← Chapters

“ဦးလေးကျုံး အဆင်ပြေရဲ့လား”

Vol. 8 Ch. 108

“ဦးလေးကျုံး အဆင်ပြေရဲ့လား”

Vol. 8 Ch. 108

ချန်ကျဲ့သည် ယွီစန်းလျို့ကို ရင်ဆိုင်တိုက်ခိုက်ပြီးနောက် ဝူကျုံးဆီသို့ အပြေးသွားကာ ဒူးတစ်ဖက်ထောက်ထိုင်ချ၍ ဝူကျုံး၏ဒဏ်ရာများကို စစ်ဆေးသည်။

ဝူကျုံးသည် သူ၏ရင်ဘတ်ကို တင်းတင်းဆုပ်ကိုင်ထား၏။ ထို့နောက် သူ၏ အံ့အားသင့်မှုကို ဖော်ပြသည်။

“ကျိုစစ် မင်းဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အင်အားကြီးလာရတာလဲ။ မင်းခုနက သုံးလိုက်တဲ့ လက်ဝါးသိုင်းကရော ဘာကြီးလဲ”

ချန်ကျဲ့ ချက်ချင်းပြန်ဖြေလိုက်သည်။

“လှိုင်းတံပိုးလက်ဝါးသိုင်းပါ။ အဲဒီသိုင်းကျမ်းကို ကျွန်တော့်အဖိုးချန်ထားခဲ့တဲ့ စာအုပ်တွေထဲမှာ ရှာတွေ့တာနဲ့ ဒီတိုင်းလေ့ကျင့်ထားလိုက်တာ။ ကျွန်တော်လည်း ဒီလောက်ထိ အားကောင်းမယ်လို့ မျှော်လင့်မထားခဲ့ဘူးရယ်”

“သမားတော်ချန် ချန်ထားခဲ့တာလား”

ဝူကျုံးသည် အနည်းငယ်အံ့အားသင့်သွားသော်ငြား နောက်ဆုံးတွင်တော့ ဘာမျှစဉ်းစားမရ‌ခဲ့ပေ။

…

တစ်ချိန်က ဆေးပညာ၌ သမားတော်ပိုင်ထက် သာလွန်ခဲ့သော သမားတော်ချန်အနေဖြင့် တန်ဖိုးကြီးရတနာအချို့ ပိုင်ဆိုင်ထားရှိသည်မှာ ပုံမှန်ပင်ဖြစ်သည်။

အဆုံးသတ်တွင်တော့ သမားတော်ချန်၏ ဆေးပညာသည် အလွန်တရာ ကောင်းမွန်လှပေသည်။ သမားတော်ပိုင်ပင်လျှင် သမားတော်ချန်၏ ဆေးပညာအရည်အချင်းသည် ပိုမိုသာလွန်ကြောင်း ဝန်ခံခဲ့ပေသည်။

ကံအကြောင်းမလှစွာဖြင့် သမားတော်ချန်သည် အသက်၆၀ဝန်းကျင်တွင် ကွယ်လွန်သွားခဲ့သည်။ သို့မဟုတ်ပါက ချန်ကျိုစစ်သည် ယခင်က ထိုသို့တွင်းနက်ကြီးထဲသို့ ကျရောက်ခဲ့လိမ့်မည် မဟုတ်ပေ။

ထို့ပြင် သမားတော်ချန်၏ ရုတ်တရက်ဆန်လွန်းသော သေဆုံးမှုသည် တစ်လျှောက်လုံး ပဟေဠိတစ်ခုဖြစ်နေခဲ့သည်။

သူ၏ရုတ်တရက်သေဆုံးမှု မတိုင်မီ၌ သမားတော်ချန်သည် အချိန်အတော်ကြာ အိမ်မှ ထွက်ခွာသွားခဲ့ပြီး အိမ်ပြန်ရောက်ပြီး မကြာမီတွင် ကွယ်လွန်သွားခဲ့သည်ဟုလည်း ပြောဆိုကြသည်။

ချန်မိသားစုသည် ထိုအကြောင်းအရာအပေါ် ယနေ့ထိတိုင် နှုတ်ဆိတ်နေခဲ့သည်။ သို့ဖြင့် ချန်ယုံဝမ်၏သေဆုံးမှုသည် တစ်လျှောက်လုံး ပဟေဠိအဖြစ် ကျန်ရှိနေခဲ့သည်။

ချန်ယုံဝမ်ကိုယ်တိုင်သည်လည်း အနည်းငယ် နားလည်ရန်ခက်သောသူဖြစ်၏။

အတိတ်ကာလများ၌ ချန်မိသားစုသည် အလွန်တရာ‌ဆင်းရဲသည်ဟု ဆိုကြသည်။ ချန်ယုံဝမ်တွင် ညီအစ်ကို၅ယောက်ရှိခဲ့ကာ တစ်ဦးမှာ ‌အဆာငတ်သေဆုံးသွားပြီး၊ သုံးဦးမှာ လယ်သမားများဖြစ်ကြသည်။ ချန်ယုံဝမ်သည်တော့ ကနဦးတွင် တိရစ္ဆာန်ဆေးကုသမားတော်အဖြစ် လေ့ကျင့်ခဲ့သည်။

ချန်ယုံဝမ်သည် အသက်၂၀ဝန်းကျင်ထိတိုင် လက်ထပ်ထိမ်းမြားခြင်း မရှိဘဲ အလွန်တရာ ဆင်းဆင်းရဲရဲ‌ နေထိုင်ခဲ့ရသည်။

နောက်ပိုင်းတွင် အိမ်မှထွက်ခွာကာ လောကတစ်ခွင် သွားလာ၍ မိမိ၏ကိုယ်ပိုင်လမ်းကြောင်းကို ရှာဖွေသည်။ အသက်သုံးဆယ်ဝန်းကျင်‌၌ အိမ်ပြန်လာခဲ့ချိန်တွင် ချန်ယုံဝမ်သည် အထင်ကြီးလေးစားဖွယ် သမားတော်တစ်ဦးအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ချန်ယုံဝမ်သည် ရွာထဲတွင် ဖြည်းဖြည်းချင်း နာမည်ကောင်းတည်ဆောက်ကာ စတင်၍ ပိုက်ဆံရှာသည်။ အသက်၃၅တွင် သမီးတစ်ယောက် မွေးခဲ့ပြီး ထို့နောက်တွင် ကလေးထပ်မရတော့ပေ။

နောက်ဆုံး၌ ချန်မိသားစု မျိုးဆက်မပြတ်စေရေးအတွက် ချန်ယုံဝမ်သည် ငါးဖမ်းကုန်သည်အဖွဲ့မှ လူအိုကြီးရှဲ့၏သားကို သားမက်အဖြစ် လက်ခံခဲ့သည်။

ထို့နောက် သမားတော်ချန်၏ မျှော်လင့်ချက်များ ထားရှိရာဖြစ်သော ချန်ကျိုစစ်ကို မွေးဖွားလာခဲ့သည်။ သို့တိုင် ထို့နောက်တွင်လည်း သမားတော်ချန်သည် သုံးနှစ်တစ်ကြိမ် သုံးလကြာ ခရီးဝေးထွက်သွားလေ့ရှိသည်ဟု ဆိုကြပေသည်။

ထိုခရီးစဉ်အတွင် မည်သည့်အရပ်ဒေသများသို့ သွားရောက်ခဲ့ခြင်းကိုမူ သမားတော်ချန်သည် လုံးဝ ပြောမပြခဲ့ဖူးပေ။ သူ၏အသက်နှစ်ဆယ်မှ အသက်သုံးဆယ်အတွင်းတွင် ထိုပညာရပ်များကို သင်ကြားလာသည့်နေရာအား မိသားစုများမှ မေးမြန်းသည့်အခါတွင်လည်း နှုတ်ဆိတ်နေခဲ့သည်။

သမားတော်ချန် နောက်ဆုံးခရီးသွားခဲ့သည်မှာ ချန်ကျိုစစ် ၈နှစ်အရွယ်တွင် ဖြစ်သည်။ သမားတော်ချန်သည် နှစ်လကြာ ခရီးထွက်သွားခဲ့ပြီး အိမ်ပြန်ရောက်ပြီး တစ်နှစ်အတွင်း၌ ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။

ဝူကျုံးသည် ချန်ယုံဝမ်အကြောင်း ယုံတမ်းပုံပြင်များကို သိထား၏။

ဝူကျုံး၏မိသားစုမှာ ရှန်းထောင်‌မြို့ဒေသခံများ ဖြစ်ကြလေရာ သမားတော်ချန်အကြောင်းကို အတော်လေး သိထားပေသည်။ အထူးသဖြင့် သမားတော်ပိုင်နှင့် ပညာယှဉ်ပြိုင်ခဲ့သည့် ကာလများအကြောင်း ဖြစ်သည်။

ထိုအချိန်က သမားတော်ပိုင်သည် ငါးဖမ်းကုန်သည်အဖွဲ့၏ အတွင်းခန်းမဆောင် သမားတော်ကြီး၈ဦးထဲမှ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေချိန်ဖြစ်သည်။ သို့တိုင် သမားတော်ပိုင်သည် ချန်ယုံဝမ်ထံ၌ ရှုံးနိမ့်သွားခဲ့သည်။ သို့ဖြင့် ချန်ယုံဝမ်ကို ငါးဖမ်းကုန်သည်အဖွဲ့နှင့် ချောင်ကုန်သည်အဖွဲ့ နှစ်ခုစလုံးမှ ချဉ်းကပ်ကြလေသည်။

သို့သော် ထိုအဖိုးကြီးချန်သည် နှစ်ဖက်စလုံး၏ တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ လူနာများကိုမူ ညီတူညီမျှ ဆက်ဆံမြဲ ဆက်ဆံသည်။

‌ချန်ယုံဝမ်၏ သဘောထားကို နားလည်သွားခဲ့သော ကုန်သည်အဖွဲ့နှစ်ခုစလုံးသည် သူတို့၏ ကြိုးစားအားထုတ်မှုများကို ထိုအဖိုးကြီးအား ဆွဲဆောင်ခြင်းတွင် ဆက်လက်မထားရှိတော့ရန် ဆုံးဖြတ်ခဲ့ပြီး ချန်ယုံဝမ်ကို လွှတ်ထားလိုက်တော့သည်။

ဒဏ္ဍာရီလာပုဂ္ဂိုလ် ချန်ယုံဝမ်ကို စဉ်းစားမိသောအခါ ဝူကျုံးသည် ချန်ကျဲ့ပြောသည့်စကားများမှာ အတော်လေး လက်ခံယုံကြည်ဖွယ်ရာဖြစ်သည်ဟူ၍ ယုံကြည်ခဲ့သည်။

ဒီလိုထူးခြားပြောင်မြောက်တဲ့ လူတစ်ယောက်က သိုင်းကျမ်းတစ်အုပ်၊နှစ်အုပ် ချန်ထားခဲ့တယ်ဆိုတာလည်း ပုံမှန်မဟုတ်တာတော့ မဟုတ်ပါဘူးလေ။

ချန်ကျဲ့သည်လည်း သူ၏လုပ်ကြံဇာတ်လမ်းအပေါ် ယုံကြည်ချက်ရှိ၏။

သူ၏အဖိုးဖြစ်သူသည် ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခုဖြစ်သော ယန်ချွမ်ကျင့်စဉ်ကျမ်းစာအုပ်ကို အမှန်တကယ်ပင် ချန်ထားပေးခဲ့သည် မဟုတ်ပါလော။

၎င်းသည် ချန်ချွမ်းကျင့်စဉ်၏ အဖွင့်ဖြစ်သော အတွင်းအားကျင့်စဉ်တစ်ခု ဖြစ်ပေသည်။

သိုင်းလောက၌ ဆိုရိုးစကားတစ်ခုရှိ၏။

“ပြင်ပသိုင်းကျင့်စဉ်ဆယ်ချီဟာ အတွင်းအားကျင့်စဉ်ကျမ်းတစ်ပိုဒ်ကို မယှဉ်နိုင်စွမ်း”ဟူ၏။

အတွင်းအားကျင့်စဉ်များသည် အလွန်တရာ အဖိုးထိုက်တန်ပေသည်။

ချန်ကျဲ့သည် အကြောင်းအရာများကို ပြောင်းလဲပြောဆိုခဲ့သည်။ အဖိုးဖြစ်သူချန်ရစ်ခဲ့သော အတွင်းအားကျင့်စဉ်ကို အမှောင်စွမ်းအင်အဆင့် လက်ဝါးသိုင်းဖြစ်၍ သေချာတတ်မြောက်ပါမှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်နီးပါး ရှိလုသော လှိုင်းတံပိုးလက်ဝါးသိုင်းအဖြစ်သို့ ပြောင်းလဲလိုက်သည်။

ချန်ကျဲ့သည် သူ၏စကားများသည် ဝူကျုံးကို လှည့်ဖျားနိုင်လိမ့်မည်ဟု ယုံကြည်ထား၏။

အမှန်တကယ်ပင် ရလဒ်မှာ သိသာထင်ရှားလှပေသည်။ ဝူကျုံးသည် သူ့ကို အကြွင်းမရှိ ယုံကြည်ခဲ့ပြီး ထိုအကြောင်းကို ဆက်လက်မေးမြန်းလာခြင်း မရှိချေ။

ထိုအချိန်တွင် ချန်ကျဲ့သည် ဝူကျုံး၏ သွေးခုန်နှုန်းနှင့် ဒဏ်ရာများကို စစ်ဆေးနေခဲ့ခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် ဝူကျုံး၏ဒဏ်ရာများမှာ ပြင်းထန်ကြောင်း သိလိုက်ရလေသည်။

ပြင်ပဒဏ်ရာများမှာ အရေးမကြီးပေ။

အဓိကပြဿနာမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ ရက်စက်ကြမ်းကြုတ်သော စွမ်းအင်တစ်ခုသည် သူ၏ခြေလက်များနှင့် သွေးကြောများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဝူကျုံး၏ ခန္ဓာကိုယ်ဖွဲ့စည်း‌မှုသည် မျက်လုံးနီရွှေကြက်ကို စားသုံးထားသောကြောင့် အများကြီးတိုးတက်နေခဲ့၏။ သို့မဟုတ်ပါက ဝူကျုံးမှာ ထိုစွမ်းအင်ကို ဤမျှအထိ ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ပေ။

ချန်ကျဲ့သည် ဝူကျုံးကို စစ်ဆေးကြည့်ရှုပြီးနောက် ယန်ချွမ်စွမ်းအင်တစ်မျှင်ကို ဝူကျုံး၏ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပေးရန် ကြိုးပမ်းသည်။

ဝူကျုံး၏ခန္ဓာကိုယ်ထဲသို့ အတွင်းအား ဝင်ရောက်သွားသောအခါ ဝူကျုံး၏အသွေးအရောင်မှာ သိသိသာသာ တိုးတက်လာခဲ့၏။ သို့သော် ချန်ကျဲ့သည် သူတို့နှစ်ဦးမှာ ရန်သူများ ဝန်းရံခံထားရဆဲဖြစ်သောကြောင့် အတွင်းအားထည့်သွင်းပေးခြင်းအား ဆက်လက်မလုပ်ဆောင်ရဲပါချေ။

အန္တရာယ်ရှိသောအခြေအနေမှ မလွတ်မြောက်သေးပေ။

သေချာစဉ်းစားပြီးနောက် ချန်ကျဲ့သည် သမားတော်ပိုင် သင်ပေးထားသည့်အတိုင်း ဝူကျုံး၏ အဓိကသွေးကြောမှတ်များကို ပိတ်ဆို့လိုက်ခြင်းဖြင့် သွေးလှည့်ပတ်စီးဆင်းနှုန်း နှေးကွေးသွားစေကာ သွေးဆုံးရှုံးမှုကို လျော့နည်းသွားစေခဲ့သည်။

ထို့နောက် ဝူကျုံးကို ကျောပိုးလိုက်သည်။

ကနဦးတွင် ဝူကျုံးသည် ငြင်းဆန်၍ လမ်းလျှောက်ချင်ခဲ့‌သော်ငြား အရမ်းအားနည်းနေခဲ့သည်။ သူ၏ လမ်းလျှောက်နှုန်းသည် ချန်ကျဲ့ တွားသွားခြင်းထက်ပင် ပို၍နှေးကွေးနေလောက်၏။

သို့ဖြင့် ချန်ကျဲ့သည် ယွီစန်းလျို့၏အဝတ်များကို ချွတ်ကာ ဝူကျုံးကို အမြန်ဝတ်ပေးလိုက်သည်။

ထို့နောက် မြေပြင်တွင် ပြုတ်ကျနေသော ကျိုထုန်နှင့် သူ၏ဝူထုန်ဦးခေါင်းအကာတို့ကို ကောက်ယူ၍ ဝူကျုံးကို ပြောလိုက်သည်။

“ဦးလေးကျုံး တောင့်ခံထားနော်။ ကျွန်တော်တို့ လွတ်မြောက်‌နိုင်တာ၊ မလွတ်မြောက်နိုင်တာက သူတို့ကို လှည့်စားနိုင်မလားဆိုတာအပေါ် မူတည်တယ်”

ထိုအခါ ဝူကျုံးမှ ပြောသည်။

“ကျိုစစ် အကယ်၍ အခြေအနေမကောင်းခဲ့ရင် မင်း ငါ့ကိုထားခဲ့ပြီး ထွက်ပြေးလိုက်ပါ”

ချန်ကျဲ့ ပြန်ပြောသည်။

“ဦးလေးကျုံး အဲဒီလိုမပြောပါနဲ့။ ကျွန်တော် အစ်ကိုဟုန်၊ အဒေါ်နဲ့ ဆရာတို့ကို ဦးလေးကျုံးကို အိမ်ပြန်ခေါ်လာမယ်လို့ ကတိပေးထားခဲ့ပြီ”

“ကျွန်တော် ချန်ကျိုစစ်က ဘယ်တော့မှ ကတိဖျက်မှာ မဟုတ်ဘူး!”

ထိုသို့ပြော၍ ချန်ကျဲ့သည် ဝူကျုံးကို ကျောပိုး၍ တစ်ပင်တည်းသီးသန့်တည်ရှိနေသော သစ်ပင်ကြီးဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တောကြက်လည်မျိုလမ်းကြားသည် ထိုသစ်ပင်ကြီးကို မလွှဲသာမရှောင်သာ ဖြတ်သွားရသောကြောင့် ဖြစ်၏။

လူတစ်ယောက်ကို ကျောပိုးလျက် ချန်ကျဲ့သည် စကားမဆိုဘဲ ထိုလမ်းကြောင်းအတိုင်း လျှောက်သွားခဲ့သည်။

ထိုစဉ် သစ်ပင်အောက်၌ ချောင်ကုန်သည်အဖွဲ့ဝင်လေးဦး ရပ်နေသည်။ ထိုလေးဦးထဲမှ တစ်ဦးသည် ဝူစန်း၏သရဲဇာတ်လမ်းများကြောင့် ကြောက်လန့်သွားခဲ့သော ရွှမ်းဇစ်ဖြစ်သည်။

ရွှမ်းဇစ်သည် ထိုသစ်ပင်ကြီးမှာ မကျေချမ်းနိုင်သော ဝိဉာဉ်များ ကိန်းအောင်းနေသည့်အလား နိမိတ်မကောင်းစွာ မှုန်မှိုင်းနေသည်ဟု ခံစားနေရ၏။

သူ၏စိတ်နှလုံးမှာ ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေခဲ့သော်ငြား စူးစမ်းလိုစိတ်လည်း တည်ရှိနေပေသည်။

သရဲဇာတ်လမ်းကြည့်ရှုနေသည်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဖြစ်ကြောင်း သိနေသည့်တိုင် အနည်းငယ်မျှ ထပ်ကြည့်ချင်စိတ်ကိုလည်း မထိန်းချုပ်နိုင်ပေ။

ရွှမ်းဇစ်သည် ထိုသို့တုန်လှုပ်ချောက်ချားမှုကို စွဲလမ်းသည့်လူတစ်မျိုးဖြစ်၏။ သို့ဖြစ်ရာ ရွှမ်းဇစ်သည် သစ်ပင်ကြီးကို တစ်ချိန်လုံးစိုက်ကြည့်နေခဲ့ရင်း အဝေးမှ ကြည့်နေရခြင်းကို တဖြည်းဖြည်း မကျေမနပ်ဖြစ်လာခဲ့သည်။

သို့ဖြင့် ရွှမ်းဇစ်သည် သစ်ပင်ကြီးဆီသို့ တစ်လှမ်းချင်း တိုးကပ်သွားခဲ့သည်။

နောက်ဆုံးတွင်တော့ သစ်ပင်အောက်သို့ ရောက်ရှိခဲ့ပြီး ထူထပ်အုံ့မှိုင်းနေသော သစ်ရွက်များကို မော့ကြည့်လိုက်သည်။

တောက်

သူ၏‌ဦးခေါင်းအကာပေါ်သို့ အရည်တစ်စက် ကျဆင်းလာသည်။ ရွှမ်းဇစ်သည် လက်ဖြင့်သုတ်လိုက်ရာ ၎င်းအရည်မှာ အနီရောင်ဖြစ်နေလေသည်။

ရုတ်ချည်း လန့်ဖျပ်သွား၍ ရွှမ်းဇစ်သည် သူ၏အမြင်ကို ကာဆီးနေသည့် သစ်ရွက်များကို ဖယ်ရှားကြည့်လိုက်သည်။ ထိုအခါ–

သွေးများ အေးစက်သွားရ၏။

သောက်ကျိုးနည်း!

သစ်ကိုင်းတွင် တွဲလောင်းဖြစ်နေသော ရက်စက်ကြမ်းကြုတ်ဟန်ရှိသည့် ကြောက်မက်ဖွယ်မျက်နှာကြီးသည် သူ့ကို ငုံ့ကြည့်နေခဲ့သည်။ ၎င်းကြောက်မက်ဖွယ်မျက်နှာကြီး၏ ပါးစပ်မှာ သွေးလတ်လတ်ဆတ်ဆတ်များ စီးကျနေ၏။

ကြောက်ဖို့အကောင်းဆုံးအချက်မှာ ထိုမျက်နှာသည် သူရင်းနှီးနေသည့်မျက်နှာ ဖြစ်နေခြင်းပင်– ဝူစန်းပဲ!

သူ့ကို သရဲဇာတ်လမ်းများဖြင့် ခြောက်လှန့်ခဲ့သော ဝူစန်းဖြစ်ပေသည်။

All Chapters