၁ ဘီလီယံ ပန်းချီကား! ၂
Vol. 55 Ch. 820
အကြောင်းမှာ သူတို့နှစ်ယောက်လုံးက ဝူမျိုးရိုးဖြစ်ပြီး တစ်နေရာတည်းမှဖြစ်သောကြောင့်ပင်။
ဒီတစ်ခေါက် သူ့ကိုယ်ပိုင်နာမည်ကျော်အနုပညာကုမ္ပဏီရှိရာမြို့မှ ချက်ချင်းအပြေးလာခဲ့သည်။
ဝူဟန်ကကိရိယာသေတ္တာနှင့် ဘူတာမှထွက်လာပြီး တန်းစီကာ ကားပေါ်တက်လိုက်သည်။
"လူကြီးမင်း... ဘယ်သွားမှာလဲ?''
ဒရိုင်ဘာကနောက်ပြန်လှည့်ပြီး အပြုံးနှင့်မေးသည်။ သူကစိတ်ထားကောင်းသူဖြစ်၍ ခရီးများသဘောကျကြ၏။
ရုံချန်းတက္ကစီဒရိုင်ဘာနှင့်အွန်လိုင်းတက္ကစီဒရိုင်ဘာမှာ ရုံချန်းတွင်အလုပ်အဖြစ်ဆုံးဖြစ်လာသည်။ ခရီးသည်မပို့ခင် သူတို့ကိုလေ့ကျင့်ပြီး ရုံချန်းအစိုးရမှာစာရင်းသွင်းခိုင်းသည်။
စီရင်စုထဲတွင် တိုင်စာစနစ်တောင်ရှိသည်။ လတိုင်း ခရီးသည်အတိုင်ခံရသောဒရိုင်ဘာက စီရင်စုကိုသွားပြီး ခရီးသည်ကိုဘယ်လိုဆက်ဆံရမည်၊ ဘယ်လိုမှန်မှန်ကန်ကန်ဝန်ဆောင်မှုပေးရမည်၊ ခရီးသည်များမပြန်ချင်လောက်သောခရီးသွားမြို့တော်ကိုဘယ်လိုဖန်တီးရမည်ဖြစ်ကြောင်း လေ့လာသင်ယူရသည်။
ယာဉ်မောင်းလိုင်စင်သိမ်းခြင်းထက် သင်ယူရခြင်းကပိုဒုက္ခများသည်ဟုဆိုနိုင်သည်။
နောက်ပြီး တစ်လတည်းနှစ်ခါအတိုင်ခံရလျှင် သင်ယူရရုံသာမက ဝန်ဆောင်မှုလည်းတစ်ပတ်နားရသည်။ ရထားဘူတာ ဒါမှမဟုတ် လမ်းပေါ်တွင် ခရီးများကိုအခမဲ့ဝန်ဆောင်မှုပေးရသည်။
တစ်လသုံးကြိမ်အတိုင်ခံရရင်တော့ စိတ်မကောင်းပါ။ သင့်အချက်အလက်များ၊ လိုင်စင်များကိုပြန်လည်ရုပ်သိမ်းမည်။ မဟုတ်ရင် ခရီးသည်တစ်ယောက်ပြီးတစ်ယောက် စိတ်ပျက်ကုန်လိမ့်မည်။
တခြားမြို့ကတက္ကစီဒရိုင်ဘာများသာဒီလိုကြုံရရင် ဆန္ဒပြကြလိမ့်မည်။ အလွန်ဆုံး အလုပ်မလုပ်ရရုံသာ။
သို့ရာတွင် ချင်းလင်စံအိမ်ခရီးသည်အရေအတွက်အရ ဒရိုင်ဘာတစ်ဦးလျှင် တစ်လယွမ် ၂၀၀၀၀ မှ ၃၀၀၀၀ ဝင်ပြီး ဝီရိယကောင်းသူမှာ ဒီထက်မကရနိုင်သည်။
ဘယ်သူက လက်လျှော့ချင်မလဲ?
ချင်းလင်စံအိမ်ရှိနေသရွေ့ စီရင်စုတွင်မှတ်ပုံတင်ထားသောတက္ကစီဒရိုင်ဘာများ၊ အွန်လိုင်းတက္ကစီဒရိုင်ဘာများမှာ လူများအားကျရလောက်သောအမာခံထမင်းအိုးရှိမည်ဟုတောင် ရုံချန်းကသတင်းလွှင့်ထားသည်။
"ကားဆရာ... ချင်းလင်အပန်းဖြေစံအိမ်ကိုမောင်းပေးပါ''
ဒရိုင်ဘာ၏အမေးကို ဝူဟန်ဖြေလိုက်သည်။
သူ့စကားကြောင့် ဒရိုင်ဘာအံ့ဩသွားသည်။
ရုံချန်းမှာ ချင်းလင်အပန်းဖြေစံအိမ်ကိုမသိသူမရှိ။
သို့ရာတွင် ချင်းလင်အပန်းဖြေစံအိမ်မှာလူတိုင်းဝင်မရသောကြောင့် ရုံချန်းသားများကအဝေးမှသာကြည့်ရသည်။ နောက်ပြီး ချင်းလင်အပန်းဖြေစံအိမ်ထဲဝင်နိုင်သူက လုံးဝသာမန်လူမဟုတ်မှန်း အားလုံးသိကြသည်။ သာမန်လူများဝင်မရပေ။
အခု ဒီလူကြီးကချင်းလင်အပန်းဖြေစံအိမ်ကိုတန်းသွားချင်တယ်ဆိုတော့ သာမန်လူလုံးဝမဟုတ်။
ဒရိုင်ဘာကချက်ချင်း အားတက်သရော၊လှိုက်လှိုက်လှဲလှဲနှင့်_
"ဆရာကြီး... ထိုင်ပါ ထိုင်ပါ!''
ခရီးသည်တွေတိုင်ရင် တော်သေးသည်။ ချင်းလင်အပန်းဖြေစံအိမ်ရဲ့ဧည့်သည်တိုင်တာခံရရင် သေချာပေါက်ထမင်းအိုးကွဲပြီ။
ကားကဘူတာမှထွက်ပြီး ရုံချန်းထဲဝင်လာသည်။ ဝင်လာလာချင်း လတ်လတ်ဆတ်ဆတ်လေကို ဝူဟန်ခံစားမိသည်။
ရုံချန်းရဲ့လေထုက အင်တာနက်မှာပြောကြသလို တကယ်ကောင်းတာပဲ။
သန့်စင်မြက်က တကယ်အံ့ဩစရာ။
မြို့လမ်းအတော်များများကို ပြန်လည်ပြင်ဆင်နေပြီး ချင်းလင်ဓာတ်ခွဲခန်း၏သန့်စင်မြက်များစိုက်နေသည်။
ထို့ကြောင့် သူမျှော်လင့်မိသည်။
ချင်းလင်ဓာတ်ခွဲခန်းရဲ့သန့်စင်မြက်က ပေကျင်းရဲ့လေအရည်အသွေးကိုပိုကောင်းစေရင် ပေကျင်းနေလူထု ၂၅ သန်းက ချင်းလင်ဓာတ်ခွဲခန်းနဲ့ပါမောက္ခလီခိုင်ကိုကျေးဇူးတင်ရလိမ့်မည်။
ချင်းလင်အပန်းဖြေစံအိမ်ရောက်ခါနီးတွင် ဝူဟန်က ဝူခိုင်ကိုဖုန်းဆက်လိုက်သည်။ တက္ကစီက ချင်းလင်အပန်းဖြေစံအိမ်ရောက်သောအခါ ဆရာကြီးဝူခိုင်က ဝင်ပေါက်တွင်အသင့်စောင့်နေသည်။
လုံခြုံရေးအစောင့်ကစာရင်းသွင်းပြီးနောက် ဝူခိုင်က ဝူဟန်ကိုအထဲခေါ်လာသည်။
အပန်းဖြေစံအိမ်ထဲဝင်ပြီး ဝူဟန်ကအားကျပုံနှင့်ပြောသည်_
"ဆရာကြီးဝူခိုင်... ခင်ဗျား ချင်းလင်အပန်းဖြေစံအိမ်ကိုလာပြီး ဒီလောက်အချိန်တိုအတွင်းမှာ ပန်းချီဆွဲနိုင်တာမအံ့ဩတော့ပါဘူး''
"ဒီကလေ ဒီကပတ်ဝန်းကျင်က နတ်ပြည်ကျနေတာပဲ... ဒီမှာဘာပဲလုပ်လုပ် ရလဒ်ကနှစ်ဆပိုကောင်းလိမ့်မယ် ဟုတ်လား? ကျုပ်နှစ်ခါလျှောက်ပြီးအပယ်ခံရတာ နှမြောစရာပဲဗျာ''
ဒီအတွက် ဝူခိုင်လည်းမတတ်နိုင်။ ချင်းလင်အပန်းဖြေစံအိမ်၏စည်းမျဉ်းကို သူသိသည်။ ဒီနေရာမှာအဆင့်အတန်းရှိ၊စံချိန်ရှိပြီး တော်ဝင်ပညာရှင်များရှိသည်။ ဒီနေရာမှာနေဖို့ ဘယ်အဆက်အသွယ်ကိုမှ အားကိုးလို့မရ။
မဟုတ်လို့ လူတိုင်းကပြောလာရင် စည်းမျဉ်းတွေလုံးဝသွေဖယ်သွားလိမ့်မည်။
စည်းကမ်းဖောက်တာ မယဉ်ကျေးရာကျသည်။ လောကဝတ်တွေကိုနားလည်ထားသရွေ့ ဒီလိုမယဉ်ကျေးသည့်အရာမျိုး သူလုပ်မည်မဟုတ်။
"ဝူဟန်... ခဏနေ သူဌေးချင်ကိုမြင်ရင် မလန့်သွားနဲ့နော်!''
ဝူခိုင်က ဝူဟန်နှင့်အတူလမ်းလျှောက်ရင်း သတိပေးလာသည်။
"ဆရာကြီးဝူခိုင်''
ဝူဟန်ကရယ်ပြီး_
"ချင်းလင်စံအိမ်ပိုင်ရှင်က ဒဏ္ဍာရီဆန်တယ် အဆင့်အတန်းမြင့်တယ်ဆိုပေမဲ့ ကျုပ်ကလည်းအရွယ်ရနေပါပြီ... လူကိုမြင်လို့လန့်ပါ့မလား?''
ဝူခိုင်က ဝူဟန်ကိုချင်လင်ဆီခေါ်သွားကာ_
"သူဌေးချင်... သူကနာမည်ကျော်ပန်းချီကားဘောင်သွင်းဆရာဝူဟန်ပါ! ဝူဟန်... ဒါချင်းလင်အပန်းဖြေစံအိမ်ရဲ့သူဌေးချင်ပဲ''
ချင်လင်ကိုမြင်ပြီး ဝူဟန်ကြောင်သွားသည်။ သူ့မျက်နှာမှာ အံ့ဩမှုကအတိုင်းသား။
ဝူခိုင်ပြောတာ သူသဘောပေါက်ပြီ။ ဘယ်လိုလုပ်ပြီး ဒီလောက်ငယ်ရတာလဲ?
"ဆရာဝူ... ဒီတစ်ခါဒုက္ခပေးမိပြီ''
ချင်လင်လည်းပြုံးပြီး ဝူဟန်ကိုလက်ဆွဲနှုတ်ဆက်သည်။
ဒီတော့မှ ဝူဟန်ကအသိပြန်ဝင်လာ၏။
ထို့နောက် ချင်လင်က ဝူဟန်နှင့်ဝူခိုင်ကို ဝူခိုင်၏ပန်းချီကားရှိရာဧည့်ခန်းထဲခေါ်သွားသည်။
ဝူဟန်ကဧည့်ခန်းထဲရောက်သောအခါ ပြစင်ကိုလုံးဝစိတ်ဝင်စားသွားသည်။ မှန်သားအကြည်နှင့်လုပ်ထားပြီး အထဲတွင်ပန်းချီကားနှစ်ချပ်ရှိသည်။
"ဆရာကြီးဝူခိုင်... ဒီပန်းချီကားနှစ်ချပ်လား?''
ဝူဟန်ကမနေနိုင်ဘဲ ပြစင်အရှေ့လျှောက်လာသည်။ ဗန်ဂိုးနှင့်ပီကာဆို၏ပန်းချီကားနှစ်ချပ်က အနုပညာလောကမှာပြန့်နေသော်လည်း အပြင်လူတွေမသိသေး။
မဟုတ်ရင် ဒီပန်းချီကားနှစ်ချပ်လုံး လူတစ်ယောက်တည်းရဲ့လက်ထဲပေါ်လာတာ ပန်းချီအကြောင်းနည်းနည်းပါးပါးနားလည်သောဘယ်သူမဆို အံ့အားသင့်သွားမည်။
ချင်လင်က ဝူခိုင်၏စံအိမ်ပန်းချီကားကိုယူပြီး ဝူဟန်ဆီပေးလိုက်သည်။
ဝူဟန်မှာလက်အိတ်ဝတ်ထားလေပြီ။ ချင်လင်၏အလိုက်သင့်ပုံနှင့်စာလျှင် သူကအများကြီးပိုပြီးပညာရှင်ဆန်သည်။ သူကပန်းချီကားကိုဂရုတစိုက်ဖြန့်လိုက်သည်။ ပန်းချီကားကိုမြင်သောအခါ အမှတ်တမဲ့ဝူခိုင်ကိုကြည့်ပြီး_
"ဆရာကြီးဝူခိုင်... လက်ရာတက်သွားတာလား?''
သူအံ့ဩလည်း အံ့ဩစရာ။ ဒီပန်းချီကားက ဆရာကြီးဝူခိုင်၏အရင်လက်ရာများနှင့်ကွာနေသည်။ အနုပညာနှင့်လက်ရာကြောင့် ပန်းချီကားကအသက်ဝင်နေသလို ရသမြောက်နေသည်။
"ဒါငါလက်ရာတက်ပြီး ပထမဆုံးလက်ရာပဲ... သူဌေးချင်ကိုပေးထားတာ''
ဝူခိုင်က ခေါင်းညိမ့်လိုက်သည်။
ဝူဟန်အသံတိတ်သွား၏။ ဆရာကြီးဝူခိုင်ရဲ့ပန်းချီကား ဘယ်လောက်အဖိုးတန်လဲသူသိသည်။ အမြင့်ဆုံး သန်း ၃၀၀ အထိရောင်းနိုင်သည်။ အခုလက်ရာတက်သွားတော့ သေချာပေါက်စျေးထပ်တင်နိုင်သည်။ အထူးသဖြင့် လက်ရာတက်ပြီးပထမဆုံးလက်ရာဖြစ်နေသည်။
ဝူခိုင်ရဲ့အရွယ်နဲ့ သူ့ပန်းချီလက်ရာကအမြင့်ဆုံးအချိန်ရောက်နေပြီ။ သူကွယ်လွန်သွားရင် ဒီပန်းချီကားက လက်ရာမြောက်အနုပညာအဖြစ်သတ်မှတ်ခံရပြီး သူ့တန်ဖိုးကပိုတက်လာဦးမည်။
နောက်ပြီး ပန်းချီကားရဲ့အနုပညာအယူအဆနဲ့ရုပ်လုံးကြွပုံက ဆရာကြီးဝူခိုင်ထပ်ဆွဲရင်တောင် ဒီအဆင့်ရောက်ဖို့မသေချာ။
ဘာပဲဖြစ်ဖြစ် ပန်းချီဆွဲသူက ဈာန်ဝင်စားဖို့လည်းလိုသေးသည်။
ဆရာကြီးဝူခိုင်က ပန်းချီကားကိုဒီလိုပဲပေးလိုက်သည်။ ပုံမှန်အခြေအနေအတိုင်းဆို ပန်းချီဆရာက သူ့ဘာသာသိမ်းထားတတ်သည်။
ဝူဟန်က ဘောင်ခတ်ကျွမ်းကျင်သည်။ ပန်းချီကားကိုယူပြီး သူသယ်လာသောကိရိယာသေတ္တာဖွင့်ကာ ပန်းချီကားကိုဘောင်ခတ်သည်။ သူက သေသေချာချာ၊ဂရုတစိုက်နှင့်လုပ်သည်။
အချိန်နည်းနည်းကြာပြီးနောက် ဝူခိုင်၏ပန်းချီကားကိုဘောင်ခတ်ပြီး ချင်လင်ဆီပေးလိုက်သည်။
ချင်လင်ကတုံ့ဆိုင်းခြင်းမရှိဘဲ ဧည့်ခန်းထဲမှပြခန်းဖွင့်ကာ ဝူခိုင်၏ပန်းချီကားကိုထည့်လိုက်သည်။ ထို့နောက် ပန်းချီကားသုံးချပ်ကိုအတူတူနေရာချ၏။
ထိုမြင်ကွင်းကြောင့် ဝူဟန်ကမအံ့ဩမနေနိုင်။ သူကရှေ့တိုးပြီး ပန်းချီကားသုံးချပ်ကိုဗီဒီယိုရိုက်ထားလိုက်သည်။
ဘာပဲဖြစ်ဖြစ် ပန်းချီကားစုဆောင်းသူတွေ ဒီပန်းချီကားသုံးချပ်ကိုတစ်ခါတည်းရဖို့မဖြစ်နိုင်။ ဗန်ဂိုးနှင့်ပီကာဆို၏လက်ရာမြောက်ပန်းချီကားအနည်းငယ်သာရှိသည်ကိုပြောစရာမလိုတော့။ ချင်းလင်စံအိမ်ပိုင်ရှင်အပြင် စုဆောင်းသူတစ်ယောက်တည်းတွင် တခြားပန်းချီကားနှစ်ချပ်ရှိဖို့မဖြစ်နိုင်ချေ။
နောက်ပြီး ဆရာကြီးဝူခိုင်တိုးတက်လာသောလက်ရာကို တခြားသူများမစုဆောင်းနိုင်။ ဒီပန်းချီကားသုံးချပ်လုံးအတူတူရှိနေတာ အံ့ဖွယ်၊ ဘယ်နေရာမှာမှမမြင်နိုင်သောအံ့ဖွယ်ပင်။
အထူးသဖြင့် ပန်းချီကားတန်ဖိုးဖြစ်သည်။
ဒီပန်းချီကားသုံးချပ်၏စုစုပေါင်းတန်ဖိုးကို တစ်ဘီလီယံကျော်နှင့်လေလံဆွဲနိုင်သည်။
တစ်ဘီလီယံဆိုတာ? ပြတိုက်ငယ်တစ်ခုကပစ္စည်းတွေအကုန်ပေါင်းရင်တောင် တစ်ဘီလီယံမပြည့်နိုင်။
ပြီးတော့ ဒီလောက်အဆင့်အတန်းရှိတဲ့ပန်းချီကားသုံးချပ်ကို သာမန်လူတွေမြင်ချင်တိုင်းမမြင်နိုင်ပေ။
အခု ချင်းလင်အပန်းဖြေစံအိမ်သို့ဧည့်သည်လာတိုင်း ဧည့်ခန်းထဲဝင်လိုက်သည်နှင့်တွေ့နိုင်သည်။
ဘယ်လောက်ခမ်းနားလိုက်လဲ? အဆင့်အတန်းကမိုးထိမြင့်။
ဧည့်ခန်းထဲမှာ တစ်ဘီလီယံတန်ကိုပြထားတယ်လို့ ဘယ်နေရာကများပြောရဲလဲ?