အပိုင်း (၁၂၃၈)
Vol. 84 Ch. 1238
ခံတပ်ထဲတွင် အပြစ်ကျူးလွန်ခဲ့သော သိုင်းကျင့်ကြံသူများအား ငရဲကြီးကိုးထပ်ထဲတွင် ချုပ်နှောင်ထားခဲ့ကြ၏။ ၎င်းတို့အားလုံးသည် သီးခြားနေထိုင်ခွင့် မရှိကြချေ။
ငရဲကြီးကိုးထပ်ရှိ အထပ်တစ်ခုချင်းဆီတိုင်းသည် မသေးငယ်လှသော်လည်း အပြင်လောကနှင့် ကွာခြားလွန်းလှ၏။ တောက်လျောက် မှောင်မဲနေ၏။ ထို့အပြင် အပြင်လောကမှာထက် ပိုမိုကာ ရက်စက်လွန်းလှ၏။
အဘယ်ကြောင့်ဆိုသော် အထဲသို့ ရောက်ရှိလာခဲ့သည့် အကျဉ်းသားများသည် ၎င်း၏ အခန်းဖော်များဆီမှ ရိုသေလေးစားမှုကို ခံယူချင်သည်ဆိုပါက သန်မာ အားကောင်းလွန်းသော ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။ အားနည်းသူများ ဆိုပါက ကျိန်းသေပေါက် မြေးငယ်လေးတစ်ယောက်လို လိမ်လိမ်မာမာနှင့် နေထိုင်ရပေလိမ့်မည်။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းနှင့် ရှမ့်ယုဟန်တို့သည် ၎င်းတို့အခန်းဖော်များ၏ ဝိုင်းရံခြင်းကို ခံထားရ သည်။ ၎င်းတို့သည် ဝိုင်းပတ်၍ ဖမ်းချုပ်ထားခံရသလိုပင် ဖြစ်နေတော့သည်။ ငရဲကြီးကိုးထပ်၏ အထပ်တစ်ထပ် ခြင်းဆီတိုင်းတွင် ကိုယ်ပိုင်စနစ်များ တည်ရှိနေပြီး အထပ်တစ်ခုချင်းဆီတိုင်းတွင်လည်း ကိုယ်ပိုင်ဧည့်ခံခြင်း အခမ်း အနားများ တည်ရှိနေ၏။ ထိုအရာကို မည်သို့သောလူကမှပင် ရှောင်လွှဲ၍ မရနိုင်ခဲ့ချေ။
ကျွင်းချောင်ရှောင်းမှာတော့ သူ့အား ဝိုင်းပတ်လျက်ရှိနေသည့် အကျဉ်းသားများကို တစ်ချက်လှမ်းကြည့်ကာ ပြုံးလိုက်မိ၏။ “ဒါဆိုရင် ကျုပ်က ဘိုးဘိုးလား၊ မြေးလေးလားဆိုတာကို စဉ်းစားနေတာလား”
“ဘိုးဘိုးလား၊ မြေးလေးလား ဟုတ်လား”
ငရဲမန်ကန်းကဲ့သို့ မျက်စိတစ်ဖက်ကန်းလျက်ရှိသော လူသည် နှာခေါင်းကို အသာပွတ်ကာဖြင့် ပြောလိုက်၏။ “ငါတို့ မင်းကို ကြိုဆိုတဲ့အချိန်ကျမှ သိရလိမ့်မယ်လေ။ ညီအစ်ကိုတို့... ဒီနှစ်ယောက်ကို ကောင်းကောင်းဆက်ဆံလိုက်”
ဝှစ် ဝှစ် ဝှစ်
ချက်ချင်းပဲ အကျဉ်းသားတစ်ထောင်ကျော်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှတ်လိုက်ပြီး သည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းတို့ဆီသို့ အော်ရာများသည် ဖိနှိပ်လာခဲ့၏။
ဖြောင်း ဖြောင်း
အရပ်လေးဘက်၊ လေးမျက်နှာမှ အလင်းတန်းများ ပျောက်ကွယ်သွားခဲ့တော့၏။ အကျဉ်းထောင်ကြီးတစ်ခုသည် ထပ်မံကာ မဲမှောင်သွားခဲ့သည်။ သုန်မှုန်ကြမ်းတမ်းလျက်ရှိနေသည့် အော်ရာများသည် တည်နေရာထဲတွင် ဖြစ်တည်လာခဲ့သည်။
ဘုန်း ဘုန်း
စိတ်ဝိညာဉ်စွမ်းအင်များသည် ထပ်မံကာ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အချိန်အတိုင်းအတာ တစ်ခုအတွင်း အော်သံများ ထွက်ပေါ်လာခဲ့၏။
ဆယ်မိနစ်ခန့် ကြာပြီးသည့်နောက်မှာတော့ မည်သည့်အသံ၊ လှုပ်ရှားမှုမှ အကျဉ်းထောင်ထဲတွင် မရှိတော့ချေ။ သို့ပေမဲ့ တည်နေရာကြီး၏ လေးနက်မှုနှင့် ကြမ်းတမ်းမှုသည် ပိုမိုကာ ကြီးမား လာခဲ့သည်။
ဆွစ်
ရုတ်တရက် မီးတောက်တစ်ခု ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်း၏ မျက်နှာ ပေါ်လာခဲ့သည်။ သူသည် ဆေးပြင်းလိပ်ကြီးအား မီးညှိပြီးသည့်နောက်မှာတော့ ခေါင်းကို အသာမော့ကာဖြင့် မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
သူ၏ ခေါင်းပေါ်တွင် ရှိနေသော အမဲရောင်ခြုံလွှာကြီးသည့် ဖယ်ရှားသွားပြီးသည့်နောက်မှာတော့ တောက်ပြောင်လျက်ရှိနေသော ဦးခေါင်းကြီးသည် အားလုံး၏ အမြင်ထဲတွင် ပေါ်ပေါက်လာခဲ့တော့၏။
ဖောက်
ထိုအချိန်မှာပဲ အလင်းများသည် ပြန်လည်ဖြစ်တည်လာခဲ့၏။ အကျဉ်းထောင်တစ်ခုလုံးသည် လင်းထိန်သွားသည်။ ရှမ့်ယုဟန်သည် မူလတည်နေရာမှာတင် ရပ်လျက်ရှိနေပြီး ၎င်း၏ မျက်နှာပေါ်တွင်တော့ ကြောင်တောင်တောင် အမူအရာမျိုးနှင့် တည်ရှိနေခဲ့တော့၏။ သူသည် ခေါင်းကို အသာမော့၍ သူ၏ဂိုဏ်းချုပ်ဆီသို့ အသာလှမ်းကာ ကြည့်ရှုလိုက်၏။ အဘယ်ကြောင့် ခေါင်းကို အသာမော့ထားရသနည်း။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းချုပ်သည် အကျဉ်းသားတစ်ထောင်ကျော်တို့ကို ရိုက်နှက်ပြီး တောင်လိုပုံထားကာ ထိုသူများ၏ အပေါ်တွင် တက်ကာ ထိုင်နေသောကြောင့် ဖြစ်၏။
အမူအရာမှာ အလွန်တရာ ဟိတ်ဟန် များလွန်းလှ၏။ ဂိုဏ်းချုပ်သည် မျက်လုံးကို မှိတ်ကာဖြင့် သီချင်းများ အော်ဆိုလျက်ရှိသည်။ “အထီးကျန် သိမ်ငယ်မှု များစွာထဲ …..”
ဖူး
ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိထားသော အကျဉ်းသားများသည် ၎င်းတို့၏ အတွင်းကလီစာများပင် ထပ်မံကာ နာကျင်သွားကြရ၏။ ထို့ကြောင့် သွေးများပင် အန်ထွက်လာခဲ့သည်။ ကုန်းရှန့်၏ သီချင်းဆိုသံသည် အားလုံးသောလူများအတွက်တော့ အိမ်မက်ဆိုးပင် ဖြစ်တော့၏။
“အထီးကျန်တာကောင်းလား”
ဖူး
ကျွင်းချောင်ရှောင်းသည် အထီးကျန်ဆိုသော သီချင်းကို ထပ်မံကာဆိုလိုက်သည့်အချိန်မှာတော့ အောက်ဘက်တွင် ရှိနေသော ရှမ့်ယုဟန်ပင်လျှင် မည်သို့မှ မနေနိုင်ဘဲ သွေးများအန်ထွက်လာခဲ့၏။ ၎င်းသည် အတွင်းဒဏ်ရာ ရရှိသွားသည်မဟုတ်သော်လည်း ဒွါရကိုးပေါက်ဆီမှ သွေးအနည်းငယ် ယိုစီးလာခဲ့ရသည်။
“အင်း” သီချင်းဆိုခြင်းကို ရပ်တန့်ပြီးပြီးချင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာမော့ကာ မျက်လုံးကို မှိတ်လိုက်၏။ ၎င်းသည် ပြိုင်ဘက်ကင်းကာ အထီးကျန်လှသည့် ခံစားချက်များ အလုံးစုံ ခံစားလျက်ရှိတော့၏။
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ပြောင်းပြန်စီးဆင်းလျက်ရှိနေသော သွေးများကို ထိန်းချုပ် ကာဖြင့် တားဆီးလိုက်၏။ “ဂိုဏ်းချုပ်.... သီချင်း ဆက်မဆိုပါနဲ့တော့။ ဆက်ဆိုရင် ဒီတပည့် သေသွားနိုင်တယ်”
ထို့အပြင် တောင်လိုပုံလျက်ရှိနေသော အကျဉ်းသားများသည်လည်း ဒွါရကိုးပေါက်ဆီမှ သွေးများ ယိုစီးနေကြသည်။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ဆက်လက်ကာ သီချင်းသီဆိုမည့် အကြံအစည်အား ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ငရမန်ကန်းကဲ့သို့ မျက်လုံးတစ်ဖက်ကို စည်းနှောင်ထားသည့်လူအား အသာဆွဲယူကာ ပြောလိုက်၏။ “ဒီနေရာမှာ ဘယ်သူက ဆရာကြီးလဲ”
“ခင်... ခင်ဗျားက ဆရာကြီးပါ”
ရွှီး
ကျွင်းချောင်ရှောင်းသည် ထိုသူအား အသာပစ်ချလိုက်၏။ ပြီးသည့်နောက်မှာတော့ အကျဉ်းသားများ၏ ကိုယ်ပေါ်မှ ခုန်ဆင်းလိုက်တော့၏။ လက်နှစ်ဖက်ကို ပိုက်ကာဖြင့် ခပ်တည်တည်ဖြင့် ပြောလိုက်၏။ “ဒီနေ့ကစပြီး ဒီအကျဉ်းခန်းရဲ့ ဆရာကြီးက ကျုပ်ပဲ။ ဘယ်သူ သဘောတူလဲ”
“အင်း... ကျုပ်သဘောတူပါတယ်” ငရမန်ကန်းသည် ပထမဦးဆုံး သဘောတူလိုက်၏။ သူသည် ဤနေရာမှာ နေထိုင်ခဲ့တာ အချိန်အတော်ကြာမြင့်ပြီဖြစ်၏။ ထို့ကြောင့် အသစ်ရောက်ရှိလာခဲ့သော အကျဉ်းသားတို့အား ကောင်းကောင်းမွန်မွန် ကြိုဆိုခဲ့ပြီးသားဖြစ်တော့သည်။
သို့ပေမဲ့ လက်ရှိရောက်ရှိလာခဲ့သည့် ခေါင်းတုံးနှင့် ရင်ဆိုင်တွေ့ရသည့်အချိန်တွင် အကြီးကျယ်ဆုံးသော နာကျင်မှုကို ခံစားခဲ့ရ၏။ ၎င်းအညံ့ခံပြီးသည့်နောက်မှာတော့ ကျန်သော အကျဉ်းသားများ အားလုံးသည်လည်း လိုက်ပါကာ သဘောတူညီရတော့၏။
“ကျုပ် သဘောတူတယ်”
“ကျုပ်လည်း သဘောတူပါတယ်”
အကျဉ်းသားများ အားလုံးသည် ၎င်းတို့၏ သဘောထားများအား ထုတ်ဖော်ပြောဆိုလိုက်ကြ၏။ အသစ်ရောက်ရှိ လာသည့်အကျဉ်းသားသည် အလွန်တရာ အားကောင်းလွန်းလှ၏။ ထို့အပြင် သီချင်းဆိုသံသည်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ အရူးမှသာလျှင် ၎င်းအား ဆန့်ကျင်ပေလိမ့်မည်။
ဤအရာသည် ငရဲကြီး ကိုးထပ်၏ ကိုးထပ်မြောက် အခန်းပင် ဖြစ်၏။ ဤနေရာတွင် ရှိနေသောလူများသည် ကြီးမားသော အားအင်ကို ပိုင်ဆိုင်မှသာလျှင် လုံလောက်သည့် လေးစားမှုများကို ရရှိမှာဖြစ်၏။
ကျွင်းချောင်ရှောင်းမှာတော့ သူ၏ အလုံးစုံသော အားအင်ကို ထုတ်ဖော်ပြသပြီးသည့်နောက်မှာတော့ သူ့အား ဧည့်ခံကြိုဆိုရန် ပြင်နေသည့် အကျဉ်းသားအားလုံးကို ရိုက်နှက်ခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် အားလုံးသောသူများသည် သူ့အား အသိအမှတ်ပြုလိုက်ကြရသည်။
အကျဉ်းသားများအားလုံး အညံ့ခံလိုက်ရသည်ကို မြင်သည့်အချိန်မှာတော့ ရှမ့်ယုဟန်သည် သူ၏ နှုတ်ခမ်း ထောင့်တွင် ပေလျက်ရှိနေသော သွေးများကို သုတ်ကာဖြင့် ချီးကျူးစွာ ပြောလိုက်မိ၏။ “ဂိုဏ်းချုပ်က တကယ့်ကို အားကောင်းတာပဲ”
သူ၏ ဘိုးဘေးသည် ငရဲကြီးကိုးထပ်တွင် ချုပ်နှောင်ခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့် ဤနေရာအား သူကောင်းကောင်း နားလည်မိသည်။ အကျဉ်းသားများအားလုံးကို အနိုင်ယူကာ အုပ်စိုးနိုင်ဖို့ဆိုသည်မှာ ခက်ခဲလွန်းလှ၏။ ဤကဲ့သို့ အကျဉ်းထောင်တစ်ထပ်လုံးတွင် ဆရာကြီးအဖြစ် ရပ်တည်နိုင်ဖို့ဆိုသည်မှာ ကြမ်းတမ်းလွန်းသလို ပိုမိုကာ ခက်ခဲလွန်းလှသည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း
ထိုအချိန်မှာပဲ ချိန်းကြိုးများလှုပ်ရှားသည့်အသံ ထွက်ပေါ်လာခဲ့သည်။ ထိုအသံသည် အလင်းများ မရောက်နိုင်သော မှောင်မိုက်သည့် တည်နေရာဆီမှ ထွက်ပေါ်လာခြင်း ဖြစ်တော့၏။ ရှမ့်ယုဟန်သည် ခေါင်းကို အသာလှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ၎င်း၏ မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ရာကောင်းသည့် အသွင်သဏ္ဍာန် တစ်ခုသည် ပေါ်ပေါက်လာတော့၏။
အမှောင်ထဲတွင်တော့ ဆံပင်များပွစာကျဲလျက်ရှိနေသော လူတစ်ယောက်သည် ခြေဗလာဖြင့် လှမ်းလျှောက်လာ၏။ ၎င်း၏ လက်များသည် ဘေးတစ်ဖက်ဆီသို့ တွဲလျောင်းချထားပြီး ထိုလက်အား ချုပ်နှောင်ထားသည့် ချိန်းကြိုး သည် မြေပြင်နှင့် တိုက်ကာ လိုက်ပါလာခဲ့တော့၏။
၎င်း၏ အကျဉ်းထောင်ဝတ်စုံသည် တခြားသောသူများနှင့် ခြားနားနေပြီး ရင်ဘတ်တွင်တော့ ပြဿနာကောင်ဟူသော စာတမ်းအား ရေးထိုးထားသည်။
ကျွင်းချောင်ရှောင်းသည် မျက်မှောင်ကုတ်မိသွား၏။ ရုတ်တရက် ပေါ်ပေါက်လာခဲ့သော အကျဉ်းသားသည် ညစ်ပတ်လွန်းလှသလို အသွင်သဏ္ဍာန်အားလည်း သေသေချာချာ မမြင်နိုင်ချေ။ သို့ပေမဲ့ ၎င်း၏ ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့သော အော်ရာများမှာကို သုံးသပ်လျှင် တည်နေရာချိုးဖြတ်ခြင်း အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေ၏။
“ကျွမ်းကျင်သူ၊ ဒါက ကျွမ်းကျင်သူ တစ်ယောက်ပဲ။ ဂိုဏ်းချုပ်”
ရှမ့်ယုဟန်က အသံပို့လွှတ်လိုက်သည်။ “ဒါက ငရဲထပ် တစ်ထပ်လုံးရဲ့ အဓိက ပြဿနာကောင်ပဲ”
“အဓိက ပြဿနာကောင် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ထိုအချင်းအရာကို ကြားပြီးသည့်နောက် ပြန်မေးလိုက်မိ၏။
ရှမ့်ယုဟန်သည် အလောတကြီးဖြင့် ရှင်းပြလိုက်၏။ “ငရဲကြီးကိုးထပ်ရဲ့ အထပ်တစ်ခုချင်းဆီတိုင်းမှာ အဓိက ပြဿနာကောင်တွေ ရှိတယ်။ သူတို့တွေ အကုန်လုံးက တန်းစီးတွေလိုပဲ။ လောကကြီးမှာ ဆိုးယုတ်ပက်စက်လွန်း လှတဲ့ မိစ္ဆာလိုလူတွေ အကုန်လုံးကို ဒီထဲကို ထည့်ထားတာပဲ။ ဒီလူတွေ အကုန်လုံးက အပြင်ဘက်ကို ထွက်သွားရင် သေမျိုးလောကကြီးတစ်ခုလုံးကို ဘေးအန္တရာယ်ကျရောက်နိုင်လောက်အောင် အန္တရာယ်များတဲ့ ပြဿနာကောင်တွေလေ”
ဟား ဟား ဟား ဟား
ရုတ်တရက် ပြဿနာကောင်သည် ရပ်တန့်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူ၏ ရှုပ်ပွ ပေရေလျက်ရှိနေသော ဆံပင်များကို ဘေးတစ်ဖက်ဆီသို့ အသာပို့ကာဖြင့် မျက်လုံးဟောက်ပက်ကြီးများဖြင့် ပြောလိုက်၏။ “လူငယ်လေး... ဆိုးယုတ်လှတဲ့လုပ်ရပ်တွေကို လုပ်တဲ့မိစ္ဆာဆိုတာ ဘာကိုပြောတာလဲ”
ရှမ့်ယုဟန်သည် ကြောင်အသွားမိ၏။ သူသည် ဂိုဏ်းချုပ်နှင့် အသံပို့လွှတ်ခြင်း နည်းစနစ်ကို အသုံးပြုကာ ပြောဆိုနေခြင်းဖြစ်သည်။ တစ်ဖက်လူသည် အဘယ်ကြောင့် ကြားနေရသနည်း။
ဟား ဟား ဟား ဟား
တန်းစီးပြဿနာကောင်သည် ထူးဆန်းစွာဖြင့် ရယ်မောလိုက်၏။ “လူငယ်လေး... မင်း ရာမကုန်းမြေတိုက်ကြီးမှာ ရှိတဲ့ တိုးနယားသားရဲအမျိုးအစားကို ကြားဖူးလား”
“တိုးနယား ဟုတ်လား”
ရှမ့်ယုဟန်သည် တိုးနယားဆိုသော နတ်ဘုရားသားရဲအကြောင်းကို ရုတ်တရက် သတိရ သွားမိ၏။ ထိုသတ္တဝါသည် တခြားသောသူများ၏ စိတ်ထဲတွင် ပြောဆိုလျက်ရှိနေသည့် စကားလုံးများ၊ တစ်ဖက်လူ များ၏ နှလုံးသားထဲတွင် တွေးတောနေသည့် အကြောင်းအရာများကို နားထောင်နိုင်စွမ်း ရှိနေသည့် သက်ရှိသတ္တဝါ တစ်မျိုးပင် ဖြစ်တော့သည်။ ထိုသို့ဆိုလျှင် ဤလူသည် တိုးနယားသတ္တဝါ ဖြစ်နေသည်လား။
ကျွင်းချောင်ရှောင်းသည်လည်း တိုးနယားသတ္တဝါအကြောင်းကို ကောင်းကောင်းကြားဖူးခဲ့၏။ အဘယ်ကြောင့် ဆိုသော် မျောက်မင်းဝူခုန်းဇာတ်ကားထဲတွင် ပါဝင်သည့် သတ္တဝါ မဟုတ်ပါလား။
“ငါ လက်ရှိ ကျင့်ကြံခြင်းအဆင့်ကို ရောက်ဖို့အတွက် နှစ်ပေါင်းတစ်သောင်းကျော် ကျင့်ကြံခဲ့ရတယ်။ ဒါပေမဲ့ ငါ့ဘာငါ လမ်းလျှောက်သွားနေတုန်း မကြားသင့်တဲ့ အကြောင်းအရာတစ်ခုကို ကြားလိုက်ရတယ်လေ။ အဲဒီအတွက်ကြောင့်မလို့ ကြယ်ကောင်းကင်ခံတပ်ကြီးထဲမှာ ဖမ်းချုပ်ခြင်းကို ခံလိုက်ရတယ်။ ငါက ဘာမကောင်းတဲ့ ကိစ္စရပ်တွေကို ပြုလုပ်ခဲ့တယ်ဆိုတာကို မင်းကို မေးလို့ရမလား”
အဓိကပြဿနာကောင်တန်းစီး၏ မျက်နှာသည် တင်းမာခက်ထန်လာခဲ့တော့၏။ သူသည် အလွန်တရာ ဒေါသထွက် နေပုံပေါ်သည်။ “ပြီးတော့ မင်း...”
သူသည် ကျွင်းချောင်ရှောင်းကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်၏။ “သေမျိုးလောကမှာရှိတဲ့ သက်ရှိသတ္တဝါ တွေအားလုံးရဲ့ နှလုံးသားထဲမှာရှိတဲ့ အကြောင်းအရာတွေကို ငါက ကြားနိုင်စွမ်းရှိတယ်။ ဒါပေမဲ့ မင်းဆီက အကြောင်းအရာကို ငါက ဘာလို့ မကြားရတာလဲ”
...........
ကျွင်းချောင်ရှောင်း၏ အမူအရာသည် အနည်းငယ် စိတ်ဝင်စားမိ၏။ သူ့ဘာသူ့ မကြားရခြင်းသည် အဘယ်ကြောင့် သူနှင့် သက်ဆိုင်နေရသနည်း။ အဘယ်ကြောင့် သူ့အား လာရောက်ကာ စိတ်ဆိုးနေရသနည်း။ ဖြစ်နိုင်သည်မှာ ...
ကျွင်းချောင်ရှောင်းသည် ခပ်တည်တည်ပြုံးကာ ပြောလိုက်မိ၏။ “ကျုပ်က အရမ်းချောလို့ နေမှာပေါ့”