မင်းတို့အလှည့်ပဲ
Vol. 81-85 Ch. 1250
“ခုနက ဘယ်သူ ဗုံးခွဲလိုက်တာလဲ”
သူ့အသံက အေးစက်လာပြီး အသံတိတ် လူသတ်သမားလိုပင်။ ဤသည်က တစ်ချိန်လုံး ရန်လိုနေသော သွေးဆူးချွန် အဖွဲ့သားများအား လုံးဝ ငြိမ်သက်သွားစေသည်။ မည်သူမှ မဖြေရဲပေ။
ယဲ့ဖန်၏ မထင်မှတ်ထားသော နည်းလမ်းကြောင့် လူတိုင်း မှင်တက်နေကြသည်။ အန္တရာယ်များသော ဟေးဖုန်း ရွာထဲမှ ပိုင်ရွှယ်ကို ယဲ့ဖန် ကယ်တင်နိုင်ခဲ့သဖြင့် သူ၏ ခွန်အားကို အတိအလင်း ပြသနေ လေသည်။
ယဲ့ဖန်ကို သတ်ချင်စိတ်ဖြင့် ကြည့်နေခဲ့သော ရက်စက်သော မျက်နှာထားများက ယခုအခါတွင် ဖြူစင်၍ အပြစ်ကင်းသော မျက်နှာပေးမျိုး ဖြစ်နေသည်။ ထိုကိစ္စက သူတို့နှင့် လုံးဝ မသက်ဆိုင်သလိုပင်၊ ရယ်စရာ ကောင်းလှသည်။
ဤသည်ကိုကြည့်ပြီး လုံခွေနှင့် အခြားသူများ မရယ်ဘဲ မနေနိုင်တော့ချေ။ တစ်ဖက်လူ၏ မျက်နှာ ပြောင်းလဲပုံက မယုံနိုင်စရာ ကောင်းပေသည်။
“အဲ့ဒါ ဆံပင်ငွေရောင်နှင့် ကောင်လုပ်တာ”
သူတို့ ဘာမှမပြောသော်လည်း ဤသည်က စွန်းထောင်တို့ပါ ငြိမ်နေမည်ဟု မဆိုလိုပါ။ ထိုစဉ် စွန်းထောင်က ချက်ချင်း အော်ပြောလာလေသည်။ တစ်ချိန်တည်းမှာပင် စွန်းထောင်တို့ သုံးယောက်၏ မျက်နှာထားက ပြောင်းလဲ နေသည်။
ယနေ့ ဤနေရာ၌ တစ်ဖက်ဖက်က သေရပေတော့မည်။ သို့သော် သူတို့ မဟုတ်တော့ပေ။ ယဲ့ဖန်၏ မျက်လုံးများက ရေခဲတမျှ အေးစက်လာပြီး ဆံပင်ငွေရောင်နှင့် လူငယ်အား ဝေ့ကြည့်လာသည်။
ဆံပင်ငွေရောင်နှင့် လူငယ်သည် ထိတ်လန့်သွားပြီး သူ နောက်မဆုတ်နိုင်တော့မှန်း သိလိုက်သဖြင့် ပြန်ငေါက် လိုက်သည်။
“ငါ လုပ်တော့ ဘာဖြစ်လဲ၊ ငါ့မှာ ဧကရာဇ် အမိန့်ရှိတယ်၊ မင်း ငါ့ကို သတ်ရဲလား”
“ရွှစ်”
တစ်ခဏအတွင်းမှာပင် သွေးများ ပန်းထွက်လာ၏။
“မင်း”
ဆံပင်ငွေရောင်နှင့် လူငယ်သည် သူ့ရှေ့မှ နတ်ဆိုးအား မယုံနိုင်သလို ကြည့်လိုက်မိသည်။ ယဲ့ဖန် တကယ် တိုက်ခိုက်ရဲ လိမ့်မည်ဟု သူ ထင်မထားမိပါ။
လက်ဝါးတစ်ဖက်က သူ့ရင်ဘတ်ထဲသို့ ထိုးဖောက်လာပြီး ကျောနောက်သို့ ပြန်ဖောက်သွားသဖြင့် သွေးသံတရဲရဲနှင့် ကြောက်စရာ ကောင်းလှသည်။
*ဟာ*
လူတိုင်း မျက်နှာ ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။
*မြန်လိုက်တာ*
လှုပ်ရှားမှုက မြန်လွန်းသဖြင့် သူတို့ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။ ယဲ့ဖန်၏ မျက်နှာတစ်ခုလုံးက ရက်စက် ကြမ်းကြုတ်သည့် အသွင်ဆန်လာပြီး လေသံက ခံစားချက်ကင်းမဲ့နေဆဲပင်။
“မင်းက ဘယ်သူ့အမိန့်အောက်ကနေ လုပ်တာလဲ ငါ ဂရုမစိုက်ဘူး၊ ငါ သတ်ချင်တဲ့လူကိုတော့ ဘယ်သူမှ ဝင်မကယ်ရဲသလို ငါ ကယ်ချင်တဲ့ လူကိုလည်း ဘယ်သူမှ မသတ်ရဲရဘူး”
“မင်း သတ်ရင် မင်း သေရမယ်”
ယဲ့ဖန် အလွန် ဒေါသထွက်ရသည့် အကြောင်းရင်းက သူ့ကို သတ်ရန် ကြိုးစားသည့်အတွက် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူတို့ ဖောက်ခွဲလိုက်သည့် ဗုံးက ယခုလေးတင် ငရဲတွင်းမှ လွတ်သွားသည့် အမျိုးသမီး များအား သတ်လိုက်သောကြောင့်ပင်။
သူတို့၏ မိသားစုဝင်များ အသတ်ခံရပြီး ဘဝများ ပျက်စီးခဲ့ရသည်။ နောက်ဆုံး၌ သူတို့ ကယ်တင်ခံရပြီး လောကကို ရင်ဆိုင်ရဲသည့် သတ္တိပြန်ရကာ ဘဝသစ် စတင်ချင်နေကြသည်။ သို့သော် ဗုံးတစ်လုံးက သူတို့၏ ဘဝကို ဖျက်ဆီး ခဲ့လေပြီ။ အသက်ပေါင်း ငါးဆယ့်ခြောက်သက်၌ မည်သူမှ အသက်မရှင်ကြတော့ချေ။ ထိုအမျိုးသမီးများထဲတွင် ပိုင်ရွှယ်ထက် ငယ်သော ကလေးမလေး တစ်ယောက်ပင် ပါနေသေး၏။
“လုပ်ပါဦး မင်းနှလုံးသားက မည်း၊ မမည်း ငါ ကြည့်ဦးမယ်”
ယဲ့ဖန် သရော်ပြုံး ပြုံးလိုက်သဖြင့် သူတို့ ကြက်သီးထသွားရသည်။ သူ လက်ကို တဖြည်းဖြည်း ပြန်ဆွဲထုတ်၍ နှလုံးသားအား အားနှင့် ဆွဲထုတ်လိုက်သည်။
ဆံပင်ငွေရောင်နှင့် လူငယ် ထိတ်လန့်သွားပြီး မျက်နှာတစ်ခုလုံး ဖြူရော်နေရာမှ ပြာနှမ်းသွားပြီး မျက်လုံးများ ရီဝေ လာသည်။ သူ အတင်း ကြိုးစား၍ မျက်လုံးကို ဖွင့်ထားမိသည်။ သူ့နှလုံးသားက ဘယ်လိုပုံရှိသလဲ သူ သိချင်နေ၏။
သို့သော် သူ မမြင်ရခင်မှာပင် ယဲ့ဖန်က သူ့နှလုံးသားကို ဖိချေဖျက်ဆီးလိုက်သည်။ ဆံပင်ငွေရောင်နှင့် လူငယ် ဒေါသထွက်ကာ ကျိန်ဆဲလိုက်မိသည်။
သူ၏ ခန္ဓာကိုယ်သည် နေရာ၌ ရပ်နေရာမှ နှစ်ကြိမ်တိုင်တိုင် တွန့်သွားပြီးမှ ဘုန်းခနဲ လဲကျသွားသည်။ ပွဲချင်းပြီး အသတ်ခံလိုက်ရခြင်းပင်။ စစ်ပွဲ၌ မသေခဲ့သော ဘုရင်တစ်ပါးက ယခု ရက်ရက်စက်စက် အသတ်ခံလိုက်ရလေပြီ။
“ယဲ့ဖန် မင်း လူသတ်ရဲတယ်လား”
လူတိုင်း သတိဝင်လာပြီး ယဲ့ဖန်အား ဒေါသတကြီး အော်ဟစ် ငေါက်ငမ်းလေသည်။ သူတို့၏ အမူအရာက မှုန်မှိုင်း နေသည်။ ယဲ့ဖန်က ဘာတစ်ခွန်းမှ မပြောဘဲ သွေးဆူးချွန်အဖွဲ့သားတစ်ယောက်ကို သတ်ရဲလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။
“အစိုးရ အရာရှိတစ်ယောက်ကို သတ်တယ်၊ မင်း ရာဇဝတ်မှုကြီး ကျူးလွန်လိုက်တာပဲ၊ မင်းဘဝတော့ သွားပြီ”
“ငါ ဒါကို ဧကရာဇ်ဆီ သေချာပေါက် တင်ပြမယ်၊ မင်းရဲ့ ဆရာရာထူးကို ဖယ်ရှားပြီး မြေအောက်ခန်းထဲ ပို့ပြီး ခေါင်းဖြတ်ခံရမယ့် အချိန်ကို စောင့်နေခိုင်းမယ်ကွ”
ယခင်က ဘာမှမမြင်ခဲ့သလို ငြိမ်နေခဲ့သော အရာရှိများက ယခု ဒေါသထွက်လာနေကြသည်။ မသိလျင် ယဲ့ဖန်က သူတို့၏ မိန်းမများနှင့် အိပ်ပြီး သူတို့မိဘများကို သတ်ခဲ့သကဲ့သို့ ဆွေ့ဆွေ့ခုန်နေ၏။
ဤသို့ မာန်ပါသော အမူအရာသည် သွေးဆူးချွန်အဖွဲ့၏ နောက်ကွယ်မှ မင်းဆရာ သိစေရန် ဖြစ်လေသည်။
ထိုအခိုက်တွင် ပြတ်သားသော မိုးခြိမ်းသံ ထွက်ပေါ်လာပြီး ကောင်းကင်ယံမှ ဓားတစ်လက်က ယဲ့ဖန်၏ ကျောသို့ တန်းတန်းမတ်မတ် ကျရောက်လာသည်။
“သတိထား”
လုံခွေနှင့် အခြားသူများ အော်၍ သတိပေးလိုက်မိသည်။ ယဲ့ဖန်၏ အနောက်၌ အရိပ်သခင်က ကောက်ကျစ်သော မျက်နှာနှင့် ရက်စက်စွာ မာန်မဲလေသည်။
“သွားသေလိုက်တော့ မျိုးမစစ်ကောင်”
သူ ယဲ့ဖန်ကို သတ်နိုင်တော့မည်။ သူ့အား အထင်သေးစွာ လှောင်ပြောင်ခဲ့သော ဤအမှိုက်ကောင်အား သတ်နိုင်ပေ တော့မည်။ သူ မလုပ်နိုင်သော အရာကို ယဲ့ဖန် လုပ်နိုင်ခဲ့သဖြင့် သူ အရှက်ရခဲ့ရသည်။ ထို့ကြောင့် ယဲ့ဖန် သေကို သေရပေမည်။
လေဟာနယ်ကိုပင် ထိုးခွင်းနိုင်လောက်သည့် ဓားစွမ်းအင်များ ပျံ့လွင့်လာပြီး ယဲ့ဖန်၏ ကျောသို့ အရှိန်ဖြင့် ထိုးစိုက် လာသည်။
ထိုစဉ် သွေးဆူးချွန်အဖွဲ့မှ လူများအားလုံး ယဲ့ဖန်၏ သွေးများ ပန်းထွက်လာသည်ဟု မြင်ယောင်ပြီး လှောင်ပြုံး ပြုံးနေကြသည်။
*မင်းမှာ ဘယ်လိုနည်းလမ်းတွေပဲ ရှိရှိ အင်ပါယာရဲ့ နံပါတ်တစ် လုပ်ကြံရေးသမား လှုပ်ရှားလာရင် ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး*
ထို့အပြင် ယဲ့ဖန်က သတိမထားမိသေးဟန် ပေါ်နေသဖြင့် သူတို့၏ လှောင်ပြုံးများက ပို၍ ပီပြင်လာသည်။ သူတို့သည် ဘာသံမှ မထွက်ဘဲ တစ်ဖက်လှည့်၍ မသိသယောင် ပြုနေကြသည်။
*မင်း လေကျယ်လွန်းရင် အသက်ဆုံးရှုံးရလိမ့်မယ်၊ ဒါ ဒဏ်ခတ်ခံရတာပဲ*
“ဒေါင်”
သို့သော် ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာလေသည်။ ယဲ့ဖန်က လက်နှစ်ချောင်းကို ဆန့်၍ ကျလာသည့် ဓားသွားအား ညှပ်၍ ဖမ်းလိုက်သည်ကို လူတိုင်း တွေ့လိုက်ရသည်။ ထိုအခါ ဓား၏ စွမ်းအင်များ ပျောက်ကွယ်သွားပြီး ချက်ချင်း ပျက်စီးသွားလေ၏။
ယဲ့ဖန်က လက်နှစ်ချောင်းကိုသာ သုံးခဲ့သဖြင့် စော်ကားလိုက်သလိုပင်။ လူတိုင်း ခေါင်းမွေးထောင်ကာ ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
ထိုအခိုက်တွင် အရိပ်သခင်သည် ဤလက်ချောင်းနှစ်ချောင်းမှ ထူးခြားသော စွမ်းအင်ကို သတိပြုမိသွားသည်။ အင်ပါယာ၏ နံပါတ်တစ် လုပ်ကြံရေးသမားက အားကုန်သုံးပြီး တိုက်ခိုက်ပင်မယ့် တစ်ဖက်လူရဲ့ လက်နှစ်ချောင်းအောက်မှ ရှုံးနိမ့်သွား တယ်တဲ့လား။
ယခင်က ဤသို့ တစ်ခါမှ မဖြစ်ခဲ့ဖူးချေ။ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားတောင်မှ သူ၏ ဓားချက်ကို အလွယ်တကူ တားဆီးနိုင်မည် မဟုတ်ပါ။
*မိစ္ဆာ*
*ဒီကောင်က မိစ္ဆာပဲ*
သွေးဆူးချွန် အဖွဲ့သားများအားလုံး စိတ်ဓာတ်ကျသွားကြသည်။ အရိပ်သခင်သည် သူတို့၏ နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ သို့သော် တစ်ဖက်လူက လူသတ်ကွက်အား ဤသို့ အရှက်ခွဲသည့် အပြုအမူဖြင့် တားဆီး ခဲ့သည်။
ထိုအခိုက်တွင် ခရမ်းရောင်ဆံပင်နှင့် မိန်းကလေးသည် တစ်ကိုယ်လုံး တုန်ယင်နေပြီး တင်းမာသော မျက်နှာထား ပျောက်ကွယ်သွားပြီး ကြောက်လန့်ဟန်များ ပေါ်လာသည်။ သူ့စိတ်ထဲတွင် သူတို့ ဤနေရာ၌ သေလိမ့်မည်ဟူသော ခံစားချက် ရနေ၏။ ဆိုးဆိုးရွားရွား သေမည်ဟုပင် ခံစားမိနေသည်။
နတ်ဆိုးနဂါး ဖုရှန် ပြောခဲ့သော စကားက သူတို့စိတ်ထဲ၌ ပဲ့တင်ရိုက်ခတ်၍ ပြန်ကြားယောင်လာ၏။
“မင်းတို့ တကယ့် ကြောက်စရာကောင်းတာက ဘာလဲဆိုတာကို သိလာလိမ့်မယ်”
ယခုအခါ၌ သူတော်စင်သခင် တစ်ပိုင်းအဆင့် မဆိုထားနှင့် သူတော်စင် သခင်အဆင့်ပင်လျင် သူ့ကို မသတ်နိုင်ကြောင်း သူတို့ ရိပ်မိသွားသည်။
*ဒါ ဖြစ်နိုင်ပါ့မလား*
သို့သော် ဖြစ်နိုင်သည် ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ သူတို့ အချက်တစ်ချက်ကို သေချာသိလိုက်ကြသည်။ ထိုအချက်မှာ သူတို့အရှေ့မှ လူက လုံးဝ လူမဟုတ်ခြင်းပင်။
“ငါ့လူကို ဒဏ်ရာရအောင် လုပ်ခဲ့တာ မင်းလား”
ယဲ့ဖန်က တိုက်ခိုက်မှုကို မအံ့ဩဘဲ အေးအေးလူလူ ပြန်ပြောလိုက်သည်။ အရိပ်သခင် ပြန်မဖြေနိုင်ဘဲ လျင်မြန်စွာ နောက်ဆုတ်လိုက်ပြီး လေဟာနယ်တွင်း၌ ချက်ချင်း ပျောက်ကွယ်သွားသည်။
လက်ရှိတွင် သူ ကြောက်လန့်နေ၏။ သူ၏ အကောင်းဆုံး လုပ်ကြံရေး နည်းစနစ်က တစ်ဖက်လူကို မသတ်နိုင်ခဲ့ဘဲ သေခြင်းတရားကိုသာ ရင်ဆိုင်ရပေတော့မည်။
*ဒီကောင်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားထက်ကို ကြောက်စရာကောင်းနေတာပဲ*
ယခုအခါ၌ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။ ထိုအတွေးမှာ ထွက်ပြေးရန်ပင်။ ဤနတ်ဆိုးလက်မှ ထွက်ပြေးရန်ပင်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး ဘာအသံမှ မကြားရပေ။ အရိပ်သခင်သည်လည်း အစကတည်းက မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားတော့သည်။
လက်ရှိတွင် သူသည် မီတာတစ်ရာ အဝေးသို့ ရောက်နေပြီး သူ့ကိုယ်တွင်းမှ ယန်စွမ်းအင်ကို အစွမ်းကုန် လည်ပတ်စေပြီး လျင်မြန်စွာ ထွက်ပြေးနေမိသည်။
*သောက်ကောင် ငါ့ဒဏ်ရာတွေ ပျောက်သွားရင် လူတော်တွေစုပြီး မင်းကို သေချာပေါက် ပြန်လက်စားချေမယ်*
“ငါဆိုတဲ့ ယဲ့ဖန်က ကြင်နာမှုကိုရော အမုန်းတရားကို အဆတစ်ရာ ပြန်ပေးဆပ်တတ်တယ်၊ မင်းက သူ့ကို ဓားနဲ့ သတ်ဖို့လုပ်မှတော့ ငါလည်း မင်းကို ဓားနဲ့ သတ်မယ်”
“ချွင်”
ယဲ့ဖန် လက်နှစ်ချောင်းကို အသာလှုပ်လိုက်သောအခါ ကောင်းကင်ယံ၌ ဓားရောင်များ တလက်လက် တောက်နေပြီး ဓားအလက်တစ်ရာ၏ စွမ်းအင်များ ပျံ့လွင့်နေသည်။ ဤတိုက်ခိုက်မှုက အရိပ်သခင်၏ တိုက်ခိုက်မှုထက် ပို၍ သာလွန်နေ၏။
“ဝှစ်”
ယဲ့ဖန်၏ လက်နှစ်ချောင်းကို ယမ်းလိုက်သောအခါ ဓားများက တစ်နေရာတည်းသို့ ကြောက်စရာကောင်းသော အရှိန်ဖြင့် ဦးတည် ပျံသန်းသွားလေသည်။ ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
*ဘာဓားမှမရှိဘဲ ဓားစွမ်းအင် ထုတ်နိုင်တယ်လား၊ ဒါ ဒဏ္ဍာရီထဲက အမြင့်ဆုံး ဓားရေးပဲ၊ အရာအားလုံးက ဓားဖြစ်နိုင်တယ် ဆိုတာမျိုးလား*
ဤသည်ကိုတွေးမိပြီး သွေးဆူးချွန် အဖွဲ့သားများနှင့် အရာရှိများ ထပ်၍ ကြောက်လန့်လာပြီး ပိုမို၍ ခါးသီးလာ ကြသည်။
“မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး၊ မင်း ငါ့ကို ဘယ်လိုလုပ် ရှာတွေ့တာလဲ”
ထိုအခိုက်တွင် အဝေးမှ မယုံနိုင်သော အော်သံတစ်သံ ထွက်ပေါ်လာပြီး လေဟာနယ်ထဲမှ လူတစ်ယောက်က သွေးအလိမ်းလိမ်းနှင့် အောက်သို့ ပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
ဤအဖြစ်ကြောင့် သွေးဆူးချွန်အဖွဲ့သားများ စိတ်ဓာတ်ကျသွားကြသည်။ ဒဏ်ရာရထားသော်လည်း သူတော်စင် သခင်အဆင့်ကိုပင် အသာလေး သတ်နိုင်သဖြင့် မယုံနိုင်စရာ ကောင်းလှသည်။
“ဟဲဟဲ မှတ်ပြီလား”
ဤသည်ကို ကြည့်ပြီး စွန်းထောင်သည် အေးတိအေးစက်ဖြင့် ပြုံးလိုက်မိသည်။ သူ ဒဏ်ရာ အပြင်းအထန် ရထားသော်လည်း သူ့အတွက် မနစ်နာတော့ပေ။
*ငါ့ကို ပုရွက်ဆိတ်လို့ ခေါခဲ့တယ် မဟုတ်လား*
*အခု ခင်ဗျားက ပုရွက်ဆိတ်လို့တောင် မခေါ်နိုင်ဘူး၊ သဲလူးနေတဲ့ အသားစလို့ ခေါ်ရမှာ*
သဲလူးနေသော အသားစအား ကလီစာဟု မခေါ်လျင် အခြား မည်သို့ ခေါ်ရမည်နည်း။ ဤသို့စဉ်းစားမိပြီး စွန်းထောင် ရယ်မောကာ ပြုံးနေမိသည်။
လုံခွေနှင့် ခို့ကျန်းဟွိုက်တို့က သူ့လောက် ပြုံးမနေသော်လည်း သူတို့၏ မျက်နှာထားများက သိသာလှသည်။
*ဒီအရူးတွေ အမှားကြီးတစ်ခု လုပ်မိတာပဲ၊ အဲ့အမှားက ဒီနတ်ဆိုးကိုမှ ရန်စမိလိုက်တာ*
*အခုတော့ သူတို့ ငရဲကို သွားရတော့မှာပေါ့*
ဥပဒေကို ချိုးဖောက်ခြင်း၊ သက်ရှိများကို အထင်သေးတတ်ခြင်း၊ ခြိမ်းခြောက်ခြင်းအား အရေးမလုပ်တတ်ခြင်း၊ ထိုသို့ စရိုက်ရှိသောသူက ယဲ့ဖန်ပင်။ အလွန် စိတ္တဇဆန်၍ ကြမ်းကြုတ်သော နတ်ဆိုးတစ်ကောင်။
ပိုင်ရွှယ်တောင်မှ တစ်ကိုယ်လုံး တုန်ယင်နေပြီး ယဲ့ဖန်အား ကြောက်လန့်တကြား ကြည်နေမိသည်။ ဤနူးညံ့ပုံ ပေါ်သော လူငယ်က ဒေါသထွက်လာလျင် အလွန် ကြောက်စရာကောင်းလိမ့်မည်ဟု သူမ ထင်မထားမိပါ။
သူ၏ သုန်မှုန်နေသော မျက်နှာအား သူမ နောက်တစ်ကြိမ် မော်ပင်မကြည့်ရဲချေ။ သူ ခြေတစ်ချက် ဆောင့်လိုက်သည်နှင့် ကောင်းကင် ပြိုကျတော့မည်ဟု ထင်မှတ်မှားရသည်။
ထိုအခိုက်တွင် ယဲ့ဖန်က သွေးဆူးချွန် အဖွဲ့သားများနှင့် အရာရှိများအား ပြန်လှည့်ကြည့်လာသည်။ သူ့မျက်နှာက ယခင်အတိုင်း ပြောင်းလဲခြင်း မရှိသော်လည်း သူ့အသံက အလွန် ကြောက်စရာကောင်းနေ၏။
“မင်းတို့အလှည့်ပဲ”