← Chapters

အခန်း (၁၁၀)

Vol. 8 Ch. 110

အခန်း (၁၁၀)

Vol. 8 Ch. 110

“လူယုတ်မာ ငါ့သားရဲ့အသက်ကို ပြန်ပေးစမ်း!”

ယွီပင်းသည် ‌ဒေါသတကြီး အော်ဟစ်လျက် သူ၏ခြေထောက်များမှလည်း နှစ်ပေါင်းများစွာ ‌ကျင့်ကြံလာခဲ့ပြီးဖြစ်သော အရေပြားသန့်စင်ခြင်းအဆင့်၏ အင်အားကို ထုတ်သုံးနေပေသည်။

ယွီပင်းက ဒီနှစ်တွေအတွင်းမှာ ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်ကို မတက်နိုင်ဘဲ အရေပြားသန့်စင်ခြင်းအထွတ်အထိပ်အဆင့်မှာပဲ ပိတ်မိနေခဲ့တာလား။

မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယွီမိသားစု၏ နှလုံးကြွေလက်ဝါးသိုင်းတွင် အရေပြားသန့်စင်ခြင်းအဆင့်အား ပြီးပြည့်စုံစေမည့် နည်းလမ်းတစ်ခုကို မှတ်တမ်းတင်ထားသောကြောင့်ဖြစ်သည်။ အရေပြားသန့်စင်ခြင်းအဆင့်ကို ပြီးပြည့်စုံစေပြီး ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်ပါက အလွန်တရာမြင့်မားသော အဆင့်ကို ရရှိမည်ဖြစ်၏။

သာမန်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် စစ်သည်တစ်ဦးကို အနိုင်တိုက်ရန် လုံလောက်ပေသည်။

ယွီပင်းသည် အဆိပ်ပြင်းမြွေတစ်ကောင်ကဲ့သို့ပင်။ သူ၏အယူဝါဒမှာ ခံနိုင်ရည်ရှိရန်ဖြစ်၏။ တိတ်ဆိတ်စွာ မပေါက်ကွဲပါက တိတ်ဆိတ်စွာ ပျက်စီးပေလိမ့်မည်။

…

ယွီပင်းနှင့် ဝူကျုံးသည် အရေပြားသန့်စင်ခြင်းအဆင့်သို့ တစ်ချိန်တည်းနီးပါး ရောက်ရှိခဲ့ကြပြီး ယွီပင်း၏အထုံပါရမီသည် ဝူကျုံးထက် အနည်းငယ် ပို၍ကောင်းမွန်သည်။ သို့သော် ယွီပင်းသည် သူ၏ခန္ဓာကိုယ်ကို အမြဲတစေ လေ့ကျင့်ပျိုးထောင်နေခဲ့ပြိး အရေပြားသန့်စင်ခြင်းအဆင့်၏ အခြေခံအုတ်မြစ်ကို ပို၍နက်ရှိုင်းစေခဲ့သည်။

သူ၏အရေပြားသန့်စင်ခြင်းအဆင့်အား ချို့ယွင်းချက်ကင်းမဲ့လုနီးပါး ဖြစ်စေသည်။

အတိအကျဆိုရသော် ၎င်းသည် သူ၏အစီအစဉ်နှင့်လည်း ဆက်စပ်နေပေသည်။ သူတို့၏အရည်အချင်းများအရ မင်ကျင့်အထွတ်အထိပ်အဆင့်သည် ဤဘဝတွင် သူတို့နှစ်ဦးစလုံး၏ အဆုံးသတ်ဖြစ်နိုင်ပြီး အမှောင်စွမ်းအင်အဆင့်၏ အစွန်အဖျားကိုသာ ခက်ခက်ခဲခဲ ထိတွေ့နိုင်ဖွယ်ရှိသည်။

အခြားမျိုးဆက်ငယ်များသည် သူတို့တွင် ပိုမိုမြင့်မားသည့် တိုးတက်နိုင်သော အလားအလာရှိသောကြောင့် အဆင့်တက်လှမ်းရန်အတွက် မအားမလပ် ကြိုးစားကြသည်။

သို့သော် ယွီပင်းနှင့်ဝူကျုံးသည်တော့ ထိုသို့မဟုတ်ကြပေ။ သူတို့၏အထွတ်အထိပ်သည် အမှောင်စွမ်းအင်အစောပိုင်းအဆင့်သာ ဖြစ်နိုင်ပြီး ထိုအဆင့်သို့ ရောက်ရှိရန်အတွက်လည်း အသက်၅၀၊ ၆၀အရွယ်ခန့်အထိ အချိန်ကြာမြင့်နိုင်ပေသည်။

ထို့ကြောင့် ယွီပင်းသည် သူ၏အစောပိုင်းနှစ်များကို လောင်းကြေးထပ်ကာ အခြေခံအုတ်မြစ်ကို ထပ်ခါထပ်ခါ ခိုင်မာစေခဲ့သည်။

သို့ဖြင့် ယွီပင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ဝူကျုံးထက် အနည်းငယ် ပိုမိုအားကောင်းလိမ့်မည်ဖြစ်သည်။ ထိုနေ့ကို နောက်ကိုးရက်အကြာတွင် ကျင်းပမည့် ရွာအကြီးအကဲရွေးချယ်ပွဲနေ့အဖြစ် သတ်မှတ်ထားခဲ့သည်။

ယွီပင်းသည် ဤတိုက်ပွဲကို အသုံးချ၍ ရှန်းထောင်မြို့၏ နံပါတ်တစ်အရှင်သခင်အဖြစ် သူ၏အဆင့်အတန်းကို တည်ဆောက်လိုခဲ့သည်။

သို့သော် ယနေ့တွင် သူ၏အမျက်ဒေါသအား ထိန်းချုပ်နိုင်စွမ်းမရှိတော့ပေ။ ထပ်မံ၍ တိတ်ဆိတ်မနေနိုင်တော့ပေ။ သားဖြစ်သူမှာ သေဆုံးသွားခဲ့လေပြီ၊ သူအချစ်ရဆုံးသော သားဖြစ်သူမှာ သေဆုံးသွားခဲ့လေပြီ။

ယွီစန်းလျို့သည် သူ၏တစ်ဦးတည်းသောသား မဟုတ်သော်ငြား သူ အချစ်ရဆုံးသောသားဖြစ်သည်။ သူနှင့် ဇနီးသည်တို့၏ ခက်ခဲနွမ်းပါးခဲ့သော အစောပိုင်းနှစ်များတွင် မွေးဖွားခဲ့သော သားဖြစ်၍ အများကြီး တန်ဖိုးထားရပေသည်။

ဘာကိစ္စပဲရှိပါစေ ဒီနေ့၊ ဒီနေ့ ဝူကျုံးနဲ့ အဲဒီခိုးကြောင်ခိုးဝှက်ကောင် နှစ်ကောင်လုံးသေရမယ်၊ ကျိန်းသေပေါက် သေရမယ်!

ဒေါသထွက်နေသော ယွီပင်းသည် ချန်ကျဲ့ကို လိုက်ဖမ်းရန်အတွက် အားကုန်သုံးထား၏။ ဝူကျုံးကို ကျောပိုးထားရသော ချန်ကျဲ့သည် အမြန်ဆုံးအရှိန်နှုန်းဖြင့် မပြေးနိုင်ဘဲ နောက်မှ အသည်းအသန်လိုက်လာနေသော ယွီပင်းကို ကြည့်နေခဲ့သည်။

ချန်ကျဲ့သည်လည်း အင်အားကုန်သုံး၍ ပြေး၏။

မကြာမီတွင် သူ၏ကြွက်သားများ နာကျင်ကိုက်ခဲလာတော့သည်။ ၎င်းမှာ ကြွက်သားများ အလွန်အကျွံ အားစိုက်ထုတ်ခြင်းကြောင့်ဖြစ်ကြောင်း ချန်ကျဲ့ သိလိုက်သည်။ ဤနေရာတွင် သာမန်လူတစ်ဦးဖြစ်ခဲ့ပါက အနားယူရန် လိုအပ်ပေလိမ့်မည်။ သို့မဟုတ် အရှိန်လျှော့ရန် လိုအပ်ပေလိမ့်မည်။

သို့သော် ချန်ကျဲ့သည် မလိုအပ်ပေ။

ချန်ကျဲ့သည် ယန်ချွမ်ကျင့်စဉ်ကို အသုံးပြု၍ အသက်ရှူနှုန်းကို ထိန်းညှိလိုက်သည်။

ချန်ကျဲ့သည် ဤသို့ခံစားချက်မျိုးကို စိမ်းသက်နေခြင်း မရှိသည့်အပြင် သင့်တင့်လျောက်ပတ်သော အတွေ့အကြုံလည်း ရှိသည်။ တိုက်ခိုက်ခြင်းဖြစ်စေ၊ ပြေးလွှားခြင်းဖြစ်စေ ကြွက်သားနာကျင်ကိုက်ခဲသည့်အဆင့်သို့ ရောက်ရှိခဲ့ပါက အသက်ရှူနှုန်းကို ထိန်းညှိခြင်းဖြင့် ဖြည်းဖြည်းချင်း ပြန်လည်သက်သာလာနိုင်ပေသည်။

ရှူသွင်း၊ ရှူထုတ်…

ချန်ကျဲ့သည် အားကုန်သုံး၍ မနားတမ်းပြေးနေခဲ့သည်။ ထိုစဉ် ဝူကျုံးသည် ခက်ခက်ခဲခဲနောက်လှည့်ကြည့်လိုက်ရာ ဒေါသတကြီး လိုက်လာနေသော ယွီပင်းကိုမြင်လိုက်ရသည်။ ထိုအခါ ဝူကျုံးမှ ပြောသည်။

“ကျိုစစ် ဒီလိုမျိုးပြေးနေတာက အသုံးမဝင်ဘူး။ ငါ့ကိုချခဲ့ပြီး မင်းတစ်ယောက်တည်း ထွက်ပြေးလိုက်တော့။ မင်းက သူတို့ဘယ်သူဆိုတာ သိနေတာကို သူတို့လည်း သိနေတယ်ဆိုတော့ သူတို့ငါ့ကို မသတ်ရဲပါဘူး”

ဝူကျုံးသည် ရိုးအစွာဖြင့် ချန်ကျဲ့တစ်ယောက် ထွက်ပြေးလွတ်မြောက်နိုင်လျှင် သူ အသက်ရှင်နိုင်မည့်အခွင့်အရေး ရှိလိမ့်ဦးမည်ဟု ယုံကြည်နေခဲ့သည်။

သို့သော် ချန်ကျဲ့ ပြောလိုက်သည်။

“ဦးလေးကျုံး အရမ်းမရိုးအပါနဲ့ဗျာ။ သူတို့ ဦးလေးကို အသက်ရှင်ခွင့်ပေးမှာ မဟုတ်ဘူး။ ဒီနေရာက ချောင်ကုန်သည်အဖွဲ့သားတွေနဲ့ ပြည့်နှက်နေတာ၊ ပြီးတော့ အဲဒီသစ္စာဖောက်လည်း ရှိသေးတယ်”

“သစ္စာဖောက်လား ဘယ်သူလဲ။ ဘယ်သူက သစ္စာဖောက်လဲ”

ဝူကျုံး၏အမေးစကားကို ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“သင်္ဘောခေါင်းဆောင်ကြီး ကျောင်းရွှမ်”

“ဘယ်လို ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျောင်းရွှမ်က.. ကျောင်းရွှမ်က ဘယ်လိုလုပ်ပြီး သစ္စာဖောက်ဖြစ်နိုင်မှာလဲ”

ဝူကျုံး မယုံကြည်ပေ။ သူနှင့် ကျောင်းရွှမ်သည် ကောင်းမွန်သောဆက်ဆံရေးရှိ၏။ ကျောင်းရွှမ်သည် သူ့ကို သင်ကြားပြသပေးခဲ့သူတစ်ဦးဟုပင် သတ်မှတ်နိုင်သူဖြစ်၍ ဝူကျုံးအတွက် ဆရာတစ်ပိုင်းဖြစ်ပေသည်။

ချန်ကျဲ့မှ ပြောသည်။

“လူတွေရဲ့စိတ်နှလုံးကို ဖတ်ရတာ ခက်ခဲပါတယ်။ ဦးလေးကျုံး အရမ်းကြီး အကောင်းမြင်မနေပါနဲ့”

ထို့နောက် ချန်ကျဲ့ ဆက်ပြောခဲ့သည်။

“ကျောင်းရွှမ်က အခု ယွီပင်းနဲ့ပူးပေါင်းလိုက်ပြီ။ ကျွန်တော်အခု ဦးလေးကိုထားခဲ့လိုက်ရင် သူတို့ဦးလေးကို သတ်ပစ်လိုက်ပြီး ကျွန်တော့်ကို အပြစ်ပုံချလိုက်လိမ့်မယ်။ ငါးဖမ်းကုန်သည်အဖွဲ့က အဆင့်နိမ့်ကင်းလှည့်အလုပ်သမားတစ်ယောက်ရဲ့စကားကို ယုံကြည်မလား။ အဖွဲ့မှာ ဒုတိယအာဏာအရှိဆုံးဖြစ်တဲ့ သင်္ဘောခေါင်းဆောင်တစ်ယောက်ရဲ့စကားကို ယုံကြည်မလား”

ထိုအခါ ဝူကျုံးသည် တိတ်ဆိတ်သွား၏။ ထို့နောက် ပြောလာသည်။

“ဒါပေမဲ့ ငါ့ကိုကျောပိုးထားရတာက နောက်ဆုံးကျ မင်းပင်ပန်းလာလိမ့်မယ်။ အဲဒီအခါကျ ငါတို့နှစ်ယောက်လုံး မလွတ်မြောက်နိုင်တော့ဘူး။ အခုလက်ရှိမှာ နှစ်ယောက်လုံး သေတာထက်စာရင် တစ်ယောက်ပဲဖြစ်ဖြစ် အသက်ရှင်နိုင်တာ ပိုကောင်းတယ်။ ကျိုစစ် မင်းအရင်သွားနှင့်လိုက်၊ ငါ့ကိုစိတ်မပူနဲ့”

ချန်ကျဲ့ ပြန်ပြောလိုက်သည်။

“အဆင်ပြေပါတယ် ဦးလေးကျုံး၊ ကျွန်တော်တို့နှစ်ယောက်လုံး အသက်ရှင်နိုင်မှာပါ။ အသက်ရှင်နိုင်မှာပါ”

ချန်ကျဲ့၏မျက်လုံးများသည် ညအချိန်၏ မီးရှူးတန်ဆောင်များကဲ့သို့ တောက်ပနေသည်။ ထို့နောက် အသက်ရှူနှုန်းကို ယန်ချွမ်ကျင့်စဉ်၏စည်းချက်အတိုင်း ထိန်းညှိလိုက်သည်။

ချန်ကျဲ့သည် သူ၏ခြေလက်များတွင် လန်းဆန်းစေသော စွမ်းအင်တစ်မျိုး စီးဆင်းနေခြင်းကို ခံစားရကာ နာကျင်နေသော ကြွက်သားများသည်လည်း ပြေလျော့လာခဲ့သည်။

ရှေးယခင်က နတ်ဘုရားကျင့်စဉ်တစ်မျိုးဖြစ်သော ယန်ချွမ်ကျင့်စဉ်သည် အံ့ချီးဖွယ်သော အသုံးပြုပုံများစွာရှိပေသည်။ ချန်ချွမ်းကျင့်စဉ်ကိုသာ တတ်မြောက်သွားပါက မည်မျှမယုံကြည်နိုင်ဖွယ်ကောင်းလောက်အောင် အင်အားကြီးမားလိမ့်မည်နည်း။

ချန်ချွမ်းကျင့်စဉ်ထက် အဆပေါင်းများစွာ အစွမ်းထက်သော ကျင့်စဉ်များရှိသည်ကို မဆိုထားနှင့်။ ဥပမာဆိုရသော် ရာသီလေးပါးနက္ခတ်တာရာကျင့်စဉ်ကဲ့သို့ ဖြစ်သည်။ လီချွမ်း၊ လီရှ၊ လီချိုး၊ လီသုန်းကျင့်စဉ်များ၏ စွမ်းအင်များကို စုစည်းနိုင်ပါက ၎င်းနတ်ဘုရားကျင့်စဉ်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို ကျော်လွန်၍ စိတ်ကူးမှန်းဆ၍မရနိုင်သောအဆင့်သို့ ရောက်ရှိလိမ့်မည်ဟု ချန်ကျဲ့ ခံစားမိသည်။

ပြေးရင်းလွှားရင်းဖြင့် တောကြက်လည်မျိုလမ်းကြား၏ အဆုံးသတ်ကို မြင်တွေ့နေရလေပြီ။

ထိုအချိန်တွင် ချန်ကျဲ့၏ခြေလှမ်းများသည် တည်ငြိမ်နေဆဲဖြစ်ကာ နှေးကွေးသွားခြင်း မရှိပေ။ ထိုအချက်ကြောင့် နောက်မှ အပြင်းအထန်လိုက်လာနေသော ယွီပင်းသည် အံ့အားသင့်သွားခဲ့သည်။

အဲဒီလူရဲ့ကျင့်ကြံဆင့်က ဘယ်အဆင့်လဲ။ လူတစ်ယောက်ကို ကျောပိုးထားတာတောင်မှ ဒီလောက်မြန်မြန် ပြေးနိုင်သေးတယ်– လုံးဝ မယုံနိုင်စရာပဲ။

ယွီပင်းသည် အပြင်းအထန်လိုက်နေစဉ်တွင် ခြေထောက်များပင် အနည်းငယ်နာကျင်လာခဲ့သည်ကို သတိပြုမိခဲ့သည်။ သို့တိုင် လူတစ်ယောက်ကို ကျောပိုးထားသော ထိုလူသည် လုံးဝ အရှိန်နှေးမသွားခဲ့ပေ။

ထိုသို့တွေးလိုက်မိသည်တွင် ယွီပင်း၏စိတ်ထဲ၌ အနည်းငယ် စိုးရိမ်စိတ်ဝင်လာခဲ့သည်။

သို့သော် ၎င်းသည် စိုးရိမ်စိတ်သက်သက်သာဖြစ်၏။ အကယ်၍ အဲဒီလူရဲ့သိုင်းပညာက ငါ့ထက်ပိုသာတယ်ဆိုရင် ထွက်ပြေးဖို့လိုအပ်ပါ့မလား။

ဤသို့အခြေအနေတွင် ထိုသို့ထွက်ပြေးခြင်းသည် ထိုလူ၏အင်အားမှာ သူတို့နှင့် မယှဉ်နိုင်ကြောင်း အတိအလင်း ဖော်ပြနေပေသည်။

ထိုအချက်ကို နားလည်လိုက်ပြီးနောက် ယွီပင်းသည် ချန်ကျဲ့တို့ကို ဆက်လက်လိုက်ဖမ်းသည်။

ငါဒီနေ့ မင်းဘယ်သူလဲဆိုတာကို သိရမှဖြစ်မယ်!

ထိုသို့အတွေးဖြင့် ယွီပင်းသည် ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။

ချန်ကျဲ့သည် အားကုန်သုံး၍ ရှေ့သို့ထွက်ပြေးနေခဲ့သည်။ ထိုစဉ် သူ၏ရှေ့တွင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ထိုလူ၏ဦးခေါင်းထိပ်နား၌ အာ့ထျောင်ဟု စာလုံးကြီးကြီး ရေးဆွဲထားသည်။

တောကြက်လည်မျိုလမ်းကြားတစ်ဖက်ကို ပိတ်ဆို့ထားသော ထိုလူသည် ချန်ကျဲ့ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

“သူခိုးကောင်လေး မင်းအတွက် လွတ်လမ်းမရှိတော့ဘူး”

ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွားရသည်။ ဘေးပတ်ဝန်းကျင်သို့ အကဲခတ်ကြည့်သောအခါတွင်လည်း ဓားကိုဝှေ့ယမ်းလျက် နောက်မှလိုက်လာနေသည့် ယွီပင်းကိုသာ မြင်တွေ့ရပေသည်။

ထိုအခိုက်အတန့်၌ ချန်ကျဲ့တွင် ရွေးချယ်စရာနှစ်ခုရှိသည်၊ တစ်ခုမှာ တောကြက်လည်မျိုလမ်းကြားမှ အောက်သို့ ခုန်ချလိုက်ရန်ဖြစ်သည်။ သို့သော် အောက်ဘက်တွင် လမ်းမရှိသော ခန့်မှန်းမရနိုင်သော သစ်တောကြီးရှိနေပြီး လဲကျနေသောသစ်ပင်များ၊ ဆူးပင်များဖြင့် လမ်းများပိတ်ဆို့နေပေသည်။

တောင်တက်ဖူးသူတိုင်း သိကြသည့်အတိုင်းပင် ထိုသို့မစူးစမ်းရသေးသော သစ်တောအုပ်ကို ဖြတ်သန်းသွားလာရန်မှာ ပုံမှန်အားထုတ်မှုထက် အဆပေါင်းများစွာ ပို၍အားထုတ်ရန်လိုအပ်၏။ ထို့ပြင် အရှိန်မြှင့်သွားလာ၍ မရနိုင်ပေ။ သင့်ရှေ့တွင် ဆူးပင်ချုံပုတ်များ ရှိနေသည်ဟု စိတ်ကူးယဉ်ကြည့်ပါလေ။ ၎င်းတို့ကို ရှင်းလင်းရခြင်းမှာ အချိန်ယူရမည်ဖြစ်ရာ အဘယ်သို့များ မြန်မြန် ထွက်ပြေးနိုင်ပါတော့အံ့နည်း။

၎င်းဆူးပင်များကို ရှင်းလင်းနေစဉ်တွင် ရန်သူများ လိုက်မီလာပြီး သူတို့သည် သင်ရှင်းလင်းထားသည့် လမ်းအတိုင်း လျင်မြန်စွာ လိုက်လာနိုင်ပေလိမ့်မည်။

ထို့ကြောင့် ချန်ကျဲ့သည် တောအုပ်ထဲဝင်မည့် စိတ်ကူးကို ချက်ချင်းဖယ်ရှားလိုက်တော့သည်။

သို့ဖြစ်ရာ နောက်တစ်နည်းသာ ကျန်ရစ်တော့သည်– တိုက်ခိုက်ဖြတ်သန်းသွားရန်။

လမ်းတစ်လျှောက် ပိတ်ဆို့နေသည့် မည်သည့်နတ်ဘုရားဖြစ်စေ၊ ဗုဒ္ဓဖြစ်စေ တိုက်ခိုက်ပစ်ရန်ဖြစ်သည်။

နောက်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့တိုးသွားရန်ဖြစ်၏။

All Chapters