← Chapters

အခန်း (၁၁၁)

Vol. 8 Ch. 111

အခန်း (၁၁၁)

Vol. 8 Ch. 111

ချန်ကျဲ့ အရှိန်မြှင့်တင်လိုက်သည်။

ချန်ကျဲ့သည် ရှေ့သို့ အရှိန်မြှင့်၍ ဦးတည်လာနေကြောင်း မြင်သောအခါ ယွီပင်းမှ အော်ပြောသည်။

“သူ့ကို တားထား အာ့ထျောင်! သူ့ကိုတားထား! သူတို့လွတ်သွားရင် အကုန်အဆုံးသတ်ပြီပဲ!”

ထိုစကားကြောင့် အာ့ထျောင်သည် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။

ထိုအခိုက်အတန့်၌ ကျောင်းရွှမ်သည် မိမိကိုယ်ကိုယ် ချောင်ပိတ်နေသည့်အခြေအနေအဖြစ် မြင်တွေ့လိုက်ရလေသည်။

သူ့တွင် တိုက်ခိုက်ရုံမှအပ အခြားရွေးချယ်စရာ မရှိတော့လေပြီ။

လာလိုက်စမ်းပါ၊ ဒီနေ့ ငါမင်းတို့ကို ခြေတစ်လှမ်းမှ ရှေ့ဆက်မသွားနိုင်စေရဘူး။ ဒီနေရာပဲ ကျန်ရစ်နေရမယ်!

ငါ ကျောင်းရွှမ်ကို ပေါ့ပေါ့တန်တန် သဘောမထားလိုက်နဲ့!

အမှန်တကယ်ပင် ကျောင်းရွှမ်သည် ပေါ့ပေါ့တန်တန် သဘောထားရမည့်သူ မဟုတ်ပေ။ သူသည် အလွန်သန်မာ၏။ လွန်ခဲ့သည့်သုံးနှစ်က အရေပြားသန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့ပြီး သူ၏အင်အားသည် ယွီစန်းလျို့ထက် မလျော့နည်းသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

အတိအကျဆိုရသော် ယွီစန်းလျို့ထက် သန်မာသည်ဟုပင် သတ်မှတ်နိုင်ပါ၏။

ထို့ပြင် ကျောင်းရွှမ်၏အစ်မသည် ကျားဖြူခန်းမ၏ဦးစီးမှူးကို လက်ထပ်ထားသည့်အချက်အား မမေ့လျော့သင့်ပါချေ။ ကျောင်းရွှမ်သည် နောက်ခံအင်အားရှိသူဖြစ်သည်။ သို့ဖြင့် အစ်မဖြစ်သူ၏စီစဉ်ပေးမှုကြောင့် သိုင်းပညာတစ်ခုကို ရရှိခဲ့သည်။

ကျားနက်လက်သီးသိုင်း!

ဤသိုင်းပညာ၏အမည်သည် အနည်းငယ်ကြမ်းတမ်းသည်ဟု ထင်ရသော်ငြား ၎င်း၏အင်အားမှာ စစ်မှန်သော အမှောင်စွမ်းအင်အဆင့် သိုင်းပညာဖြစ်ပေသည်။

ဤသိုင်းပညာကို ကုန်သည်အဖွဲ့အတွင်း နာမည်ဂုဏ်သတင်းကြီးသူများနှင့် ကြီးမားသည့်အကျိုးအမြတ်များ ဆောင်းကြဉ်းပေးခဲ့သူများကိုသာ ချီးမြှင့်သည့် သိုင်းပညာဖြစ်သည်။

ဤသိုင်းပညာဖြင့်ပင် ကျောင်းရွှမ်သည် အခြားသော ကုန်သည်အဖွဲ့သားများကို ဖိနှိပ်၍ သင်္ဘောခေါင်းဆောင်ကြီး ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဤကျင့်စဉ်၏ အစွမ်းအစသည် ယွီမိသားစု၏ ဘိုးဘေးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သော နှလုံးကြွေလက်ဝါးသိုင်းထက် မသာလွန်သည့်တိုင်

ကျောင်းရွှမ်သည် ဤလက်သီးသိုင်းကို နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ပြီးဖြစ်သည်။ သူသည် တစ်ချိန်က ထိုလက်သီးသိုင်းဖြင့် ယွီစန်းလျို့ကိုပင် အနိုင်ယူခဲ့ဖူးသည်။

ထို့ကြောင့် ကျောင်းရွှမ်သည် သူ၏လက်သီးသိုင်းစွမ်းရည်‌အပေါ် ယုံကြည်ချက်ရှိပါ၏။

ပြိုင်ဘက်ကို မနိုင်လျှင်သော်မှ အချိန်ခဏလောက်တော့ အချိန်ဆွဲ တားဆီးထားနိုင်မည်မှာ သေချာပေသည်။

နည်းနည်းလေးပဲဖြစ်ဖြစ် အချိန်ဆွဲထားနိုင်ရင် ရပြီ။ ယွီပင်း ရောက်လာရင် နှစ်ယောက်ပေါင်းတိုက်တဲ့အခါ ဒီသူခိုးကောင်ကို မနိုင်စရာ အကြောင်းမရှိဘူး!

အဲဒီအခါကျ သူတို့နှစ်ယောက်လုံးကို ဒီမှာ သတ်ပစ်လိုက်ရင် အစောပိုင်းက အမှားလေးက ဘာမှမဟုတ်နိုင်တော့ဘူး။

ငါ ငါးဖမ်းကုန်သည်အဖွဲ့ ဦးစီးမှူးရာထူးကို ရနိုင်သေးတယ်။

ဘာလို့များ မဖြစ်နိုင်ရမလဲ?

ထိုသို့အတွေးဖြင့် ကျောင်းရွှမ်၏မျက်လုံးများသည် သတ်ဖြတ်လိုခြင်းအငွေ့အသက်များ တောက်ပလာခဲ့သည်။

ဒီနေ့ မင်းတို့ ဒီမှာပဲ ကျန်ရစ်ခဲ့ရမယ်!

ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ကျောင်းရွှမ်သည် ရှေ့တူရူသို့ လှုပ်ရှား၍ ချန်ကျဲ့ဆီသို့ ရုတ်တရက် အရှိန်နှင့် ပြေးဝင်သွားလိုက်သည်။

"သေစမ်း သူခိုးကောင်! တောင်ပေါ်က ကျားနက်ကြီး ထွက်ပေါ်လာပြီ!"

အာ့ထျောင်သည် ချန်ကျဲ့ဆီသို့ ‌ပြေးဝင်လာနေသည်။ ထိုစကားတစ်ခွန်းအဆုံး၌ ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင် လှောင်အိမ်ထဲမှ လွတ်မြောက်လာခြင်းကဲ့သို့ လက်သီးထိုးချက်တစ်ချက်ကို ထုတ်လွှတ်သည်။

ဤလက်သီးတစ်ချက်သည် ကျောင်းရွှမ်၏ အနှစ်၂၀ကြာ လေ့ကျင့်ခဲ့ရသော အစွမ်းအစများဖြင့် ပြည့်နှက်နေသည်။

သူခိုးကောင် မင်းခံနိုင်ရည်ရှိမလား ကြည့်ဦးမယ်!

“ရေထိန်းချုပ်လက်ဝါးသိုင်း– လှိုင်းတံပိုး!”

ချန်ကျဲ့သည် ရန်သူ၏စိတ်အတွင်းထဲမှ စကားသံများကို မသိပါချေ။ သို့သော် မိမိအတွက် လမ်းကြောင်းတစ်ခုဖောက်ရန် လိုအပ်ကြောင်းကိုမူ သိရှိပေသည်။

ထို့နောက် ချန်ကျဲ့သည် မည်သည့်စကားမျှမဆိုဘဲ ယန်ချွမ်ကျင့်စဉ်ကို ရေထိန်းချုပ်လက်ဝါးသိုင်းနှင်း ပေါင်းစည်းလိုက်ပြီး ရေထိန်းချုပ်လက်ဝါး၂၄ကွက်ထဲမှ လှိုင်းတံပိုးသိုင်းကွက်ကို ထုတ်လွှတ်လိုက်သည်။

သူ၏လက်ရှိအရှိန်အဟုန်အတိုင်း တာတမံကို ချိုးဖျက်စီးဆင်းလာသည့် ရေလှိုင်းများအလား ရေစီးကြောင်းကြီးတစ်ခုကဲ့သို့ စီးဆင်းသွားခြင်းမှာ ရပ်တန့်ရန် မဖြစ်နိုင်ပေ။

“ငါ့လမ်းက ဖယ်စမ်း!”

ဘုန်း!

နှစ်ဦးသည် လမ်းကျဉ်းလေးထဲတွင် မျက်နှာချင်း‌ဆိုင် ဆုံတွေ့ကြပြီး လက်သီးနှင့်လက်ဝါးတို့လည်း ထိခတ်သွားကြသည်။ ထို့နောက် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီး ရုတ်ချည်းထွက်ပေါ်လာသည်။ အာ့ထျောင်သည် ခပ်ပြင်းပြင်းဆောင့်တိုက်ခံလိုက်ရပြီး အနီးရှိတောအုပ်မှ လျိုမြောင်ထဲသို့ ပြုတ်ကျသွားခဲ့သည်။

ကျောင်းရွှမ်၏ထိတ်လန့်တကြား အော်သံမှာ လေထုထဲ ရစ်ဝဲကျန်ရှိနေဆဲပင်။

“ဘယ် ဘယ်လိုဖြစ်နိုင်မှာလဲ!”

ဘဝသည် ‘အကယ်၍များ’ဖြင့် ပြည့်နှက်နေသည် မဟုတ်ပေ။ မဖြစ်နိုင်ဘူးထင်ရသော အရာများအားလုံးသည် သိသာထင်ရှားလာပေသည်။

သိုင်းကွက်တစ်ကွက်ဖြင့် အနိုင်ရရှိသူနှင့် ရှုံးနိမ့်သူကို ဆုံးဖြတ်ပြီးသွား၏။

တစ်ယောက်သည် အတွင်းအားထောက်ပံ့မှုမရှိသော အမှောင်စွမ်းအင်အဆင့် ကျားနက်လက်သီးသိုင်းဖြစ်၏။

တစ်ယောက်မှာ စွမ်းအင်ပြောင်းလဲခြင်းအ‌ဆင့် ယန်ချွမ်ကျင့်စဉ်၏ အတွင်းအား၏ထောက်ပံ့မှုရှိသော စွမ်းအင်ပြောင်းလဲခြင်းအဆင့် ရေထိန်းချုပ်လက်ဝါးသိုင်းဖြစ်သည်။ ၎င်းသည် သာမန်စွမ်းအင်ပြောင်းလဲခြင်းအဆင့် သိုင်းပညာရှင်များထက်ပင် သာလွန်နိုင်၏။

သို့ဖြင့် သဘာဝကျစွာပင် လက်ဝါးတစ်ချက်သည် အနိုင်ရသူကို ဆုံးဖြတ်‌သွားခဲ့သည်။

သိုင်းကွက်တစ်ချက်ဖြင့် ချန်ကျဲ့သည် ကျောင်းရွှမ်ကို လျိုမြောင်အတွင်း ပြိုလဲသွားစေခဲ့သည်။ ထို့နောက် တွန့်ဆုတ်တွေဝေခြင်းမရှိဘဲ အရှိန်မြှင့်၍ အလင်းအလျင်ဖြင့် ဆက်လက်ထွက်ပြေးသည်။

နောက်ဘက်မှ ထိုမြင်ကွင်းကိုမြင်‌လိုက်သော ယွီပင်းသည် အံ့ဩမှုကြောင့် မျက်လုံးများပြူးကျယ်သွားခဲ့၏။

“ဒါက…”

“အမှိုက်ကောင်!”

ခဏမျှ အံ့ဩနေပြီးနောက် ယွီပင်းသည် လျိုမြောင်ထဲမှ ရုန်းကန်တက်လာနေသည့် ကျောင်းရွှမ်ကို အထင်မြင်သေးစွာကြည့်သည်။ လူတစ်ယောက်ကို ဟန့်တားရန်ပင် ကျရှုံးသည့် ကျောင်းရွှမ်မှာ အင်မတန်မှ အသုံးမကျလွန်းသည်ဟု ‌တွေးနေခဲ့သည်။

ထိုသို့အတွေးဖြင့်ပင် ယွီပင်းသည် ချန်ကျဲ့နောက်သို့ ဆက်လိုက်သည်။

ရှေ့တွင် အဟန့်အတားများ မရှိတော့လေရာ ချန်ကျဲ့သည် တောင်‌အနောက်ဘက်မှ တစ်ဟုန်ထိုးပြေးဆင်း၍ မြို့ထဲသို့ ဦးတည်ပြေးသည်။ ထို့နောက် ပိုင်မိသားစုနေအိမ်သို့ တိုက်ရိုက်ပြေးသွားခဲ့သည်။

ပိုင်မိသားစုသည် ဝူကျုံးနှင့် ချန်ကျဲ့ကို မြင်သောအခါ အံ့အားသင့်မှုနှင့်အတူ ပျော်ရွှင်ဝမ်းမြောက်သွားကြသည်။

ဝူကျုံး ထိုမျှဒဏ်ရာအပြင်းအထန် ရထားခြင်းကြောင့် အံ့ဩထိတ်လန့်သွားခဲ့ခြင်းဖြစ်ပြီး သို့တိုင် အသက်ရှင်လျက် ပြန်လာနိုင်ခဲ့သောကြောင့် ပျော်ရွှင်ဝမ်းမြောက်ကြလေသည်။

ဝူကျုံးသည် မိသားစုဝင်များကို မြင်သောအခါ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြည်တည်လာ၏။ ထို့နောက် သူ၏ခါးရှိအိတ်လေးကို ဖြည်းညှင်းစွာ ‌ဆွဲယူကာ ဝူဟုန်ကို လှမ်းပေးသည်။

“ရော့!”

ဝူဟုန်သည် တွေတွေကြီးဖြင့်သာ ထိုအိတ်ကို လက်ခံယူလိုက်သည်။ အိတ်ထဲတွင် လက်သီးဆုပ်အရွယ် သွေးလင်ဇီးတစ်ခု ရှိနေပေသည်။

သွေးလင်ဇီး!

မျက်ရည်များ ရုတ်ချည်းစီးကျလာခဲ့၏။ ထိုစဉ် ဝူကျုံးသည် ဆက်လက်၍ ထိန်းချုပ်မထားနိုင်တော့ဘဲ သတိလစ်‌သွားတော့သည်။

ဒဏ်ရာအပြင်းအထန်ရရှိထားသည့်အပြင် ကြမ်းတမ်းသည့် ‌အပြေးခရီးနှင်ခဲ့ရခြင်းတို့ ပေါင်းလိုက်သောအခါ ဒီအချိန်အထိ ထိန်းချုပ်လာနိုင်ခဲ့ခြင်းပင်လျှင် ထူးဆန်းနေပြီဖြစ်၏။

“အားကျုံး အားကျုံး!”

ဝူကျုံး သတိလစ်သွားသည်ကို မြင်သောအခါ သခင်မပိုင်သည် မထိန်းချုပ်နိုင်စွာ ငိုကြွေးတော့သည်။

ထိုစဉ် ချန်ကျဲ့ ပြောလိုက်သည်။

“အဒေါ် မငိုပါနဲ့။ ကျွန်တော်တို့ အရင် ပုန်းဖို့လိုတယ်။ ချောင်ကုန်သည်အဖွဲ့က လူတွေနဲ့ သင်္ဘောခေါင်းဆောင်ကြီးက ဦးလေးကျုံးနောက်ကို လိုက်နေကြတုန်းပဲ…”

ချန်ကျဲ့မှ ဒီနေ့အဖြစ်အပျက်များကို ပြောပြ‌လိုက်သောအခါ သခင်မပိုင်၏မျက်နှာမှာ ဖြူဖျော့သွားခဲ့သည်။

ဘေးရှိ စူးယွင်ကျင်းသည်လည်း ကြောက်ရွံ့မှုကြောင့် ဖြူဖျော့နေတော့သည်။ ထိုအချိန်တွင် သူတို့သည် မနီးမဝေးရှိ တောင်တက်လမ်းမှ မီးတုတ်တစ်သီတစ်တန်းကြီးကို မြင်တွေ့နေရလေပြီ။

သူတို့ လူသတ်ဖို့လာနေကြပြီ!

ထိုမြင်ကွင်းကို မြင်သောအခါ သမားတော်ပိုင်၏မျက်နှာသည် မည်းမှောင်သွားခဲ့ကာ ထရပ်၍ သခင်မပိုင်ကို ပြောသည်။

“အမျိုးသမီးနဲ့ ကလေးတွေက အားကျုံးကို အခန်းထဲခေါ်သွားလိုက်ကြ။ ဟုန်အာ အချက်ပြဗုံတီးဖို့ အသင့်ပြင်ထား။ ကျိုစစ် သခင်ကြီးရဲ့ကုလားထိုင်ကို တံခါးပေါက်ရှေ့တည့်တည့်မှာ ထားလိုက်။ ပြီးတော့ တံခါးမကြီးကို ဖွင့်ထားလိုက်!”

“ငါတို့ပိုင်အိမ်တော် အိမ်ရှေ့တံခါးကို ဘယ်သူကျူးကျော်ရဲတဲ့ သတ္တိရှိလဲ ကြည့်ပါဦးမယ်!”

စာစဉ်ပြီး၏

All Chapters