အပိုင်း (၁၂၄၅ - ၁၂၄၆)
Vol. 84 Ch. 1245-1246
“ရောင်းရင်းလေး”
ရုတ်တရက် အသံတစ်ခုသည် သူ၏နားထဲသို့ ရောက်ရှိလာခဲ့၏။ “မင်းရှေ့မှာရှိတဲ့ ဝိုင်တွေက အရက်မူး အင်မော်တယ်ဝိုင်လို့ ခေါ်တယ်လေ။ ခန္ဓာကိုယ်ထဲကို ဝင်သွားပြီဆိုတာနဲ့ အပြင်ကို ပြန်ထုတ်လို့ မရဘူး”
ကျွင်းချောင်ရှောင်းသည် ခံစားချက်မဲ့စွာဖြင့် တည်ရှိလို့နေခဲ့၏။ တစ်ဖက်လူသည် မိမိကို အရက်ဓာတ်များ ပြန်လည်ထုတ်ခွင့်ပေးသည်ဟု ပြောဆိုခဲ့ခြင်းမှာ အလကား မဟုတ်ခဲ့ချေ။ ထို့အပြင် ၎င်းအား လှမ်း၍သတိပေး ပြောကြားလိုက်သည့်လူသည် အမှောင်ထဲတွင် ကွေးကွေးလေး တည်ရှိနေသည့် သနားစရာလူပင် ဖြစ်နေသည် မဟုတ်ပါလား။
ဒါဆိုရင် အပြင်ကို ထုတ်လို့မရတော့ဘူးပေါ့။
ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ သူ ဒီလောက် ယုံကြည်ချက် ရှိနေတာ အံ့အားသင့်စရာတော့ မဟုတ်တော့ဘူးပဲ။
ဖောက် ….။
ပြောပြီးသည့်နောက်မှာတော့ သူသည် ဝိုင်းပုလင်းပေါ်တွင် ရှိနေသော ရွံစေးကို ဖယ်လိုက်တော့၏။ မွှေးပျံ့လွန်းသော ဝိုင်နံ့များသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွား၏။ ကျွင်းချောင်ရှောင်းသည် အနံ့ရှူပြီးသည့်နောက် ချီးကျူးလိုက်၏။ “ဒါက ဝိုင်ကောင်းတစ်ခုပဲ”
ဟား ဟား ဟား ဟား
သက်လတ်ပိုင်းလူသည် ရယ်မောကာ ပြောလိုက်၏။ “ကြည့်ရတာ မင်းက တကယ့်ကို ကြင်နာတတ်တဲ့ စိတ်နှလုံးကို ပိုင်ဆိုင်ပုံပေါ်တယ်”
“ကျုပ် အရင်သောက်လိုက်မယ်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဝိုင်ပုလင်းကို လက်တစ်ဖက်ဖြင့် မြှောက်ကာ ပါးစပ်ထဲသို့ တစ်ခါတည်း လောင်းချလိုက်တော့သည်။
သက်လတ်ပိုင်းလူသည် ကြောင်အသွားမိ၏။ အဝေးတွင် ရှိနေသော အကျဉ်းသားများ အားလုံးသည် ဆွံ့အလျက် ရှိနေသည်။ ဤဝိုင်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ နည်းနည်းချင်းစီ သောက်မည်ဆိုလျှင်တောင်မှ တော်တော်မူးလှ၏။ သို့ပေမဲ့ တစ်ဖက်လူသည် တစ်ခါတည်း ပါးစပ်ထဲသို့ လောင်းထည့်လျက် ရှိနေ၏။
“သူက ငယ်ငယ်လေး ရှိသေးတယ်လေ။ ဒါပေမဲ့ ဘာလို့ အဲလောက် သောက်နိုင်ရတာလဲ”
“ငါဆို ဝိုင်နံ့ကို ရတာနဲ့ နည်းနည်းတောင် မူးချင်နေပြီ”
ပဉ္စမထပ်ထဲတွင် ရှိနေသော အဓိကပြဿနာကောင်သည် အရက်သောက်ရခြင်းကို နှစ်သက်၏။ သူသည် တခြားသောသူများနှင့် ယှဉ်ပြိုင်၍ သောက်ရခြင်းကိုလည်း သဘောကျတတ်သည်။ ထို့ကြောင့် သူနှင့်အတူ အကျဉ်းတစ်လွှာထဲ၌ ရှိနေသော တခြားအကျဉ်းသားအားလုံးသည် အရက်သမားများ ဖြစ်လာခဲ့ရ၏။
ဂလု ဂလု ဂလု …။
ကျွင်းချောင်ရှောင်းသည် ဆက်တိုက်သောက်လျက် ရှိနေသည်။ ဝိုင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်ပြီးသည့် နောက်မှာတော့ သူ၏ သွေးနှင့် မရီဒန်များဆီ၌ သွားရောက်စုဝေးသည်။ ပြီးသည့်နောက်မှာတော့ သူ၏ သိစိတ်ကို တစ်ခါတည်း တိုက်ဖျက်တော့သည်။
ဖောက် …။
သက်လတ်ပိုင်းလူသည်လည်း နောက်ကျမကျန်ခဲ့ချေ။ သူ၏ ဝိုင်ဂျားပေါ်တွင်ရှိနေသော ရွံ့စေးကို ဖယ်ပြီးသည့်နောက် တစ်ခါတည်း မော့သောက်တော့၏။
ဂလု ဂလု ဂလု
၎င်းတို့နှစ်ယောက်သည် မတ်တပ်ရပ်ပြီးသည့်နောက်မှာတော့ ထိုင်ခုံပေါ်ကို ခြေတစ်ဖက်တင်ကာ ရူးရူးမူးမူး သောက်လျက် ရှိနေတော့သည်။ ကျွင်းချောင်ရှောင်းသည် သောက်ပြီးသော ဝိုင်ဂျားကို အသာပစ်လွှတ်လိုက် ပြီးသည့်နောက်မှာတော့ တခြားသော ဝိုင်ဂျားတစ်ခုကို ထပ်ဖွင့်ကာ တစ်ခါတည်း သောက်သည်။
အကျဉ်းသားများအားလုံးသည် ပါးစပ်အဟောင်းသား ဖြစ်နေတော့၏။ အရက်မူးအင်မော်တယ်ဝိုင်တစ်ဂျား သောက်ပြီးသည့်နောက်တွင် ၎င်း၏ အမူအရာသည် ပြောင်းလဲမှုမရှိခဲ့ချေ။ ဤကောင်လေး၏ အရက်သောက်နိုင်မှုအားသည် အလွန်တရာ အားကောင်းပေလိမ့်မည်။
ဖောက် ဖောက်
ကျွင်းချောင်ရှောင်သည် တစ်ဂျားပြီး တစ်ဂျားကို ဖွင့်ကာ သောက်လျက်ရှိသည်။ ဤဖြစ်စဉ်တစ်ခုလုံးသည် တစ်ချက်ကလေးမှ မရပ်တန့်ခဲ့ချေ။
ဘန်း
ခဏကြာပြီးသည့်နောက် ကုန်းရှန့်သည် ဝိုင်ဂျားအလွတ်ကြီးအား စားပွဲပေါ်သို့ ပစ်တင်လိုက်၏။ နှုတ်ခမ်းထောင့်တွင် ရှိနေသော ဝိုင်များကို သုတ်ကာဖြင့် ပြုံးလိုက်မိ၏။ “ကျုပ် ပြီးသွားပြီ”
သူ၏ရှေ့နှင့်နောက်မှာတော့ အလွတ်ဖြစ်နေသော ဝိုင်ဂျားကြီး ဆယ့်ကိုးခုသည် စီစီရီရီဖြင့် စီထားသည်။
……………..
သက်လတ်ပိုင်းလူသည် တစ်ဝက်သာကျန်ခဲ့သော ဝိုင်ဂျားကို အသာချလိုက်၏။ သူ၏အမူအရာသည် စိတ်ဝင်စားလျက် ရှိနေတော့သည်။ တစ်ဖက်လူသည် ဝိုင်ဂျားနှစ်ဆယ်နီးပါးကို သောက်ခဲ့ပြီး သူသည်ကား ဆယ်ဂျားတိတိသာ သောက်ရသေးသည်။ အမြန်နှုန်းအရ ပြောရမည်ဆိုလျှင် သူသည် နိမ့်ကျလျက် ရှိနေတော့၏။
“ကောင်လေး”
သူသည် သွားဖြီးကာ ပြောလိုက်သည်။ “အရက်က သောက်ရုံနဲ့တင် မလုံလောက်သေးဘူးလေ။ မတ်တပ်ရပ်နိုင်မှ ဖြစ်မှာ”
“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်းသည် လက်ပိုက်ကာ ရပ်လျက်ရှိ၏။ သူ၏အမူအရာနှင့် လေသံကို ကြည့်ရသည်မှာ အရက်မူးနေသည့်ပုံစံမျိုးတစ်ချက်ကလေးမှ မပေါက်ချေ။
သက်လတ်ပိုင်းလူသည် မည်သို့မှ မနေနိုင်တော့ဘဲ စိတ်ထဲမှ ကြိတ်ကာ တွေးလိုက်မိ၏။ ခန္ဓာကိုယ်ထဲကို ရောက်သွားတဲ့ အရက်မူး အင်မော်တယ်ဝိုင်တွေကို တစ်ခါတည်း ဖျက်ဆီးနိုင်စွမ်း ရှိနေတာလား။
အရက်မူး အင်မော်တယ်ဝိုင်ဆိုသည်မှာ ကောင်းကင်တွင် ရှိနေသော အင်မော်တယ်များပင်လျှင် သောက်ပြီး မူးသွားသည့်အရာပင် ဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ခါတည်း ဝိုင်ဂျားနှစ်ဆယ်တိတိ သောက်သုံးပြီးနောက် အလုံးစုံ အဆင်ပြေလျက် ရှိ၏။ သူသည် မတ်မတ်ရပ်နေနိုင်သည်သာမက စိတ်အေးသက်သာစွာဖြင့် လက်နှစ်ဖက်ကို ပိုက်ကာ ရပ်လျက် ရှိနေသေးသည်။
အရက်ဂျိုးသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ သူ့ဗိုက်ထဲကို ရောက်သွားတဲ့ ဝိုင်တွေကို တစ်ခါတည်း ဖြေရှင်းခဲ့တာများလား။ မဖြစ်နိုင်ဘူး။
သူသည် ချက်ချင်းပင် ငြင်းပယ်လိုက်မိသည်။ ဒီဝိုင်က အထူးသန့်စင်ခြင်း နည်းလမ်းကို အသုံးပြုပြီး လုပ်ထားတာလေ။ ခန္ဓာကိုယ်ထဲကို ရောက်သွားပြီဆိုတာနဲ့ ဖျက်ဆီးလို့ မရနိုင်ဘူး။ ဒီလိုဆိုရင် ငါ ဝိုင်တာအိုနဲ့ပတ်သက်ပြီး တစ်ကယ့်ကို ကျွမ်းကျင်သူတစ်ယောက်နဲ့ ဆုံနေတာပဲ ဖြစ်လိမ့်မယ်။
အရက်ဂျိုးသည် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင် သန္ဓေသား စိတ်ဝိညာဉ်နှစ်ကောင် တည်ရှိနေလိမ့်မည်ဟု ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။
တကယ်တမ်းမှာတော့ဗိုက်ထဲသို့ ဝင်ရောက်သွားသော အရက်များအား အထဲတွင်ရှိနေသော ကျွင်းချောင်ရှောင်း၏ သားနှစ်ယောက်သည် တစ်ခါတည်း ဖျက်ဆီးလျက်ရှိနေ၏။
မီးစိတ်ဝိညာဉ်နှင့် မိစ္ဆာစိတ်ဝိညာဉ်တို့သည် အရက်ဓာတ်များ၏ တိုက်ခိုက်မှုကို ချိုးဖြတ်နိုင်စွမ်း ရှိနေတော့၏။ ထိုနေရာတွင် မီးစိတ်ဝိညာဉ်မှာ ပိုမို၍ အားကောင်းလွန်းနေ၏။ ရောက်ရှိလာသည်ဆိုသည်နှင့် တစ်ခါတည်း အားလုံးကို ဖျက်ဆီးနေသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ဒန်ထျန်ထဲတွင်ရှိနေသော ကောင်လေးနှစ်ယောက်၏ အစွမ်းသတ္တိကို သိရှိပြီးသည့် နောက်မှာတော့ အမူအရာ တစ်ချက်ကလေးမှ မပျက်ဘဲ ရှိရှိသမျှ ဝိုင်များအားလုံးကို မော့ကာ သောက်လျက် ရှိနေ၏။
ဂလု ဂလု ဂလု
နှစ်ယောက်သားသည် ဆက်လက်ကာ သောက်လျက်ရှိ၏။ တစ်ဖက်လူသည် ဝိုင်များကို သောက်သည့်နေရာတွင် တရစပ် သောက်လျက် ရှိနေ၏။ မျက်နှာတစ်ခုလုံးသည်လည်း နီမြန်းလာခဲ့၏။ သို့ပေမဲ့ ယုံကြည်ချက်ရှိရှိဖြင့် မတ်တပ်ရပ်နိုင်သေးသည်။ အမှန်ပင် အရက်သောက်သည့်နေရာတွင် အားကောင်းလှသူ တစ်ယောက် ဖြစ်ပေလိမ့်မည်။ နှစ်ယောက်လုံးသည် နာရီဝက်လောက် ကြာအောင် ထပ်မံကာ သောက်သုံးပြီး ဖြစ်သော်လည်း တောင်တန်းကြီး နှစ်ခုကဲ့သို့ပင် မြဲမြဲရပ်လျက် ရှိနေသေး၏။
အရက်ဂျိုးသည် ပြုံးကာ ပြောလိုက်မိသည်။ “ကျုပ်က နှစ်ပေါင်း တစ်ထောင်ကျော်အောင် သောက်လာခဲ့တာ။ ကျုပ်နဲ့အတူတူ ယှဉ်ပြီး သောက်နိုင်တဲ့ ပြိုင်ဘက်တစ်ယောက်ကို တွေ့ရတာ ပထမဆုံးအကြိမ်ပဲ။ ဒီတော့ ထပ်ပြီး ပြိုင်လိုက်ကြရင် ဘယ်လိုလဲ”
“ပြဿနာမရှိပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ သူ့အနေနှင့် လူမလဲကျသည်အထိ သောက်သုံးနိုင်စွမ်း ရှိနေ၏။
အရက်ဂျိုးသည် လက်ကို မြှောက်လိုက်ပြီးသည့်နောက် နောက်ထပ်ဝိုင်များကို ထပ်မံကာ ထုတ်ဖော်လိုက်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းက အရင်ဆုံး ပြောလိုက်၏။ “ဒီတစ်ကြိမ်တော့ ကျုပ်ရဲ့ဝိုင်ကို သောက်ရအောင်”
“အမ်”
အရက်ဂျိုးက ပြောလိုက်သည်။ “မင်းဆီမှာလည်း ဝိုင်ရှိတယ် ဟုတ်လား”
“အရက်သောက်ရတာကို နှစ်ခြိုက်တဲ့လူတွေအကုန်လုံးက ဝိုင်ကို ဆောင်ထားတတ်ကြတယ်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။
“ဒါဆိုရင် ထုတ်လိုက်လေ” အရက်ဂျိုးသည် တည့်တိုးပင် ပြောလိုက်သည်။
သူ့အနေနှင့် သူနှင့် စိတ်ဝင်စားမှု တူညီနေသည့် လူတစ်ယောက်ကို ဆုံရခြင်းမှာ ရှားရှားပါးပါးပင် ဖြစ်တော့၏။ ထိုအရာသည် သူ့အား တကယ်ပင် စိတ်လှုပ်ရှားစေခဲ့၏။ ဤကဲ့သို့သော သူငယ်ချင်း ရောင်းရင်းနှင့် သောက်ရသည့်အချိန်တွင် ဝိုင်ဂျားပေါင်း တစ်ထောင်ကျော်ကို သောက်ရမည်ဆိုလျှင်တောင်မှ နည်းပါးသည်ဟု သူထင်မှတ်နေသေး၏။
ရွှီး
ကျွင်းချောင်ရှောင်းသည် လက်ကိုဝှေ့ယမ်းလိုက်သည့်နောက်မှာတော့ စားပွဲခုံပေါ်တွင် များပြားလှသော ဝိုင်ဂျားများ ပေါ်ပေါက်လာခဲ့တော့သည်။ ဤအရာသည် လန်ကောင်း ဖန်တီးထားသော အရက်မူးအိမ်မက်ဝိုင်ပင် ဖြစ်တော့သည်။ ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ သူသည် တစ်ခါတစ်ရံတွင် ဧည့်သည်များကို ဧည့်ခံရန် လိုအပ်နေ၏။ ထို့ကြောင့် သိုလှောင်လက်စွပ်ထဲတွင် ဤဝိုင်များကို သိမ်းဆည်းထားခဲ့ခြင်းပင် ဖြစ်သည်။
အရက်ဂျိုးသည် လက်ကိုဝှေ့ယမ်းပြီးသည့်နောက်မှာတော့ ဝိုင်တစ်ဂျားကို လှမ်း၍ ယူလိုက်၏။ ဝိုင်ပုလင်းပေါ်တွင် ရှိနေသော စည်းအဖုံးကို ဖွင့်ပြီးသည့်နောက် အနံ့ခံလိုက်တော့၏။ ချက်ချင်းပဲ ချီးကျူးလိုက်တော့သည်။ “တကယ့်ကို ဝိုင်ကောင်းပဲ။ တကယ် ကောင်းတယ်”
ဝိုင်၏အနံ့သည် ထောင်တစ်ခုလုံးကိုပင် ပျံ့နှံ့သွားခဲ့၏။ အရက်သောက်ရသည်ကို နှစ်ခြိုက်ကြသော ကျန်သော အကျဉ်သားများ အားလုံးသည်လည်း နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံနေကြတော့သည်။ အရက်နံ့သည် နှာခေါင်းမှတဆင့် ၎င်းတို့၏ ဝမ်းဗိုက်ထဲသို့ ရောက်ရှိလာပြီးသည့်နောက်မှာတော့ သောက်ချင်စိတ်များပင် ထွက်ပေါ်လာခဲ့ကြ၏။
“အရသာကို မပြောနဲ့ အနံ့တစ်ခုတည်းနဲ့တင် ကျုပ်ရဲ့ အရက်မူး အင်မော်တယ်ဝိုင်ကို နှိုင်းယှဉ်လို့ရတဲ့ အရာပဲ”
“ငါ တစ်ငုံလောက် သောက်လို့ရရင် ကောင်းမယ်”
ကြည့်ရှုနေကြသော အကျဉ်းသားများ အားလုံးသည်လည်း ရှေ့သို့ ပြေးလာခဲ့ကြပြီး ဤဝိုင်ကို ဝင်ကာ သောက်ချင်စိတ်များကို မနည်းထိန်းသိမ်းထားရတော့၏။ ၎င်းတို့၏ ဆရာကြီးအနေဖြင့် သောက်သုံးခွင့်ရစေရန် အနည်းငယ် ချန်ထားပါစေဟု ဆုတောင်းလျက် ရှိနေကြသည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ဒီဝိုင်ကို အရက်မူးအိမ်မက်လို့ ခေါ်တယ်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အရက်ဖော်စပ်သူကိုယ်တိုင် သေချာဖော်စပ်ထားတဲ့ အရာပဲလေ။ နည်းနည်းလေး သောက်လိုက်တယ်ဆိုတာနဲ့ သိုင်းကျင့်ကြံခြင်းရဲ့ ဓာတ်သဘာဝတွေကို စုပ်ယူနိုင်စွမ်းရှိတယ်”
“ဟမ်” အရက်ဂျိုး၏ မျက်လုံးထဲတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်နေသည်။ သူသည် ဖမ်းချုပ်မခံရခင်က များပြားလှသော သေမျိုးဂြိုဟ်များ အသီးသီးသို့ လှည့်လည်သွားကာ ထောင်ပေါင်းများစွာသော ကောင်းမွန်လှ ပါသည်ဆိုသည့် ဝိုင်များကို သောက်သုံးခဲ့၏။ သို့ပေမဲ့ သိုင်းကျင့်ကြံခြင်းကို ပိုမိုအားကောင်းစေနိုင်သည့် ဝိုင်တစ်ခု တည်ရှိနေသည်ဆိုတာကိုတော့ ပထမဆုံးအကြိမ် ကြားဖူးခြင်းသာ ဖြစ်၏။
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီဝိုင်က အရမ်းကို အားကောင်းတယ်လေ။ ဒီတော့ သတိထားပြီး သောက်သင့်တယ်။ သောက်ပြီးတာနဲ့ တစ်ခါတည်း မှောက်သွားနိုင်တယ်”
ဟား ဟား ဟား ဟား …။
အရက်ဂျိုးသည် ရယ်မောကာ ပြောလိုက်၏။ “ကျုပ်က အသက်နှစ်ဆယ်ကတည်းက အရက်စသောက်လာတာ။ သေမျိုးစကြဝဠာထဲမှာရှိတဲ့ အရက်တော်တော်များများကို သောက်ဖူးတယ်လေ။ ဘယ်တုန်းကမှ မမူးဖူးဘူး”
ရွှီး
ပြောပြီးသည့်နောက်မှာတော့ သူသည် ဝိုင်ဂျားကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ တစ်ခါတည်း မော့ကာသောက်တော့သည်။
“တကယ့်ယောကျ်ားပဲ”
ကျွင်းချောင်ရှောင်းသည် သူ့အား ချီးကျူးလိုက်မိ၏။ ဂိုဏ်း၏ ဂုဏ်ပြုပွဲများတွင် ဤကဲ့သို့သောဝိုင်အား ထုတ်ဖော်ကာ တိုက်ကြသည် ဆိုသော်လည်း ခွက်လေးသေးသေးနှင့် တစ်ခွက်သာ သောက်ကြသည်ဖြစ်၏။ သို့ပေမဲ့ တစ်ဖက်လူမှာတော့ တစ်ခါတည်းမော့ကာ သောက်လျက်ရှိနေ၏။
ဖောက် ….။
ကျွင်းချောင်ရှောင်းသည်လည်း တစ်ခါတည်း ဝိုင်ဂျား၏ ရွံ့စေးကို ဖယ်ကာ သောက်တော့သည်။ သူသည် ဤကဲ့သို့သော နည်းလမ်းမျိုးနှင့် သောက်သုံးရသည်မှာ ပထမဆုံးအကြိမ်ပင်ဖြစ်၏။ သို့ပေမဲ့ ကိစ္စမရှိလှချေ။ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ဝိုင်၏ အစွမ်းသတ္တိများအားလုံးကို မီးစိတ်ဝိညာဉ်သည် ဖျက်ဆီးပေလိမ့်မည်။
ရွှီး
အရက်ဂျိုးသည် တစ်ဂျားလောက် သောက်ရုံနှင့် မတင်းတိမ်ချေ။ ထို့ကြောင့် သူသည် ဒုတိယဂျားကို ကောက်မကာ သောက်တော့သည်။ သူ၏ ခန္ဓာကိုယ်ထဲတွင်တော့ ဝိုင်ဓာတ်၏ စွမ်းအင်များသည် တလိမ့်လိမ့်နှင့် တက်လာတော့သည်။ ပြီးသည့်နောက်မှာတော့ သူ၏သိစိတ်ကို လာရောက် တိုက်ခိုက်တော့သည်။
“မကောင်းတော့ဘူး” သူသည် တုန်လှုပ်သွားမိ၏။ ထို့ကြောင့် အကာအကွယ် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။ သို့ပေမဲ့ အချိန်မရှိတော့ပေ။ ချက်ချင်းပဲ အသိစိတ်ပျောက်ကာဖြင့် မြေပေါ်သို့ လဲကျသွားတော့၏။
အရက်မူးအိမ်မက်သည် အလွန်တရာ အားကောင်းလွန်းလှ၏။ ဝိုင်တစ်ဂျားသောက်ရုံနှင့် မည်သို့မှ မခံစားနိုင်ဘဲ သတိလစ်မေ့မျောသွားလေသည်။
“ကောင်းကင်ဘုံ... ဆရာကြီးက တစ်ခါတည်းသောက်ပြီး မေ့သွားတာပဲ” ကြည့်ရှုနေကြသော အကျဉ်းသားများ အားလုံးသည်လည်း မျက်လုံးအပြူးသား ဖြစ်သွားကြ၏။ အရက်ဂျိုး၏ အရက်သောက်နိုင်မှုကို ဤနေရာတွင် ကြည့်ရှုနေကြသူအားလုံးက သိရှိပြီးသား ဖြစ်ကြ၏။ ယခု တစ်ဂျားလောက် သောက်လိုက်သည်ဆိုသည်နှင့် တစ်ခါတည်း မေ့မျောသွားသည်ဆိုသည်မှာ ဤအရက်သည် ပြင်းလွန်းသောကြောင့်သာ ဖြစ်ရမည်။
ဂလု ဂလု …။
ကျွင်းချောင်ရှောင်းသည် မကုန်သေးသော ဝိုင်ဂျားအား တစ်ခါတည်း အမြစ်ဖြတ်သောက်လိုက်ပြီးသည့်နောက် မှာတော့ သတိလစ်မေ့မျောနေသော အရက်ဂျိုးအားကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ “ဒီလောက်ပဲ သောက်နိုင်တာလား”
ဆယ်မိနစ်လောက် ထပ်မံစောင့်စားပြီးသည့်နောက်မှာတော့ သူသည် အသာလှည့်ကာ ပြောလိုက်တော့၏။ “ဘယ်သူနိုင်လဲ ပြောကြအုံး”
“..........”
အကျဉ်းသားများ အားလုံးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့ကြတော့၏။ ၎င်းတို့သည် ထုတ်ဖော်မပြောကြသည် ဆိုသော်လည်း မျက်လုံးထဲတွင်ရှိနေသော အဓိပ္ပာယ်မှာ သူ့အား ဤနေရာတွင် ဆရာကြီးအဖြစ် အသိအမှတ်ပြု လိုက်ကြပြီဖြစ်ကြောင်း သူကောင်းကောင်း နားလည်လိုက်သည်။
...........
လေးနာရီလောက် ကြာမြင့်ပြီးသည့်နောက် အရက်ဂျိုးသည် အိပ်မောကျနေရာမှာ နိုးထလာခဲ့၏။ သူသည် နာကျင်စွာဖြင့် ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပြောလိုက်မိသည်။ “ကျုပ်.... ကျုပ် မေ့သွားတဲ့အထိ သောက်ခဲ့တာလား”
“ဒီတော့”
အသံတစ်ခုသည် သူ၏နားထဲတွင် ပေါ်ပေါက်လာ၏။ “ဒီနေ့ကစပြီး ကျုပ်က ပဉ္စမအလွှာရဲ့ ဆရာကြီးပဲ”
အရက်ဂျိုးသည် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ပြုံးရွှင်နေသည့် မျက်နှာထားဖြင့် မတ်တပ် ရပ်လျက်ရှိနေသော ကောင်လေးအား မြင်လိုက်ရ၏။ ၎င်းသည် ဘေးမှာတော့ အရက်မူးအိမ်မက်ဝိုင်ဂျား အလွတ်ကြီး တည်ရှိလို့နေ၏။ သူသည် အံ့အားသင့်သွား၏။ “မင်း... မင်း မမူးဘူးလား”
“အားလုံးကို မေးကြည့်လို့ရတယ်လေ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“..........”
အရက်ဂျိုးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့၏။ တခြားသော အကျဉ်းသားများကို မေးမြန်းနေစရာ မလိုတော့ချေ။ သူသည်လည်း တစ်ဖက်လူ သောက်သုံးခဲ့သည်ကို မြင်ဖူးခဲ့ပြီးပြီ ဖြစ်တော့၏။ ထို့ကြောင့် ပြောင်းလဲ၍ မရနိုင်သော ရလဒ်သည် ဖြစ်ပေါ်လာခဲ့ပြီဖြစ်ကြောင်း ကောင်းကောင်း နားလည်လိုက်မိ၏။
ရွှီး
သူသည် မနည်းရုန်းကန်ကာဖြင့် မတ်တပ်ထရပ်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။ “မင်း နိုင်သွားပြီ ဆိုတော့ ကျိန်းသေပေါက် ဒီနေရာရဲ့ ဆရာကြီးပေါ့။ ကျုပ် အရက်ဂျိုးက ကျိန်းသေပေါက် ရှုံးနိမ့်မှုကို လက်ခံတယ်”
ကျွင်းချောင်ရှောင်းသည် အံ့အားမသင့်ချေ။ တစ်ဖက်လူသည် အရက်ကို အလွန်အကျွံ သောက်တတ်သူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း ရိုးဖြောင့်သည့် လူတစ်ယောက်ဖြစ်ကြောင်း ကို သူကောင်းကောင်းသိရှိလိုက်ရသည်။
“လာခဲ့... လာခဲ့”
အရက်ဂျိုးသည် လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ “မင်းတို့အားလုံး ဒီဆရာကြီးအသစ်ကို နှုတ်ဆက်လိုက်ကြ”
ရွှီး ရွှီး ရွှီး
များပြားလှသော အရက်သမား အကျဉ်းသားများသည် စုဝေးလာခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းကို ဦးညွတ်ကာ ဂါရဝပြုလိုက်ကြသည်။
“ခင်ဗျားတို့က ကျုပ်ကို ဆရာကြီးအဖြစ် အသိအမှတ်ပြုလိုက်ပြီ ဆိုမှတော့ ကျုပ်က အားလုံးကို မမျှမတ ဆက်ဆံမှာ မဟုတ်ပါဘူး။ ရော့… ဒီဝိုင်တွေယူပြီး သောက်ကြ”
သူသေသေချာချာ ဖော်စပ်ထားသော အရက်မူးအိမ်မက်ဝိုင်များအား တခြားသောသူများဆီ အလှူကြီးလုပ်သလို တိုက်ကျွေးနေကြောင်း မြင်ရပါက လန်ကောင်းသည် အိမ်သာထဲသို့သွား၍ ငိုယိုနေမှာ သေချာ၏။
“ဆရာကြီး”
အရက်ဂျိုးသည် လက်မထောင်ကာ ပြောလိုက်သည်။ “နှစ်ပေါင်းများစွာ ကျုပ်အရက်သောက်လာခဲ့တာ။ ဒါပေမဲ့ ဆရာကြီးလိုမျိုး ကျွမ်းကျင်သူတစ်ယောက်ကို ပထမဦးဆုံးအကြိမ် ကျုပ်တွေ့ဖူးတာပဲ”
ကျွင်းချောင်ရှောင်းသည် အစီအစဉ်တစ်ခုကို တွေးတောလိုက်၏။ ပြီးနောက် ပြောလိုက်တော့သည်။ “ကျုပ်ထက် ပိုပြီးသောက်နိုင်တဲ့ လူတစ်ယောက် ရှိသေးတယ်”
“အမ်”
အရက်ဂျိုးသည် အံ့အားသင့်သွားသည်။ “ဘယ်သူလဲ”
ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ “ကျုပ်နေတဲ့ ကြယ်ကြွေကုန်းမြေတိုက် ကြီးမှာပေါ့။ ပြိုင်စံရှားဂိုဏ်းရဲ့တပည့် ရီရှင်းချန်ဆိုတာ ရှိတယ်။ သူ့က တကယ့်ကို ဝိုင်တာအိုကို ပေါက်မြောက်ထားတဲ့ လူတစ်ယောက်ပဲလေ။ ကျုပ် သူ့ကို အကြိမ်တစ်ရာတိတိ စိန်ခေါ်ပြီး သောက်ခဲ့တယ်။ အကြိမ်တစ်ရာတိတိ ရှုံးခဲ့တာပဲ”
စနစ်သည် ဝင်ကာ ပြောလိုက်မိ၏။ “ဖေးအားညိုကတော့ ဒုက္ခထပ်ရောက်အုံးမှာပဲ”