အပိုင်း (၁၂၄၃)
Vol. 84 Ch. 1243
ဟောင်ရန်နတ်ဆိုးသည် တခြားသူများအား ရိုက်နှက်ရသည်ကို ကြိုက်နှစ်သက်သည့်လူတစ်ယောက်ဖြစ်သည်။ ထို့အပြင် ဖင်ကို ရိုက်နှက်သည်ဆိုခြင်းမှာ တဏှာပါသော ရိုက်နှက်မှုဟုပင် သုံးသပ်၍ရသည်။
၎င်းသည် စိတ်ပိုင်းဆိုင်ရာအရ လွဲမှားနေသည့်လူတစ်ယောက်လည်း ဖြစ်နိုင်သည်။ တခြားသောသူများကို ရိုက်နှက်ခြင်း ဆိုသည်မှာ ပြဿနာတစ်ခုတော့ မဟုတ်ချေ။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား ရိုက်နှက်ခြင်း၊ ထို့အပြင် တစ်ခါတည်း ကိုးကြိမ်တိတိ ရိုက်နှက်ခြင်းဆိုသည်မှာ အဆင်ပြေသည့်အရာ မဟုတ်တော့ပေ။
ငါထပ်ပြီး သည်းမခံနိုင်တော့ဘူး။ ငါ့ဝှက်ဖဲကို ထုတ်ပြီး သုံးရတော့မယ်။ မင်းက သူများဖင်တွေကို ရိုက်နှက်ရတာ ကြိုက်တယ် ဟုတ်လား။ ကောင်းပြီ။ ဒါက တိုက်ဆိုင်မှုတွေ ရှိနေတာတော့ မဟုတ်ဘူး။ ငါ့ဆီမှာတော့ ဖင်နဲ့ ပတ်သက်ပြီးတော့ အရမ်းအသုံးတည့်တဲ့အရာတစ်ခုရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ထိခိုက်နာကျင်အောင် လုပ်လိုက်ကြရအောင်။
ဟောင်ရန်နတ်ဆိုးသည် သူ့အား ဆယ်ကြိမ်မြောက် ရိုက်နှက်ရန် ပြင်လိုက်သည့်အချိန်မှာပဲ သူသည် လောက လက်ချောင်းလက်နက်ကို တစ်ခါတည်း ထုတ်ယူလိုက်တော့၏။ ပြီးသည့်နောက်မှာပဲ အဆုံးမဲ့ တိုက်ခိုက်မှုကို အသက်သွင်းကာဖြင့် မေတ္တာအကြည့်ဖြင့် ကြည့်ရှုလိုက်သည်။ ဖြစ်စဉ်တစ်ခုလုံးသည် ဝ.၀၁ စက္ကန့်အတွင်းသာ ကြာမြင့်ခဲ့၏။
ဖော်ပြ၍မရနိုင်သော မမြင်နိုင်သည့် အားလှိုင်းတစ်ခုသည် ရုတ်တရက်ဖြစ်တည်လာပြီးသည့်နောက် မှာတော့ ဖင်ဆီသို့ ကြမ်းတမ်းစွာ တိုးဝင်လာခဲ့တော့၏။ သာမန်အခြေအနေဆိုလျှင် လောကလက်ချောင်း လက်နက်သည် ဤကဲ့သို့သော အခြေအနေမျိုးတွင် အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဟောင်ရန်နတ်ဆိုးသည် သူများကို ရိုက်နှက်ရသည့်နေရာတွင် ပျော်ရွှင်နေ၏။ ထို့ကြောင့် သတိလွတ် ရှိနေသည်။ ထို့ကြောင့်ပင်လျှင် အကာအကွယ်မှာ အလုံးစုံနိမ့်ကျလျက် ရှိနေသည်။
ထိုတင်မကသေးပေ။ တခြားသော တစ်စုံတစ်ယောက်အနေဖြင့် သူ၏ဖင်အား ရိုက်နှက်လိမ့်မည်ဟု တစ်ခါ ကလေးမှ တွေးဖူးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်ပင်လျှင် ဆိုးရွားသည့် အခြေအနေမျိုးကို ကြုံတွေ့ခဲ့ရ၏။ ဟောင်ရန်နတ်ဆိုးသည်လည်း လူတစ်ယောက်ပင်ဖြစ်၏။ ထို့ကြောင့် အဆုံးမဲ့သတ်ဖြတ်ခြင်း အစွမ်းအစကို ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်မှာတော့ ၎င်း၏ဖင် ဂွတည့်တည့်နေရာကြားတွင် အဆုံးမဲ့သော နာကျင်ခြင်း များကို ခံစားလိုက်ရတော့၏။
အား … အိုး အိုး အိုး ..။
ဟောင်ရန်နတ်ဆိုးသည် ကောင်းကင်ယံပေါ်တွင် မျောက်တစ်ကောင်ကဲ့သို့ ခုန်ပေါက်ကာ သွားလာလျက် ရှိနေတော့သည်။ ၎င်းသည် မျောက်တစ်ကောင်ကဲ့သို့ ခုန်ဆွ ခုန်ဆွ ပြုလုပ်လျက်ရှိပြီး ခေါင်းသည် မျက်နှာကျက်နှင့်ပင် ရိုက်မိနေ၏။ ပြီးသည့်နောက်မှာတော့ မြေပေါ်သို့ ပြုတ်ကျလာပြီး ဖင်မှ အစိမ်းရောင်မီးခိုးငွေ့များ ထွက်လျက်ရှိနေတော့သည်။
ဟူး ဟူး …..။
ရှိနေသမျှသော အကျဉ်းသားများသည် သက်ပြင်းရှည်ကြီးကို ချလိုက်မိ၏။ ဖြစ်ပေါ်နေသော မြင်ကွင်းကို ကြည့်ရင်း ခံစားမှုနှင့်ပင် နာကျင်မှုများကို ဝင်ရောက်ခံစားလာမိလာသည်။သူတို့၏ ကျောရိုးမကြီးတစ်ခုလုံး သည် စိမ့်တက်သွားခဲ့၏။ ဤအရာသည် ဖင်တစ်ခုလုံး နာကျင်ရုံသာမက ဤကဲ့သို့သော နေရာမျိုးကို တိုက်ခိုက်လိုက်ခြင်းမှာ သေဆုံးသွားသည်ကပင် ပိုမိုကောင်းမွန်သည်ဟူသော ခံစားချက်မျိုးကိုပင် ရရှိစေ၏။
ဖြောက် ဖြောက် ဖြောက် ဖြောက် …။
ကျွင်းချောင်ရှောင်းသည် လက်ထဲတွင်ရှိနေသော အသွင်ပြောင်းပြီးသားဖြစ်သော လောကလက်ချောင်း စုတ်တံကြီးကို အသာလှည့်ပတ်ကစားကာဖြင့် တစ်ဖက်လူ၏ နဖူးပေါ်သို့ တင်ကာပြောလိုက်၏။ “ဘယ်လိုလဲ။ ခံစားလို့ ကောင်းလား”
ဘုတ်
ပြီးသည့်နောက်မှာတော့ သူသည် တစ်ဖက်လူကို မြေပေါ်သို့ ဖိချလိုက်တော့၏။ “ဖြေစမ်း။ ခံစားလို့ကောင်းလား၊ မကောင်းဘူးလား”
ဘုန်း ဘုန်း ဘုန်း
ဆက်တိုက် တိုက်ခိုက်မှုကို ခံရသည့်အချိန်မှာတော့ ဟောင်ရန်နတ်ဆိုးသည် ပြန်လည်တိုက်ခိုက်ရန် အားအင်များ ဆုံးရှုံးသွားရ၏။
၎င်း၏ မျက်နှာတစ်ခုလုံးသည် မြေပြင်ပေါ်နင်းချေကာဖြင့် ပက်ပက်စက်စက် ရိုက်နှက်ခြင်းကို ခံနေရ၏။ မျက်လုံးထဲတွင်လည်း ကြယ်များ၊ လများ ထွန်းတောက်လျက် ရှိနေတော့သည်။
“ခင်ဗျားတို့နှစ်ယောက်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒေါသတရားတွေကို ဒီမှာလာဖြေဖျောက်လိုက်”
“ကောင်းပါပြီ” ကွမ်ကျူး နှင့် အဘိုးအိုတို့သည် ၎င်းတို့၏ ဖင်များကို အုပ်ကိုင်ကာဖြင့် အရှေ့ဆီသို့ လှမ်းလျှောက်လာခဲ့ကြ၏။ ရက်ပေါင်းများစွာ ရင်ထဲ၌ ထိန်းသိမ်းထားသည့် ဒေါသတရားများနှင့် နာကျင်မှုများသည် အပြင်ဘက်သို့ ထွက်ပေါ်လာပြီးသည့်နောက် ၎င်းတို့သည် ခြေထောက်များကို မြှောက်ကာဖြင့် ဟောင်ရန်နတ်ဆိုး၏ ဖင်ကို အားရပါးရ ကန်ကျောက်ကြတော့သည်။
အကျဉ်းသားများ အားလုံးသည် အားမလိုအားမရဖြင့် ကြည့်မိနေကြသည်။ ၎င်းတို့၏ နှလုံးသားထဲတွင်တော့ ပြေး၍ကန်ချင်စိတ်များကို မနည်းပင် ထိန်းသိမ်းထားရ၏။
“ဒင်… သီးခြားတာဝန် ပြည့်စုံ၊ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းအား ဆုအဖြစ် ရရှိသည်”
“ဒင်… ဂိုဏ်းစုဆောင်းမှတ် - ၁၂၀၀၀၀ / ၁၀၀၀၀၀”
“ဒင်… ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသည် ဖြစ်သောကြောင့် ….”
နာရီဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ဟောင်ရန်နတ်ဆိုးသည် မည်ကဲ့သို့မှ မခံစားနိုင်တော့ချေ။ ထို့ကြောင့် ၎င်းသည် ပြန်လည်တိုက်ခိုက်ရန်စွမ်းရည်လုံးဝမရှိဘဲ အညံ့ခံလိုက်ရတော့၏။ ထို့ကြောင့်ပင် သီးခြားတာဝန်သည် အောင်မြင်စွာ ပြည့်စုံသွားခဲ့ပြီဖြစ်၏။
“ဟင် ဂိုဏ်းစုဆောင်းမှတ်က နှစ်သောင်းတည်းပါလား”
ကျွင်းချောင်ရှောင်းသည် ရရှိသည့်ဂိုဏ်းစုဆောင်းမှတ် များနှင့် ပတ်သက်၍ သဘောမကျေချေ။ ထို့အပြင် ၎င်းရင်ဆိုင်ရသည့် ရန်သူသည် တည်နေရာချိုးဖြတ်ခြင်း အနိမ့်ဆုံးအဆင့်တွင် ရှိနေသည့် ရန်သူတစ်ယောက် မဟုတ်ပါလား။ ထို့ကြောင့် ဂိုဏ်းစုဆောင်းမှတ်များသည် အနည်းဆုံး ငါးသောင်းလောက်တော့ ပေးအပ်သင့်သည် မဟုတ်လား။
“သူ အရမ်းကို မောက်မာလာပြီပဲ”
စနစ်က ပြောလိုက်သည်။ “အရမ်း အရမ်းကို မောက်မာနေပြီ”
“ဒင်… သီးခြားတာဝန်သည် ပြည့်စုံသည်။ ဖုံးကွယ်ထားသည့်ဆုလာဘ်အဖြစ် လင်းယွမ် ခန်းမဆောင်၏ နတ်ဘုရားလက်နက် သန့်စင်သည့်ကျောက်တုံး၊ ဓားတာအိုလမ်းစဉ်အား ရရှိသည်”
ကျွင်းချောင်ရှောင်းက ပြုံးလိုက်မိသည်။ နတ်ဘုရားအဆင့်ကျောက်တုံးဆိုသည်မှာ မဆိုးရွားလှချေ။ ထို့အပြင် သူသည် ဓားတာအိုလမ်းစဉ်၏ ဆေးပုလင်းတစ်ပုလင်းကိုလည်း ရရှိခဲ့၏။ ဤအရာသည် သူ၏အဆင့်ကို တိုးမြှင့်နိုင်သည့် အခွင့်အလမ်းကို ပေးအပ်သည်နှင့် တူညီနေ၏။
“ခင်ဗျားတို့တွေ”
ကျွင်းချောင်ရှောင်းသည် ဟောင်ရန်နတ်ဆိုး၏ ခန္ဓာကိုယ်ပေါ်တွင် တက်ထိုင်လိုက်၏။ သူ၏ လက်မှာတော့ လောကလက်ချောင်းလက်နက်အား လှည့်ပတ်ကစားလျက် ရှိနေတော့၏။ ပြီးသည့်နောက်မှာတော့ သူသည် အေးစက်စက်အသံဖြင့် ပြောလိုက်သည်။ “ကျုပ်က ဒီအထပ်ကြီးရဲ့ ဆရာကြီးပဲ။ သဘောတူလား။ သဘောမတူဘူးလား”
“သဘောတူပါတယ်” အကျဉ်းသားများအားလုံးသည် သံပြိုင်ဆိုသလိုပင် ပြောဆိုလိုက်ကြ၏။
ပထမအလွှာတွင် ရှိနေသော တိုးနယားသည် ရှားရှားပါးပါး ပေါ်လာတတ်သည့် သတ္တဝါမျိုးပင်ဖြစ်၏။ သို့ပေမဲ့ သူသည် သခင်နှင့်ကျေးကျွန် ပဋိညာဉ်ကို ရရှိခဲ့၏။ ယခုအထပ်တွင်ရှိသော ဟောင်ရန်နတ်ဆိုးမှာတော့ ထူးဆန်းလှသည့် ဝါသနာကို ပိုင်ဆိုင်သည့်လူတစ်ယောက် ဖြစ်သောကြောင့် သူ့အား မုန်းတီးနေသူများသည် ဤအကျဉ်းထောင်ထဲတွင် တော်တော်များပြားလှ၏။ ထို့ကြောင့် သဘောတူသလားဟု မေးလိုက်သည် ဆိုသည်နှင့် တစ်ဖက်သူများအားလုံးသည် ချက်ချင်းပဲ သဘောတူညီကြသည်။
ကုန်းရှန်သည့် မည်မျှ ရက်စက်တတ်သည်ဆိုဆို ဖင်ကို ရိုက်နှက်တတ်သည့်လူတစ်ယောက်လောက်တော့ မသတီစရာ မကောင်းလှပေ။ ထို့ကြောင့်ပင်လျှင် ၎င်းတို့ အားလုံးသည် အညံ့ခံခဲ့ကြခြင်းပင် ဖြစ်တော့၏။ ထို့အပြင် ဤအထပ်ထဲတွင်ရှိနေသော အဓိကပြဿနာကောင်ကိုပင် တိုက်ခိုက်နိုင်စွမ်းရှိနေသည်ဆိုမှတော့ သူတို့အားလုံးသည် မည်သို့မှ ဤလူကို နိုင်လိမ့်မည် မဟုတ်ချေ။
ယနေ့မှာတော့ ကျွင်းချောင်ရှောင်းသည် ဟောင်ရန်နတ်ဆိုးကို အနိုင်ယူပြီးသည့်နောက်မှာတော့ တခြားသော အကျဉ်းသားများ၏ လက်ခံမှုကို ရရှိခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ မနက်ဖြန်တွင် ကျွင်းချောင်ရှောင်းထက် ပိုမိုအားကောင်းသူ တစ်ယောက်ယောက်ပေါ်လာသည်ဆိုပါက ၎င်းတို့သည် ထိုသူှု့ကို ဆရာကြီးဟု ထပ်မံကာ သတ်မှတ်ကြမှာ သေချာသည်။ ဤအရာသည် တောတွင်းသဘာဝများကို ကျင့်သုံးတတ်သည့် အကျဉ်းထောင်ထဲတွင်တော့ သာမန်သာ ဖြစ်လေ၏။
………….
ဒုတိယအလွှာ၏ အဓိကပြဿနာကောင်ကို ရင်ဆိုင်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အရင်ဆုံး တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်များကို စည်းခတ်ခဲ့၏။ ပြီးနောက် မတ်တပ်ထရပ်ကာ တတိယထပ်ဆီသို့ သွားသည့် တည်နေရာရွေ့ပြောင်းခြင်း အစီအရင်ဆီသို့ လှမ်းလျှောက်လိုက်သည်။
ကွမ်ကျူးနှင့် အဘိုးအိုတို့သည် ဟောင်ရန်နတ်ဆိုးအား စောင့်ကြည့်ရန် တာဝန်ကို ယူထားကြ၏။ ပြီးသည့်နောက် မှာတော့ တည်နေရာရွေ့ပြောင်းခြင်းအစီအရင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သော ၎င်းတို့၏ သခင်အား ကြည့်ရှုကာ ချီးကျူးလိုက်ကြ၏။ “သခင်က အရမ်းကို အားကောင်းလွန်းတယ်”
ဒုတိယအလွှာတွင်ရှိနေသော အဓိကပြဿနာကောင်သည် ခန့်မှန်းလို့မရနိုင်အောင် အားကောင်းလှသည့် လူတစ်ယောက်ဖြစ်၏။ သို့ပေမဲ့ သခင်နှင့် တွေ့ဆုံလိုက်သည့် အချိန်မှာတော့ ဒုက္ခိတတစ်ပိုင်းကဲ့သို့ပင် ရိုက်နှက်ခြင်းကိုခံခဲ့ရသည်။
သို့ပေမဲ့ အောက်ထပ်တစ်ထပ်သာ ဆင်းမည်ဆိုပါက တည်နေရာရွှေ့ပြောင်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရနိုင်သည်။ သခင်သည် ပိုမိုကာ ဂရုစိုက်မှ ဖြစ်ပေလိမ့်မည်။
…………..
ဘုတ် ဘုတ်
တတိယအလွှာ၏ မှောင်မဲနေသော တည်နေရာထဲမှာတော့ တစ်စုံတစ်ခု ပြုတ်ကျလာသည့်အသံကို ကြားလိုက်ရ၏။ သိုင်းနယ်မြေ၊ သိုင်းနယ်မြေတစ်ပိုင်းနှင့် ရှိရှိနေသမျှသော အကျဉ်းသား တစ်ထောင်ကျော်တို့ အားလုံးသည် မြေပေါ်သို့ လဲကျလျက်ရှိနေ၏။ ၎င်းတို့၏ ဖင်မှအငွေ့များ ထွက်လျက် ရှိနေသည်။ ၎င်းတို့သည် နာကျင်မှုကြောင့် နှုတ်ခမ်းများပင် တဆတ်ဆတ်တုန်လျက်ရှိ၏။ ဖော်ပြ၍မရနိုင်သော ညစ်ညမ်းသည့်တိုက်ခိုက်မှုကို သူတို့ ခံခဲ့ရခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် တည်နေရာ၏ အလယ်တွင် မတ်မတ်ရပ်ကာ တည်ရှိလျက် ရှိနေပြီး ၎င်း၏ မျက်လုံးများသည် ငါးတစ်ကောင်၏ မျက်လုံးများကဲ့သို့ပင် ပြူးကျယ်ကာရှိနေ၏။
သူသည် မေတ္တာအကြည့်ဖြင့် အားလုံးသောလူများကို စူးစိုက်ကြည့်ရှုကာဖြင့် အဆုံးမဲ့ တိုက်ခိုက်ခြင်းကို ထုတ်ဖော်အသုံးပြု ခဲ့ခြင်းပင် ဖြစ်သည်။ ထိုတိုက်ကွက်သည် တစ်ခါတည်း နှစ်ကြိမ်ဆက်တိုက် အသုံးပြုနိုင်သော အခြေအနေဆီသို့ ရောက်ရှိသွားပြီ ဖြစ်သောကြောင့် သူသည် ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဂလု ……။
ကျောက်လှေကားပေါ်တွင် ထိုင်လျက်ရှိနေသည့် တစ်ကိုယ်လုံး အမာရွတ်များနှင့်ပြည့်နှက်လျက်ရှိသော ခပ်တောင့်တောင့် နှင့် လူတစ်ယောက်သည် တံတွေးကို မျိုချလိုက်မိ၏။ သူ၏ နဖူးစပ်ဆီမှ အေးစက်သော ချွေးလုံးကြီးများသည် တတောက်တောက်နှင့် ကျလျက်ရှိနေ၏။ ၎င်း၏ ရင်ဘတ်ပေါ်တွင်တော့ အဓိကပြဿနာကောင် ဟူသော စာလုံးကို ရေးသားထားသည်။ ထိုသူသည် တတိယအလွှာ၏ ဆရာကြီးပင် ဖြစ်၏။
သူ၏နာမည်ကို မည်သူမှ မသိချေ။ သို့ပေမဲ့ ၎င်း၏ ဖော်ပြ၍ မရနိုင်လောက်အောင် အားကောင်းလွန်းလှသော ခန္ဓာကိုယ်ကြောင့် ၎င်းအား သံမဏိလူသားဟု ခေါ်ဆိုခဲ့ကြသည်။ ကျစ်လျစ်၍ သန်မာလွန်းလှသော ကြွက်သားများသည် မည်သည့်အရာကမှ ထိုးဖောက်၍ မရနိုင်အောင် သန်မာ အားကောင်းလွန်း လှသည်။သို့ပေမဲ့ မည်မျှ အားကောင်းလှသည့် ခန္ဓာကိုယ်အားအင်ကို ကျင့်ကြံသူတစ်ယောက်ဖြစ်ပါစေ အဓိက အားနည်းချက်မှာတော့ တည်ရှိ၏။ ထိုအရာများမှာ မျက်လုံး၊ ဂျိုင်းနှင့် ဖင်ကြားတည်နေရာပင် ဖြစ်တော့သည်။
“ခင်ဗျား” သံမဏိလူသား၏ မျက်နှာသည် ရှုံ့မဲ့လျက်ရှိနေ၏။
ရွှီး
ရုတ်တရက် သူ၏ မျက်လုံးအိမ်များသည် ကျုံ့ဝင်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့ဆီသို့ ရောက်ရှိလာ၏။ လောကလက်ချောင်း လက်နက်ကြီးသည် ထိုသူ၏ နဖူးပေါ်တွင် ရှိနေသည်။
ကျွင်းချောင်ရှောင်း၏ အသံသည် ထူးမခြားနားသလို တည်ငြိမ်လျက် ရှိနေတော့၏။ “ကျုပ်ရဲ့ ပထမဦးဆုံး တိုက်ကွက်ကို ခံနိုင်တယ်ဆိုရင်တောင်မှ ဒုတိယ တိုက်ကွက်ကို ကြံ့ကြံ့ခံပြီး ရင်ဆိုင်နိုင်ပါ့မလား”