သတ်ဖြတ်ခြင်း၊ ပြန်လည်စုရုံးခြင်း၊ ခမ်းနားထည်ဝါသောအလင်းရောင်(၂)
Vol. 27 Ch. 526
သူပထမဆုံးမြင်လိုက်သည့်အရာမှာ ဝိညာဉ်အလင်းများဖြင့်တောက်ပနေသည့် ဝိညာဉ်စမ်းရေတစ်ခုဖြစ်သည်။
၎င်းမှာ နှင်းပန်းပွင့်စံသခင်ပြောကြားထားသည့် ဝိညာဉ်အားဖြည့်စမ်းရေဖြစ်သည်။
ဤပစ္စည်းသည် အခြေတည်အခြေတည်ဝိညာဉ်အစီအရင်ရတနာသုံးခုထဲတွင် တန်ဖိုးအကြီးဆုံးနှင့် အကျိုးသက်ရောက်မှုအရှိဆုံးဖြစ်ရုံသာမကသေးဘဲ ကျင့်ကြံသူခန္ဓာကိုယ်ထဲရှိ ဓမ္မစွမ်းအားများ၏ မသန့်စင်မှုကို ဖယ်ရှားပေးနိုင်သော သန့်စင်မွန်မြတ်သည့် ပစ္စည်းဖြစ်သည်။
၎င်းသည် သင်၏ကိုယ်ထဲရှိ ဓမ္မစွမ်းအားကို ပိုမိုသန့်စင် အားဖြည့်စေလိမ့်မည်။
နောက်ဆုံးအဆင့်အခြေတည်ဝိညာဉ်ကျင့်ကြံသူများအတွက်ပင်လျှင် ၎င်းက အသုံးဝင်နေနိုင်သေးသည်။
ထို့ကြောင့် ၎င်း၏တန်ဖိုးမှာ မေးခွန်းထုတ်ဖွယ်မရှိပေ။
ဤအခြေတည်ဝိညာဉ်စမ်းချောင်းအကြောင်း ထပ်ပေါင်းပြောရလျှင် ကျန်းချန်ရွှမ်သည် သိမ်းဆည်းခြင်းလက်စွပ်များထဲတွင် စတုတ္ထအဆင့်ရုပ်သေးရုပ်များနှင့် ပစ္စည်းတော်တော်များများကိုလည်း ရှာတွေ့ထားသေးသည်။
၎င်းတို့ထဲတွင် ပဉ္စမအဆင့်ပစ္စည်းများလည်းပါသည်။
ထို့ပြင်…
၎င်းတို့တွင် အချို့ဆေးလုံးများ၊ ရတနာစင်စစ်များ၊ ဝိညာဉ်ကျောက်တုံးတစ်သောင်းလည်းပါဝင်သည်။
ဤနှစ်ယောက်တွင်ရှိသည့်ပစ္စည်းများသည် ကျန်းချန်ရွှမ်ကို သေးငယ်သောကံကောင်းမှုတစ်ခုကို ပြုလုပ်ပေးသည်ဟု ပြောလို့ရသည်။
ဝီ!
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏ဘေးရှိ နှင်းပန်းပွင့်စံသခင်ဆီမှ ပိုမိုအားကောင်းသော ဝိညာဉ်ချီမတည်မငြိမ်ဖြစ်မှုကို အာရုံခံမိလိုက်သည်။
သူလှည့်ကြည့်လိုက်သည်။
နှင်းပန်းပွင့်စံသခင်က ကုသခြင်းကို ရပ်တန့်ပြီးနေပြီဖြစ်သည်။
“တာအိုရောင်းရင်းနှင်းပန်းပွင့်၊ မင်းရဲ့ဒဏ်ရာတွေကို ကုသလို့ပြီးပြီလား?”
နှင်းပန်းပွင့်စံသခင်က ခေါင်းညိတ်လိုက်သည်။
”ပြီးတော့မှာပါ”
သူမစကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်ကို ကျေးဇူးတင်စွာ ကြည့်လိုက်သည်။
“တာအိုရောင်းရင်းကျန်း ရှင့်ရဲ့ဒီတစ်ခေါက်အကူအညီအတွက် ကျေးဇူးတင်ပါတယ်။ ရှင်ကျွန်မကို ထပ်ကယ်လိုက်ပြန်ပြီ”
ကျန်းချန်ရွှမ်က ပြုံးလျက် ခေါင်းခါလိုက်သည်။
“မလိုပါဘူး။ မင်းနဲ့ငါက အစတည်းက မိတ်ဆွေတွေပဲ။ ဒီလိုကိစ္စလေးက မပြောပလောက်ပါဘူး။ ဝိညာဉ်အားဖြည့်စမ်းရေကတော့ မင်းကဒါကိုအရင်ဆုံးတွေ့တာမလို့ ဒီပစ္စည်းကိုယူလိုက်ပေါ့”
စကားပြောနေစဉ်တွင် ကျန်းချန်ရွှမ်၏ လက်ထဲ၌ ကျောက်စိမ်းပုလင်းတစ်လုံး ရောက်ရှိလာသည်။
နှင်းပန်းပွင့်စံသခင်က သူမ၏ခေါင်းကို ချက်ချင်းခါလိုက်သည်။
“တာအိုရောင်းရင်းကျန်း၊ ကျေးဇူးပြုပြီး မလုပ်လိုက်ပါနဲ့။ ရှင်ဒါကိုဖယ်ထားလိုက်သင့်တယ်”
နှင်းပန်းပွင့်စံသခင်သည် ငြင်းဆိုရာတွင် အလွန်ပွင့်လင်းသည်ဟု ပြောနိုင်သည်။
သိသိသာသာပင် ကျန်းချန်ရွှမ် မည်သို့ပဲပြောပြော သူမသည် ဝိညာဉ်အားဖြည့်စမ်းရေကို လက်ခံမည်မဟုတ်ပေ။
ကျန်းချန်ရွှမ်က အချိန်ဆွဲမနေဘဲ ခေါင်းညိတ်လိုက်သည်။
“ဒီလိုဆိုရင်တော့ ငါမငြင်းဆိုတော့ပါဘူး။ ငါတို့နောက်ပိုင်းမှာ ဆင်တူတဲ့ရတနာတွေရှိရင် ဝေငှပေးပါ့မယ်”
သူစကားပြော၍ပြီးသွားသည်နှင့် သူတို့နှစ်ယောက်သည် ခေါင်းမော့ကာ အဝေးကောင်းကင်ကို ကြည့်လိုက်ကြသည်။
ထိုနေရာတွင်..
အလင်းတန်းများ ရုတ်တရက် ပေါ်ပေါက်လာသည်။
ဝှစ် ဝှစ်--
သူတို့နီးကပ်လာသောအခါ ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာသည်။
“မိန်းမ၊ အစ်ကိုထန်၊ ပြီးတော့ တာအိုရောင်းရင်းကြယ်ပင်လယ်၊ နောက်ဆုံးတော့မင်းတို့ရောက်လာပြီပဲ”
အမှန်ပင် ဤအလင်းတန်းသုံးခုမှာ ရှန်းရူရန်၊ ထန်ပိုင်ရှန်းနှင့် ကြယ်ပင်လယ်စံသခင်တို့ဖြစ်ကြသည်။
နှစ်ဖက်တွေ့ဆုံကြသောအခါ ခနတာစကားပြောဆိုခဲ့ကြသည်။
မကြာမီပင် ကျန်းချန်ရွှမ်သည် ရှန်းရူရန်ထံမှ သူတို့သည် လမ်းတစ်လျှောက်တွင် တိုက်ပွဲ နှစ်ခု သို့မဟုတ် သုံးခုထက်မနည်း ကြုံတွေ့ခဲ့သည်ကို သိရှိသွားသည်။
အပြင်းထန်ဆုံးတိုက်ပွဲတွင် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်များ ပါဝင်သည်။
သူတို့သိသလောက်အရ ဤအပျက်အစီးနယ်မြေတွင် သေဆုံးသွားကြသည့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်များနှင့် စံသခင်များသည် လေးယောက် ငါးယောက်ထပ်မနည်းပေ။
ထို့ပြင် ၎င်းတို့ထဲတွင် ကျန်းချန်ရွှမ်ကြောင့်သေဆုံးသွားရသည့် မြွေနဂါးနီနတ်ဆိုးဧကရာဇ်နှင့် ထျန်းဖာဂိုဏ်းမှ စံသခင်များဖြစ်ကြသည့် ထျန်ကျန်း၊ ချင်လုံတို့ မပါသေးပေ။
စုဆောင်းရရှိမှုများတော့ အနည်းအကျဉ်းရှိသည်။
ရှန်းရူရန်အဆိုအရ သူတို့သည် ပဉ္စမအဆင့်ဝိညာဉ်ချီဆေးပင်များနှင့် ပဉ္စမအဆင့်အဖိုးတန်ပစ္စည်းတော်တော်များများကို ရရှိခဲ့ပြီးဖြစ်သည်။
ဤရရှိမှုကို အနည်းငယ်တော့များသည်ဟု စဉ်းစားရပေမည်။
သူတို့ငါးယောက်သည် ဆွေနွေးတိုင်ပင်ကာ နောက်ထပ်ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ်တွင် အဝေးကောင်းကင်မှ တောက်ပသောအလင်းတစ်ခု ပေါ်ထွက်လာသည်။
အလင်းရောင်ထဲတွင် များစွာသောရတနာများ မျောပါနေဟန်တူသည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများ နှလုံးခုန်ရပ်လုမတတ်ဖြစ်သွားသည်။
သူတို့ငါးယောက်သည် ထူးခြားသောရတနာအချို့ရောက်ရှိလာတော့မည်မှန်း သိလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် သူတို့ငါးယောက်သည် အချင်းချင်းကြည့်လိုက်ကြပြီး တစ်ယောက်စီ၏မျက်လုံးများထဲတွင် စိတ်အားထက်သန်မှုများကို တွေ့လိုက်ရသည်။။
ကြာကြာတုံ့ဆိုင်းမနေဘဲ သူတို့ငါးယောက်သည် ထိုနေရာသို့သွားကာ ကြည့်ရှုရန် လျင်မြန်စွာ ဆုံးဖြတ်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်--
အားကောင်းသောအလင်းတန်းငါးခုသည် ကောင်းကင်ကို ဖြတ်သန်းသွားသည်။
…..
ခနကြာပြီးနောက် ကျန်းချန်ရွှမ်နှင့် အခြားသူများသည် အလင်းဆီသို့ ချဉ်းကပ်သွားသည်။
လှည့်ပတ်ကြည့်ရှုလိုက်ကာ သူတို့သည် လူတော်တော်များများလည်း ရောက်ရှိနေကြမှန်း သဘောပေါက်သွားသည်။
သူတို့ကဲ့သို့ လူသားစံသခင်များအပြင် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်တော်တော်များများလည်းရှိနေသည်။
ထို့ပြင် အချိန်ကုန်လွန်လာသည်နှင့် ပဉ္စမအဆင့်နတ်ဆိုးဧကရာဇ်များနှင့် စံသခင်များ အဝေးမှ ဆက်လက်ရောက်ရှိလာကြသည်။
စဉ်းစားကြည့်လျှင်လည်း မထူးဆန်းပေ။
ဤကဲ့သို့သိသာသောဖြစ်စဉ်မျိုးကို မည်သူမှမျက်စိစုံမှိတ်နေမည်မဟုတ်ပေ။
သူတို့သည် မြန်နိုင်သမျှ မြန်မြန် ရောက်အောင်လာလိမ့်မည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်သည် သူ၏အာရုံကို သူ့အနားကှိ လူများထံမှ ပြန်လည်သိမ်းယူလိုက်ပြီး ကောင်းကင်အမြင့်တွင် ပျံဝဲတက်နေသည့် တောက်ပသောအလင်းကိုကြည့်ရန် လှည့်လိုက်သည်။
အလင်းထဲတွင် ထူးဆန်းသောကျောက်စာများ လင်းလက်နေဟန်တူသည်။
အနီးကပ်ကြည့်လိုက်လျှင် အချို့ရှေးစကားလုံးများကို မြင်ရပေသည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်ဖြစ်စေ နှင်းပန်းပွင့်စံသခင်ဖြစ်စေ ထိုစကားလုံးများကို နားမလည်နိုင်ပေ။
ကျန်းချန်ရွှမ်သည် ရှန်းရူရန်ဘက်ကိုလှည့်ကာ မေးလိုက်သည်။
“မိန်းမ မင်းဒီစကားလုံးတွေကိုနားလည်လား?”
ရှန်းရူရန်က သူမ၏ခေါင်းကိုခါလိုက်သည်။
“ကျွန်မမသိဘူး ဒါပေမယ့်...”
ထိုအခြေအနေတွင် သူမသည် တစ်စုံတစ်ခုကို တွေးမိသွားဟန်တူကာ မျက်မှောင်ကျုံ့လိုက်သည်။
ထို့နောက် သူမဆက်ပြောလိုက်သည်။
“ဒီနေရာရဲ့အခြေအနေကိုအကဲဖြတ်ကြည့်ရသလောက်တော့ အဲ့ဒါကစမ်းသပ်မှုတစ်ခုဖြစ်ပုံပဲ”
“စမ်းသပ်မှု?”
ထိုစကားကြောင့် လူတိုင်းက သူမကို အံ့အားသင့်မှုဖြင့် ကြည့်လိုက်မိကြသည်။
ရှန်းရူရန်ကခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ။ ကျွန်မမှားဘူးဆိုရင် ရှင်နဲ့ကျွန်မတို့ ဒီမှာဆက်နေနေရင် ဒီစမ်းသပ်မှုကို လက်ခံရလိမ့်မယ်။ လောလောဆယ် ကျွန်မ မသေချာတာကတော့ ဒီစမ်းသပ်မှုက အန္တရာယ်ရှိမလားဆိုတာပဲ။ အန္တရာယ်သာရှိမယ်ဆိုလို့ရှိရင် အဆုံးမှာ လူဘယ်နှယောက်ပြန်ထွက်လာနိုင်မလဲ ပြောဖို့ခက်တယ်”
သူမ၏စကားများကိုကြားကာ လူတိုင်းသည် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ရှန်းရူရန်ပြောတာသာအမှန်ဆိုရင် စမ်းသပ်မှုတစ်ခုထားရှိရတဲ့ ဒီနေရာပိုင်ရှင်ရဲ့ ရည်ရွယ်ချက်က ဘာလဲ?
ကျန်းချန်ရွှမ်နှင့် အခြားသူများ ၎င်းကိုတွေးတောနေစဉ် အဝေးကောင်းကင်တွင် များစွာသောအလင်းတန်းများ ဖြတ်ပြေးသွားသည်။
အလင်းများတွင် ကြောက်မက်ဖွယ်အော်ရာများရှိနေသည်။
၎င်းမှာ အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်သို့ရောက်ရှိနေသည့် စံသခင်ရွှမ်းယန်၊ ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်နှင့် ဖီးနစ်နတ်ဆိုးဧကရာဇ်တို့ဖြစ်ကြသည်။
ဘွန်း!
စံသခင်ရွှမ်းယန်နှင့် အခြားသူများ ရောက်ရှိလာသောအခါ ပတ်ပတ်လည်ဝိညာဉ်ချီများ ချက်ချင်းလိမ့်တက်လာသည်။
အပိုစကားတစ်ခွန်းမှမပါဘဲ လူသားများနှင့် မိစ္ဆာများသည် ရှင်းလင်းသောအုပ်စုများ ခွဲလိုက်ကြသည်။
ကျန်းချန်ရွှမ်သည် သူနှင့် ရှန်းရူရန်အပေါ်ရှိ မျက်လုံးတော်တော်များများကို ခံစားမိလိုက်သည်။
ထိုအကြည့်များထဲမှတစ်ခုသည် အဖိနှိပ်နေဆုံးဖြစ်ပြီး မုန်းတီးမှုတစ်ခုကိုလည်း ဖုံးကွယ်ထားမနေပေ။
၎င်းမှာ ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်ဖြစ်သည်။
“ဟမ်း!”
မည်သို့ပင်ဖြစ်စေ ထိုအချိန်တွင် ကောင်းကင်၌ အေးစက်သောနှာမှုတ်သံတစ်ခု ပဲ့တင်ထပ်သွားသည်။
၎င်းမှာ စံသခင်ရွှမ်းယန်ဖြစ်သည်။
သူနှာမှုတ်လိုက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် သူတို့အပေါ်ရှိဖိအား ပျောက်ကွယ်သွားသည်ကို ခံစားမိလိုက်သည်။
သူတို့နှစ်ယောက်သည် လက်သီးဆုပ်ကာ စံသခင်ရွှမ်းယန်ကို နှုတ်ဆက်လိုက်သည်။
စံသခင်ရွှမ်းယန်သည် ပြုံးကာ သူတို့ကို ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက်သူသည် အတော်အတန်တည်ငြိမ်လေးနက်သောလေသံဖြင့် သူတို့ဆီသို့ အသံပေးပို့ခြင်းတစ်ခု ပြုလုပ်လိုက်သည်။
“တာအိုရောင်းရင်းတို့၊ ငါမမှားဘူးဆိုရင် အပျက်အစီးနယ်မြေပိုင်ရှင်က ငါတို့အတွက်စီစဉ်ပေးထားတဲ့ စမ်းသပ်မှုနေရာတစ်ခုရှိရမယ်။ ဝင်သွားပြီးတဲ့အခါမှာ အန္တရာယ်အနည်းငယ်ရှိနိုင်တယ်။ မင်းတို့ဝင်သွားဖို့စီစဉ်ထားရင်တော့ သတိထားဖို့မမေ့ကြနဲ့။ မင်းတို့ရွှေရောင်ဝံပုလွေနတ်ဆိုးဧကရာဇ်နဲ့ အခြားလူတွေကို အထူးသတိထားရမယ်။ သူတို့က မင်းတို့ကို တိုက်ခိုက်ဖို့ ဘယ်အခွင့်အရေးမဆို အမိဖမ်းမှာပဲ။
အဲ့ဒီလိုတကယ်ဖြစ်လာရင်တော့ မင်းတို့ ကိုယ့်ကိုယ်ကိုယ်အရင်ကာကွယ်ကြဖို့ မမေ့ပါနဲ့”
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့သည် စံသခင်ရွှမ်းယန်၏ အသံပေးပို့မှုကြောင့် အံ့အားသင့်သွားကြသည်။
သူတို့သည် စံသခင်ရွှမ်းယန်မှာ ဤနေရာရှိအခြေအနေကို နားလည်သဘောပေါက်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့မိပေ။
ကြည့်ရသည်မှာ သူမှန်နေဟန်တူသည်။
ထိုအချိန်တွင် သူတို့သည် စံသခင်ရွှမ်းယန်ဆီသို့ အသံပေးပို့မှုတစ်ခုပေးပို့လိုက်ကာ ကျေးဇူးတင်ရှိမှုကို ပြသခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူရန်တို့ တစ်စုံတစ်ခု ပြောမည်အပြုတွင် သူတို့ရှေ့ရှိ အပျက်အစီးနယ်မြေအလင်းသည် အားနည်းလာကာ ပျံ့လွင့်သွားသောကြီးမားသောအလင်းမျက်နှာပြင်တစ်ခု အဖြစ်ပြောင်းလဲသွားသည်...
ထိုနေရာရှိလူတိုင်းသည် အလင်းမျက်နှာပြင်ဆီမှဖုံးလွှမ်းမခံရမီ အထိ တုံ့ပြန်ချိန်ပင်မရလိုက်ကျချေ…
***