အပိုင်း (၁၂၄၁)
Vol. 84 Ch. 1241
ငရဲကြီးကိုးထပ်၏ ပထမဦးဆုံးအထပ်မှာတော့ အခြေအနေသည် ပြင်းထန်သည့် တိုက်ပွဲအခြေအနေတစ်ခုဆီမှသည် ရယ်ရွှင်ဖွယ်ရာကောင်းသည့်အခြေအနေတစ်ခုဆီသို့ပင် ပြောင်းလဲသွားခဲ့ကြ၏။
ငရမန်ကန်းနှင့် တစ်ခြားသော အကျဉ်းသားများအားလုံးသည် ကျွင်းချောင်ရှောင်းကို ဝန်းရံလျက်ရှိနေ၏။ တစ်ချို့သည် ကျွင်းချောင်ရှောင်း၏ ပခုံးကို နှိပ်ပေးလျက်ရှိ၏။ တစ်ချို့မှာတော့ နောက်ကျောကို နှိပ်ပေးနေ၏။ တစ်ချို့မှာမူ ရေနွေးများပင် တိုက်လျက်ရှိနေတော့၏။ ၎င်းတို့အားလုံးသည် အလွန်တရာ နှိမ့်ချလျက်ရှိနေကြသည်။
ဂလု ဂလု
ကုန်းရှန့်သည် ရေနွေးအား ပါးစပ်ထဲ ထည့်၍ အာလုပ်ကျင်းကာ ထွေးထုတ်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် တကယ့် ဆရာ့ ဆရာကြီးတစ်ယောက်၏ ဟန်ပန်မျိုးဖြင့် မေးလိုက်၏။ “ဒုတိယအထပ်ကို ဆင်းဖို့အတွက် တစ်ခြားနည်းလမ်းရှိသေးလား။”
သူ့အနေနှင့် ပထမထပ်ကို ရှင်းလင်းပြီးပြီဆိုသောကြောင့် အောက်ထပ်တွင် တစ်ခြားသော ရှင်းလင်းရန်ကျန်ရှိနေသည့် အထပ်ကြီး ရှစ်ထပ်ကျန်ရှိသေး၏။ ထိုမှသာလျှင် သူ၏ အထူးတာဝန်သည် ပြည့်စုံပေလိမ့်မည်။
“ဆရာကြီး”
ငရမန်ကန်းက ပြောလိုက်၏။ “အထပ်တစ်ခုစီတိုင်းက အပေါ်ထပ်တွေထက် ပိုပြီးကြောက်ဖို့ကောင်းလာလိမ့်မယ်။ ဒီတော့ အကောင်းဆုံးက”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများ အေးစက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် တည်နေရာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြကာ စကားလမ်းကြောင်းပြောင်းလိုက်သည်။ “ဒါက ဒုတိယထပ်ကို ဆင်းလို့ရတဲ့ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်လေ။”
“အခြေအနေက ဘယ်လိုရှိလဲ။”
“ဘာအခြေအနေမှ မရှိပါဘူး။ တကယ်လို့ သွားချင်တယ်ဆိုရင် ကိုယ့်ဘာကိုယ် ချက်ချင်းဝင်ပြီး သွားလိုက်လို့ရတယ်။”
“အဲလောက်ရိုးရှင်းတာလား။” ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိ၏။
“သခင်”
လူသားပုံစံသို့ ပြန်လည်ပြောင်းလဲပြီးပြီဖြစ်သော တိုးနယားကြီးသည် မြေပေါ်တွင် အားပျော့စွာ လဲလျောင်းလျက်ရှိ၏။ သူက ပြောလိုက်သည်။ န“ဒီထဲကို တမင်တကာ ဝင်လာတာမဟုတ်လား။ ကြည့်ရတာ ဒီတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို အသုံးပြုပြီး အောက်ကိုသွားပြီး စိန်ခေါ်အုံးမယ့်ပုံပဲ။ အင်း အနိုင်ရရင်တော့ ကောင်းပါတယ်။ ဒါပေမဲ့ ရှုံးနိမ့်သွားပြီဆိုရင်တော့ ဒီထဲမှာ ထာဝရချုပ်နှောင်ခြင်းကို ခံရလိမ့်မယ်။”
“ရတယ်။”
သူ၏ အလုံးစုံသော အညံ့ခံမှုကို ပြသသည့်အနေဖြင့် ငရမ်ကန်းသည် ဘေးနားက ဝင်၍ ပြောလိုက်သည်။ “ဒီ ငရဲကြီးကိုးထပ်ကို စပြီး တည်ဆောက်ကတည်းက အောက်ကို ဆင်းသွားတဲ့လူက အနည်းငယ်ပဲ ရှိတယ်လေ။ ဒီတော့ ဆရာကြီးအနေနဲ့ တစ်ခုခုကို မပြုလုပ်ခင်မှာ နှစ်ကြိမ်ပြန်ပြီး စဉ်းစားသင့်တယ်။”
ရွှီ
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ထွက်ခွာသွားခဲ့၏။
“တစ်ခြားသူတွေ မလုပ်ရဲတဲ့အရာကိုလည်း ကျုပ်လုပ်ရဲတယ်။” ပြောပြီးသည့်နောက်မှာတော့ သူသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ဆီသို့ လှမ်းလျှောက်သွားလိုက်သည်။
“ဆရာကြီးက တကယ့်ကို ယောကျ်ားပီသတာပဲ။ ဆရာကြီးက ကြမ်းတမ်းလွန်းတယ်။”
အကျဉ်းသားများသည် ကျွင်းချောင်ရှောင်းထွက်ခွာသွားသည်ကိုသာ ကြည့်ရှုနေကြ၏။
ဟုတ်ပေသည်။ ၎င်းတို့သည် မြှောက်ပင့်ပြောဆိုနေခြင်းမဟုတ်ပေ။ ကျွင်းချောင်ရှောင်းအား အစစ်အမှန် ချီးကျူးမိခြင်းပင် ဖြစ်တော့၏။ နှစ်ပေါင်းများစွာကြာအောင် ချုပ်နှောင်ခံရပြီးသည့်နောက်မှာတော့ တစ်စုံတစ်ယောက် ဒုတိယအထပ်ဆီသို့ ဆင်းသွားခြင်းကို သူတို့ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
တကယ်တမ်းမှာတော့ အကျဉ်းသားများ၏ အားအင်နှင့် ပြုလုပ်ခဲ့သည့် မူခင်းပေါ်တွင် မူတည်ပြီး သတ်မှတ်ထားသည့် အဆင့်များတွင် ချုပ်နှောင်ခြင်းကို ခံထားရ၏။ ခံတပ်သည် ဤအရာနှင့်ပတ်သက်၍ အသေးစိတ်ခွဲခြားထားခြင်းရှိ၏။
သူတို့၏ တည်နေရာသည် ငရဲကြီးကိုးထပ်၏ ပထမဦးဆုံးသောအလွှာဖြစ်၏။ ဤနေရာတွင် ချုပ်နှောင်ထား ရသည့် လူများသည် မှုခင်းများသည် ကြီးမားလှသည်မဟုတ်သလို အားအင်အဆင့်မှာလည်း အရမ်းကြီး မကြီးမားလှချေ။ သို့ပေမဲ့ ဒုတိယနှင့်တတိယအဆင့်များဆီသို့ ထပ်မံကာ ဆင်းသက်သွားမည်ဆိုပါက တဖြည်းဖြည်း နှင့်ပိုမိုအားကောင်း သည့် လူများကို ရင်ဆိုင်ရမှာသေချာသည်။
“ဂိုဏ်းချုပ်”
ရှမ့်ယုဟန်က ပြောလိုက်သည်။ “တပည့်က ဂိုဏ်းချုပ်နှင့်အတူ လိုက်ခဲ့မယ်။”
သူ့အနေနှင့် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်သည်မှာ မကြာမြင့်သေးသည်ဆိုသော်လည်း ဂိုဏ်း၏ သံမဏိကဲ့သို့စိတ်ဓာတ်များသည် သူ၏ နှလုံးသားထဲတွင် တိုးဝင်နေပြီဖြစ်၏။ ထို့ကြောင့် သူသည် သံမဏိကဲ့သို့ စိတ်ဓာတ်ဖြင့် လိုက်သွားရန် စဉ်းစားမိ၏။
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အောက်မှာ အရမ်းကို အန္တရာယ်များလိမ့်မယ်လေ။ မင်း ဒီအထပ်မှာပဲ ကျန်ခဲ့လိုက်။”
ဤတည်နေရာသို့ လာရောက်ခြင်းဆိုသည်မှာ စမ်းသပ်မှုမျှော်စင်ထဲသို့ ဝင်ရောက်ခြင်းနှင့်ပင် ဆင်တူ၏။ တဖြည်းဖြည်း ပိုမိုကာ ခက်ခဲလာပေလိမ့်မည်။ ထို့ကြောင့် အန္တရာယ်တောထဲသို့ သူ၏တပည့်အား မခေါ်သွားချင်ပေ။
စနစ်က အငေါ်တူးလိုက်သည်။ “မင်း အရှုပ်ထုတ်ကို ခေါ်မသွားချင်တာမဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီးတော့ ကြီးမြတ်လှတဲ့ ဂိုဏ်းချုပ်တစ်ယောက်ရဲ့ ဟန်ပန်မျိုးကို ပြုလုပ်နေရတာလဲ။”
“တော်စမ်း။”
…
ရှမ့်ယုဟန်သည်လည်း သူ၏ အခြေအနေကို ကောင်းကောင်းသိ၏။ ထို့ကြောင့် ခဏလောက်စဉ်းစားပြီးသည့်နောက်မှာ တော့ သူက ပြောလိုက်သည်။ “တပည့် ဒီနေရာမှာပဲ ဂိုဏ်းချုပ်ပြန်လာတဲ့အထိ စောင့်နေပါမယ်။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ မကြာခင်မှာပဲ သူသည် တည်နေရာရွှေ့ပြောင်းနိုင်သော အစီအရင်ထဲသို့ လှမ်းကာဝင်လိုက်၏။
“ဆရာကြီး”
ငရမန်ကန်းက လှမ်း၍ ပြောလိုက်သည်။ “သတိထားပါ။”
ကျွင်းချောင်ရှောင်းက ခေါင်းညိတ်၏။ ပြီးသည့်နောက်မှာတော့ သူသည် လှမ်းကာပြောလိုက်၏။ “ယုဟန် … မင်းရဲ့ ဘိုးဘေးနဲ့တွေ့မယ်ဆိုရင် ဘာပြောစေချင်သေးလဲ။”
“ဟုတ်ပြီ”
ရှမ့်ယုဟန်သည် သူ၏ ဘိုးဘေးတစ်ယောက်ချုပ်နှောင်ခံထားရသည့်အကြောင်းကို သတိရလိုက်မိ၏။ ထို့ကြောင့် လျင်လျင်မြန်မြန်ပဲ ပစ္စည်းတစ်ခုကို ထုတ်ယူကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်၊ ဒါ ရှမ့်အင်ပါယာရဲ့ ကျောက်စိမ်းပြားပဲလေ။ တကယ့်လို့ ကျွန်တော့်ရဲ့ ဘိုးဘေးနဲ့တွေ့တယ်ဆိုရင် ဒါကို ပေးပေးပါ။”
ဤကျောက်စိမ်းပြားပေါ်တွင် ရှမ့်ဟူသော စကားလုံးကို ရေးထိုးထားခဲ့၏။ ထူးခြားသည့် စွမ်းအင်များ ပါဝင်နေပုံလည်း ပေါ်သည်။ ကျွင်းချောင်ရှောင်းသည် ထိုအရာကို လှမ်းယူပြီးသည့်နောက် တစ်ချက်ကလေးမှ မကြည့်ခဲ့ချေ။ ချက်ချင်းပဲ အစီအရင်ထဲတွင် ငြိမ်ငြိမ်သက်သက်ဖြင့် နေရာယူလိုက်၏။
“မင်းတို့အားလုံး ငါ့ရဲ့တပည့်နဲ့ ငါ့ရဲ့ ပဋိညာဉ်သားရဲကို ဂရုစိုက်ပေးကြပါ။ တကယ်လို့ သူတို့ …
ပြော၍ မပြီးခင်မှာပဲ ….
တကယ့်တော့ ကုန်းရှန့်ဆက်၍ ပြောမည်ဆိုလျှင်လည်း အလကားပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သူထွက်ခွာသွားသည်ဆိုသော်လည်း အထဲတွင်ရှိနေသော အကျဉ်းသားများအားလုံးသည် စိတ်ထဲ၌ သူ့အား လေးစားစွာဖြင့် ဆက်ဆံခဲ့ကြခြင်း ဖြစ်၏။
…
ငရဲခန်း၏ ဒုတိယအလွှာ
ကွမ်ကျူးနှင့်အဘိုးအိုတို့သည် ကျောက်စင်မြင့်ကြီး နှစ်ခုရှေ့တွင် ကုန်းကုန်းကြီး ရှိနေ၏။ ၎င်းတို့နှစ်ယောက်၏ ခန္ဓာကိုယ်များသည် တုန်ယင်နေသည်။
ဖြောင်း ဖြောင်း
ဟောင်ရန်နတ်ဆိုးသည် အနောက်ဘက်တွင် မတ်မတ်ရပ်ပြီးသည့်နောက်မှာတော့ ၎င်း၏ လက်များကို မြှောက်ကာ ထိုလူနှစ်ယောက်၏ ဖင်များကို စည်းချက်ကျကျ ရိုက်နှက်လျက်ရှိ၏။ ၎င်း၏ မျက်နှာပေါ်တွင်တော့ သာယာ နေသည့် အမူအရာများ တည်ရှိလို့နေ၏။ ဤကဲ့သို့ ရိုက်နှက်ရာမှ ထွက်ပေါ်လာသည့် အသံကို စိတ်ဝင်စားသူဟူ၍ လောကတွင် သူတစ်ယောက်တည်းသာ ရှိပေလိမ့်မည်။
…
ဟောင်ရန်နတ်ဆိုးသည် အားအနည်းငယ်ကို ထုတ်ဖော်အသုံးပြုထားသောကြောင့် ကွမ်ကျူးနှင့်အဘိုးအိုတို့သည် နာကျင်မှုကို ခံစားနေရ၏။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် ဤကဲ့သို့ ရိုက်နှက်ခံရသည့်အချိန်တွင် အော်ဟစ်ခြင်းကို မပြုလုပ်ရဲချေ။ တစ်ဖက်လူသည် ပိုမိုဆိုးရွားစွာ ရိုက်နှက်လာမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်၏။
“သခင်….. ကျေးဇူးပြုပြီး လာကယ်ပါအုံး။”
ကွမ်ကျူးနှင့်အဘိုးအိုတို့သည် စိတ်ထဲတွင် ကြိတ်ကာ ရေရွတ်လျက်ရှိနေကြ၏။ ၎င်းတို့ပြောဆိုနေသည့် သခင်ဆိုသည် မှာ ခံတပ်သခင်ကို ဆိုလိုခြင်းမဟုတ်ဘဲ ကျွင်းချောင်ရှောင်းကို ဆိုလိုခြင်းသာ ဖြစ်သည်။
၎င်းတို့ညီအစ်ကိုနှစ်ယောက်သည် ဤ ဒုတိယအလွှာတွင် ဖမ်းချုပ်ခံရပြီးသည့်နောက် အချိန်အတော်ကြာ စဉ်းစားခဲ့မိ ကြ၏။ ဤနေရာတွင် ချုပ်နှောင်ခံရသည်မှာ ကြာမြင့်ပြီးသည့်နောက်မှာတော့ စိတ်ပိုင်းဆိုင်ရာသည် အလုံးစုံ ပြိုလဲလျက်ရှိနေတော့၏။ ထို့ကြောင့် စိတ်ထဲတွင် အားကိုးတကြီးဖြင့် ၎င်းတို့၏ သခင်ကို မျှော်လင့်နေကြခြင်းပင် ဖြစ်၏။
ဟုတ်ပေသည်။ ကွမ်ကျူးနှင့်အဘိုးအိုတို့အားလုံးသည် ဤအရာမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုဖြစ်ကြောင်းကို နားလည်လိုက်မိကြ၏။ အချက်အလက်အားဖြင့် အဘယ့်ကြောင့် ၎င်းတို့၏ သခင်သည် အန္တရာယ်များလှသော တည်နေရာထဲသို့ ရောက်ရှိလာပြီး သူတို့ကို ကယ်တင်ရမည်နည်း။
ဖြောင်း ဖြောင်း ဖြောင်း
ဟောင်ရန်နတ်ဆိုးသည် လက်ကို ဝှေ့ယမ်းရိုက်နှက်နေရင်းမှ ၎င်း၏ စိတ်များသည် ပိုမိုကာ သက်တောင့်သက်သာ ဖြစ်လာခဲ့၏။
အမှောင်ထဲမှာ ပုန်းအောင်းလျက်ရှိနေသည့် ကျန်သော အကျဉ်းသားများအားလုံးသည် ထိတ်လန့်လျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ကွမ်ကျူးနှင့်အဘိုးအိုတို့အား စာနာသနားစွာဖြင့် ကြည့်လျက်ရှိနေကြသည်။
“သူမြန်မြန် စိတ်ကျေနပ်သွားစေဖို့ မျှော်လင့်မိတယ်။ မဟုတ်ရင် အားလုံးက ဒုက္ခရောက်ကုန်တော့မှာပဲ။”
ဟုန်းး…။
ရုတ်တရက် အဝေးတစ်နေရာရှိ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်သည် တောက်ပလာခဲ့၏။ အလင်းတန်းများသည် ဟုန်းကနဲ ဖြစ်တည်လာ၏။
“ဒါက”
ဒုတိယအလွှာတွင်ရှိနေသော အကျဉ်းသားများအားလုံးသည် ကြောင်အသွားခဲ့ကြ၏။
“ချီးတဲ့မှ”
“ပထမအလွှာရဲ့ အကျဉ်းသားတစ်ယောက်က အောက်ကို ဆင်းလာရဲတာပဲ။”
ဒုတိယအလွှာတွင် ရှိနေသော တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ဆီမှအလင်းတန်းသည် မလင်းလာခဲ့သည်မှာ အချိန်အတော်ကြာမြင့်နေပြီဖြစ်၏။ ယခု ရုတ်တရက် အလင်းတန်းများထ၍ ဖြစ်တည်လာခြင်းဆိုသည်မှာ တည်နေရာရွှေ့ပြောင်းမှုအစီအစဉ် အသက်ဝင်သွားခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တည်ရှိနေကြသော အကျဉ်းသားများအားလုံးသည် အံ့အားသင့်သွားသည် ဆိုသည်မှာ သဘာဝပင်ဖြစ်သည်။
“ဟမ်”
ဟောင်ရန်နတ်ဆိုးသည် ကြမ်းတမ်းစွာ ရိုက်နှက်နေရာမှ ရပ်တန့်လိုက်ပြီးသည့်နောက် အသာလှည့်ကာ ကြည့်လိုက် ၏။ ပြီးသည့်နောက်မှာတော့ စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “အကျဉ်းသားတစ်ယောက်က ပထမအလွှာကနေ ဆင်းမလာရဲတာ အချိန်တော်တော် ကြာမြင့်ခဲ့ပြီပဲ။ အခု တစ်စုံတစ်ယောက်က ဆင်းလာပြီ။”
ကွမ်ကျူးနှင့်အဘိုးအိုတို့သည် ထိတ်လန့်တုန်လှုပ်သွားခဲ့၏။ ၎င်းတို့ညီအစ်ကိုနှစ်ယောက်သည် ခံတပ်ဆီမှ လူများဖြစ် ၏။ ထို့ကြောင့် ဤငရဲကြီးကိုးထပ်အကြောင်းနှင့်ပတ်သက်၍ အကြမ်းဖျဉ်းနားလည်ထားခဲ့ကြ၏။ လက်ရှိ ဖြစ်ပျက်နေ သောအခြေအနေသည် အလွန်တရာ ရှားပါးလွန်းလှ၏။ တစ်စုံတစ်ယောက်သည် အရက်သောက်တာများပြီး ဦးနှောက်စဉ်းစားနိုင်မှုလွတ်ကင်းကာ ပြုလုပ်မှသာလျှင် ဖြစ်ပေါ်လာနိုင်သည့်အခြေအနေမျိုးဖြစ်သည်။
“ဘာကို စောင့်နေတာလဲ။”
ဟောင်ရန်နတ်ဆိုးက အော်ဟစ်လိုက်၏။ “မြန်မြန်။ ဧည့်သည်ကို ကြိုဆိုကြဖို့ပြင်။”
ရွှီ ရွှီ
ချက်ချင်းပဲ ဒုတိယအလွှာတွင် ရှိနေသော အကျဉ်းသားများအားလုံးသည် တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်ဆီသို့ လျှောက်လိုက်ကြ၏။ သေချာကြည့်ရှုမည်ဆိုလျှင် ၎င်းတို့၏ အနောက်ဘက်ရှိ ဖင်များသည် နီရဲလျက်ရှိနေကြ၏။ ၎င်းတို့၏ လမ်းလျှောက်သည့် ပုံပန်းသွင်ပြင်မှာလည်း အနည်းငယ်ထော့နဲ့ ထော့နဲ့ ဖြစ်နေသည်။
ကြည့်ရှုရသည်မှာ ၎င်းတို့အားလုံးသည် တော်တော်ကြာ နှိပ်စက်ခံထားပုံပေါ်သည်။ ကွမ်ကျူးနှင့်အဘိုးအိုတို့သည် ပျော်ရွှင်သွားမိ၏။
ရုတ်တရက် တစ်စုံတစ်ယောက်သည် အကြောက်အလန့်ကင်းစွာဖြင့် ပထမထပ်မှ ဒုတိယထပ်ဆီသို့ ဆင်းသက်လာခဲ့ ကြ၏။ ထိုအရာသည် ဟောင်ရန်နတ်ဆိုး၏ အာရုံကို ဆွဲဆောင်နေခဲ့တော့၏။ သူတို့သည် ခဏတာ သက်သာရာ ရသွားကြသည်။
ဆွစ်
ထိုအချိန်မှာပဲ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်၏ အလင်းတန်းများသည် ပြန်လည်မှေးမှိန်သွားပြီးနောက် လူသား တစ်ယောက်၏ ပုံပန်းသွင်ပြင်မျိုး ပေါ်ပေါက်လာ၏။ ထိုသူသည် အပြင်သို့ လျှောက်ထွက်လာပြီးသည့်နောက် လက်များကို ဖြန့်ကားကာ ပြောလိုက်၏။ “ငရဲခန်းဒုတိယအလွှာ … မင်းတို့ရဲ့ အင်ပါယာရောက်လာပြီ။”
ဤမျက်နှာသွင်ပြင်၊ ဤအသံ …..
ကွမ်ကျူးနှင့် အဘိုးအိုတို့သည် မျက်နှာပေါ်ရှိ ကြွက်သားများသည် တုန်ယင်သွားခဲ့ကြ၏။ ၎င်းတို့သည် မယုံကြည်နိုင်စွာဖြင့် စိတ်ထဲတွင် ကြိတ်ကာအော်ဟစ်လိုက်ကြ၏။ “လာပြီ ……သခင် လာပြီ။ သခင် ရောက်လာပြီ။”