စံသခင်ရွှမ်းယန်၏အတိဒုက္ခ၊ ဆဌမအဆင့်နတ်ဆိုးသားရဲချုပ်၏ နှောင့်ယှက်ဖျက်စီးမှု
Vol. 28 Ch. 545
ဤတစ်ကြိမ်တွင် စံသခင်ရွှမ်းယန်ကို ကာကွယ်စောင့်ရှောက်ရန်လာသည့်လူမှာ အတော်လေးများသည်ဟု ပြောရမည်။ ထို့ပြင် လာရောက်ကြသည့်လူများသည် အနည်းဆုံးအခြေတည်ဝိညာဉ်အလယ်ဆင့်ရှိကြသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပါအဝင် ငါးယောက် သို့မဟုတ် ခြောက်ယောက်လောက်ရှိသည်။
ထို့ပြင် ကောင်းကင်သခင်ရုန်ဟန်ကျီးရှန်း၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့လည်း သေချာပေါက် လာရောက်ကြသည်။
အမှန်ပင်
သူတို့သည် ကျန်းချန်ရွှမ်နှင့် အခြားသူများကဲ့သို့ ဓားဖုံးနန်းတော်တွင် ပေါ်ထွက်မလာပေ။ ထိုအစား သူတို့သည် အမှောင်ထဲတွင် ပုန်းကွယ်နေကာ အဆင့်တူရန်သူများနှင့် ရင်ဆိုင်နေရသည်။
ဝီ!
ထို့နောက် အလွန်အားကောင်းသောမူလဝိညာဉ်မတည်မငြိမ်ဖြစ်ခြင်းတစ်ခုသည် စံသခင်ရွှမ်းယန် တံခါးပိတ်ကျင့်ကြံသည့်နေရာမှ ရုတ်တရက် ပေါက်ထွက်လာသည်။
တစ်ချိန်တည်းတွင် ကီလိုမီတာဒါဇင်အတွင်းရှိ ဝိညာဉ်ချီသည်စတင် အသက်ဝင်လာသည်။
၎င်းသည် ကျန်ချန်ရွှမ်နှင့် အခြားသူများကို အံ့အားသင့်စေခဲ့သည်။
တာအိုရောင်းရင်းရွှမ်းယန်က...?
ဤအတွေးသည် လူတိုင်း၏စိတ်ထဲ၌ ပေါ်ထွက်လာစဉ် သူတို့သည် ပတ်ဝန်းကျင်ရှိ ဝိညာဉ်ချီမှာ စတင်သိပ်သည်းလာသည်ကို အသေအချာခံစားမိလိုက်သည်။ ထို့ပြင် သူတို့၏ဝိညာဉ်အာရုံတွေ့ရှိမှုတွင်လည်း ဝိညာဉ်ချီသည် အရောင်များကွဲပြားလာဟန် တူသည်။
အနီ၊ အဝါ၊ အစိမ်း၊ အပြာ၊ အဖြူ၊ ရွှေရောင်နှင့် စသည်တို့ဖြစ်သည်။
ထို့ပြင် ၎င်းမှာ အရေးအကြီးဆုံးအရာမဟုတ်ပေ။
အရေးအကြီးဆုံးအရာမှာ ဝိညာဉ်ချီသည် မမြင်ရသောလက်တစ်ခုဖြင့် လှုံ့ဆော်ခံလိုက်ရဟန်တူပြီး တံးခါးပိတ်ကျင့်ကြံသည့် ဂူအိမ်ဆီသို့ အလျင်အမြန်သွားနေသည်။
“စီနီယာအစ်ကိုက ဝိညာဉ်တည်ဆောက်ခြင်းကိုတောင် စတင်ကျော်ဖြတ်နေပြီ!”
ရုတ်တရက် ယန်ဝူရွှမ်းနှင့် ကမ္ဘာမြေလျှောက်သူတို့၏မျက်နှာထားများ ပြောင်းလဲသွားသည်။
ထို့နောက်တွင် သူတို့နှစ်ယောက်သည် တုံ့ဆိုင်းမနေဘဲ ဓားဖုံးနန်းတော်၏ တောင်အကာအကွယ်အစီအရင်ကို သူတို့၏စွမ်းအားအကုန်လုံးဖြင့် ချက်ချင်း အသက်သွင်းလိုက်သည်။
ဝှစ်!
ချက်ချင်းပင် ဓားဖုံးနန်းတော်တစ်ခုလုံးသည် ကြီးမားသောအလင်းအကာအကွယ်ဖြင့် ဖုံးအုပ်ခံလိုက်ရသည်။
မရှင်းလင်းစွာပင် ထိုကြီးမားသောအလင်းအကာအကွယ်၏အထဲတွင် အဆုံးမရှိသောချွန်မြသည့် အလင်းဓားချီတစ်ခု ရှိနေပုံပေါ်သည်။ ၎င်းသည် အလွန်အမင်းသတ်ဖြတ်လိုသည့် အားများဖြင့် ပြည့်နှက်နေသည်။
တစ်စုံတစ်ယောက်သာ ဓားဖုံးနန်းတော်၏ တောင်အကာအကွယ်အစီအရင်ကို တိုက်ခိုက်ရဲပါက သူတို့သည် သေချာပေါက် အစီအရင်ထဲရှိ ချွန်မြသော ဓားချီဖြင့် တိုက်ခိုက်ခံလိုက်ရပေမည်။
ထိုအချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ စံသခင်လေတိမ်တိုက်၊ စုချင်းချန်၊ ဓားသခင်အဇူရာလန်၊ နှင်းပန်းပွင့်စံသခင်နှင့် အခြားသူများသည် လှုပ်လှုပ်ရွရွဖြစ်လာသည်။
အကြောင်းမှာ လက်ရှိအခြေအနေအရ စံသခင်ရွှမ်းယန်၏ လူသားအတိဒုက္ခမှာ လက်ရှိအချိန်တွင် ရောက်ရှိလာပြီဖြစ်သောကြောင့် ဖြစ်သည်။ သူတို့ပြုလုပ်ရမည့်အရာမှာ စံသခင်ရွှမ်းယန်၏လမ်းကြောင်းကို ပိတ်ဆို့ရန် ကြိုးစားသည့်သူများကို တားဆီးပေးရန်ဖြစ်သည်။
ဘွန်း!
ရုတ်တရက် အလွန်အားပြင်းသောမီးတောက်တစ်ခုသည် ဓားဖုံးနန်းတော်၏ တောင်အကာအကွယ်အစီအရင်ပေါ်သို့ တိုက်မိသွားကာ ချက်ချင်းပင် အလင်းဂယက်များကို တရစပ်ဖြစ်ပေါ်စေခဲ့သည်။
ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့၏ မျက်နှာထားများ ပြောင်းလဲသွားသည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများသည် ချက်ချင်း ဓားဖုံးနန်းတော်၏ တောင်အကာအကွယ်အစီအရင်အပြင်ဘက်သို့ ကြည့်လိုက်ကြသည်။
အပြင်ဘက်တွင် လူသုံးယောက်သည် ပုံစံတစ်ခုပြုလုပ်နေကာ ၎င်းကိုတိုက်ခိုက်နေသည်။
“ဒါရှီညီနောင်သုံးယောက်ပဲ!”
ယန်ဝူရွှမ်းသည် ချက်ချင်းပင် ထိုသုံးယောက်ကို သတိပြုမိလိုက်သည်။
သူတို့သည် အခြေတည်ဝိညာဉ်မျိုးနွယ်စုဖြစ်သည့် ရှီမျိုးနွယ်စုမှ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ အခြေတည်ဝိညာဉ်ရှီမျိုးနွယ်စုသည် မြောက်ဘက်နယ်စပ်မှ ကျင့်စဉ်မျိုးနွယ်စုတစ်ခုမဟုတ်ဘဲ အရှေ့ဘက်အဆုံးမှ ကျင့်စဉ်မျိုးနွယ်စုတစ်ခုဖြစ်သည်။
အတိတ်၌ စံသခင်ရွှမ်းယန်သည် အရှေ့ဘက်အဆုံးသို့သွားခဲ့စဉ်က ရှီညီနောင်သုံးယောက်နှင့် မကျေနပ်ချက်များရှိခဲ့သည်။ သူသည် ရှီမျိုးနွယ်စုမှ အခြေတည်ဝိညာဉ်အကြီးအကဲနှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ ၎င်းမှာ ရှီမျိုးနွယ်စုနှင့် သူတို့ဓားဖုံးနန်းတော်၏ မကျေအေးနိုင်သောမလိုမုန်းထားမှုတစ်ခုလည်း ဖြစ်သည်။
သို့သော်လည်း အရှေ့ဘက်အဆုံးနှင့် မြောက်ဘက်နယ်စပ်တို့မှာ အလွန်ဝေးကွာနေသောကြောင့် မျိုးနွယ်စုနှစ်ခုသည် တိုက်ကြီးနှစ်ခုကို လွှမ်းခြုံမိစေမည့် တိုက်ပွဲမျိုးမပြုလုပ်ခဲ့ပေ။ မမျှော်လင့်စွာပင် စံသခင်ရွှမ်းယန်သည် ဝိညာဉ်တည်ဆောက်ခြင်းကို ကျော်ဖြတ်တော့မည့်အချိန်၌ ရှီညီနောင်သုံးယောက်သည် ပထမဆုံး ပေါ်ထွက်လာကြသည်။
ထိုအချိန်တွင် ရှီမျိုးနွယ်စုမှ ညီနောင်သုံးယောက်သည် ဓားဖုံးနန်းတော်ရှိရာအရပ်သို့ ကြည့်လိုက်ကြသည်။ ရှီမျိုးနွယ်စုမှ အကြီးဆုံးသားက ရုတ်တရက် ပြောလိုက်သည်။
“ရွှမ်းယန် ငါတို့ဒီနေ့ ငါတို့ရှီမျိုးနွယ်စုရဲ့ အကြီးအကဲအတွက် လက်စားချေဖို့ဒီနေရာကို ရောက်လာတာ။ ခုဖြစ်ပွားနေတဲ့ နတ်ဆိုးအတိဒုက္ခကြောင့် ငါတို့သုံးကြိမ်ပဲတိုက်ခိုက်မယ်။ သုံးကြိမ်ပြီးသွားရင် ဘယ်လိုရလဒ်ပဲထွက်ထွက် ငါတို့မျိုးနွယ်စုတွေကြားက မကျေပွဲကို ချေဖျက်ပေးမယ်။ ဘယ်လိုလဲ?”
ဤစကားလုံးများသည် ဓားဖုံးနန်းတော်၏ တောင်အကာအကွယ်အစီအရင်မှတစ်ဆင့် လူတိုင်း၏နားထဲသို့ ရောက်ရှိသွားသည်။
ကျန်းချန်ရွှမ်နှင့် အခြားသူများ ၎င်းကိုကြားလိုက်သည့်အခါတွင် သူတို့၏နှလုံးများ ချက်ချင်း ရပ်လုမတတ်ဖြစ်သွားသည်။
ကြည့်ရသည်မှာ ရှီမျိုးနွယ်စုသည် စံသခင်ရွှမ်းယန်နှင့် အလုံးစုံအဆက်မဖြတ်ချင်သေးဟန်တူသည်။ ထို့ပြင် စံသခင်ရွှမ်းယန်မှာ ဤတစ်ကြိမ်တွင် ဝိညာတည်ဆောက်ခြင်းသို့ တက်လှမ်းနိုင်လိမ့်မည်ဟု မည်သူမှ အာမမခံနိုင်ပေ။
သူသာအောင်မြင်သွားပြီး ရှီမျိုးနွယ်စုကလည်း အညှာတာကင်းမဲ့လာပါက မျိုးနွယ်စုနှစ်ခုသည် ကြီးမားသောတိုက်နှစ်ခု ခြားနေသည့်တိုင် ရှီမျိုးနွယ်စုသည် သေချာပေါက် နှောင့်ယှက်ဖျက်စီးမှုကို ရှောင်ကြဉ်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း ရှီမျိုးနွယ်စုသည် သုံးကြိမ်တိုက်ခိုက်ပါက ထိုကိစ္စကို ဆက်လက်မလုပ်ဆောင်နိုင်ပေ။
သဘောတူညီမှုအရ စံသခင်ရွှမ်းယန်သည် သူတို့ကို အကူအညီတစ်ခု အကြွေးတင်နေသည်။ ထို့ပြင် သူတို့၏ရောက်ရှိလာမှုသည် စံသခင်ရွှမ်းယန်၏ အတိဒုက္ခတွင် ပါဝင်သွားပြီဖြစ်သည်။
သူတို့သည် တိုက်ခိုက်မှုသုံးကြိမ်ပြီးသည့်နောက်တွင် ရပ်တန့်လိုက်ပါက စံသခင်ရွှမ်းယန်အပေါ်တွင်ကြီးမားသောတိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်ရုံမကဘဲ သူကြုံတွေ့ရမည့် အတိဒုက္ခ၏ အပိုင်းကိုလည်း လျှော့ချနိုင်လိမ့်မည်။
အတွင်းဇာတ်လမ်းကိုမသိသည့် အချို့သူများ၏ မျက်လုံးထဲတွင် ၎င်းသည် ရှီမျိုးနွယ်စုမှာ ဤအခြေအနေပေါ်တွင် အမြတ်ထုတ်နေခြင်းဖြစ်သည်။ သူတို့မှာ အလွန်စက်ဆုပ်ဖွယ်ကောင်းပြီး အရှက်မဲ့သည်ဟု ပြောလို့ရသည်။
မည်သို့ပင်ဖြစ်စေ ကျန်းချန်ရွှမ်နှင့် အတွင်းဇာတ်လမ်းနှင့်အမှန်တရားကိုသိသည့် အခြားသူများ၏ မျက်လုံးထဲတွင်တော့ ရှီမျိုးနွယ်စု၏လုပ်ရပ်သည် နှစ်ဖက်စလုံးသို့ အကျိုးပြုသည်။
မကြာမီပင် စံသခင်ရွှမ်းယန်တံခါးပိတ်ကျင့်ကြံသောဂူအိမ်အရပ်မှ တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ကောင်းပြီ..”
***