လျူလင်းလုံနှင့် ရှန်းတောက်မင်၏ အမြုတေတည်ဆောက်ခြင်း၊ ကျန်းချန်ရွှမ်က ပဉ္စမအဆင့်အဆောင်ဆရာအဖြစ်သို့ ကျော်ဖြတ်ခြင်း၊ စနစ်၏ဆုလာဘ်(၂)
Vol. 28 Ch. 544
သူသည် အတော်လေးအားကောင်းသည့် မူလဝိညာဉ်ကျင့်စဉ်တစ်ခုသာ လိုအပ်သည်။
တစ်ချိန်တည်းတွင် မူလဝိညာဉ်ရတနာ၊ ဧရာမကောင်းကင်နတ်ကျောက်စိမ်းနှင့် မူလဝိညာဉ်ကျင့်စဉ်နည်းစနစ်ရှိသည့် ကျန်းချန်ရွှမ်သည် မူလဝိညာဉ်ခေါင်းစဉ်အောက်တွင် အခြေတည်ဝိညာဉ်နောက်ဆုံးအဆင့်သို့ ခိုင်မာစွာ ရောက်ရှိပြီးဖြစ်သည်။ ဤအဆောင်ကိုပြုလုပ်ခြင်း၏ အောင်မြင်နိုင်ချေမှာ နေရာကူးပြောင်းခြင်းအဆောင်နှင့် လေဟာနယ်အဆောင်တို့ထက် များစွာမြင့်မားပေသည်။
ဝှစ်!
မျက်စိတစ်မှိတ်အတွင်း ခုနစ်လကုန်လွန်သွားသည်။
ကျန်းချန်ရွှမ်၏ အဆောင်ပြုလုပ်ခြင်းပစ္စည်းမှာ ရုတ်တရက် လောင်ကျွမ်းသွားသည်။ ၎င်းသည် ကျန်းချန်ရွှမ်ကို သက်ပြင်းချမိစေခဲ့သည်။ ဤတစ်ကြိမ်မှာ သူအဆောင်ပြုလုပ်ခြင်းကို ကျရှုံးသည့် လေးကြိမ်မြောက်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုမှတစ်ဆင့် သူသည် အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုများ ပိုမိုရရှိခဲ့သည်။ နောက်တစ်ကြိမ်တွင် သူသည် အောင်မြင်နိုင်ချေ ၂၀မှ၄၀% အထိရှိသည်။ သူသည် အချိန်ကို အလဟာသဖြုန်းတီးဖြင်း မဟုတ်ခဲ့ပေ။
ကျန်းချန်ရွှမ်သည် အမှိုက်များကို ရှင်းလင်းပြီးနောက် နောက်ထပ်အဆောင်ပြုလုပ်ခြင်းပစ္စည်းတစ်စုကို ယူလိုက်သည်။ သူ၏လက်ထဲရှိ ကံကောင်းမှုအဆောင်စုတ်တံမှာ လင်းလက်လာသည်။ ကျန်းချန်ရွှမ်သည် ပုံရိပ်ယောင်အဆောင်ကို ပဉ္စမအကြိမ်ရေးဆွဲလိုက်သည်။
တစ်နေ့ပြီးတစ်နေ့ကုန်လွန်သွားသည်။
နောက်ထပ်လအနည်းငယ်ထပ်မံကုန်လွန်သွားသည်။
ကျန်းချန်ရွှမ်ရှေ့ရှိ မှိန်ပျပျရောင်ခြည်သည် ရုတ်တရက် ကျောက်စိမ်းအဆောင်တစ်ခုနှင့် တူညီသွားသည်နှင့် ကျန်းချန်ရွှမ်၏မျက်နှာပေါ်တွင် နောက်ဆုံး၌ အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
နှစ်ဝက်ကျော်ကျော်ကုန်ဆုံးပြီးနောက် နောက်ဆုံး၌ သူသည် ပုံရိပ်ယောင်အဆောင်တစ်ခုကို ရေးဆွဲရာတွင် အောင်မြင်ခဲ့သည်။
[ဒင်]
တစ်ချိန်တည်း၌ပင် ရင်းနှီးနေသော စနစ်အသံတစ်ခု ကျန်းချန်ရွှမ်၏ စိတ်ထဲတွင် ပေါ်ပေါက်လာသည်။
[ဂုဏ်ယူပါတယ် ဟို့စ်၊ ပဉ္စမအဆင့်အဆောင်ဆရာတစ်ယောက်အဖြစ်သို့ ရောက်ရှိသွားပါပြီ။ သေဆုံးမှုအစားထိုးအဆောင်နှင့် ဆဌမအဆင့်အစီအရင်အဆောင်တစ်ခုဖြစ်သည့် တာရာအဆောင်တစ်ခုကို ရရှိပါသည်]
သေဆုံးမှုအစားထိုးအဆောင်မှာ ထိုနေ့က အပျက်အစီးနယ်မြေထဲတွင် သူရရှိခဲ့သည့် အဆောင်နှင့်အတူတူပင်ဖြစ်သည်။ ၎င်းတွင် သူ၏ဆရာသခင်အတွက် သေဆုံးမှုအတိဒုက္ခကို တားဆီးပေးနိုင်သည့် စွမ်းရည်ရှိသည်။ ဆဌမအဆင့်အစီအရင်အဆောင်၊ တာရာအဆောင်မှာမူ ၎င်းသည် အစီအရင်တစ်ခုအနေဖြင့် အလုပ်လုပ်သည့်အဆောင်တစ်ခုဖြစ်သည်။
ထိုကဲ့သို့အကာအကွယ်မျိုးအောက်တွင် ဝိညာဉ်တည်ဆောက်ခြင်းကောင်းကင်သခင်များပင်လျှင် ၎င်းကို အချိန်တိုအတွင်း ဖျက်စီးနိုင်မည်မဟုတ်ပေ။ စနစ်မှပေးသည့် ပစ္စည်းနှစ်ခုသည် ယခုချိန်တွင် သူအလွန်လိုအပ်နေသော ပစ္စည်းများဖြစ်သည်ဟု ပြောနိုင်သည်။
အရေးကြီးသောအချိန်ခါများတွင် ၎င်းတို့သည် အဓိကကျသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်။
ထို့နောက်တွင် ကျန်းချန်ရွှမ်သည် အဆောင်များပြုလုပ်ခြင်းကို မရပ်တန့်ခဲ့ပေ။ ထိုအစား သူသည် သူ၏ခန္ဓာကိုယ်မှ အဆောင်ပြုလုပ်ခြင်းပစ္စည်းအမြောက်အမြားကို ထုတ်ယူခဲ့သည်။ ဒီတစ်ခေါက်တွင် သူသည် နေရာကူးပြောင်းခြင်းအဆောင်နှင့် လေဟာနယ်အဆောင်တို့ရေးဆွဲကြည့်ရန် ကြံစည်ထားသည်။ ဤအဆောင်နှစ်ခုမှာ အထောက်အပံ့အမျိုးအစား အဆောင်များဖြစ်ကြသည်။
မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို အောင်မြင်စွာ ရေးဆွဲနိုင်သွားပါက အချို့အချိန်များတွင် ကြီးမားသောအခန်းကဏ္ဍတစ်ခုမှ ပါဝင်လာနိုင်သည်မှာ ငြင်းဖွယ်မရှိပေ။
..
သို့နှင့် နောက်ထပ်နှစ်နှစ်ကုန်လွန်သွားသည်။
သူသည် ပုံရိပ်ယောင်အဆောင်ကို အောင်မြင်စွာရေးဆွဲနိုင်ခဲ့သောကြောင့် နှစ်နှစ်အတွင်း ကျရှုံးမှုများစွာရှိခဲ့သော်လည်း နောက်ဆုံးတွင် သူသည် နေရာကူးပြောင်းခြင်းအဆောင်နှင့် လေဟာနယ်အဆောင်တို့ကို ရေးဆွဲနိုင်ခဲ့သည်။
ဤအဆောင်နှစ်ခုဖြင့် ကျန်းချန်ရွှမ်၏ အခြေအနေအမျိုးမျိုးကို ကိုင်တွယ်နိုင်သော စွမ်းရည်မှာ သိသိသာသာမြင့်တက်လာသည်။
ရှန်းရူယန်၏အစ်ကို ရှန်းတောက်မင်သည်လည်း နောက်ဆုံးတွင် သူ၏ရွှေအမြုတေကို လွန်ခဲ့သည့် နှစ်ဝက်ခန့်က သိပ်သည်းနိုင်ခဲ့ပေသည်။ သူ၏ဘဝသက်တမ်းသည် နှစ်၈၀၀သို့ တိုးမြင့်သွားသည်။
တစ်ချိန်တည်း၌ပင် မျိုးနွယ်စုခေါင်းဆောင် ကျန်းရန်ယီ၊ ကျန်းရန်ချောင်၊ ကျန်းယွင်ချန်း၊ ကျန်းယွင်ရုံနှင့် အခြားသူများသည်လည်း သိသိသာသာ တိုးတက်လာကြသည်။ သူတို့ထဲတွင် ကျန်းရန်ယီနှင့် ကျန်းယွင်ချန်းတို့သည် နဝမကျီဖုအဆင့်သို့ လွန်ခဲ့သည့်သုံးလခန့်က ရောက်ရှိခဲ့ကြပေသည်။ သူတို့သည် အမြုတေတည်ဆောက်ခြင်းကိုပင် စတင်ပြင်ဆင်နေကြပြီဖြစ်သည်။
အရာအားလုံးသာအဆင်ပြေချောမွေ့ပါက သူတို့နှစ်ယောက်သည် နတ်ဆိုးကပ်ဘေးမတိုင်မီ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။
ကျန်းရန်ချောင်၊ ကျန်းယွင်ရုံနှင့် ကျန်းမျိုးနွယ်စုမှ အခြားအငယ်တန်းများသည်လည်း သူတို့၏ကျင့်စဉ်အဆင့်မှာ အမြုတေတည်ဆောက်ခြင်းအစသို့ မရောက်သေးသည့်တိုင် ၎င်းနှင့်မဝေးလှတော့ပေ။ အရာအားလုံးအဆင်ပြေနေပါက သူတို့သည် အမြုတေတည်ဆောက်နိုင်မည့်အခွင့်အလမ်းကို လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ရရှိနိုင်သည်။
ထို့ပြင် ကျန်းမျိုးနွယ်စု၏လက်ရှိအင်အားနှင့် သူတို့ကို လုံလောက်သော အမြုတေတည်ဆောက်ခြင်းပစ္စည်းများပေးစွမ်းရန်လည်း မခက်ခဲလှပေ။ သူတို့သည် လုံလောက်စွာဖြည့်ဆည်းပေးခြင်းခံရပြီး မည်သူမှ သူတို့နှင့် မယှဉ်ပြိုင်နေသရရွေ့ ကံမ ကောင်းစွာဖြင့် ပထမတစ်ကြိမ်ကျရှုံးခဲ့လျှင်တောင် သူတို့တွင် ဒုတိယအခွင့်အရေးရှိသေးသည်။ ထို့ပြင် အမြုတေတည်ဆောက်ခြင်းသည် အခြေခံတည်ဆောက်ခြင်းဆေးပြားများမရှိသည့် အခြေခံတည်ဆောက်ခြင်းကျင့်ကြံသူများနှင့် ကွဲပြားသည်။
အဆင့်ကျော်ဖြတ်ခြင်းစတင်လိုက်သည်နှင့် ရလဒ်မှာနှစ်ခုသာ ရှိနိုင်သည်။
၎င်းမှာ ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်းပင်ဖြစ်သည်။
အမြုတေတည်ဆောက်နေသည့်ကျင့်ကြံသူများအတွက်မူ သူတို့သည် အမှန်တကယ်ပင် အမြုတေသိပ်သည်းခြင်းအဆင့်သို့မရောက်သေးသရွေ့ ကျရှုံးခဲ့လျှင်တောင် ပဏမအမြုတေတစ်ခုကို သိပ်သည်းနေနိုင်သေးသည်။ အဆိုးဆုံးအနေဖြင့် သူတို့၏ ဖျတ်လတ်မှုကို ထိခိုက်နိုင်သော်လည်း အသက်အန္တရာယ်တော့မရှိနိုင်ပေ။
သင်၏ အမြုတေကို စတင်သိပ်သည်းခဲ့ပြီး ရွှေအမြုတေတည်ဆောက်လိုက်သည်နှင့် ပြန်လှည့်နိုင်စရာအကြောင်းမရှိတော့ပေ။
အမှန်ပင် ကျန်းရန်ချောင်နှင့် ကျန်းယွင်ရုံသာလျှင် အထူးဆက်ဆံမှုကို ရရှိနိုင်ပေသည်။ သူတို့သည် ကျန်းမျိုးနွယ်စုနောက်သို့ အောက်ခြေအစကတည်းက လိုက်ပါခဲ့ကြသည်။ သူတို့စိုက်ထုတ်ထားခဲ့သည့် ကြိုးစားမှုများနှင့် သွေးချွေးများမှာ သေချာပေါက် ကျန်းမျိုးနွယ်စုမှ အငယ်တန်းများယှဉ်ပြိုင်နိုင်မည့် အရာမျိုးမဟုတ်ပေ။
အလားတူစွာပင် သူတို့နှင့်အတူပါလာသည့် အထောက်အပံ့များနှင့် ဆက်သွယ်ချက်များသည်လည်း ကျန်းမျိုးနွယ်စု၏ အခြားမျိုးနွယ်ဝင်များထက် ဒါဇင်နှင့်ချီ သို့မဟုတ် ရာနှင့်ချီ၍ပင် ပိုမိုများပြားလေသည်။
ထိုအချိန်၌ ကျန်းချန်ရွှမ်သည် သူရှိနေသည့်အခန်းအား တစ်စုံတစ်ယောက်မှ လာခေါက်ချိန်တွင် သူရေးဆွဲထားသည့်အဆောင်များကို ဘေးဖယ်ထားလိုက်သည်။ သူ၏အခန်းထဲရှိ အဟန့်အတားကို လာရောက်အသက်သွင်းမိသူမှာ သူ၏မိန်းမရှန်းရူယန် ဖြစ်သည့်အကြောင်း ပြောစရာပင်မလိုတော့ပေ။
၎င်းမှာ အဓိကကိစ္စဖြစ်သည်။
ကျန်းချန်ရွှမ်သည် တံခါးကိုဖွင့်ရန် သွားလိုက်သောအခါ သူ၏မိန်းမရှန်းရူယန်သည် အပြင်ဘက်တွင် မတ်တပ်ရပ်နေသည်။
“ယောက်ျား ရှင်တစ်ခုခုမေ့မနေဘူးလား?”
ရှန်းရူယန်က သူ့ကိုအပြုံးတစ်ခုဖြင့် မေးမြန်းလိုက်ချိန်တွင် ကျန်းချန်ရွှမ်သည် တံခါးကို ဖွင့်လိုက်ရုံသာရှိသေးသည်။ ၎င်းသည် ကျန်းချန်ရွှမ်ကို အံ့အားသင့်စေခဲ့သည်။
မကြာမီပင် သူသည် တုံ့ပြန်မှုပြုကာ ချက်ချင်းမေးလိုက်သည်။
“မိန်းမ မင်း စီနီယာရွှမ်းယန်ကို စောင့်ကျပ်မယ့်ကိစ္စကို ပြောနေတာလား?”
“ဟုတ်တယ်”
ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
“ခုလေးတင် တာအိုရောင်းရင်းယန်က ကျွန်မကို အကြောင်းကြားစာပို့လိုက်တယ်။ သူပြောတာတော့ စီနီယာရွှမ်းယန်က တစ်လအတွင်းမှာ ဝိညာဉ်တည်ဆောက်ခြင်းကို ကျော်ဖြတ်ဖို့ တရားဝင်စတင်တော့မယ်တဲ့။ ကျွန်မတို့ ဘာကိစ္စမှလုပ်စရာမရှိသေးဘူးဆိုရင် သွားကြရအောင်”
“ဟမ်? သူက ဝိညာဉ်တည်ဆောက်ခြင်းကို တစ်လအတွင်းမှာ ကျော်ဖြတ်တော့မှာလား?”
ကျန်းချန်ရွှမ်သည် အချိန်ကိုချက်ချင်း တွက်ကြည့်လိုက်ပြီး ၎င်းမှာ မျှော်မှန်းထားသည်ထက် လအနည်းငယ်စောနေကြောင်း သဘောပေါက်သွားသည်။ သို့သော် စဉ်းစားကြည့်လျှင်လည်း အကျိုးအကြောင်းတော့သင့်သည်။ ဤကိစ္စမျိုးသည် သဘာဝအလျောက်တော့ အစီအစဉ်အရမသွားနိုင်ပေ။
၎င်းသည် ထိုအတိုင်းသာဆက်သွားမည်ဆိုပါက သူ့အားတားဆီးချင်နေသည့် လူများသည် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်ခံမည် မဟုတ်ပေ။
လူသားအတိဒုက္ခ၏ရောက်ရှိလာမှုကို အမှန်တကယ် မရှောင်လွှဲနိုင်သော်လည်း ၎င်းသည် လူသားအတိဒုက္ခ၏ခက်ခဲမှုကိုတော့ အနည်းငယ် လျှော့ချပေးနိုင်သည်။ ၎င်းကိုတွေးတောကာ ကျန်းချန်ရွှမ်သည် ရှန်းရူယန်ကို ချက်ချင်းခေါင်းညိတ်ပြလိုက်သည်။
“ဒီမှာတော့ ပြီးတော့မယ်။ အချိန်သိပ်မရှိတော့ဘူး။ တိုက်ရိုက်ပဲသွားလိုက်ကြတာပေါ့”
သူစကားပြော၍ပြီးသွားသည်နှင့် လင်မယားနှစ်ယောက်သည် လျင်မြန်စွာပင် ရွှမ်းမင်တောင်ထွတ်မှ ထွက်ခွာခဲ့ကြသည်။
ထန်ပိုင်ရှန်း၊ ကျန်းရန်ယီနှင့် မှော်ဝင်တိုင်တောင်ကိုစောင့်ကြပ်ရန် တာဝန်ရှိသည့် အခြားသူများကို လမ်းညွှန်ပြီးနောက် သူတို့သည် ဓားဖုံးနန်းတော်သို့ လျင်မြန်စွာ ပျံသန်းခဲ့ကြသည်။
…..
ရက်အနည်းငယ်ကြာပြီးနောက်
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ဓားဖုံးနန်းတော်သို့ ရောက်ရှိသောအခါ များစွာသောအကာအကွယ်အစီအရင်များ အသက်ဝင်နေသည်ကို သိရှိခဲ့ကြသည်။
ကောင်းကင်လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန် အချို့အစီအရင်များလည်း ရှိသည်။
၎င်းတို့သည် စံသခင်ရွှမ်းယန်ကျော်ဖြတ်ခြင်း၏ တိကျသောအချိန်ကို နှုတ်ယူခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
“တာအိုရောင်းရင်းကျန်း၊ တာအိုရောင်းရင်းရှန်း...”
ထိုအချိန်တွင် ဓားဖုံးနန်းတော် ဧည့်သည်ခန်းမ၏အပြင်ဘက်တွင် ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့ လမ်းလျှောက်ဝင်လာကြသည်။
“စီနီယာအစ်ကိုရွှမ်းယန်ကို ကာကွယ်ဖို့ ဓားဖုံးနန်းတော်ကို လာခဲ့ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စီနီယာအစ်ကိုရွှမ်းယန်က လောလောဆယ် တံခါးပိတ်ကျင့်ကြံခြင်းရဲ့ အရေးကြီးအခြေနေမှာ ရှိနေတာကြောင့် မင်းတို့ကို ထွက်လာပြီးတော့ မတွေ့နိုင်သေးဘူး။ စီနီယာရွှမ်းယန်ရဲ့ကိုယ်စား မင်းတို့နှစ်ယောက်ကို အရင်ကျေးဇူးတင်ပါရစေ”
၎င်းကိုကြားကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ချက်ချင်း ခေါင်းခါလိုက်ကြသည်။
“ခင်ဗျားတို့ ယဉ်ကျေးလွန်းနေတာပဲ၊ စီနီယာရွှမ်းယန် ကျွန်တော်တို့ကို ကူညီပေးခဲ့တာတွေ မပြောနဲ့ဦး။ ခင်ဗျားတို့နှစ်ယောက်လည်း ကျွန်တော်တို့ ကျန်းမျိုးနွယ်စုကို ဂရုစိုက်ခဲ့တာပဲ။ ဒါကဘာမှမဟုတ်ပါဘူး”
ကျင့်ကြံသူများ ပိုမို ရောက်ရှိလာသည်။ ထိုထဲတွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မိတ်ဆွေကောင်းများလည်း ပါဝင်သည်။ နှင်းပန်းပွင့်စံသခင်နှင့် ကြယ်ပင်လယ်စံသခင်တို့ဖြစ်ကြသည်။ ထို့ပြင် သူတို့မသိသည့် ကျင့်ကြံသူအချို့လည်းပါဝင်သည်။ သူတို့အကုန်လုံးမှာ အခြေတည်ဝိညာဉ်စံသခင်များ ဖြစ်ကြသည်။
ရက်တော်တော်များများ ကုန်လွန်သွားသည်။
ဓားဖုံးနန်းတော်သို့ အလွန်အားကောင်းသောအော်ရာသုံးခု ဆင်းသက်လာသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ထိုထဲမှ နှစ်ယောက်ကိုတော့ သိသည်။
သူတို့မှာ ကျီယန်နေနန်းတော်မှ စံသခင်ဖုန်းယွင်နှင့် ရုန်ဟန်နန်းတော်မှ စုချင်းချန်တို့ဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် မကြာမီပင် ကျန်တစ်ယောက်၏ အထောက်အထားကိုလည်း သိရှိသွားသည်။
ထိုသူမှာ ကောင်းကင်အရှင်အဆုံးမဲ့ပင်လယ်၏ သီးသန့်တပည့်ဖြစ်သည့် ဓားသခင်အဇူရာလန် ဖြစ်သည်။
စစ်မှန်သော ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
***