အခန်း (၁၀၉)
Vol. 8 Ch. 109
“အား အား…”
ရွှမ်းဇစ်မှာ တုန်လှုပ်ချောက်ချားသွား၍ စိတ်ပြိုလဲသွားကာ ရုတ်ချည်း ထိုင်ချလိုက်တော့သည်။ ထို့နောက် ခြေလက်လေးဖက်လုံး အသုံးပြု၍ နောက်ပြန်ဆုတ်နေရင်း ထိတ်ထိတ်ပျာပျာဖြင့် အော်ဟစ်လေတော့သည်။
သို့သော် အနည်းငယ်မျှသာ နောက်ဆုတ်ရသေးချိန်တွင် တစ်စုံတစ်ခုကို တိုက်မိပြီး ရပ်တန့်သွားရ၏။
လှည့်ကြည့်လိုက်ရာ သူရင်းနှီးနေသော ဝူထုန်သည် ကျိုထုန်ကို ကျောပိုးထားသည်အား မြင်တွေ့လိုက်ရသည်။
ထိုအချိန်၌ ရွှမ်းဇစ်သည် ဝူထုန်၏ခြေထောက်များကို ကိုင်ထားလျက်သားဖြစ်နေခဲ့၏။ ပိုဆိုးရွားသည်မှာ ထိုဝူထုန်၏ အဝတ်အစားများကို သူမှတ်မိပေသည်။
အဲဒါ ဝူစန်းရဲ့အဝတ်တွေပဲ!
ရွှမ်းဇစ်မှာ ရုတ်ချည်း သွေးများအေးခဲသွား၏။
“ဘာဖြစ်လို့လဲ”
ချန်ကျဲ့သည်လည်း ထိုကောင်လေး၏တုံ့ပြန်မှုကြောင့် ထိတ်လန့်သွားရသည်။
ငါလည်း ဘာမှမလုပ်မိပါ့လား။
“အာ မင်း…”
ချန်ကျဲ့သည် ထိုကောင်လေး အော်ဟစ်တော့မည်ဖြစ်ကြောင်း သတိထားမိလိုက်သည်။
သူလူတွေ အော်ခါ်လိုက်ရင် ဒုက္ခများကုန်မယ် မဟုတ်ဘူးလား။
ထိုအတွေးဖြင့် ချန်ကျဲ့ ထိုကောင်လေးကို ပိတ်ကန်လိုက်သည်။
ကန်ချက်တစ်ချက်ဖြင့် သတိလစ်သွားစေခဲ့၏။
“ဘာဖြစ်တာလဲ”
ဆူညံသံသည် အနီးအနားရှိအဖွဲ့သားများကို လှုံ့ဆော်မိသွား၏။ ချန်ကျဲ့သည် ငုံ့ကိုင်း၍ ထိုကောင်လေးကို တွဲထူရန် ဟန်ပြင်လိုက်သည်။ သို့သော် ဝူကျုံးကို ကျောပိုးထားသည်အား မေ့လျော့သွားမိခဲ့၏။
“ဘာမှမဖြစ်ပါဘူး။ ရွှမ်းဇစ် တက်သွားလို့”
ထိုအခါ အဖွဲ့သားများ ရုတ်ချည်း လှည့်ကြည့်လာကြကာ တစ်ယောက်မှ တွေဝေရှုပ်ထွေးလျက် မေး၏။
“ဝူထုန် မင်းဘာလို့ သခင်ကျိုထုန်ကို ကျောပိုးထားတာလဲ”
“အာ သခင်ကျိုထုန် ခြေကျင်းဝတ်ခေါက်သွားလို့!”
ထိုအခါ အဖွဲ့သားများသည် အံ့အားသင့်ကုန်ကြသည်။ အစပိုင်းတွင် မည်သို့မျှ မတုံ့ပြန်နိုင်ကြပေ။ ထိုစဉ် ချန်ကျဲ့သည် ရွှမ်းဇစ်ကို မြေပြင်သို့ချပေး၍ ဝူကျုံးကို ကျောပိုးလျက် တောင်အောက်သို့ ဦးတည်ဆင်းခဲ့သည်။ သို့သော် ခဏအကြာ၌ အဖွဲ့သားတစ်ဦးသည် အခြေအနေကို နားလည်သွားခဲ့သည်။
“တစ်ခုခုမှားနေတယ် ရပ်စမ်း!”
ချန်ကျဲ့ မရပ်တန့်နိုင်ပါချေ။ သူ ထွက်ပြေးတော့သည်။
“အမြန် အချက်ပြမြားလွှတ်လိုက်၊ ရန်သူက ငါတို့လို ဟန်ဆောင်ထားတယ်!”
ထိုအခါ အဖွဲ့သားတစ်ဦးသည် ရုတ်ချည်း အချက်မြားကို ပစ်လွှတ်လိုက်သည်။
ဝှီး!
တိမ်သို့ထိုးခွင်းနိုင်စွမ်းသော မြားတစ်စင်းသည် ကောင်းကင်ထက်သို့ မြင့်တက်သွားလေရာ စစ်သည်ထောင်ချီလည်း မြင်တွေ့နိုင်စွမ်းပေသည်။
ဝှီး ဖြန်း!
အသံသည် အနီးအနားရှိ လူအားလုံး၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
ယွီပင်းသည် ရုတ်ချည်း လူများကို ဦးဆောင်လာ၏။
“ဘယ်မှာလဲ”
“ဒီဘက်ပါ!”
ချောင်ကုန်သည်အဖွဲ့သားတစ်ဦးမှ အော်ပြောသည်။ ထိုအခါ ယွီပင်းသည် ဓားကိုကိုင်မြှောက်လျက် လိုက်တော့သည်။
အခြားသော ချောင်ကုန်သည်အဖွဲ့သားများသည်လည်း လူစုဝေးကြကုန်သည်။
“ဘယ်မှာလဲ ဘယ်မှာလဲ!”
ထိုစဉ် အဖွဲ့သားတစ်ယောက်မှ ဝူကျုံးကို ကျောပိုးပြေးနေသည့် ချန်ကျဲ့ကို ညွှန်ပြလိုက်သည်။ ထိုအခါ လူတစ်အုပ်ကြီးသည် ချန်ကျဲ့နောက်သို့ ပြေးလိုက်လာကြသည်။ မဝေးလှသော တစ်နေရာရှိ သင်္ဘောခေါင်းဆောင်ကြီးသည် အသံကြားရာသို့ကြည့်လိုက်ရာ ကျိုထုန်ဦးခေါင်းအကာ ဝတ်ဆင်ထားသူတစ်ဦးအား ကျောပိုးလျက် တောကြက်လည်မျိုလမ်းကြောင်းအတိုင်း ပြေးသွားသော ချန်ကျဲ့ကို မြင်တွေ့သွား၏။
သင်္ဘောခေါင်းဆောင်ကြီးမှာ မျက်လုံးများ သွေးရောင်လွှမ်းသွားရသည်။
ကျောပိုးခံထားရသည့် ကျိုထုန်မှာ ဝူကျုံးဖြစ်ကြောင်း အရိပ်မြင်ရုံမျှဖြင့် သူသိနိုင်ပေသည်။
ဝူကျုံး အသက်ရှင်လို့ မဖြစ်ဘူး!
ထိုအတွေးဖြင့် သင်္ဘောခေါင်းဆောင်ကြီးသည် မည်သည့်နေရာမှ အင်အားများရရှိလာသည် မသိပေ၊ ချန်ကျဲ့ကို အလစ်တိုက်ခိုက်ရန်အတွက် ဖြတ်လမ်းမှ အရူးအမူး ပြေးလိုက်ခဲ့သည်။
ထိုအချိန်တွင် သင်္ဘောေခါင်းဆောင်သည် မယုံကြည်နိုင်လောက်အောင် မြန်ဆန်နေခဲ့၏။ သူ ဝူကျုံးကို ကြားဖြတ်တိုက်ခိုက်ရပေမည်။ အခွင့်အရေးမှာ တစ်ကြိမ်သာရှိ၏။ ရှုံးနိမ့်သွားခဲ့ပါက မည်သည့်အချိန်မှ နောက်ထပ်အခွင့်အရေး ရရှိလာမည်ကို မသိနိုင်တော့ပေ။
ပြီးတော့ အဲဒီဝူထုန်က ဘယ်သူလဲ?!
ငါ ငါးဖမ်းကုန်သည်အဖွဲ့ကို သစ္စာဖောက်တာ ပေါ်သွားပြီလား။ အကယ်၍ ပေါ်သွားခဲ့ပြီဆိုရင်ရော?
ထိုအတွေးဖြင့် သင်္ဘောခေါင်းဆောင်ကြီးမှာ အသွေးအသားများအထိ အေးစိမ့်သွားရသည်။
သင်္ဘောခေါင်းဆောင်ကြီးမှာ စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့၏။
ငါဒီနေ့ ဝူကျုံးကို လုံးဝ တောင်ပေါ်ကနေ အသက်ရှင်လျက် ထွက်သွားခွင့်မပြုနိုင်ဘူး!
ထိုသို့တွေးတောလိုက်သည်တွင် သူ၏အရှိန်နှုန်းမှာ ပို၍လျင်မြန်လာခဲ့သည်။
ထိုစဉ် တောကြက်လည်မျိုလမ်းကြောင်းတစ်ဖက်၌ အလွန်တရာသော တုန်လှုပ်မှု၊ အမျက်ဒေါသ၊ ဝမ်းနည်းပူဆွေးမှုတို့ဖြင့် ပြည့်နှက်နေသည့် အော်သံတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
“ငါ့သားလေး!”
ထိုအသံသည် နက်နက်ရှိုင်းရှိုင်း နာကျင်နေခဲ့ကာ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည်။ အသံပိုင်ရှင်၏ ဝမ်းနည်းပူဆွေးမှုမှာ မည်မျှကြီးမားကြောင်းကို ဖော်ပြနေ၏။
ယွီပင်းသည် တောင့်တင်းနေပြီဖြစ်သော ယွီစန်းလျို့၏အလောင်းကို ပွေ့ဖက်၍ မရပ်မနား ငိုကြွေးနေခြင်းဖြစ်ပေသည်။
“ငါ့သားလေး!”
အင့် အင့်…
ငိုရှိုက်သံသည် ကြားရသူအတွက်ပင် ကြေကွဲဝမ်းနည်းဖွယ်ကောင်းလှသည်။
“တကယ်ပဲ ဘယ်သူက ဒီလိုရက်ရက်စက်စက်လုပ်ခဲ့တာလဲ!”
ယွီပင်းသည် ဒေါသတစ်ကြီး ဟိန်းဟောက်၏။
“ငါ့သားလေး အို ငါ့သားလေး!”
ယွီစန်းလျို့၏ ကျိုးကြေနေသည့် မေးရိုးနှင့် လည်တိုင်ရိုးတို့ကိုကြည့်လျက် ယွီပင်းသည် မထိန်းချုပ်နိုင်စွာ ငိုကြွေးနေခဲ့သည်။ အနီးရှိ ချောင်ကုန်သည်အဖွဲ့သားအားလုံးမှာ တုန်လှုပ်ချောက်ချားနေကြ၏။
ဘယ်သူက ဒီလိုရက်ရက်စက်စက် လုပ်ခဲ့တာလဲ!
ထိုစဉ် အဖွဲ့သားတစ်ဦးမှ ပြောသည်။
“သခင်ကြီး အခုက ငိုကြွေးနေရမယ့်အချိန် မဟုတ်သေးပါဘူး။ ကျွန်တော်တို့ သခင်လေးအတွက် လက်စားချေပေးရမယ်လေ!”
ထိုအခါ ယွီပင်းသည် ရုတ်တရက် အသိစိတ်ပြန်ဝင်လာခဲ့ပြီး ထိုအဖွဲ့သားကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုများ တောက်ပနေ၏– ဟုတ်တယ်၊ လက်စားချေရမယ်။ လက်စားချေရမယ်!
ဒီရန်ငြိုးကို လက်စားမချေနိုင်သ၍ ငါယွီပင်း မရပ်နားဘူးလို့ ကျိန်ဆိုတယ်!
“သားလေး ခဏလောက် လှဲအိပ်နေလိုက်ပါ။ အဖေ လူသတ်သမားကို သတ်ပြီး အိမ်ကိုသယ်လာခဲ့မယ်”
ထိုသို့ပြောလျက် ယွီပင်းသည် ယွီစန်းလျို့၏အလောင်းကို လဲလျောင်းစေကာ မျက်ရည်များကိုသုတ်၍ ဒေါသတကြီး အမိန့်ပေးသည်။
“မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့ သတ်ကြ!”
ထိုသို့ပြောပြီးနောက် ဓားရှည်ကိုဆွဲထုတ်လိုက်သည်။ ယွီပင်းသည် လက်ရှိအချိန်၌ အလွန်ဒေါသထွက်နေခဲ့သည်။ သူ့ခေါင်းထဲရှိ တစ်ခုတည်းသောအတွေးမှာ သတ်ဖြတ်ရန်သာ ဖြစ်သည်။
လူသတ်သမားကို ဖမ်းဆီးပြီး သားဖြစ်သူ၏ အလောင်းရှေ့တွင် အကြိမ်ထောင်ချီ ရိုက်နှက်သတ်ပစ်၍ စိတ်နှလုံးအတွင်းရှိ အမုန်းတရားကို ဖြေဖျောက်ရပေမည်။
ယွီပင်း၏ကျားမျက်လုံးများသည် အမုန်းတရားများပြည့်နှက်နေသည်။ သူသည် တောကြက်လည်မျိုတောင်လမ်းကြားတွင် ကျိုထုန်ကို ကျောပိုး၍ ထွက်ပြေးနေသော ဝူထုန်ကို မြင်သွားခဲ့သည်။
ယွီပင်း အော်ဟစ်လိုက်သည်။
“လူယုတ်မာ ထွက်ပြေးဖို့မစဉ်းစားနဲ့!”
ထိုသို့ပြောလျက် ယွီပင်းသည် ဓားကိုဆွဲ၍ ခြေလှမ်းကျယ်ကြီးများဖြင့် ချန်ကျဲ့တို့နောက်သို့ အသည်းအသန် လိုက်တော့သည်။
ထိုအချိန်တွင် သားဖြစ်သူကို ဆုံးရှုံးလိုက်ရသည့် နာကျင်မှုသည် လှိုက်တက်လာခဲ့၍ ယွီပင်း၏အရှိန်နှုန်းမှာ သာမန်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။
ထိုအချိန်တွင် ဓားကိုင်ဆွဲထားလျက်ဖြင့် သူ့ခေါင်းထဲ တွေးတောပုံဖော်နိုင်သမျှမှာ သားဖြစ်သူ၏ ကြေကွဲဝမ်းနည်းဖွယ် သေဆုံးမှုသာ ဖြစ်လေသည်။
“စန်းလျို့ အရမ်းမြန်မြန် ထွက်မသွားလိုက်နဲ့ဦး။ အဖေ့ကိုစောင့်ပါ၊ အဖေ မင်းအတွက် လက်စားချေပေးမယ်!”
“လက်စားချေပေးမယ်!”
ထိုအချိန်၌ ယွီပင်း၏စိတ်အစဉ်တွင် ယွီစန်းလျို့နှင့်ပတ်သက်သော အခိုက်အတန့်အားလုံး မျောလွင့်ပေါ်ထွက်လာနေခဲ့သည်။
ယွီစန်းလျို့သည် အလွန်နားလည်သိတတ်မှုရှိပြီး နာခံတတ်သော ကလေးတစ်ယောက်ဖြစ်သည်။ ထိုအချိန်က သူသည် ချောင်ကုန်သည်အဖွဲ့၏ အဆင့်နိမ့်အဖွဲ့သားတစ်ဦးမျှသာ ဖြစ်ခဲ့ပြီး ယိုယွင်းပျက်စီးနေသော အိမ်တစ်လုံးတွင် နေထိုင်ခဲ့ရသည်ကို မှတ်မိပါသေးသည်။
မိုးရွာတိုင်း ထိုအိမ်မှာ မိုးရေယိုတတ်သောကြောင့် ရေပုံးခံထားရလေ့ရှိခဲ့သည်။
ထိုအချိန်များ၌ သူ၏သားလေးသည် သစ်သားရေပုံးလေးတစ်ပုံး သယ်လာပေးတတ်သည်။
“အဖေ ကျွန်တော် ကူလုပ်ပေးမယ်”
ထိုအချိန်က ယွီပင်းသည် ယွီစန်းလျို့အား တစ်နေ့နေ့တွင် အိမ်အကြီးကြီး၌ နေထိုင်ရစေမည်ဟု ကတိပေးခဲ့သည်။
အခု အိမ်အကြီးကြီးမှာ နေရပြီလေ။ ဘာလို့ အဖေ့ကို ထားသွားရတာလဲ။
မင်းဘာလို့ ဒီလောက်တောင် ရက်စက်ရတာလဲ!
ငါ့သားလေး
…