အပိုင်း (၁၂၃၇)
Vol. 84 Ch. 1237
အထူးတာဝန် နှစ်ခုသည် သိုင်းအင်ပါယာကိုးယောက်နှင့် ပတ်သက်ဆက်နွယ်လျက် ရှိနေ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ငရဲကြီးကိုးထပ်ထဲသို့ ချိုးဖြတ်ဝင်ရောက်သွားမှ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်ပင် သူသည် တည့်တည့်ပင် ဝန်ခံလိုက်ခြင်းပင် ဖြစ်တော့၏။
“အစ်ကိုကြီး... ကျုပ်တောင်းပန်ပါတယ်။ မြန်မြန် ကျုပ်ကို ထောင်ထဲသာပို့လိုက်ပါ”ဟု ဆိုလိုခြင်းပင်ဖြစ်သည်။
တရားသူကြီးသည် ကြောင်အသွားခဲ့တော့၏။ သူသည် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ပြီးသည့်နောက် မှာတော့ ပြဿနာရှာသည့်လူပေါင်းများစွာကို တွေ့ရှိခဲ့ဖူး၏။ ထို့ကြောင့် ၎င်းတို့အား သေသေချာချာ စစ်ဆေး မေးမြန်းပြီးသည့်နောက်မှာတော့ အကြောင်းပြချက်မျိုးစုံကို ရှာဖွေကာ ဝန်မခံတတ်သည့်သူများသာ ဖြစ်ကြောင်း လက်တွေ့မြင်ပြီးဖြစ်၏။
ယခုဤလူငယ်မှာတော့ လွယ်လွယ်ကူကူနှင့် ဝန်ခံလျက် ရှိနေတော့သည်။ သာမန်အတိုင်း ပြုလုပ်၍ မရနိုင်ဘူးလား။ သူသည် ချီးကျူးလိုက်မိသည်။ “မင်းရဲ့ ကောင်းမွန်တဲ့ အမူအကျင့်ကို မြင်ရတော့ အပြစ်ဒဏ်ကို လျော့ချပေးဖို့ ငါစဉ်းစားပေးမယ်”
ဤကဲ့သို့ ဝန်ခံမှုဆိုသည်မှာ ချီးကျူးသင့်သော အရာပင် ဖြစ်တော့၏။ ထို့ကြောင့် တချို့သောအရာ များကို ပြန်လည်ခံစားခွင့် ပေးအပ်မှ ဖြစ်ပေလိမ့်မည်။ သူသည် ငြင်းဆန်ပုန်ကန်တတ်သည့် လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ရသူဖြစ်သည်မို့ ဤကဲ့သို့ စိတ်ထားမှန်လှပြီး ရိုးရိုးသားသားဖြင့် ဝန်ခံတတ်သည့်လူများကို မြင်ရသည့် အချိန်မှာတော့ ဘယ်လိုမှ မနေနိုင်တော့ချေ။ ထို့ကြောင့် အများကြီး ဆက်လက်ကာ မေးမြန်းစစ်ဆေးနေစရာပင် မလိုတော့ပေ။
..............
ကျွင်းချောင်ရှောင်း၏ မျက်နှာတစ်ခုလုံး၌ (?) အမှတ်အသားများဖြင့် ဖြစ်တည်လာခဲ့သည်။
အမ်...မဟုတ်သေးပါဘူး။ ငါက ဝန်ခံလိုက်တာလေ။ ဘာလို့ ပြစ်ဒဏ်ကို လျော့ပေါ့ပေးမယ်လို့ ပြောနေရတာလဲ။
ဤကဲ့သို့ ဖြစ်မည်မှန်းသိမည်ဆိုပါက ကျိန်းသေပေါက် သူသည် မောက်မာသည့် ဟန်ပန်အမူအရာများကို လုပ်ကာ တစ်ဖက်လူမေးသမျှကို ဘက်ကန်ကာ ပြောဆိုနေမိလိမ့်မည်။
“နောက်မကျသေးဘူး”
ကျွင်းချောင်ရှောင်းသည် သူ၏ ရိုင်းစိုင်းမှုနှင့် မောက်မာမှု ပုံစံများကို ပြသရန်ပြင်ဆင်လိုက်၏။
ထိုအချိန်မှာပဲ တရားသူကြီးက ပြောဆိုလိုက်သည်။ “ကျုပ်ရဲ့ စစ်ဆေးမှုအရဆိုရင် သံမဏိသိမ်းငှက် ကုန်းမြေတိုက်ရဲ့ ကျင့်ကြံသူက မင်းကို အကြိမ်ပေါင်းများစွာ ရန်စခဲ့တယ်”
ကြယ်ကောင်းကင်ခံတပ်ကြီးသည် အရာကိစ္စများအားလုံးကို စီမံခန့်ခွဲရသည့်တာဝန်ကို ပြုလုပ်ထားသည် ဆိုသော်လည်း အကြောင်းအရာများကို စုံစမ်းစစ်ဆေးနိုင်၏။ ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်း၏ လုပ်ရပ်များနှင့် ဖြစ်ပေါ်လာသည့် အကျိုးအကြောင်းများကို သူတို့ ကောင်းကောင်းသိရှိကြ၏။
“စားသောက်ခန်းကို ပြန်တဲ့အချိန်မှာ မင်းကို သူက တားဆီးထားတယ်။ မင်းအနေနဲ့ တောက်လျှောက်ကြီး ရန်စခံရတဲ့အချိန်မှာ သည်းမခံနိုင်ဘူး”
တရားသူကြီးသည် စုတ်တံကို အသာယူကာဖြင့် အကျိုးအကြောင်းများကို ရေးလိုက် တော့၏။ “မင်းကို အပြစ်ဝန်ခံခြင်းအခန်းထဲမှာ ခုနှစ်ရက်တိတိ ချုပ်နှောင်ထားဖို့ ငါ ဆုံးဖြတ်လိုက်ပြီ”
“မဟုတ်သေးပါဘူး”
ကျွင်းချောင်ရှောင်းသည် တစ်စုံတစ်ခု ပြောရန်ပြင်လိုက်သည့်အချိန်မှာပဲ အနောက်ဘက်တွင် ရှိနေသော စစ်သည်များသည် သူ့အား ဆွဲမလိုက်ကြ၏။
ချီးတဲ့မှ... ငါက ငရဲကြီးကိုးထပ်မှာ အဖမ်းခံရချင်တာလေ။ ဘယ်လိုဖြစ်ပြီးတော့ အပြစ်ဝန်ခံခြင်းအခန်းထဲ သွားနေရမှာလဲ။ မဟုတ်သေးဘူး။ ဒါ ကျိန်းသေပေါက် မဟုတ်သေးဘူး။
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီးဖြင့် တစ်စုံတစ်ခုကို ပြုလုပ်ကာ သူ၏အပြစ်အား ပိုမိုတိုးတက်အောင် ပြုလုပ်ရန် ပြင်လိုက်သည့်အချိန်မှာပဲ အဘိုးအိုတစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “ဆရာ... အရှေ့မှာ ရှမ့်ယုဟန်ဆိုတဲ့ ကျင့်ကြံသူတစ်ယောက်က ဆရာ့ကို တွေ့ချင်လို့တဲ့”
“ရှမ့်ယုဟန် ဟုတ်လား။ သူ ဘာလို့ ဒီကို ရောက်လာတာလဲ” ကုန်းရှန့်သည် ဆွံ့အသွားမိ၏။
ရှမ့်ယုဟန်သည် တခြားသော စစ်သည်များနှင့်အတူ ရှေ့ဆီသို့ ရောက်ရှိလာ၏။ သူသည် ဂိုဏ်းချုပ်ကို အရင်ဆုံး လှမ်းကြည့်ပြီးသည့် နောက်မှာတော့ တရားသူကြီးအား ရိုရိုသေသေဖြင့် ဂါရဝ ပြုလိုက်သည်။ “နှုတ်ဆက်ပါတယ် တရားသူကြီးကျိ”
“ဘာဖြစ်လို့လဲ” တရားသူကြီးကျိက မေးလိုက်သည်။
ရှမ့်ယုဟန်က ပြောလိုက်၏။ “သူ့ကို လာရွေးချင်လို့ပါ”
“ဘယ်သူ့ကိုလဲ”
“ကျွန်တော်ရဲ့ဂိုဏ်းချုပ်ကိုပါ” ရှမ့်ယုဟန်သည် သူ့အား လက်ညှိုးထိုးကာ ပြောလိုက်တော့သည်။
“........”
ဤစကားများကို ကြားရသည့်အချိန်မှာတော့ ကုန်းရှန့်သည် သွေးများ အန်ထွက်လုမတတ်ပင် ဖြစ်သွား၏။ “ငါက အကောင်းဆုံးကြိုးစားပြီးတော့ ထောင်ထဲရောက်အောင် သွားနေတယ်လေ။ မင်းက ဘယ်လိုဖြစ်ပြီး ငါ့ကို လာထုတ်ရတာလဲ”
“အင်း”
စနစ်က သက်ပြင်းချလိုက်သည်။ “လက်ခံသူရဲ့ ထောင်ထဲကိုသွားမယ့် အကြံအစည်ကတော့ လုံးဝကို ပျက်စီးသွားပြီပဲ”
ပထမဆုံးက သူသည် ကောင်းမွန်စွာ ဝန်ခံတတ်သည့် အမူအကျင့်ကြောင့် တရားသူကြီးက သဘောကျပြီး ပေါ့လျော့သည့်ပြစ်ဒဏ်ကိုသာ ပေးအပ်ခဲ့သည်။ ယခု သူ၏ တပည့်သည် များပြားလှသည့်ပိုက်ဆံများကို အသုံးပြုပြီးသည့်နောက် အဆက်အသွယ်များနှင့် ချိတ်ဆက်ကာ သူ့အား ထောင်ထဲမှထုတ်ရန် ပြင်ဆင်လာခဲ့သည်။ ကုန်းရှန့်သည် ရင်ထဲတွင် နာကျင်နေမိ၏။ သို့ပေမဲ့ ဘာတစ်ခုမှ ပြော၍ မရနိုင်ခဲ့ချေ။
“တရားသူကြီးကျိ”
ရှမ့်ယုဟန်သည် အရှေ့ဆီသို့ လှမ်းလျှောက်လာပြီးသည့်နောက် စားပွဲပေါ်သို့ သိုလှောင်လက်စွပ် တစ်ကွင်းကို တင်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကျေးဇူးပြုပြီး ဒါကို လက်ခံပေးပါ”
သူသည် အလွန်ပင် လူရေလည်သောလူတစ်ယောက်ပင်ဖြစ်သည်။
“...........”
ကျွင်းချောင်ရှောင်းသည် စစ်သည်များ၏ ချုပ်နှောင်ထားမှုမှ ရုန်းထွက်ပြီး ရှန့်ယုဟန်အား အင်္ဂါဂြိုဟ်ပေါ်ရောက်သည်အထိ ကန်ထုတ်ချင်စိတ်ပင် ပေါက်မိနေသည်။
“ရိုင်းစိုင်းလိုက်တာ”
ရုတ်တရက် တရားသူကြီးကျိသည် မတ်တပ်ထရပ်ပြီးသည့်နောက် စားပွဲကို ဘုန်းကနဲ ထုလိုက်၏။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ် ဒီနေရာကို တာဝန်ယူပြီးကတည်းက စည်းမျဉ်း စည်းကမ်းအတိုင်း အရာအားလုံးကို ပြုလုပ်ခဲ့တယ်။ တစ်ချက်ကလေးမှ လာဘ်ပေးလာဘ်ယူကြောင့် ဥပဒေကို ဖယ်ရှားခဲ့တာမျိုး မရှိဘူး။ မင်းက အခု ငါ့ရဲ့ဂုဏ်သိက္ခာကို စော်ကားချင်တာကြောင့် ပိုက်ဆံတွေ လာပေးနေတာလား”
“အင်း”
နောက်ဘက်တွင် ရှိနေသော အဘိုးအိုသည် ဦးခေါင်းကို ခါယမ်းလိုက်၏။ တစ်ဖက်လူသည် တရားလူကြီး ကျိကို လာရောက်ရှာဖွေချိန်တွင် ဤကဲ့သို့ ပြုလုပ်၍ မရကြောင်း သူအထပ်ထပ် မှာကြားခဲ့၏။ သို့ပေမဲ့ တစ်ဖက် လူက နားမထောင်ခဲ့ချေ။ အဆုံးသတ်မှာတော့ တရားသူကြီးကျိအား ဒေါသထွက်စေခဲ့သည်။
တရားသူကြီးကျိသည် အလွန်တရာ ရိုးသားလှသောလူတစ်ယောက်ဖြစ်၏။ သူသည် အဆက်အသွယ်များကို အသုံးပြု၍ အနောက်ပေါက်တံခါးဆီမှ ရောက်ရှိလာကာ လာဘ်ငွေများ ပေးအပ်သည့်လူများကိုလည်း အလွန်တရာ မုန်းတီးလှသူဖြစ်၏။
သူသည် ပိုက်ဆံများကို ပေးအပ်ကာ ထောင်သားများကို ထုတ်ယူတတ်သည့်စနစ်ကိုပင် သဘောမကျကြောင်း ခံတပ်သခင်ကိုပင် ပြောဆိုခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ဤမိစ္ဆာလိုလူများအား အပြင်ဘက်သို့ စေလွှတ်လိုက်ခြင်းဆိုသည်မှာ လောကတွင်ရှိနေသော သက်ရှိများအားလုံးအတွက် ဘေးအန္တရာယ်ကို ယူဆောင်ပေးစေခြင်းနှင့်ပင် တူညီပေလိမ့်မည်။ ထို့ကြောင့် ရှမ့်ယုဟန်တစ်ယောက် ပိုက်ဆံများကို ပေးအပ်သည်ကို မြင်လိုက်သည့်အချိန်မှာတော့ သူသည် အလွန်တရာ ဒေါသထွက်သွားခဲ့၏။
“ကျွန်...ကျွန်တော်၊ ကျွန်တော်” ရှမ့်ယုဟန်သည် အနည်းငယ် ဆွံ့အသွားခဲ့သည်။
ဖောင်း
တရားသူကြီးကျိသည် စားပွဲကို ထုနှက်ကာ ကြေညာလိုက်၏။ “ခံတပ်မှာ စည်းမျဉ်းစည်းကမ်းဆိုတာရှိတယ်။ ဒီ စည်းမျဉ်းစည်းကမ်းကို ချိုးဖြတ်တဲ့လူတွေ အကုန်လုံးက ကြီးမားတဲ့အပြစ်ပေးမှုကို ခံရတယ်။ သူတို့ နှစ်ယောက်ကို ငရဲကြီးကိုးထပ်ရဲ့ တူညီတဲ့အဆင့်တစ်ခုမှာ ချုပ်ထားလိုက်”
“ကောင်းပါပြီ”
ဖြောက် ဖြောက် ဖြောက် ဖြောက်
စစ်သည်များသည် အရှေ့သို့ လှမ်းတက်လာပြီးသည့်နောက် ကြောင်အလျက်ရှိနေသော ရှမ့်ယုဟန်ကို ဖမ်းချုပ် လိုက်တော့သည်။ ပြီးနောက် ရှမ့်ယုဟန်နှင့် ကျွင်းချောင်ရှောင်းတို့အား ထောင်ထဲသို့ ခေါ်ဆောင်သွားတော့သည်။
“ဂိုဏ်းချုပ်... ကျွန်တော် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာ ….”
“မပြောနဲ့တော့”
ရှမ့်ယုဟန်သည် မည်သည့်စကားမှ မဆိုတော့ချေ။
စနစ်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ထပ်မံ၍ ပါးပိတ်ခံလိုက်ရပြန်ပြီ မဟုတ် ပါလား။
..........
စစ်ဆေးရေးခန်း၏ မနီးမဝေး တည်နေရာမှာတော့ မြေအောက်ထောင်ထဲဆီသို့ သွားနိုင်သည့် လမ်းကြောင်းတစ်ခု တည်ရှိနေ၏။ ကျွင်းချောင်ရှောင်းနှင့် ရှမ့်ယုဟန်တို့သည် အကျဉ်းသားများကဲ့သို့ပင် ခေါ်ဆောင်လာခြင်း ခံရတော့ သည်။ ၎င်းတို့သည် ဤလမ်းကြောင်းအတိုင်း အောက်ဆီသို့ မီတာတစ်ရာနီးပါး ဆင်းသက်ပြီးသည့်နောက်မှာတော့ ထူးခြားသည့်ပစ္စည်းများဖြင့် ဖန်တီးပြုလုပ်ထားသော ကျောက်တံခါး၏ တစ်ချပ်ရှေ့သို့ ရောက်ရှိသွားခဲ့၏။
“မင်းတို့ရဲ့ ထောင်ဝတ်စုံတွေကို လဲလိုက်တော့။ တံခါးဖွင့်”
ကျွီ ကျွီ
ကြီးမားလှသော ကျောက်တံခါးကြီးသည် ဖြည်းညှင်းစွာဖြင့် ပွင့်သွားတော့၏။ မျဉ်းကျားပုံသဏ္ဍာန် အကျဉ်းသား ဝတ်စုံများကို ပြောင်းလဲဝတ်ဆင်ပြီး ဖြစ်နေသော ကျွင်းချောင်ရှောင်းနှင့် ရှမ့်ယုဟန်တို့သည် ထောင်ထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။
တစ်ယောက်သည် ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်ဖြစ်ပြီး တစ်ယောက်မှာတော့ မျက်မှောင်ကြုတ်လျက် ရှိနေသည်။
ကျွီ ကျွီ
ထိုနှစ်ယောက် အထဲဆီသို့ ဝင်ရောက်ပြီးသည့်နောက် အကျဉ်းတံခါးကြီးသည် ထပ်မံကာ ပိတ်သွားတော့၏။ ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် မဲမှောင်သွား၏။
ရွှီး
အလင်းတန်းများသည် တည်နေရာထဲတွင် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ငရဲပြည်၏ ပထမဆုံးအဆင့် ဖြစ်ကြောင်း အသိအမှတ်ပြုသည့်စာတမ်း ပေါ်ပေါက်လာတော့သည်။
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်သည် သူ့ကိုယ်သူ အပြစ်တင်လိုက်တော့၏။ “ကျွန်တော် … ကျွန်တော်လုပ်တာ ပိုပြီးတော့”
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် မည်သို့မှ သည်းမခံနိုင်တော့ချေ။ အားရပါးရ ထ၍ ရယ်မောလိုက်တော့၏။ သူ၏တပည့် သည် အသုံးမကျသည့် လူတစ်ယောက်ဖြစ်သည်ဟု သူတွေးထင်ထားခဲ့၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ သူတပည့် ၏လုပ်ရပ်ကြောင့်ပင် သွားချင်သည့်နေရာသို့ ရောက်ရှိလာခဲ့ရသည်။
“ယုဟန်”
ကျွင်းချောင်ရှောင်းသည် ရှမ့်ယုဟန်၏ ပခုံးပေါ်သို့ လက်တင်ကာ ချီးကျူးလိုက်မိ၏။ “ငါဖြစ်စေချင်တဲ့ အတိုင်း ထောင်ထဲရောက်လာတဲ့အတွက် မင်းကိုငါ ကျေးဇူးအရမ်းတင်တယ်”
ရှမ့်ယုဟန်သည် ဆွံ့အသွားမိ၏။ “ဖြစ်စေချင်တဲ့အတိုင်း ဟုတ်လား။ ထောင်ထဲကို သွားချင်တာ ဟုတ်လား” ဂိုဏ်းချုပ်သည် ထောင်ထဲသွားရခြင်းကို နှစ်သက်လွန်းသည့် အထူးဝါသနာတစ်ခု တည်ရှိနေသည်လား။
ဖြောင်း ဖြောင်း ဖြောင်း
ကျွင်းချောင်ရှောင်းသည် လက်ခုပ်တီးပြီးသည့်နောက် နက်မှောင်လျက်ရှိသော ပတ်ဝန်းကျင်ကြီးကို လှမ်းကြည့် လိုက်၏။ သူ၏နှုတ်ခမ်းထောင့်များသည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်တည်လာခဲ့တော့သည်။ “ငရဲကြီးကိုးထပ်... မင်းတို့ရဲ့ အင်ပါယာက လာပြီလေ”
ဖြောက်
ရုတ်တရက် အလင်းတန်းများသည် တည်နေရာအနှံ့ဆီမှ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အမှောင်များ ပျောက်ကွယ်သွားခဲ့တော့၏။ ရှမ့်ယုဟန်သည် အမှတ်မထင် ဖြစ်တည်လာခဲ့သော အလင်းတန်းများကြောင့် မျက်လုံးစူးသွားပြီး မျက်လုံးကို အသာမှိတ်ထားလိုက်ရ၏။ တဖြည်းဖြည်းချင်း ပြန်၍ ဖွင့်လိုက်သည့်အချိန်မှာတော့ သူ၏ အမူအရာသည် ချက်ချင်းပဲ ပြောင်းလဲကာ တုန်ယင်သွားမိတော့၏။
သူ၏ မြင်ကွင်းထဲတွင်တော့ အကျဉ်းသား ဝတ်စုံကို ဝတ်ဆင်ထားခဲ့သော အကျဉ်းသားများသည် သူတို့အား ဝိုင်းပတ်ထားခဲ့၏။ အနည်းဆုံး လူတစ်ထောင်နီးပါးခန့်ပင် ရှိတော့သည်။ တချို့သည် ခေါင်းများကိုငဲ့စောင်းကာ တချို့သည် လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ ၎င်းတို့၏ မျက်လုံးထဲတွင် မိစ္ဆာများကဲ့သို့ အပြုံးများ တည်ရှိနေသည်။
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်သည် အမှတ်မထင် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်၏။ ဤအကျဉ်းသားများသည် အမှတ်မထင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်၏။ ကျင့်ကြံခြင်းအဆင့်အရဆိုလျှင် သူ့ထက် အများကြီး အားကောင်းလွန်း လှ၏။
“ဟေး” ဘယ်ဘက်ခြမ်းတွင် ရှိနေသော ငရမန်ကန်းလို အကျဉ်းသားတစ်ယောက်သည် ကျွင်းချောင်ရှောင်းကို ကြည့်လိုက်၏။ ၎င်းသည် ခေါင်းကိုမော့ကာဖြင့် ဂုဏ်ယူစွာ ပြောလိုက်တော့၏။ “ငရဲကြီးကိုးထပ်ကို မဝင်လာခင်မှာ စည်းမျဉ်းစည်းကမ်းတွေ အကြောင်းကို မေးခဲ့သေးလား”
“ဘာစည်းမျဉ်းစည်းကမ်းလဲ” ကျွင်းချောင်ရှောင်းက ပြန်မေးလိုက်သည်။ သူ့အား ဝန်းရံလျက်ရှိသော အကျဉ်းသား များမှာ တော်တော်များသည်ဆိုသော်လည်း ၎င်းတို့၏ အလုံးစုံသော အားအင်အဆင့်သည် သိုင်းအုပ်စိုးသူ သို့မဟုတ် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူအဆင့်သာ ရှိကြ၏။ ထို့ကြောင့် သူသည် အားလုံးကို လေးလေးနက်နက် မထားချေ။
ငရမန်ကန်းကဲ့သို့သောလူက ပြောလိုက်၏။ “ငရဲကြီးကိုးထပ်ဆိုတာ ဂြိုဟ်တွေလိုပဲလေ။ သူတို့လေးစားရတဲ့ သိုင်းပညာရှင်ဆိုတာရှိတယ်။ ဒီတော့ မင်းသာ လုံလောက်တဲ့ အားကောင်းမှုမျိုး တည်ရှိမယ်ဆိုရင် ဒီနေရာမှာ မင်းက ဆရာကြီးပဲ။ ဒါပေမဲ့ အားနည်းတယ်ဆိုရင်တော့ မြေးအငယ်ဆုံးလေးတစ်ယောက်လို လိမ်လိမ်မာမာ နေရမယ်”