲ့သလိုပဲတဲ့”

“အဲဒီလောက်တောင် မှော်ဆန်တယ်လား”

ထိုအခါ လူအုပ်စုသည် ပို၍စိတ်လှုပ်ရှားလာကြပြီး သူတို့ကြားဖူးသော ယုံတမ်းပုံပြင်များကို ဆွေးနွေးပြောဆိုကြတော့သည်။

ထိုစဉ် နောက်ပြောင်ကျီစယ်တတ်ဟန်ရှိသော အဖွဲ့သားတစ်ဦးမှ ပြောသည်။

“ဒီမြူခိုးထုနယ်မြေထဲမှာ သရဲတစ္ဆေ‌တွေ ပုန်းအောင်းနေတာလို့ မင်းတို့ မထင်မိကြဘူးလား။ အထဲမှာ ‌ရှိနေကြတာတွေက ဝင်လာတဲ့လူတွေရဲ့ ယန်စွမ်းအင်ကို စုပ်ယူသတ်ဖြတ်ပစ်တဲ့ သရဲတွေလို့လေ”

“ဟေး‌ ဟေး ငါ့ကို မခြောက်စမ်းနဲ့။ ငါက အဲဒီလိုတွေကြားရင် ကြောက်တတ်တယ်ကွ!”

“မဟုတ်ဘူး၊ ငါနောက်နေတာ မဟုတ်ဘူးကွ။ ငါကြားဖူးတာ ညဘက်ဆိုရင် မြူခိုးထုထဲက သရဲလေးတွေ ထွက်လာပြီး လူတွေကိုဖမ်းပြီး ယန်စွမ်းအင်ကို စုပ်ယူတယ်တဲ့”

“ဟေ့ ဟေ့ကောင် တော်လိုက်တော့!”

“နေဦး ရွှမ်းဇစ် မလှုပ်နဲ့။ မင်းနောက်က ဘာကြီးလဲ”

ထိုအခါ အသက်ငယ်ရွယ်သည့် အဖွဲ့သားတစ်ယောက်သည် ကြောက်ရွံ့မှုကြောင့် ဖြူဖျော့လာတော့သည်။

ဘာလဲ? ငါ့နောက်မှာ ဘာလဲ?

ထို့နောက် အဖွဲ့သားလူကြီးသည် ရုတ်တရက် အော်ဟစ်လိုက်ရာ ရွှမ်းဇစ်မှာ ကြောက်ရွံ့မှုကြောင့် သတိလစ်လုနီးပါး ဖြစ်သွားရသည်။

“ဟားဟားဟား… နောက်တာပါကွာ!”

ရွှမ်းဇစ်သည် ရုတ်ချည်း စိတ်ဆိုးသွားတော့သည်။

“ခင်ဗျား ကျွန်တော့ကို သတ်ဖို့ကြိုးစားနေတာလား။ လူကို ကြောက်သေအောင် ခြောက်နေတာပဲ!”

အဖွဲ့သားလူကြီးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောသည်။

“မင်းကိုယ်မင်း ဘယ်လောက်တောင် ကြောက်တတ်လဲ ကြည့်စမ်းပါဦး။ တကယ်ကြီး အဲဒီမှာ သရဲတွေ၊ မိစ္ဆာ‌တွေ ရှိနေတဲ့ အတိုင်းပဲ”

“တော်ပြီ၊ စကားမပြောတော့ဘူး။ ငါအပေါ့သွားဦးမယ်!”

ထိုသို့ပြောလျက် အဖွဲ့သားလူကြီးသည် ချန်ကျဲ့ပုန်းနေသည့် သစ်ပင်ဆီသို့ လျှောက်သွားသည်။

ရွှမ်းဇစ်သည် စိတ်ဆိုးဒေါသထွက်လျက် ပြော၏

“ခင်ဗျားကို သရဲဖမ်းခေါ်မသွားအောင် သတိထားဦး!”

“မင်းအဖိုးငါက မြင့်မြတ်တယ်။ ယန်စွမ်းအင် အားကောင်းတယ်။ မိစ္ဆာ‌လေးတစ်ကောင်က ငါ့ကို မတိုက်ခိုက်နိုင်ဘူး!”

ထိုသို့ပြောလျက် ထိုလူသည် ချန်ကျဲ့ပုန်းနေသည့် သစ်ပင်အောက်သို့ ရောက်လာသည်။ အခြားအဖွဲ့သားများသည် စုဝေးလျက် တောင်လေအေးကို ခံစားကာ အပန်းဖြေနေကြသည်။

ချန်ကျဲ့သည် သစ်ပင်ထိပ်မှနေ၍ သစ်ရွက်များကြားမှ ကြည့်နေသည်။ ချောင်ကုန်သည်အဖွဲ့သား ဘောင်းဘီဖြည်လိုက်သည်ကို မြင်နေရ၏။

ထို့နောက် ချောင်ကုန်သည်အဖွဲ့သားသည် သစ်ပင်အောက်သို့ရောက်လာပြီးနောက် စတင် အပေါ့သွားသည်။ အပေါ့သွားပြီးနောက် တစ်ကိုယ်လုံး တုန်တက်သွားသေး၏။

ထိုစဉ် သစ်ပင်ထက်မှ လက်တစ်စုံသည် ရုတ်တရက်ထွက်ပေါ်လာကာ ဝှစ်ခနဲအသံနှင့်အတူ ထိုလူအား သစ်ပင်ထိပ်သို့ ဆွဲခေါ်သွားလေသည်။

ထိုလူသည် ရုတ်ချည်း ကြောက်လန့်တကြား အော်ဟစ်၏။

“အာ~”

ရွှမ်းဇစ်သည် အသံပျောက်လုမတတ် အော်ဟစ်သည်။ အနီးရှိအဖွဲ့သားများသည် သူရှိရာနေရာသို့ ချက်ချင်းလှမ်းကြည့်၏။

“ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ”

ရွှမ်းဇစ်၏မျက်နှာသည် ဖြူဖျော့နေကာ သစ်ပင်ကြီးကို လက်ညှိုးထိုးလျက်‌ ပြော၏။

“သစ်ပင် သစ်ပင်က…”

“သစ်ပင်က ဘာဖြစ်လို့လဲ”

“မရှိတော့ဘူး!”

“ဘာမရှိတော့တာလဲ??”

အဖွဲ့သားများသည် ရွှမ်းဇစ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည်။

ဤကလေး၏ခန္ဓာကိုယ်ထဲမှာ မည်သို့အကြောက်တရားမျိုး ဝင်ရောက်နေသည် မသိချေ။

ထို့နောက် ရွှမ်းဇစ်သည် ထိုအတိုင်း လက်ညှိုးထိုး၍ ပြောသည်။

“ဝူစန်း ဝူစန်း မရှိတော့ဘူး!”

အခြားအဖွဲ့သားများသည် ရွှမ်းဇစ်ညွှန်ပြရာသို့ ကြည့်လိုက်ကြရာ သစ်ပင်အောက်တွင် ဘောင်းဘီပြန်ဝတ်၍ သူတို့ထံ ဦးတည်လာနေသည့် လူပုံရိပ်ကို မြင်တွေ့လိုက်ရသည်။

သို့သော် ခုနက ဆူညံသံသည် အနီးအနားရှိ စောင့်ကြပ်နေသူများကိုပါ လှုံ့ဆော်မိသွားခဲ့သည်။

“ဘာဖြစ်တာလဲ”

အနီးအနားရှိ အဖွဲ့သားများသည် ဘောင်းဘီဆွဲတင်လျက် လျှောက်လာနေသော ဝူစန်းကို ကြည့်လိုက်ကြသည်။

ရွှမ်းဇစ်ကတော့ သရဲပုံပြင်တွေကြောင့် အသေကြောက်နေပြီပဲ။

သူတို့အနေဖြင့် ဤသို့ကိစ္စ‌အသေးလေးကြောင့် သခင်ကြီး၏ အရေးကြီးကိစ္စကို နှောင့်ယှက်မိခဲ့လျှင် ဒုက္ခရောက်ကြရလိမ့်မည်။

ထိုအတွေးဖြင့် အဖွဲ့သားများသည် အကြည့်ဖလှယ်လိုက်ကြပြီး တစ်ဦးမှ ပြောသည်။

“ဘာမှ မဟုတ်ပါဘူး။ ဒီကောင်လေး သရဲ‌ပုံပြင်တွေကြောင့် ကြောက်သွားတာပါ”

ထိုအခါ အခြားတစ်ဖက်မှ စကားသံထွက်ပေါ်လာသည်။

“သရဲပုံပြင်တွေ လျှောက်ပြောမနေကြနဲ့တော့။ ငါ သုံးယောက်မြင်… အဟွတ် အဟွတ်… သခင်ကျိုထုန် ဒီဘက်ကို လျှောက်လာနေတယ်”

“မြန်မြန် သတိအနေအထားနဲ့ စောင့်ကြပ်ကြစမ်း၊ မဟုတ်လည်း ဆူပူကြိမ်းမောင်းခံရဖို့ ပြင်ထားလိုက်တော့”

“အာ သိပါပြီ သိပါပြီ”

ထိုအခါ အဖွဲ့သားများသည် ရုတ်ချည်း သတိအနေအထားဖြင့် စောင့်ကြပ်ကြတော့သည်။ ထပ်မံ၍ စကား‌ဝိုင်းဖွဲ့မနေရဲကြတော့ပေ။

All Chapters