သန္ဓေခိုင်ဆေး! လုံးဝမဝယ်နိုင်! ၂
Vol. 55 Ch. 813
ရေပူစမ်းဆေးမှုန့်ကြောင့်လာခြင်းပင်။
"ချင်းလင်ဆေးဝါးရဲ့နောက်ဆုံးအခြေအနေအကြောင်းပြောပါဦး!''
ချင်လင်ကတန်းမေးလိုက်သည်။
ချူယွဲ့ကချက်ချင်းတင်ပြသည်_
"ဥက္ကဌချင်... ရက် ၄၀ live လွှင့်ပြီးတော့ ဆန်းစစ်ပြီး ရေပူစမ်းဆေးမှုန့်ကိုယ်စားလှယ်တချို့ရှာထားပါတယ်... ထုတ်လုပ်ရေးလိုင်းက နေရာကျနေပြီဆိုတော့ ကုန်ပစ္စည်းတွေအများကြီးရှိပါတယ်... ပထမအသုတ်ကို ကိုယ်စားလှယ်တွေဆီပို့ထားပါပြီ... အချိန်ကျရင် အင်တာနက်ပေါ်တစ်သုတ်တင်ပါမယ်''
"အင်း!"
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ချင်းလင်အစားအသောက်ကုမ္ပဏီတွင် ခရမ်းချဉ်ဆော့ကိုယ်စားလှယ်နှင့်ချင်းလင်အားဖြည့်လက်ဖက်ရည်အပါအဝင် ကိုယ်စားလှယ်အများကြီးရှိသည်။
သို့ရာတွင် ကုမ္ပဏီ၏ရေပူစမ်းဆေးမှုန့်မှာ ကိုယ်စားလှယ်အသစ်များဖြစ်သည်။ မူရင်းကိုယ်စားလှယ်များကိုအကျိုးအမြတ်အားလုံးမပေးနိုင်။
ရှေ့လျှောက်သူတို့ပြိုင်ဖို့ လုံးဝအစပြုပေးမည်မဟုတ်။ ထိုကိုယ်စားလှယ်များထိန်းမနိုင်သိမ်းမရဖြစ်မည်စိုး၍ ပြင်းပြင်းထန်ထန်တားမြစ်ထားသည်။
ထို့နောက် ချူယွဲ့ကအစီရင်ခံသည်_
"လက်ရှိထုတ်ကုန်တွေကို သာမန်နဲ့အထူးဆိုပြီးခွဲထားပါတယ်... အထူးက မူလရေပူစမ်းဆေးမှုန့်အာနိသင်ပါ... သာမန်ကတော့ ပါမောက္ခလီခိုင်ရဲ့အကူအညီနဲ့ အားပျော့အောင်လုပ်ထားပါတယ်''
"ထုတ်ကုန်ကိုအထုပ်လေးတွေထုပ်ထားပါတယ်... တစ်ထုပ် ယွမ် ၅၀ ပါ... တစ်ထုပ်ကိုတစ်ခါစိမ်နိုင်ပါတယ်... ကုန်ကျစရိတ်က ၁၀ ယွမ်ပါ... လက်ရှိသာမန်ဆေးပေါ်မူတည်ပြီးတွက်ချက်ထားချက်အရ ၄ လအတွင်းဆံပင်ကောင်းလာပါမယ်''
"မူရင်းအာနိသင်က တစ်ထုပ်ကိုယွမ် ၁၀၀၀ ပါ... ပြန်ကောင်းချိန်က ရက် ၄၀ အတွင်းဖြစ်ပြီးတော့ ကုန်ကျစရိတ်က ယွမ် ၃၀ ပါ! နှစ်မျိုးလုံးပစ္စည်းအများကြီးရှိပါတယ်... ရောင်းရုံပါပဲ''
စျေးနှုန်းနားထောင်ပြီး ချင်လင်ခေါင်းညိမ့်လိုက်သည်။
အမှန်အတိုင်းဆိုရလျှင် သာမန်တစ်ထုပ် ယွမ် ၅၀ ကအလိမ်အညာမဟုတ်။ တစ်နေ့တစ်ထုပ်၊ တစ်လ ယွမ် ၁၅၀၀ ပဲကျမည်။ ၄ လမှယွမ် ၆၀၀၀ သာ။
ထိပ်ပြောင်သူတွေက ယွမ် ၆၀၀၀ ထက်ပိုသုံးကြမည်ဟု သူလုံးဝယုံကြည်ထားသည်။
တစ်ဖက်တွင် အရည်အသွေး ၁ တစ်ထုပ် ယွမ် ၁၀၀၀ က နည်းနည်းများသည်။ ကုန်ကျစရိတ် ယွမ် ၃၀ သာရှိပြီး တစ်လစာ ယွမ် ၃၀၀၀၀ ကျမည်။
ငွေမရှားသူများကိုဖြည့်ဆည်းပေးနိုင်သည်။
တချို့က ငွေမရှား။ ယွမ် ၁၀၀၀ နှင့်ရောင်းလျှင် အာနိသင်ပိုထက်ပြီး ပိုကောင်းသည်ဟုထင်ကြလိမ့်မည်။
ထိပ်ပြောင်တွေဆိုရင်တောင် ပိုက်ဆံပိုရှိ၊အဆင့်အတန်းပိုမြင့်သောထိပ်ပြောင်များပင်။
စျေးပေါပေါနှင့်ရောင်းလျှင် ငြင်းချင်ငြင်းကြဦးမည်။
ပြီးတော့ ဒီစျေးနဲ့ ရေပူစမ်းဆေးမှုန့်ကို ၂ နှစ် ၃ နှစ်လောက်ဖြန့်ရင် ဘယ်လိုဖြစ်မလဲ?
ထိပ်ပြောင်က သန်း ၅၀၊ ဆံပင်ပေါက်ဆေးက ယွမ် ၆၀၀၀ ဆို အရင်ဆုံးရောင်းအား ယွမ်ဘီလီယံ ၃၀၀ ဖိုးဖြန့်ဝေရမည်။
ဆံပင်ပြဿနာရှိတဲ့လူသန်း ၄၆၀ ကိုဖြန့်ဝေရင် ဘယ်လောက်ဖြစ်မလဲ?
နောက်ပြီး ဆံပင်ကောင်းအောင် ရေပူစမ်းဆေးမှုန့်မသုံးရင် ဘယ်လိုဆက်သုံးရမလဲမသိတော့တဲ့သဘော။
အရင်ကထိပ်ပြောင်ခဲ့သူတွေက သူတို့ဆံပင်ကိုပိုတန်ဖိုးထားလိမ့်မည်။ ထုတ်ကုန်ဝယ်ပြီး နေ့စဉ်ဆံပင်ကိုထိန်းသိမ်းခြင်းက အကျိုးအမြတ်တစ်ခုပင်။
နောက်ပြီး အခြေခံလိုအပ်ချက်ဖြစ်၍ ချင်းလင်ဆော့နှင့်ချင်းလင်အားဖြည့်လက်ဖက်ရည် လုံးဝမယှဉ်နိုင်ပေ။
၂ နှစ် ၃ နှစ်အတွင်း သူ့ချမ်းသာကြွယ်ဝမှုက ပြည်တွင်းမှာထိပ်တန်းရောက်လာပြီး သူဌေးကြီးတွေထဲကတစ်ဦးဖြစ်လာလိမ့်မည်။
"ဒီလိုဆိုရင်''
ချင်လင်ကပြောသည်_
"ထုတ်ကုန်ကိုကြေညာမယ်... မန်နေဂျာလင်းနဲ့ပူးပေါင်းပေးကြပါ''
"ကောင်းပါပြီ ဥက္ကဌချင်''
ချူယွဲ့ခေါင်းညိမ့်လိုက်သည်။
"မပူပါနဲ့ ဥက္ကဌချင်''
လင်းလန်ဇီက ချက်ချင်းပြန်ဖြေသည်။
ထို့နောက် ထိုလူစုကအစည်းအဝေးလုပ်ပြီး အလုပ်ပြန်လုပ်ကြသည်။
လင်းလန်ဇီက ချင်းလင်စံအိမ်မာတီမီဒီယာခန်းထဲပြန်ရောက်သောအခါ သူမကြိုတင်ပြင်ဆင်ထားသောထုတ်ကုန်ဗီဒီယိုကိုတင်ခိုင်းသည်။
ချင်းလင်စံအိမ်တရားဝင်အကောင့် live ကို ရက် ၄၀ ကျော်လွှင့်ခဲ့သောကြောင့် ပရိသတ်အင်အားသန်း ၅၀ ကျော်နေပြီး ရုပ်သံလွှင့်လုပ်ငန်းတွင် ထိပ်တန်းအကောင့်တစ်ခုဖြစ်လာသည်။
ဟုတ်တယ်! အမှန်ပဲ!
ရက် ၄၀ ကျော် live လွှင့်ပြီးနောက်တွင် ရန်ကျန်းဖန်တို့အစမ်းသပ်ခံများ၏ထိပ်ပြောင်သည့်အခြေအနေက ပိုကောင်းလာသောကြောင့် တစ်ယောက်ပြီးတစ်ယောက်ဝင်လာပြီး ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုစောင့်ကြည့်ကြသည်။
ဤသည်က ထုတ်ကုန်၏အာနိသင်ထိရောက်သောကြောင့်ပင်။ ပရိသတ်များကျေနပ်အောင် live အကြောင်းအရာ စဉ်းစားစရာမလို၊ လူကြည့်နှုန်းများအောင် ပိုက်ဆံသုံးစရာမလိုပေ။
နောက်ပြီး ချင်းလင်စံအိမ် live ပြီးမှ ချင်းလင်စံအိမ်ကိုပိုတောင်အာရုံစိုက်နေကြသည်။ ရေပူစမ်းဆေးမှုန့်ဘယ်တော့ထွက်မလဲ၊ ဘယ်တော့လောက်ဝယ်လို့ရမလဲ လောနေကြ၏။
ထို့ကြောင့် အတော်များများက အချိန်ရတိုင်း ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုဖွင့်ကြည့်ကြသည်။
လင်းလန်ဇီကဗီဒီယိုတင်ခိုင်းသည်နှင့် ပရိသတ်များကသတိထားမိသည်။
"အားလုံးကိုသတင်းကောင်းပြောပါရစေ... ချင်းလင်စံအိမ်ရေပူစမ်းဆေးမှုန့်ကိုစရောင်းပါတော့မယ်... နေရာအသီးသီးမှာ ၂ နာရီအတွင်းတစ်ချိန်တည်းထုတ်ပါမယ်... ကျွန်မတို့ရဲ့ထုတ်ကုန်ကိုယ်စားလှယ်တွေရှိတဲ့ဘယ်ဆိုင်မှာမဆို ဝယ်နိုင်ပါပြီရှင်''
"တစ်ချိန်တည်း နောက် ၂ နာရီအကြာမှာ အင်တာနက်ပေါ်မှာလည်း တစ်သုတ်ရောင်းပေးပါမယ်ရှင်''
ဗီဒီယိုထွက်ထွက်ချင်း အတော်များများကိုမွှေသွားသည်။ မှတ်ချက်ပေးသူ၊ like ပေးသူများလည်း မယုံနိုင်စရာအရှိန်နှင့်တက်နေသည်။
လူများက ချင်းလင်စံအိမ်တရားဝင်အကောင့်နောက်ခံကိုဖွင့်လိုက်ရာ ရေပူစမ်းဆေးမှုန့် link ကိုတွေ့သည်။ သို့သော် link ကိုအခုနှိပ်၍မရသေး။ နောက်ပြန်ရေတွက်သောအချိန်ပါသည်။
သို့ဆိုရင်တောင် အတော်များများက နေရာကြိုယူထားပြီး တချို့ကငြိမ်ငြိမ်ထိုင်ကာ အချိန်ရေတွက်သည်ကိုကြည့်နေကြသည်။
သူတို့မရမှာစိုးသည်။ တစ်စက္ကန့်မှမစောင့်ချင်။ ရေပူစမ်းဆေးမှုန့်ကိုအမြန်ဆုံးလိုချင်သည်။ ဆံပင်ထူထူနှင့်ဒီပြဿနာမရှိသူတွေက သူတို့ခံစားချက်ကိုနားလည်မှာမဟုတ်။
လေးငါးနှစ်အချိန်ကုန်၊ ဆယ်စုနှစ်ချီတောင်ကြာပြီး ဘာနိသင်မှမမြင်ရ။ လူတွေရဲ့ထူးထူးဆန်းဆန်းအကြည့်အောက်မှာနေရတဲ့သူတို့ခံစားချက်ကိုနားလည်ပါ့မလား?
ပေဟိုင် အမှတ် ၁ အထက်တန်းကျောင်း_
ရန်ကျန်းဖန်အလုပ်ပြန်ဝင်နေပြီ။ အရင်နှင့်မတူသည်က သူ့ခေါင်းမှာဆံပင်ထူထူ၊ကြည့်ကောင်းသောဆံပင်ပုံနှင့် အရင်ကမရသမျှအတိုးချသည့်အလား ခေါင်းလိမ်းဆီရွှဲနေအောင်လိမ်းထားလေသည်။
သူ့ပုံစံကြောင့် ကျောင်းသားများစိတ်ဝင်စားကုန်သည်။ ဒီရက်ပိုင်း ကျောင်းမှာထူးဆန်းထွေလာပုံပြင်က ထိပ်ပြောင်ကဆံပင်ထွက်လာသည့်အကြောင်းပင်။
ကျောင်းသားများလုံးဝအံ့ဩကုန်သည်။ ဘာပဲဖြစ်ဖြစ် ရန်ကျန်းဖန်၏မြေထဲပင်လယ်ကိုမြင်ရတာကြာခဲ့ပြီ။ မြေထဲပင်လယ်ကြီးရုတ်တရက်ပျောက်သွားတာအတော်ထူးဆန်းသည်။
အခုကျောင်းသားများ၏အကြည့်ကို ရန်ကျန်းဖန်ကပြုံးပြုံးနှင့်ရင်ဆိုင်နိုင်ပြီ။ သူဆံပင်ထွက်လာပြီးနောက်ပိုင်း သူ့ခံစားချက်၊သူ့စိတ်အခြေအနေကလည်း လုံးဝထူးခြားနေသည်။
ရုံးခန်းထဲပြန်လာပြီးနောက် စားပွဲတွင်ထိုင်ကာ မိုရင်းဖွင့်ပြီး ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုနှိပ်လိုက်သည်။
သူ့ဆံပင်ကမည်းနက်နေသော်လည်း ထိပ်ပြန်ပြောင်မှာစိုးသည်။ ထို့ကြောင့် နေ့စဉ်ထိန်းသိမ်းရန် ချင်းလင်စံအိမ်ရေပူစမ်းဆေးမှုန့်ကိုဝယ်ချင်သေးသည်။ သို့သော် ဒီထုတ်ကုန်ကမထွက်သေး။ ဘယ်အချိန်ထွက်မည်မသိ။ ချင်းလင်စံအိမ်တရားဝင်အကောင့်က အသိပေးဗီဒီယိုတင်ဖို့သာစောင့်နေရသည်။
ဒီတစ်ကြိမ် ချင်းလင်စံအိမ်တရားဝင်အကောင့်ထဲဝင်ဝင်ချင်း သူ့မျက်လုံးများအရောင်တောက်သွား၏။
ထွက်တော့မှာပဲ။
သူကချက်ချင်း ဝယ်ယူမည် link ကိုနှိပ်ပြီး အချိန်စောင့်နေလိုက်သည်။
၂ နာရီကမကြာ၊ မြန်မြန်ဆန်ဆန်ကုန်သွား၏။
ရန်ကျန်းဖန်က အချိန်ကိုလိုက်ရေတွက်နေသည်။ အချိန်ပြည့်ပြည့်ချင်း အမြန်ဆုံးအရှိန်နှင့် ဝယ်ယူမည့် link ကိုနှိပ်ပြီး ဝယ်ယူမည့်အကွက်ထဲဝင်လိုက်သည်။
အကွက်ထဲတွင် အမည်၊ ဖုန်းနံပါတ်၊ လိပ်စာ စသည့်အချက်အလက်များကိုဖြည့်ရသည်။
အချက်အလက်များကို ရန်ကျန်းဖန်ကအမြန်ဆုံးဖြည့်နေသော်လည်း တဝက်တပျက်တွင် ရုတ်တရက်အသိပေးစာပေါ်လာသည်:
"ပစ္စည်းအားလုံးကုန်သွားပါပြီ!''
"ကျွတ်.. ကျွတ်''
ထိုအသိပေးစာကြောင့် ရန်ကျန်းဖန်မျက်နှာပုပ်သိုးသွားသည်။
ဒီလိုဖြစ်မည် သူမထင်မိ။ သူ့အရှိန်မြန်လှပြီထင်နေတာ၊ ဒီလူတွေကလွန်လွန်းတယ်မလား?
တစ်ဖက်တွင် စံအိမ်တစ်ခု၌ ဝမ်တနန်နှင့်သူမိတ်ဆွေဂျာမန်သား Filis Aude က ချင်းလင်စံအိမ်ရေပူစမ်းဆေးမှုန့်ဝယ်ရန်အချိန်စောင့်နေသည်။
နောက်ပြီး ဝမ်တနန်ကသူဌေးဖြစ်၍ လူအများကြီးခေါ်ထားသည်။
စံအိမ်ဧည့်ခန်းထဲတွင် ဖုန်းကိုင်ထားပြီးအသင့်စောင့်နေသောလူများကိုတွေ့နိုင်သည်။
ဒီလောက်လူအများကြီးနဲ့ မရဘူးဆိုတာ သူမယုံ။
ထို့ကြောင့် အချိန်ပြည့်သောအခါ ပေါ်လာသော link ထဲဝင်ပြီး အော်ဒါအမြန်ဆုံးဖြည့်လိုက်သည်။
သို့သော် အချက်အလက်ဖြည့်နေစဉ် အသိပေးစာရလိုက်၏:
"ပစ္စည်းအားလုံးကုန်သွားပါပြီ!''
ထိုအသိပေးစာကြောင့် ဝမ်တနန်မျက်နှာပျက်သွားပြီး တခြားသူများကိုအမြန်အော်လိုက်သည်_
"ရကြလား?''
ထိုလူများကလည်း ကြောင်တောင်တောင်နှင့်ကြည့်ပြီး အမှတ်တမဲ့ခေါင်းခါလိုက်ကြသည်။
သူတို့အစွမ်းကုန်လုပ်ထားသော်လည်း အွန်လိုင်းကလူတွေမြန်လွန်းသည်။
ဝမ်တနန်မနေနိုင်ဘဲ ထဆဲတော့လေသည်။